Home ဆောင်းပါး ဆက်လက်လေ့လာရဦးမည့် ကျောင်းမူဝါဒ၊ သင်ရိုး၊ ဖတ်စာအုပ်များနှင့် ဂျန်ဒါတရားမျှတမှု

ဆက်လက်လေ့လာရဦးမည့် ကျောင်းမူဝါဒ၊ သင်ရိုး၊ ဖတ်စာအုပ်များနှင့် ဂျန်ဒါတရားမျှတမှု

သိန်းနိုင်

ကျွန်တော့်၏ ပညာရေး အလုပ်တာဝန်များနှင့် လေ့လာမှုကာလများအတွင်း ကျား-မ သဘာဝဆိုင်ရာ ဂျန်ဒါပညာရေးနှင့်ပတ်သက်၍ အနည်းဆုံး ၅ ကြိမ်ခန့် ထဲထဲဝင်ဝင် လေ့လာခွင့် ရရှိခဲ့ပါသည်။ သက္ကရာဇ်၂၀၀၀ ခုနှစ်တွင် သြစတြေးလျားနိုင်ငံ၊ မိုးနာ့ရှ်တက္ကသိုလ်၌ ပညာရေးဘွဲ့ သင်တန်းနောက်ဆုံးနှစ်တွင် ဤအရေးကြီးသည့် ခေါင်းစဉ်ကို စတင်လေ့လာခွင့် ရရှိခဲ့ပါသည်။

ကျောင်းဆရာအလုပ်ကို လုပ်ကိုင်ကြတော့မည့် သူများအတွက် ပညာရပ်ဆိုင်ရာ လေ့လာမှုများစွာနှင့် လက်တွေ့ တန်းပြဆင်း သင်ကြားမှု ကြိမ်ရေများစွာတို့အပြီး၊ နောက်ဆုံးအပိုင်းတွင် တက္ကသိုလ်မှ ကျားမသဘာဝနှင့် ပညာရေး အဆက်အစပ်ကို ပြင်ပအဖွဲ့အစည်းများမှ အထူးပြု လေ့လာထားသူများကို ဖိတ်ခေါ်ပြီး ပညာရေးဘွဲ့ သင်တန်းသားများကို အသေအချာ လေ့လာစေခြင်းပင်ဖြစ်သည်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တည်ဆောက်မှုနှင့် ဒီမိုကရေစီ ပညာရေးတို့အတွက် အခြေခံ အုတ်မြစ်သဖွယ်၊ စံနှုန်းတစ်ခုအဖြစ် တည်ရှိနေကြောင်း လေ့လာရပါသည်။

အထူးသဖြင့် ဂျန်ဒါတရားမျှတမှုအတွက် ပညာရေးသမားများနှင့် ကျောင်းဆရာဆရာမတို့၏ အခန်းကဏ္ဍ အရေးကြီးပုံကို တက္ကသိုလ်မှ ပညာရှင်များနှင့် ဥပဒေပြုသူများက တညီတညွတ်တည်း သဘောထားရှိကြပြီး ထည့်သွင်း သင်ကြားစေခြင်းပင်ဖြစ်ပါသည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ၇ နှစ်ခန့် ကျောင်းဆရာ၊ သင်တန်းနည်းပြ တာဝန်များကို ထမ်းဆောင်ခဲ့ပြီးမှ ကျောင်းပြန်တက်ခွင့်ရသည့်အတွက် ကျွန်တော်အတွက်မှာမူ ခေါင်းစဉ်များကို အထူး စိတ်ပါဝင်စားစွာ လေ့လာဖြစ်ခဲ့ပါသည်။ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းမှလည်း လာခဲ့သူတစ်ဦးအနေဖြင့် လိင် ၂ မျိုးသာ ရှိသည်ဟူ၍ ရိုးစင်းစွာ နားလည်ထားခဲ့ရာမှ မတူကွဲပြားသော ကျားမ သဘာဝဖြစ်တည်မှုများလည်း ရှိသေးကြောင်းနှင့် ဤသည်မှာလည်း သဘာဝတရားဖြစ်ပြီးလျှင် လူ့ယဉ်ကျေးမှုက သတ်မှတ်ပြဌာန်းထားသည့် ပုံသေအမြင်များနှင့် ခြားနားသော ဂျန်ဒါအယူအဆများကို လေ့လာရခြင်းဖြစ်သည်။

စာသင်ခန်းများအတွင်း အနိုင်အထက် ရန်လိုရန်စခြင်း၊ လိင်ကွဲပြားမှုအရ ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်းတို့ကို လျှော့ချခြင်း၊ ဂျန်ဒါတရားမျှတမှုကို မြှင့်တင်ခြင်းနှင့် လူမှုဆက်ဆံရေး စွမ်းရည်တို့ ဖြည့်ဆည်းပေးခြင်းဖြင့် ပိုမိုငြိမ်းချမ်းသော လူ့ဘောင်ကို တည်ဆောင်နိုင်မည်ဟု သူရို့ပညာရေးက ယုံကြည်ချက် ထားရှိကြသည်။ ဖတ်စာအုပ်များ အပါအဝင်၊ စာသင်ခန်းနှင့် ကျောင်းတွင်း လုပ်ငန်းဆောင်တာများတွင် ကျားမသဘာဝ ကွဲပြားမှုအပေါ် ခွဲခြားမှု လုံးဝ မရှိစေရန်အတွက် အားထုတ်မှုတစ်ရပ်ဟု ဆိုနိုင်သည်။ ရာစုနှစ် ကာလရှည်လျားစွာ အသားကျနေသည့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းပင် ဖြစ်သော်ငြားလည်း ဒီမိုကရေစီစံတန်ဖိုး ရေရှည်တည်တံ့စေရန် စဉ်ဆက်မပြတ် တည်ဆောက်နေရမှုလည်းဖြစ်သည်။

ဗစ်တိုးရီးယားပြည်နယ်၊ မဲလဘုန်းမြို့ကြီး၏ ဆင်ခြေဖုန်း စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ရသည့် အခါတွင်လည်း ကျောင်းအစီအစဉ်ဖြင့် ဂျန်ဒါကျွမ်းကျင်သူများကို ဖိတ်ခေါ်ပြီး ကျွန်တော် အတန်းပိုင်ဆရာဖြစ်သည့် ဒွါဒဿမတန်း (၁၂ တန်း) အပါအဝင် နဝမတန်းမှ စတင်ကာ ဆယ်ကျော်သက်များအတွက် ကျောင်းတွင်း ဂျန်ဒါဟောပြောပွဲကို တစ်နှစ်လျှင် တစ်ကြိမ်ခန့် ကျင်းပကြပါသည်။ ကျွန်တော်နှင့် လွန်စွာ စိမ်းနေသေးသည့် စကားလုံးများ၊ ခံစားချက်များ၊ ခံယူချက်များကို မြန်မာကျောင်းဆရာစိတ်ဖြင့် ကျွန်တော်မှာ ရင်တဖိုဖို နားထောင်နေခဲ့ရသည်။ ကျွန်တော့်၏ စာသင်ခန်းထဲက လူဖြူ ကျောင်းသူကျောင်းသားများ၊ နိုင်ငံတကာမှ ကျောင်းသူကျောင်းသားများ အပါအဝင် ခန်းမတခုလုံး တသောသောဖြင့် ပွဲကျနေချိန်တွင် မြန်မာ့စာသင်ခန်းအမြင်၊ မြန်မာ့ယဉ်ကျေးမှုအမြင်ဖြင့် ကျွန်တော် နားထောင်ရင်း ချွေးပြန်နေတော့သည်။ ဂျန်ဒါကျွမ်းကျင်သူများ၏ အဓိက သတင်းစကားထဲတွင်မှာတော့ ဆယ်ကျော်သက် ကျောင်းသားကျောင်းသားများ၏ လိင်စိတ်ဆန္ဒတိမ်းညွတ်မှုအရ အများနှင့် မတူကွဲပြားမှုများ ရှိခဲ့သော် ယင်းအခြေအနေမှာ ပုံမှန်သဘာဝတရားပင် ဖြစ်ကြောင်း၊ ကျောင်းတွင်း တစ်ဦးတစ်ယောက်ကိုမျှ လိင်ကွဲပြားမှုအရဖြစ်စေ၊ လိင်စိတ်ဆန္ဒတိမ်းညွတ်မှုအရဖြစ်စေ နစ်နာစေမည့် အပြောအဆို၊ အပြုအမူကိုမျှ အခြေခံဥပဒေအရ လက်မခံကြောင်း ရှင်းပြကြသည်။ sex education, စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေးနှင့် ကျန်းမာရေး ရှုထောင့်တို့မှ ဆွေးနွေးချက်များမှာလည်း ဆယ်ကျော်သက်တို့အတွက် တန်ဖိုးရှိလှသည်။ ဂျန်ဒါကိစ္စရပ်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ စိုးရိမ်စရာ ရှိနေသည်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ ကျောင်းသူကျောင်းသားများက တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီ ရယူနိုင်သည့် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက် CSO များ၊ ဂျန်ဒါအဖွဲ့အစည်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း မိတ်ဆက်ပေးကြသည်။ အချို့သော ခေါင်းစဉ်များကတော့ လစ်ဘရယ်ဒီမိုကရေစီ၏ စံတစ်ခုဖြစ်သည့် တစ်သီးပုဂ္ဂလဖြစ်တည်မှုသဘော Individualism တို့နှင့် ဆက်နွယ်နေသည်ဟု ကျွန်တော် ဆင်ခြင်မိသည်။

စာသင်ကျောင်းများမှာ ဂျန်ဒါပြဿနာ အဖြစ်အများဆုံး နေရာများပင်ဖြစ်ပါသည်။ ခွဲခြားဆက်ဆံမှု၊ ရန်လိုရန်စမှုနှင့် ဂျန်ဒါအကဲဆတ်မှု အရှိဆုံး နေရာများပင်ဖြစ်သည်။ ပြည်နယ်အစိုးရကလည်း စာသင်ခန်းအတွင်း ဖတ်စာအုပ်များ၊ သင်နည်းများ အပါအဝင် ဆက်ဆံရေး တန်ဖိုးများထဲတွင် ဂျန်ဒါအရ ခွဲခြားထားရှိမှု လုံးဝ ကင်းစင်စေရန် ရည်ရွယ်ချက်ဖြင့် မူလယ်ထက်တန်းများ၊ တက္ကသိုလ်တန်းများအထိ ပညာရေးမူဝါဒတို့ကို ပြင်ဆင်ရေးဆွဲကြရသည်။

ဒုတိအကြိမ်မှာတော့ မဟာပညာရေးဘွဲ့ M.Ed သင်တန်းတွင် ကျမ်းပြုစုနေစဉ်မှာ ခေါင်းစဉ်ခွဲတစ်ခု၊ အခန်းငယ်အတွက် လေ့လာခွင့် ရရှိခဲ့ပါသည်။ “မတူကွဲပြားခြားနားမှုများနှင့် မြန်မာနိုင်ငံ အသွေးအရောင်စုံပညာရေး” ကျမ်းငယ်အတွက် လေ့လာမှု၏ တစ်စိတ်တဒေသဖြစ်ပါသည်။ စာသင်ခန်းအတွင်း တက်ရောက်နေကြသည့် ကလေးငယ်တို့၏ မတူကွဲပြား ခြားနားမှုများစွာဖြင့် သင်ယူလေ့လာနေကြပုံကို ပညာရေးစိတ်ပညာ၊ ကလေးသူငယ်ဖွံ့ဖြိုးမှုပညာနှင့်၊ ပညာရေး လူမှုဗေဒရှုထောင့်တို့မှ လေ့လာရပါသည်။ လူမျိုး၊ ဘာသာတရား၊ ဉာဏ်ရည်၊ စွမ်းရည်၊ ဗီဇ၊ ဝန်းကျင်၊ မိသားစုနောက်ခံ၊ လူမှုစီးပွား၊ တစ်ဦးချင်းစီ၏ ဖြစ်နိုင်ချေ ပိုတန်ရှယ်များနှင့် ကျား-မ သဘာဝတို့ မတူကွဲပြားမှုကို ကျောင်းပညာရေးနှင့် စာသင်ခန်းဗေဒအားဖြင့် လေ့လာမှုဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးမှု၊ တရားမျှတမှုကို ရှေးရှုူခြင်းဖြစ်သည်။ ဆရာအတတ်ပညာရေးကို လူမှုဗေဒအထူးပြု ရှုထောင့်မှလေ့လာသည့် ပညာရေးပါရဂူတန်းအတွက် စာပေနှင့် သီအိုရီလေ့လာဆန်းစစ်မှုများ literature review အတွက်လည်း ဂျန်ဒါပညာရေးကို ထပ်မံ ဖတ်ရှုလေ့လာနေရပါသည်။

ပညာရှင် Ben Wadham, Jason Pudsey နှင့် Ross Boyd တို့၏ “ပညာရေးနှင့် ယဉ်ကျေးမှု Culture and Education” အထူးပြုစာအုပ်ထဲတွင် ဂျန်ဒါကို ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ “သဘာဝဇီဝ လိင်ကွဲပြားမှုအရ ဖြစ်ပေါ်လာသည့် (လူတို့ သတ်မှတ်ထား ရှိသည့်) စည်းမျဉ်းစည်းကမ်းများ၊ ယုံကြည်လက်ခံမှုများနှင့် လူမှုမျှော်လင့်ချက်များ” ဟူ၍ ဖြစ်သည်။ မွေးဖွားစဉ်မှ လိင်ကွဲပြားမှုကို ပြဌာန်းသတ်မှတ်ထားသော်လည်း ကျားမသဘာဝ (ဂျန်ဒါ) မှာမူ လူ့အသိုင်းအဝိုင်းက ပုံဖေါ်တည်ဆောက်ထားမှုဟု နားလည်ရသည်။ ဂျန်ဒါဆိုင်ရာ လူ့သမိုင်းထဲက ယေဘုယျ အမြင်တစ်ခုမှာ မိန်းကလေးငယ်များနှင့် အမျိုးသမီးများမှာ ပိုမို သနားကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့ကြသူများ၊ အိမ်မှုကိစ္စ နိုင်နင်းသူများဟူ၍ ဖြစ်ပါသည်။ ယောက်ျားလေးများ၊ အမျိုးသားများကိုမူ အင်အား တောင့်တင်းပြီး၊ တိုက်ခိုက်နိုင်သူ၊ အမဲလိုက်နိုင်သူများအဖြစ် ရာစုနှစ် အဆက်ဆက် ယုံကြည်လက်ခံမှုဟု ဆိုကြသည်။ ဤပြဌာန်းစံများကို လိုက်နာပြီး ကိုယ်စီတာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာ မိသားစု အသိုက်အမြုံကို တည်ဆောက်နိုင်သည်ဟုလည်း ရိုးရာအစဉ်အလာအရ ယုံကြည်ခဲ့ကြသည်။ ဤသည်မှာ ကျားမသဘာဝကို ခေတ်အဆက်ဆက် ယုံကြည်ခဲ့မှုပင်ဖြစ်သည်။

ယခုသော် များစွာ ခြားနားသော အခြေအနေများနှင့် မတူသော အမြင်များလည်း ရှိနေကြလေပြီ။ ကျားမဆိုင်ရာ လူမှုဝိသေသ လက္ခဏာရပ်ကို ညွှန်းဆိုထားရာတွင် အစဉ်အလာအရ ပုံစံချ သတ်မှတ်ချက်များကို ကျော်လွန်သော စဉ်းစားချက်များ၊ မတူကွဲပြားသော လိင်စိတ်ခံယူချက်များကိုလည်း ထည့်သွင်းစဉ်းရန် လိုအပ်လာပါသည်။ အရေးကြီးသည်မှာ တရားမျှတမှု ကိစ္စရပ်ပင်ဖြစ်သည်။ ကျား-မ တို့အကြားက ဆက်နွယ်မှု၊ စံနှုန်းသတ်မှတ်ချက်များ၊ အမြင်များ၊ အယူအဆများအရ ခွဲခြားဆက်ဆံမှု၊ မညီမျှမှုတို့ကို သိထားရန် လိုအပ်လာသည်။ နိုင်ငံတကာတွင်လည်း နှစ်စဉ် မေလ ၁၇ ရက်နေ့ကို International Day against Homophobia, Transphobia and Biphobia IDAHOBIT (လိင်စိတ်ဝိသေသ လက္ခဏာ ကွဲပြားသူများအပေါ် ရွံရှာမုန်းတီးသူများအား ဆန့်ကျင်သောနေ့) အဖြစ်သတ်မှတ်ကာ တရားမျှတမှုအတွက် ကြိုးပမ်းလျက်ရှိလေသည်။ တရားသေ ယူဆချက်များ၊ သတ်မှတ်ချက်အလွဲများ၊ ဘောင်ခတ်သွတ်သွင်း ကျဉ်းမြောင်းသောအမြင်များမှာ ရုန်းထွက်ပြီး ငြိမ်းချမ်းရေးကို ရှေးရှုသည့် ခွဲခြားဆက်ဆံမှု ကင်းစင်သော လူမှုရပ်ဝန်းကို ပျိုးထောင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ လိင်စိတ်တိမ်းညွတ်မှုအပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုများ မည်မျှ ရှိနေပါသလဲ။ မည်သူတို့ နစ်နာနေရပါသလဲ။ လူ့အသိုင်းအဝန်းကကော မနစ်နာဘူးလား။

တတိယအကြိမ်မြောက် ပညာရေးနှင့် ဂျန်ဒါသင်တန်းကို လေ့လာရသည့်အခါတွင်မူ ကျွန်တော်က ဆရာအတတ်ပညာ သင်တန်းနည်းပြတစ်ဦီး၊ ကျောင်းအုပ်တစ်ဦး ဖြစ်နေပေပြီ။ ၂၀၀၃-၂၀၁၀ ကာလများတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဆရာအတတ်ပညာသင်တန်း ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က တိုင်းရင်းသား အဖွဲ့အစည်းများ၏ ပညာရေးဌာနများနှင့် ရွှေ့ပြောင်း စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်မည့်သူများကို သင်တန်းပေးခဲ့ရသည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ BWU တို့မှ ဂျန်ဒါရေးရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ပြီး ပညာရေးနှင့် ဂျန်ဒါခေါင်းစဉ်ဖြင့် ဆွေးနွေးပေးရန် အထူးဖိတ်ကြားခဲ့သည်။ ကျောင်းအုပ်ဖြစ်သူ ကျွန်တော်အပါအဝင်၊ နည်းပြများနှင့် ဆရာအတတ်ပညာ သင်တန်းသားများ အတူတကွ စိတ်ဝင်စားစွာ လေ့လာခွင့် ရရှိခဲ့ကြသည်။

မြန်မာ့လူမှုအသိုင်းအဝိုင်း၊ တိုင်းရင်းသား နယ်မြေများတွင် အစဉ်အလာအရ လက်ခံ ကျင့်သုံးလျက်ရှိသည့် ကျား-မဆိုင်ရာ ခွဲခြားထားရှိသော အမြင်များ၊ ရိုးရာဓလေ့ အကျင့်အကြံများကို ထဲထဲဝင်ဝင်၊ တိုင်းရင်းသား ကျောင်းဆရာလောင်းများ ကိုယ်တိုင် ဝေဖန်ပိုင်းခြား ဆန်းစစ်တွေးခေါ်စဉ်းစားသော သင်ယူမှုနည်းလမ်းများ၊ ကိုယ်တိုင် ပါဝင်လုပ်ဆောင်မှု နည်းလမ်းများဖြင့် ဂျန်ဒါပညာရေးကို လေ့လာခွင့်ရကြသည်။ ဆိုရိုးစကားများ၊ ရိုးရာစကားပုံများ၊ ခေတ်ပေါ် စံသတ်မှတ်ချက်များနှင့် ကျောင်းဖတ်စာအုပ်များထဲတွင် ဂျန်ဒါတရားမျှတမှုကို ထိခိုက် နစ်နာနိုင်စေသော စကားလုံးများ၊ စကားရပ်များ၊ ဆိုရိုးစကားများ၊ စာသားများကို အုပ်စုဖွဲ့ လေ့လာရာဝယ် စိုးရိမ်ဖွယ်ရာ အခြေအနေဆိုးကို သိရှိခွင့်ရလိုက်ကြသည်။ Discourse analysis နည်းလမ်းများဖြစ်သည့် စကားလုံးများ၊ စာသားများနှင့် ဝေါဟာရဆန်းစစ်ချက်များ၊ ဂျန်ဒါ ဘာသာဗေဒေ လေ့လာမှုနည်းနာများအရ လေ့လာကြခြင်းဖြစ်သည်။ ကျွန်တော်တို့၏ တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းအတွင်း ပညာရေးနှင့် ဂျန်ဒါအကဲဆတ်မှု gender sensitivity ကို စတင် မိတ်ဆက်ပေးခဲ့ခြင်းပင်ဖြစ်သည်။ တိုင်းရင်းသားဒေသများအတွက် သင်ရိုးညွှန်းတမ်းများနှင့် ပညာရေး မူဝါဒတို့ ပြုစုသည့် လုပ်ငန်းများအတွက် များစွာ အထောက်အကူ ဖြစ်ခဲ့ပါ၏။

၂၀၁၉ ခုနှစ်ထဲတွင် ဂျန်ဒါသင်တန်းတို ၂ ခုကို ဆက်တိုက်ဆိုသလို လေ့လာခွင့် ရရှိခဲ့ခြင်းကတော့ ထူးခြားပါသည်။ အထူးသဖြင့် ပြုပြင်ပြောင်းလဲနေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ပညာရေး၊ ငြိမ်းချမ်းရေးနှင့် လူမှု ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့နှင့် တိုက်ရိုက်ပတ်သက်၍ ကျွန်တော်ပါဝင် လေ့လာခွင့် ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ပြည်တော်ပြန် ပညာရေးသမား တစ်ဦီးအနေဖြင့် ပြည်တွင်းပြုပြင်ပြောင်းလဲရေးတို့တွင် အုပ်တချပ် သဲတပွင့် ပါဝင်ဆောင်ရွက်ခွင့်နှင့် လေ့လာခွင့်တို့ ရရှိခြင်းပင်ဖြစ်သည်။ ဂျန်ဒါပညာရေးကို ပြည်တွင်း၌ လေ့လာဆည်းပူးခွင့် ရရှိခြင်းမှာ ကံကောင်းလှပါသည်။

ယခုနှစ် ဩဂုတ်လအတွင်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသားအဖွဲ့စည်း ၁၀ ဖွဲ့ NCA-S EAO ၏ ၅ ကြိမ်မြောက်၊ လူမှုရေးကဏ္ဍဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒီမိုကရေစီကို အခြေခံသော ဖက်ဒရယ်နိုင်ငံများ၏ ပညာရေးစနစ် တည်ဆောက်ပုံများကို နှိုင်းယှဉ်လေ့လာမှုကို ကျွန်တော်က တင်ပြဆွေးနွေးခွင့် ရရှိခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ UPDJC အဖွဲ့ဝင် တစ်ဦီးဖြစ်ပြီး လူမှုရေးကဏ္ဍ ခေါင်းဆောင်တစ်ဦီးဖြစ်သူ ရဲဘော်မိဆူးပွင့်က ဦးဆောင် စီစဉ်ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ကျား-မ တန်းတူရေး မဟာမိတ်အဖွဲ့ AGIPP မှ National Advisor ဆရာမနန်းဖြူဖြူလင်းက လူမှုအသိုင်းအဝိုင်း၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်နှင့် ဂျန်ဒါတရားမျှတမှုကို လာရောက်ဆွေးနွေးခဲ့သည်။ အထူးသဖြင့် ဖက်ဒရယ်ပညာရေး တည်ဆောက်မှုတွင် ကျား-မရေးရာရှုထောင့်နှင့် ဂျန်ဒါအမြင်များဖြင့် မူဝါဒချမှတ်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရန်နှင့် NCA-S EAO လူမှုရေးကဏ္ဍ လုပ်ငန်းစဉ်များတွင်လည်း Gender တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်ရန် အကြံပြုချက်များ ပါရှိခဲ့သည်။

ပြည်တွင်းစစ်ပွဲများကြောင့် ခံစားနေရသော အမျိုးသမီးများကို လူမှုရေး စောင့်ရှောက်မှုများပေးရန်၊ တရားမျှတသော ကာကွယ်စောင့်ရှောက်မှု ပေးရန်နှင့် အဆင့်တိုင်းတွင် အမျိုးသမီးများ၏ ပါဝင်မှု ရှိစေရန် တိုက်တွန်းမှုများ ပါရှိခဲ့သည်။ ငယ်စဉ်တောင်ကျေးအရွယ်မှသည် အပျိုကြီးအရွယ်အထိ ဂျန်ဒါအကဲဆတ်မှုဆိုင်ရာ ကိုယ်တွေ့များနှင့် အိမ်ထောင်သည်မိသားစု ဘဝအတွေ့အကြုံများတွင်လည်း ကျား-မသဘာဝဖြစ်တည်မှုအရ ဆရာမ၏ ရင်ဆိုင်ခဲ့ရမှုများနှင့် ခန္ဓာကိုယ်ကွဲပြားရာမှာ မခွဲခြားဖို့ တိုက်တွန်းချက်များမှာ ကျွန်တော်တို့အတွက် အမြင်ဖွင့်ချက်များပင်ဖြစ်သည်။ ပုံသေအမြင်များအောက်တွင် မိန်းကလေးငယ်ငယ် ဘဝကတည်းက ပတ်ဝန်းကျင်၏ အချို့သော စံတန်ဖိုး အလွဲများအတိုင်း ပြားပြားဝပ် ရှင်သန် နေထိုင်ကြရဆဲပင်ဖြစ်သည်။ အပျိုကြီးအဖြစ် သန့်သန့်လေး နေထိုင်ရန် ရွေးချယ်ထားသူများအပေါ် အားနည်းချက် တစ်ခုခု၊ အပြစ် တစ်ခုခုသဖွယ် ရှုမြင်နေကြဆဲ ရှေးရိုးစွဲ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ကျွန်တော်တို့ ဘယ်လို ပြောပြနိုင်မလဲ။ ဂျန်ဒါ အမြင်သဘောထားများ ပြုပြင်ပြောင်းလဲရန် အကြီးအကျယ် လိုအပ်နေဆဲ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း ဂျန်ဒါဆိုင်ရာ ကိုယ်တွေ့များကို စိတ်ဝင်စားဖွယ်၊ သင်ခန်းစာယူဖွယ် တက်ကြွ အားရစွာဖြင့် တိုင်းရင်းသူ ဂျန်ဒါစပါယ်ရှစ်လစ် ဆရာမ၏ ဆွေးနွေးချက်များမှာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်မူဝါဒ ချမှတ်သူများအတွက် အလွန်ပင် အရေးကြီးသည်ဟု ခံစားမိခဲ့သည်။

စက်တင်ဘာလအတွင်း ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်တွင် ကျင်းပပြုလုပ်သည့် ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်များ အဆင့်မြှင့်တင်ခြင်းအတွက် ဆရာအတတ်ပညာရေး သင်ရိုးညွှန်းတမ်းအသစ်များ ပြုစုရေးဆွဲရာတွင် ကျွန်တော် ပါဝင် ဆောင်ရွက်ခွင့် ရရှိခဲ့သည်။ UNESCO နှင့် ပညာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းစီမံချက်အရ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ၂၁ ရာစု ပညာရေးအတွက် လွန်စွာ အရေးကြီးလှသည့် Education for Sustainable development ESD ရေရှည်တည်မြဲသော ဖွံ့ဖြိုးမှုအတွက် ပညာရေး၊ Children with Special needs မသန်စွမ်း ကလေးများပညာရေး၊ Inclusive education လူတိုင်းအကျူံးဝင် ပညာရေးနှင့် Gender bias/ inequality in the curriculum and teaching/ learning materials သင်ရိုးညွှန်းတမ်းများနှင့် သင်ကြား/သင်ယူမှု စာအုပ်စာတမ်းများထဲတွင် ဂျန်ဒါဘက်လိုက်မှု/မညီမျှမှု ခေါင်းစဉ်တို့ကို လေ့လာကြရပါသည်။ ဤခေါင်းစဉ်တို့ကို ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းများ ပြုစုရာတွင် အရေးတကြီး ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။

UNESCO မှ ဂျန်ဒါကျွမ်းကျင်သူ စပါရှယ်လစ်ဆရာမ ဒေါ်ခင်ခင်မရ၏ ထိထိရောက်ရောက် ဆွေးနွေးမှုများမှာ သင်ရိုးညွှန်းတမ်း ရေးဆွဲသူများအတွက် မြန်မာ့ပညာရေးတွင် ဂျန်ဒါအကဲဆတ်မှု gender sensitivity နှင့် တရားမျှတမှုဆိုင်ရာကို အစအဦီး တရားဝင် မိတ်ဆက်ခြင်းပင်ဖြစ်မည်။ လိင်နှင့် ကျားမ သဘာဝ (ဂျန်ဒါ) မတူပုံ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ သင်ရိုးများထဲတွင် ခွဲခြားထားမှုများ၊ ဖတ်စာအုပ်များထဲမှ ဘက်လိုက်မှုများ၊ မြန်မာ့ပညာရေးစနစ်က ကျားမ စံသတ်မှတ်ချက်ကို ဖွင့်ဆိုရာတွင် ပြန်လည်စဉ်းစားသင့်သော အချက်များ – ဥပမာအားဖြင့် “အမျိုးသားများကို နိုင်ငံရေးခေါင်းဆောင်များ၊ မိသားစုကို ရှာဖွေ ကျွေးမွေးသူများအဖြစ်လည်းကောင်း၊ အမျိုးသမီးများကိုမူ အိမ်ထောင် ထိန်းသိမ်းသူများ အနေဖြင့်လည်းကောင်း ပုံဖော်နေဆဲဖြစ်ကြောင်း (တို့ဖေဖေ၊ တို့မေမေကဗျာ)”။ “လူရည်ချွန်များကို ယောက်ျားလေးများအဖြစ် လူရည်ချွန်ကဗျာ (မြန်မာစာ) ၏ နောက်ခံပုံရိပ်များ အားလုံးမှာ အမျိုးသားများချည်းသာ ဖြစ်နေပုံ”။- စသည်ဖြင့် နမူနာများနှင့် ရှင်းလင်းခဲ့သည်။ ဖတ်စာအုပ်များထဲက စံလွဲနေဆဲ ဂျန်ဒါတရားမျှတမှုကို အပူတပြင်း ဖြေရှင်းရပါမည်။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်များမှာ မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့ကျစေခြင်း၊ လက်တွေ့ဘဝများနှင့် ကင်းဝေးစေခြင်း၊ ကျောင်းတွင်းနှင့် ရပ်ရွာအတွင်း ပါဝင်ဆောင်ရွက်ခွင့်ကို ကန့်သတ် ချုပ်ချယ်ခံရခြင်းတို့ ရင်ဆိုင်ရဖွယ်ရှိသည်။ အနာဂတ်ဘဝများနှင့် အလုပ်အကိုင်ကိုလည်း များစွာ ထိခိုက် နစ်နာစေနိုင်ပါသည်။

၂၀၁၆ ခုနှစ်က Myanmar Now နှင့် အင်တာဗျူးတွင် Gender Equality Network (GEN) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မအေးသဒ္ဒါလှက ရိုးရာဓလေ့၊ စံနှုန်းများနှင့် ကျောင်းဖတ်စာအုပ်များမှာ အကြမ်းဖက်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ထောက်ပြထားသည်။

“အစိုးရ ကျောင်းသုံး မူလတန်း ဖတ်စာအုပ်တွေမှာဆိုရင် အမျိုးသမီးက ယာဉ်ထိန်းရဲမေ၊ သူနာပြုဆရာမ၊ ကျောင်းဆရာမ။ အမျိုးသမီးဆို ဝန်ဆောင်မှုပေးတဲ့နေရာမှာပဲ ထည့်သွင်းထားတာ တွေ့ရတယ်။ နည်းပညာနဲ့ဆက်စပ်တဲ့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ လယ်သမားဆိုရင်လည်း အမျိုးသားပုံတွေပဲ ထည့်ထားတယ်။ ကျောင်းသုံးစာအုပ်တွေမှာပါတဲ့ပုံတွေ တို့ဖေဖေ၊ တို့မေမေ တာဝန်တွေက အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို ကန့်သတ်လိုက်တာလို့ မြင်ပါတယ်။ အမျိုးသားတွေ လုပ်တဲ့ကိစ္စတွေကို လုပ်နိုင်တဲ့၊ လုပ်ချင်တဲ့ အမျိုးသမီးတွေ ရှိကောင်းရှိနိုင်တယ်။ ကျွန်မကတော့ ကျောင်းစာအုပ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အရင်းအမြစ်တွေလို့ ထင်ပါတယ်။ ကလေးတွေက ငယ်စဉ်ကတည်းက ဒါတွေသင်လာတော့ သူတို့စိတ်ထဲမှာ ဒါတွေကို စွဲပြီး အကြမ်းဖက်မှုတွေ ဖြစ်ကုန်တာလို့ မြင်ပါတယ်။ ကျား၊ မ ကြားမှာ ကန့်သတ်လိုက်တဲ့သဘောပါပဲ။” အတားအဆီးဖြစ်နေသော ယဉ်ကျေးမှု စံနှုန်းများနှင့် လူမှုအလေ့အထများကို လေ့လာပြီး ယင်းအမြင်များ ပြောင်းလဲသွားအောင် အသိပညာမြှင့်တင်သည့် အလုပ်များပိုမို လိုအပ်ကြောင်းလည်း ဆိုပါသည်။

အတိတ်ကာလများက ကောင်းမြတ်သည်ဟူ၌ စံပြုထားရှိခဲ့ကြပြီးလျှင်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းသဖွယ် ဖြစ်နေသည့် အချက်အလက်များ၊ အကြောင်းအရာများကို ပြန်လည်ဆန်းစစ်ရသော တာဝန်မှာ မလွယ်ကူလှပါ။ တရားမျှတမှုကို ပိုမိုလိုအပ်နေဆဲ ကမ္ဘာကြီးအတွက် ကျွန်တော်တို့ စုပေါင်းလုပ်ဆောင်ရပါမည်။ စပါရှယ်လစ်များ၏ အကူအညီတို့ ပိုမို လိုအပ်ပါလိမ့်မည်။

မကြာခဏဆိုသလို ဂျန်ဒါသင်တန်းများကို တက်ရောက် လေ့လာနေရသော်ငြားလည်း နယ်ပယ်အသစ် ဖြစ်ရုံသာမကဘဲ ကျယ်ပြန့်နက်ရှိုင်းပြီးလျှင် ဆန်းစစ်စရာ၊ ဝေဖန်စောကြောစရာများ၊ ပြန်လည်ဆန်းသစ်စရာများ ပါရှိနေသည့်အတွက် ပညာရေးနှင့် ဂျန်ဒါကိစ္စကို ဆက်လက် လေ့လာရပါဦီးမည်။

ဤသည်မှာ ငြိမ်းချမ်းသော ကမ္ဘာကြီးအတွက် အခရာကျသည်ဟုလည်း ရှုမြင်မိသည်။

သိန်းနိုင်(စာရေးသူသည် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် UNESCO တို့တွက် ပညာရေးအကြံပေးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။)

Author:

Related Articles