(ဉာဏ်လင်းထက်)
စစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိနေထိုင်လျက်ရှိသော ကလေးသူငယ်များတွင် အရွယ်နှင့်မမျှအောင် ခံစားနေကြရသော စိတ်ဒဏ်ရာများရှိကြပြီး ထိုစိတ်ဒဏ်ရာများ လျော့ပါးသက်သာလာစေရေးအတွက် ကုသပေးနိုင်သော နည်းလမ်းပေါင်းများစွာ လိုအပ်နေသည်။
ပန်းချီအနုပညာသည် ကုထုံးတစ်ခုဖြစ်သည် ဆိုပါစို့။
ထိုကုထုံး၏ ပဲ့ကိုင်ရှင်တစ်ဦးမှာ ပန်းချီဆရာမ May East ဖြစ်သည်။
”အဓိက အလုပ်က ပန်းချီဆွဲတယ်။ ကလေးပန်းချီသင်တယ်။ မိဘမဲ့ကလေးတွေ စစ်ဘေးရှောင်ကလေးတွေ ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးတော့ ကလေးတွေ ပျော်ရွှင်လာအောင် ပန်းချီနဲ့ပတ်သက်ပြီးတော့ ကူညီပေးတာပေါ့ ” ဟု May East က ပြောသည်။
မြန်မာအမျိုးသမီးတစ်ဦး၏ ရုပ်သွင်ရှိသောပန်းချီဆရာမသည် သွက်လက်ချက်ချာစွာ ရှင်းပြနေသည်။ ပန်းချီဆိုသောအနုပညာမှာ မြို့ကြီးပြကြီးတွင် နေထိုင်လျက်ရှိနေသည့် ကလေးများအတွက် ထူးဆန်းသည့်အရာ မဟုတ်သော်လည်း ကျေးလက်တောရွာများတွင် နေထိုင်သည့် ကလေးများအတွက်တော့ စိတ်ဝင်စားစရာအတိ ဖြစ်နေသည်ကို သူဖြတ်သန်းခဲ့ရသော အတွေ့အကြုံအရ သိနေလေသည်။
ပန်းချီကားဆိုသည်ကိုပင် မမြင်ဖူးသော ကလေးများလည်း ရှိနေသည်ဟု သူကဆိုသည်။ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် စခန်းများသည်ကား သူရောက်ရှိခဲ့သော နေရာများဖြစ်သည်။
”အခြေခံက သူတို့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေနဲ့ အနီးကပ်ဆုံးတင်ပြတယ်။ ဥပမာ – ပန်းချီကားတစ်ကားဆိုတာ စုတ်တံရှိမှ ဆေးရှိမှ မဟုတ်ဘူး။ စက္ကူတစ်ရွက်ရှိလည်း ခဲတံနဲ့ ရေးလို့ရတဲ့ဟာမျိုး။ ကိုယ့်လက်တစ်ခုထဲ ရှိတယ်ဆိုရင် ပန်းလေးတွေကို စုပြီးတော့ ကော်နဲ့ကပ်ပြီးတော့ ပန်းချီကားဖန်တီးလို့ ရတယ်ဆိုတာမျိုး။ ဒီပန်းခြောက်တွေဟာဆိုရင် ပန်းချီကားဖန်တီးလို့ရတယ်ဆိုတာမျိုးပေါ့” ဟု May East က အားတက်သရော အမူအရာဖြင့် ရှင်းပြသည်။
”သူတို့ရဲ့စိတ်ထဲမှာ အနုပညာကို ချစ်သွားတယ်။ သဘာဝကိုချစ်သွားတယ်။ အဲဒီကမှတဆင့် ဖျက်ဆီးလိုတဲ့စိတ် မရှိတော့ဘူး။ အဲဒီဟာဆိုရင် ကမ္ဘာကြီးဟာ ပိုလှလာတယ်။ ကလေးတွေရဲ့စိတ်ထဲမှာ ဖျက်ဆီးချင်စိတ်များလာရင် ကြီးလာရင် ဒီဟာက လောကအတွက် အကျိုးယုတ်နိုင်တယ်။ ဖျက်ဆီးတဲ့စိတ်မရှိဘဲ သဘာဝကိုချစ်မယ် ဖန်တီးမယ်ဆိုရင် သဘာဝကြီး ပိုလှလာမယ်ဆိုတဲ့စိတ်နဲ့ အများကြီးလိုက်သင်ပေးဖြစ်တယ်”ဟု ပန်းချီဆရာမ May Eastက ပြောသည်။
အနုပညာရှင်တစ်ဦးဖြစ်သည့် အားလျော်စွာ သူ၏ခံယူချက်ကိုလည်း ရိုးသားစွာပင် ဆက်လက်ပြောပြသည်။
”ငြိမ်းချမ်းရေးဆိုတာက လွှတ်တော်အထိလည်း အများကြီးမတွေးဘူး။ နိုင်ငံရေးအထိလည်း အများကြီးမတွေးဘူး။ ကိုယ်နိုင်တဲ့ ကိုယ်တတ်တဲ့ အတတ်ပညာနဲ့ပဲ တွေးမယ်ဆိုရင် ကိုယ်တတ်တဲ့အတတ်ပညာနဲ့ ဘာလုပ်ပေးနိုင်မလဲလို့ တွေးတဲ့အခါမှာ ကလေးတွေကို ပန်းချီဆွဲခိုင်းမယ်။ ကိုယ့်နားမှာရှိတဲ့ကလေးတွေကို သဘာဝကို ပိုချစ်တတ် အောင်လုပ်မယ်။ သဘာဝက လှတဲ့အရာတွေအကုန်လုံး မပျက်စီးသွားအောင် ဒါအလှပါလားဆိုတာကို ခံစားချက်ဖြစ်အောင် ငြိမ်းချမ်းမယ် ပိုလှလာမယ်ဆိုတဲ့အတွေးနဲ့။ အဲဒါ ကိုယ်တစ်ယောက်တည်းရဲ့ ခံယူချက်ပေါ့။ အဲဒီအတွေးနဲ့ ကလေးတွေကိုသင်ဖြစ်တယ်။ အဲဒီကလေးတွေကြီးလာရင် သားကောင်းရတနာတွေ သမီးကောင်းရတနာတွေ ဖြစ်လာမယ်။ အဲဒီအခါကျရင် သူတို့စိတ်ထဲမှာ ငယ်ငယ်ကတည်းက သန္ဓေတည်သွားတယ်ဆိုရင် ကြီးတော့လည်း ဒီသန္ဓေကောင်းလေး ပါလာမှာ”ဟု သူက ရှင်းပြသည်။
ဆရာမ May East သည် ရန်ကုန်အနုပညာတက္ကသိုလ်မှ BA (Painting) ဘွဲ့ရရှိခဲ့ပြီး ဖခင်သည် ပန်းချီဆရာ ဦးသောင်းငြိမ်းဖြစ်၍ ပန်းချီမျိုးရိုးဟုဆိုနိုင်သည်။ မောင်ငယ်နှစ်ယောက် ရှိသော်လည်း သူတို့က ပန်းချီပညာကို စိတ်မဝင်စားဟု ဆိုသည်။
“အဖေနဲ့အမြဲတမ်းလက်ပွန်းတတီးနေခဲ့တော့ အဖေဆုံးတော့ စိတ်ဒဏ်ရာတစ်ခုရတယ်။ ဆုံးရှုံးခဲ့တဲ့ခံစားချက် ကို မခံစားနိုင်တော့ ကလေးတွေနဲ့ နေကြည့်တယ်။ အဲဒီအချိန်မှာ ကလေးတွေကို ဘာလုပ်ပေးနိုင်မှာလဲပေါ့” ဟု သူကပြောသည်။
ထိုအချိန်သည် ၂၀၀၈-၂၀၀၉ ကာလ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြည်သူအများ မျက်စိပိတ်နားပိတ်ချိန် ဖြစ်နေသေး၍ နိုင်ငံခြားမှ စာအုပ်များကို လေ့လာခြင်းနှင့် နောက်ပိုင်းကာလတွင် အင်တာနက်မှတဆင့် ကလေးများနှင့်ပတ်သက်သော အရာများကို ဖတ်ရှုလေ့လာခဲ့ရသည်။
”သူတို့ကို ဘယ်လို Creation (ဖန်တီးမှု) လုပ်ပေးမယ်ပေ့ါ။ အထူးသဖြင့် နယ်က ကလေးပေါ့။ ရန်ကုန်က ကလေးတွေကတော့ ပန်းချီဆိုတာ မြည်းစမ်းခွင့်ရတယ်။ အဲဒီတော့ သူတို့အတွက်က ပန်းချီက သိပ်မထူးဆန်းဘူး။ ဒါပေမယ့် နယ်ဘက်က ကလေးကျတော့ ပန်းချီကားကိုတောင် မမြင်ဖူးတော့ သူတို့အတွက် ပန်းချီဆိုတာ ဒါပါလားဆိုတဲ့ အသိမျိုးပေါ့။ အဲဒီအတွက် ကိုယ်က ကြိုးစားရှာဖွေတယ်။ ပို့ချပေးတယ်။ လက်လှမ်းမမီတဲ့ဒေသတွေကို” ဟု သူက ပြောပြသည်။
ဆရာမ May East ၏ခင်ပွန်းသည်မှာ ပန်းချီဆရာ ကိုရွှေသိန်းဖြစ်ပြီး သူတို့နှစ်ဦးတွင် သမီးငယ်တစ်ဦး ထွန်းကားခဲ့သည်။ သမီးဖြစ်သူ ဆုလာဘ်ထူးကလည်း ပန်းချီဝါသနာပါသည်ဟု သူက ဂုဏ်ယူစွာပြောသည်။ လက်ရှိအချိန်တွင် ဆရာမ May East သည် CISM International School တွင် ပန်းချီပညာကို သင်ကြားပို့ချပေးလျက်ရှိသည်။
”ပန်းချီဆရာမအနေနဲ့ ရပ်တည်လို့ရတယ်။ ကျောင်းဆရာမအနေနဲ့ ရပ်တည်လို့ ရတယ်။ ကလေးတွေကို သင်လို့ရတယ်”ဟု သူက ဆက်ပြောသည်။
“အခုနောက်ပိုင်းကလေးတွေမှာ အော်တစ်ဇင်နဲ့ ဟိုက်ပါ (Autism and Hyperactivity) ကလေးတွေကိုလည်း သင်ဖူးတယ်။ အော်တစ်ဇင်တွေဆိုရင် စာသင်လို့မရဘူး။ ဒါပေမယ့် အနုပညာကို အရမ်းစိတ်ဝင်စားတယ်။ ဒါပေမယ့် သူတို့ကိုသင်မယ့် သင်ရိုးညွှန်းတမ်းကိုတော့ သပ်သပ်လုပ်ပေးရတယ်။ သူတို့မှာ အာရုံကြောတွေ မသန်စွမ်းတော့ သူတို့ကို ဘယ်လိုသင်ပေးရမလဲဆိုတာပေါ့။ စစ်ကြောင့် မိဘကြောင့် စိတ်ဒဏ်ရာ ရတဲ့ကလေးဆိုရင် ဘယ်လိုသင်ပေးရမယ်ဆိုတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဒဏ်ရာတွေက မတူဘူး” ဟု ဆရာမက ပြောသည်။
လူဦးရေ (၅၀ – ၁၀၀) ခန့်ရှိသော အတန်းများအတွက်မူ သင်ရိုးထုတ်ထားသည်ဟု သူက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ပန်းချီအနုပညာ အသိုင်းအဝိုင်းတွင်တော့ ပန်းချီဆရာမဆိုသည်မှာ လူနည်းစုပင် ရှိနေသေးသည်။ အမျိုးသမီးပန်းချီဆရာမများ၏ တီထွင်ဖန်တီးမှုများကို ပြသော ပြခန်းမှာလည်း နည်းပါးလှပါသည်။
”အထူးသဖြင့် အမျိုးသမီးပန်းချီဆရာမဆိုတာ ရှားတယ်။ မိဘတွေကလည်း မလုပ်ခိုင်းဘူး။ တချို့ပန်းချီဆရာမတွေကို အိမ်က မရေးခိုင်းတာရှိတယ်။ အဲဒီတော့ ပန်းချီဆရာမ အရေအတွက်က အရမ်းနည်းပါတယ်။ အဲဒီလိုထဲမှာမှ နိုင်ငံတကာက သိတဲ့ ပန်းချီဆရာမတွေ ရှိလာတယ်”ဟု သူက ပြောသည်။
အင်တာနက်ခေတ်၏ နောက်ပိုင်းကာလတွင်မူ မြန်မာပန်းချီဆရာများအတွက် လုပ်ကိုင်ဖန်တီးခွင့်၊ ရပ်တည်နိုင်ခွင့်နှင့် ဈေးကွက်လမ်းစမှာလည်း ပွင့်လင်းလာခဲ့ပြီဖြစ်သည်။
“၂၀-၂၅% ရှိမှာပဲ။ နောက်ပြီးတော့ နာမည်ကြီးတော့လည်း ဘာလို့လဲဆိုတော့ အမျိုးသမီးတွေကျတော့ အိမ်ထောင်ရှိတယ်။ အိမ်ထောင်ရေးလုပ်ရတယ်။ မိသားစုအရေးလုပ်ရတယ်။ ကလေးမွေးရင် ကလေးအတွက်လုပ်ရတယ်။ အချိန်ပေးရတဲ့ အခါကျတော့ ဒီအနုပညာကို အားစိုက်ခွင့်မရတော့ဘူး။ ကိုယ်ကသာ နောက်က အရမ်းပံ့ပိုးလို့ လုပ်နိုင်တာ။ ဒါပေမယ့် စာဖတ်ရင်တောင်မှ အရင်လို စာတစ်အုပ်ဖတ်တယ် ဆိုလို့ရှိရင် အပျိုတုန်းက စာအုပ် ၂ အုပ် ၃ အုပ်ဖတ်နိုင်တယ်ဆိုလို့ရှိရင် ကလေးရတဲ့အချိန်မှာ စာမဖတ်နိုင်တော့ဘူး။ ကလေးရတဲ့အချိန်မှာ မလုပ်နိုင်တော့ဘူး။ အမျိုးသမီးတွေက အများကြီးဖိစီးမှုရှိတယ်။ အမျိုးသားတွေက အဲဒီလိုမဟုတ်ဖူး။ ပန်းချီဆိုရင် ပန်းချီတစ်ခုပဲ။ စီးပွားရှာမယ်။ အနုပညာဖန်တီးမယ်ဆိုရင် ရေးကြမယ်ဆိုရင် သူတို့က တောက်လျှောက်လုပ်နိုင်တယ်”ဟု အမျိုးသမီးများနှင့် အမျိုးသားများ၏ ကွာခြားမှုကိုလည်း ရှင်းပြသည်။
မြန်မာနိုင်ငံရှိ နာမည်ရပန်းချီဆရာမများတွင် ရှုခင်းပုံများကို အဓိကရေးဆွဲနေသည့် May East တစ်ယောက်ပါဝင်နေပြီး ပြပွဲပေါင်း (၃၀) ကျော်ခန့် ပြသခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အောင်မြင်မှုဆိုသည်မှာ ပတ်ဝန်းကျင်က တိုင်းတာပေးသောအရာသာ ဖြစ်သည်ဟု သူကယူဆထားသည်။ မြန်မာပြည်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးအရေးတို့တွင် အခြေခံလူထု၏ စိတ်ဝင်စားမှုပါဝင်မှုနှင့် အသံများ မြှင့်တက်လာစေရေးကို အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်စေရန် လိုအပ်မှုများစွာ ရှိနေသေးသည်။
”ကလေးတစ်ယောက်ကို သဘာဝကို ချစ်တတ်အောင် ဘယ်ဟာက လှနေသလဲပေါ့။ လှတဲ့ဟာကို ပန်းချီဆွဲချင်စိတ်ပေါက်အောင် ကိုယ်က သင်ပေးလိုက်တယ်။ ပိုလှအောင် သူတို့ ဖန်တီးချင်စိတ်ပေါက်သွားတော့ ဒီသဘာဝကို သူတို့ ဖျက်ဆီးချင်စိတ် မရှိတော့ဘူး။ ငြိမ်းချမ်းရေးဆိုတာ အဲဒါမျိုးပဲ။ ဥပမာ ဖျက်ဆီးချင်စိတ်များလာရင် ငြိမ်းချမ်းရေးဆိုတာ ပျက်သွားတာပဲ။ ဖျက်ဆီးချင်စိတ်မရှိဘူး၊ သဘာဝကို လှအောင်လုပ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး ပိုရလာနိုင်တာပေါ့။ ကလေးကို ဦးစားပေးသင့်တယ်။ ကလေးဆိုတာ အနာဂတ်အတွက် ပန်းပွင့်တွေပဲ” ဟု ပန်းချီဆရာမ May East က ပြောသည်။