ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN)က ဇူလိုင်လ ၃၀ ရက်နေ့ကထုတ်ပြန်တဲ့ "အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင် တရားမျှတမှု ငြင်းပယ်ခံရခြင်း လိင်နှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် တရားမျှတမှုရရှိခွင့်" အစီရင် ခံစာ မျက်နှာဖုံး

ရှမ်းပြည်နယ်မှာ ၃နှစ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၇၂ ခုဖြစ်ပွါး

ခင်ဘုန်းမို့

ရှမ်းပြည်နယ်တွင် ၃နှစ်တာ ကာလအတွင်း လိင်နဲ့ဂျဲန်ဒါအခြေပြု အကြမ်း ဖက်မှု ဖြစ်စဉ်ပေါင်း ၁၇၂ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ၁၅ ရာခိုင်နှုန်းက  စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ကျူးလွန်ခဲ့တာတွေဖြစ်တယ်လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း)က ဇူလိုင်လ ၃၀ ရက်နေ့ကထုတ်ပြန်တဲ့ “အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင် တရားမျှတမှု ငြင်းပယ်ခံရခြင်း လိင်နှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် တရားမျှတမှုရရှိခွင့်” အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီ အကြမ်းဖက်မှုဖြစ်စဉ်တွေထဲမှာ အများစုက ချစ်သူ၊ ခင်ပွန်းတွေကကျူးလွန်တဲ့ ဖြစ်စဉ်တွေပါဝင်ပြီး ရင်းနှီးတဲ့ လက်တွဲဖော်တွေကကျူးလွန်တဲ့ အကြမ်းဖက်မှု ၈၉ ခု ရှိခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အသက် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် အယောက် ၃၀ နဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းမှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြစ်စဉ် ၇၀ ရှိခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ ၁၅ ရာခိုင်နှုန်းဟာ မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

မြန်မာစစ်တပ် ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တွေက ကျူးလွန်တဲ့ လိင်နဲ့ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေမှာ ရှင်သန်လွတ်မြောက် လာသူတွေဟာ ခြိမ်းခြောက်ခံရခြင်းနဲ့ ဖြစ်စဉ်တွေကို ဖုံးကွယ်ဖျောက်ဖျက်ခံရခြင်းတို့ အပြင် ကျူးလွန်သူတွေဟာအပြစ်ပေးအရေးယူမခံရဘဲ လွတ်မြောက်နေတဲ့ အခြေအနေ တွေနဲ့လည်းရင်ဆိုင်ခဲ့ကြရတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

စွမ်းအဖွဲ့ရဲ့ စွမ်းရည်မြှင်တင်ရေးလုပ်ငန်းစဉ်တာဝန်ခံတဦးဖြစ်တဲ့ ဆိုင်က “ရှမ်းပြည်နယ်မှာ အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု တွေဟာ ပြင်းထန်ပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွါးနေဆဲဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းတခုအဖြစ် ဆက်လက်တည်ရှိနေတာကိုတွေ့ရှိချက်တွေက ပြနေပါတယ်”လို့ ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်ကနေ ရှင်သန်လွတ်မြောက်လာသူ အနည်းဆုံး ၁၂ ဦးမှာ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

ဒါ့အပြင် ဖြစ်စဉ် ၇ခုမှာ လူသတ်မှုဖြစ်ပွါးခဲ့ပြီး၊ နောက်ထပ် ၇ခုကတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာ ဒါမှမဟုတ် အဆုံးစီးရင်ဖို့ကြိုးပမ်းတာတွေပါဝင်ပါတယ်။

စွမ်းတာဝန်ခံ နန်းခမ်းအွန်ကလည်း “အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုအဆုံးသတ်ပြီး ရှင်သန် လွတ်မြောက်လာသူတွေအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ တရားမျှတမှု ရရှိဖို့ အသေအချာ မဖြစ်သရွေ့ မြန်မာပြည်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

၂၀၀၂ ခုနှစ်က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း)တို့ပူးပေါင်းပြီး ထုတ်ဝေခဲ့တဲ့ “မုဒိမ်းကျင့်ခွင့်လိုင်စင်” အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်ကကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ အခြားသော လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ် ၁၇၃ခု ကိုမှတ်တမ်းတင်ခဲ့ပြီး အမျိုးသမီးနဲ့မိန်းကလေး စုစုပေါင်း ၆၂၅ ဦးထိခိုက်ခံစားခဲ့ရတယ်လို့ဖော်ပြထားပါတယ်။