တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဇူလိုင် ၁၈ရက်ကနေ ၂၄ ရက်)
ဇူလိုင် ၁၈ရက်ကနေ ၂၄ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်အမျိုးသမီးသတင်းတွေထဲ ပစ္စည်းဝင်ခိုးရင်း မုဒိမ်းကျင့် လူသတ်ခဲ့သူ ၁ ဦးကို ကြိုးမိန့်နှင့် ထောင်ဒဏ် ၁၄ နှစ်ချ မှတ်ဆိုတဲ့ သတင်းအပေါ် လူထုရဲ့တုံ့ပြန့်မှုက စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
ရန်ကုန်၊ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်မှာ ပစ္စည်းဝင်ခိုးရင်း အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို မရမ်းကုန်းခရိုင်တရားရုံးက ဇူလိုင် ၂၃ ရက်မှာ မသေမချင်း ကြိုးပေးသတ်ရန်နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်အပေါ် အများစုက “သေဒဏ်ပေးတာကောင်းတယ်၊ လွတ်ငြိမ်းနဲ့ ပြန်မလွတ်လာပါစေနဲ့” ဆိုတဲ့ မှတ်ချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ တရားရေးစနစ်အပေါ် စိတ်ပျက်နေတဲ့ လူထုအမြင်ကိုအထင်းသားမြင်နိုင်ပါတယ်။
စစ်ကောင်စီအုပ်စိုးတဲ့ နယ်မြေဒေသတွေမှာ လုယက်မှု၊ ခိုးမှုကစလို့ မုဒိမ်းကျင့် သတ်ဖြတ်မှု စသဖြင့် ပြည်သူ တွေမှာ နေ့စဉ်နဲ့အမျှ မလုံမခြုံနဲ့ နေထိုင်ရတာပါ။ ကျူးလွန်သူတွေကို ထိထိရောက်ရောက်ဖမ်းဆီးအရေးမယူတာ၊ ဖမ်းဆီး ထောင်ချပေမယ့်လည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ရာဇဝတ်မှုတွေ ပြန်လည် ကျူးလွန်လာတဲ့အခါ တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုတွေ လျော့နည်းလာပါတယ်။
ဒီလိုဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်တဲ့အခါ လူထုအမြင်မှာ ကျေနပ်အားရသလို ထပ်မဖြစ်အောင် ကာကွယ်ဖို့အတွက် သေဒဏ်ချမှတ်မှုက ဖြေရှင်းရာရောက်တယ်ဆိုတဲ့ အမြင်တွေရှိခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်ပုဏ္ဏားကျွန်းမှာ အမျိုးသမီးတဦး လက်နောက်ပြန်လက်ထိပ်ခတ် မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ သတင်းကလည်း ဖတ်ရှုရသူတွေမှာထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။ စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ရခိုင်ပြည်မှာလည်း မုဒိမ်းမှုဖြစ်စဉ်တွေက မကြာခဏကြားနေရသလို အမျိုးသမီးကြီးငယ်မရွေးဟာ လုံခြုံမှုမဲ့စွာ သွားလာနေထိုင် နေကြရတာကို သတင်းတွေက ဖော်ပြနေပါတယ်။
ဒီသတင်းတွေအပြင် မြန်မာသတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၈ ပုဒ်ကို ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
- လားရှိုးမြို့ပေါ် စတိုးဆိုင်ဓါးပြတိုက်ခံရပြီးဆိုင်ရှင်အမျိုးသမီးနှစ်ဦးပါသတ်ဖြတ်ခံရ
- ပဲခူး ဥဿမြို့သစ်မှာ အမျိုးသမီးတဦးအသတ်ခံရ
- လေးမျက်နှာတွင် စစ်အာဏာရှင်တပ်က အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်
- အမျိုးသမီးများ အပါအဝင် ရိုဟင်ဂျာ ၉ ဦးကို စစ်တပ် ဖမ်းဆီး
- အသက် ၃ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ခန္ဓာကိုယ်အနှံ့ အကိုက်ခံရမှု တရားမျှတမှုရရှိရေး ဒေသခံများ တောင်းဆို
- ဆီးဘူးတွင် Grade-12 ကျောင်းသူတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား
- ပစ္စည်းဝင်ခိုးရင်း မုဒိမ်းကျင့် လူသတ်ခဲ့သူ ၁ ဦးကို ကြိုးမိန့်နှင့် ထောင်ဒဏ် ၁၄ နှစ်ချ
- ပုဏ္ဏားကျွန်းမှာ အမျိုးသမီးတဦး လက်နောက်ပြန်လက်ထိပ်ခတ် မုဒိမ်းကျင့်သတ်ဖြတ်ခံရ
လားရှိုးမြို့ပေါ် စတိုးဆိုင်ဓါးပြတိုက်ခံရပြီးဆိုင်ရှင်အမျိုးသမီးနှစ်ဦးပါသတ်ဖြတ်ခံရ
Source – People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၀)ထဲက စတိုးဆိုင်တဆိုင်ကို ဇူလိုင်လ၁၉ရက်နေ့ ညနေပိုင်းမှာ လူတစ်စုက ဓားပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။
သေဆုံးသူအမျိုးသမီးတွေက ညီအမတွေဖြစ်ပြီး စီးပွားရေး ပြေလည်ကြသူတွေဖြစ်တယ်လို့ မြို့ခံအချို့က ပြောပါတယ်။ညီအမနှစ်ဦးကုန်စုံဆိုင်ပိတ်ပြီးအိမ်ပြန်လာနောက်ပြီး ည ၉ နာရီဝန်းကျင်မှာအသံတွေ ကြားရတာ ကြောင့် အိမ်နီးချင်းတွေကသွားရောက်ကြည့်ရှုရာမှာ အသတ်ခံထားရတာကိုတွေ့ခဲ့တာပါ။
ဆိုင်ရှင်အမျိုးသမီးနှစ်ဦးစလုံး ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာတွေ့ရှိရသလို၊အမျိုးသမီးနှစ်ဦးဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကို ဓားပြတိုက်သူတွေက ဖြုတ်ယူသွားခဲ့ပြီးအခြားသောပစ္စည်းတွေပါသွားတ ရှိ ၊မရှိကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ သြဂုတ်လဆန်းမှာ သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ MNDAA က၂၀၂၅ ဧပြီလမှာ စစ်တပ်ထံကျည် ၁ ချက်မဖောက်ပဲဲပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့် လာရှိုးမြို့ပေါ်ကိုသာစစ်တပ်ပြန်ဝင်လာနိုင်တာ ဖြစ်ပြီး မြို့ပတ်ဝန်းကျင်ကရွာတွေကိုတော့ MNDAA ကထိန်းချုပ်ထားပါတယ်။ လားရှိုးမြို့ပေါ်စစ်တပ် ပြန်ဝင်လာပြီး နောက်ပိုင်းလားရှိုးမြို့မှာလူသတ်မှု၊လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှုစတဲ့ ရာဇဝတ်မှုမျိုးစုံ မကြာခဏဖြစ်နေပါတယ်။
၂၀၂၅ ဧပြီလကနေ လက်ရှိ ၂၀၂၆ ဇူလိုင်အတွင်း အမျိုးသမီးတချို့ ကားလုယက်ခံရမှု၊ ဘုန်းကြီး အသတ်ခံရမှု၊ သတ်ဖြတ်ပြီး ရုပ်အလောင်းစွန့်ပစ်မှု၊ ပြန်ပေးဆွဲပြီး ငွေတောင်းမှု၊ လမ်းလယ်ခေါင် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု၊ ရွှေဆိုင် ဓားပြတိုက်ခံရမှုတွေလို အမှု ပေါင်း၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူး ဥဿမြို့သစ်မှာ အမျိုးသမီးတဦးအသတ်ခံရ
Source – Delta News Agency
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက် ညပိုင်းက ပဲခူးမြို့ ၊ ဥဿမြို့သစ် ၊ (၈)ရပ်ကွက် တက္ကသိုလ်ဘုရားလမ်းမှာ အမျိုးသမီးတဦး သူ့နေအိမ်မှာပဲ ထိုးသွင်းဒါဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူမှာ အသက် ၄၆ နှစ် အရွယ် ဒေါ်စန်းစန်းနွဲ့ ဖြစ်ပြီး နေအိမ်အောက်ထပ် နောက်ဘေးမီးဖိုချောင်မှာ သေဆုံးနေတာကို အိမ်နီးချင်းတွေကတွေ့ရှိခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။ ဒီဖြစ်စဥ်ပတ်သက်ပြီး ရဲတပ်ဖွဲ့ကတော့ ပြစ်မူကျူးလွန်သူလို့ သံသယရှိနေတဲ့ ခင်ပွန်းဖြစ်သူ ဦးဇော်မင်းက ထွက်ပြေးတိမ်းရှောင်နေ တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်တွေအရ ဝဲဘက်ရင်ညွန့် ပေါက်ပြဲဒဏ်ရာ၊ ချိုင်းအောက် ထိုးသွင်း ဒါဏ်ရာ ၊ နဖူးပေါက်ပြဲ ဒဏ်ရာနဲ့ ခါးနောက်ကျော်ဘက် ပေါက်ပြဲဒါဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာဖြစ်ပါတယ်။အခင်းဖြစ်တဲ့ နေရာမှာလည်း ၆ လက်မကျော် ဓါးနှစ်ချောင်း ၊ စတီးရိုးတပ် ၈ လက်မကျော် ဓါးတချောင်း ၊ ကပ်ကြေးအရိုး တချောင်းနဲ့ ငရုတ်ကျည့်ပွေ့ တခုကို တွေ့ရတယ်လို့ မျက်မြင်တွေ့ရတဲ့ ရပ်ကွက်တွင်း နေသူက ပြောပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ပဲခူးဆေးရုံ ပို့ထားတယ်လို့ သိရပါတယ်။
လေးမျက်နှာတွင် စစ်အာဏာရှင်တပ်က အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်
Source – DVB
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ဇူလိုင် ၁၉ ရက် ညနေပိုင်းက လေးမျက်နှာမြို့နယ်၊ ငှက်ပျောတောကျေးရွာမှာ ရောက်ရှိတပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တယောက်က အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးကို အတင်းဆွဲခေါ် အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်နဲ့အတူ တခြားတပ်သား ၃ ယောက်လောက်လည်း ပါလာပြီး ချုံခိုကွယ်ကာ စောင့်ပေးနေခဲ့တာဖြစ်ပြီး၊စစ်အာဏာရှင်တပ်ဖွဲ့ဝင်က အဓမ္မပြုကျင့်တာကို အမျိုးသမီး အနေနဲ့ လုံးဝ သတင်းဖုံးထားဖို့ ပြောဆိုထားကာ သတင်းပေါက်ကြားလာပါက မိသားစုလိုက် ပစ်သတ်ခံရမယ်လို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်က ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
အရပ်သား အမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ တပ်ဖွဲ့ဝင် အပါအဝင် တပ်သားအများအပြားဟာ လေးမျက်နှာမြို့နယ်၊ ငှက်ပျောတောကျေးရွာမှာ ရောက်ရှိ တပ်စွဲထားတာ ရက် ၂၀ ကျော်လောက် အထိ ရှိနေပြီ ဖြစ်ပါတယ်။
တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်သားတွေက အရပ်သားတွေ အသွားအလာများတဲ့ နေရာတွေကို အဓိကထားပြီး စစ်ကြောင်းထိုးကာ ထင်းခုတ်၊ ဝါးခုတ်၊ အသားငါးရှာ၊ ဟင်းသီးဟင်းရွက်ခူးတဲ့ အရပ်သား အမျိုးသားတွေကို ဖမ်းဆီး၊ အမျိုးသမီးတွေကို အခုလို အဓမ္မပြုကျင့်တာတွေ လုပ်နေတာလို့ သိရပါတယ်။
အမျိုးသမီးများ အပါအဝင် ရိုဟင်ဂျာ ၉ ဦးကို စစ်တပ် ဖမ်းဆီး
Source – DVB
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ မကျီးစင်ကျေးရွာအနီးမှာ မှာ ဇူလိုင်လ ၁၈ ရက် မနက်အစောပိုင်းက ဧရာဝတီတိုင်းထဲကို ထွက်ပြေးဝင်ရောက်လာတဲ့ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာ ၉ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၄ ယောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဘက်ကနေ လာတာလို့ သိရပါတယ်
ပြီးခဲ့တဲ့ မေလကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်းမြို့မှာ ရခိုင်ပြည်နယ်က ဝင်လာတဲ့ ရိုဟင်ဂျာ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
အသက် ၃ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ခန္ဓာကိုယ်အနှံ့ အကိုက်ခံရမှု တရားမျှတမှုရရှိရေး ဒေသခံများ တောင်းဆို
Source – Mizzima
ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ အသက် သုံးနှစ်ခွဲ ဝန်းကျင်အရွယ် ကလေးငယ်အား အမျိုးသားတဦးက ခန္ဓာကိုယ်အနှံ့ကိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိစေရန် ဒေသခံများက လိုလားနေကြပါတယ်။
ဖြစ်စဉ်က အလုံမြို့နယ်၊ ကမ်းနားလမ်းနဲ့သစ်တောလမ်းထောင့်ရှိ စည်ပင်ကွန်တိန်နာဝင်း ဝန်ထမ်းလိုင်းခန်းမှာ ပြီးခဲ့တဲ့ တလဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီးမဇ္ဈိမက လက်ခံရရှိထားတဲ့ ဓာတ်ပုံတွေအရ အကိုက်ခံရ မှုကြောင့် အသက် သုံးနှစ်အရွယ်ကလေးငယ်ရဲ့တင်ပါးအပါအဝင်မိန်းမကိုယ်နားနဲ့ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာများ ရှိနေသလို တချို့ဒဏ်ရာတွေမှာ ပေါက်ပြဲနေတာကို တွေ့ရပါတယ်။
ယင်းကလေးရဲ့ မိခင်က ကျောက်တံတားမြို့နယ်စည်ပင်ရုံးမှာ အလုပ်လုပ်ကိုင်နေတဲ့ စည်ပင်ဝန်ထမ်းဖြစ်ပြီးသူက အမျိုးသားဖြစ်သူနဲ့ ကွာရှင်းထားပြီး ကလေးငယ်နှစ်ဦးနဲ့အတူ အလုံစည်ပင်ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်နေခြင်း ဖြစ်ကာ ကျောက်တံတားစည်ပင်ရုံးသို့ အလုပ်သွားသည့်အချိန်တိုင်း ၎င်းရဲ့ ကလေးငယ်ကို လိုင်းခန်းရှိ အမျိုးသား တဦးထံ ထိန်းကျောင်းပေးရန် အပ်နှံထားခဲ့စဥ် အဆိုပါ အမျိုးသားက ကလေးငယ်ကို ကိုက်ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကို ဒေသခံများသိရှိပြီးသည့်နောက်ပိုင်းတွင် ကလေးငယ်အား ကိုက်ခဲ့သည့်အမျိုးသားက ကလေးငယ်၏ မိခင်ဖြစ်သူကို ငွေကျပ် ၁၀၀,၀၀၀ ပေးကာ ကျေအေးပေးရန် ပြောဆိုခဲ့ပြီး ခြိမ်းခြောက် မှုတွေလည်း ရှိနေတယ်လို့သိရပါတယ်။
အကိုက်ခံရတဲ့ ကလေးငယ်က လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်နေသော်လည်း ညဘက်အိပ်ချိန်တွေမှာ ကြောက်လန့်ငိုယိုမှုများ ရှိနေပြီးလူမှုကူညီရေးအသင်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေအနေဖြင့် ကလေးငယ် အား ဆေးစစ်မှုအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဒေသခံများက မျှော်လင့်နေ ကြပါတယ်။
ဆီးဘူးတွင် Grade-12 ကျောင်းသူတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား
Source – ခမ်းသားငေါဝ်း
ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းကယားနယ်စပ် ကယန်းဒေသ ဆီူဘူးမြို့တွင် ဇူလိုင်လ ၂၂ ရက် ညပိုင်း မိုးရွာသွန်းနေသည့်အချိန်မှာ Grade-12 ကျောင်းသူတစ်ဦး မိမိကိုကိုယ်ကို အဆုံးစီရင်ခဲ့ပြီး မည်သူမျှ သတိမထားမိခဲ့ကြဘဲ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းမှ တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
သေဆုံးသူမှာ ကယန်းဒေသရှိ ကျေးရွာတစ်ရွာမှ ဆီဘူးမြို့သို့ လာရောက်ပညာသင်ကြားနေတဲ့ Grade-12 ကျောင်းသူတစ်ဦးဖြစ်ပြီး မိသားစုဝင်များနဲ့ အတူနေထိုင်ခြင်းမရှိကြောင်း သိရပါတယ်။
လက်ရှိတွင် သေဆုံးရတဲ့အကြောင်းရင်းကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေ က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ် ။ဒေသခံတွေကလည်း သေဆုံးသူရဲ့ မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲနေကြပြီး ရိုးရာဓလေ့အရ ရွာပြန်ဆေးကြောခြင်း အစီအစဉ်များ ပြုလုပ်ရန် စီစဉ်နေတယ်လို့သိရပါတယ်။
ပစ္စည်းဝင်ခိုးရင်း မုဒိမ်းကျင့် လူသတ်ခဲ့သူ ၁ ဦးကို ကြိုးမိန့်နှင့် ထောင်ဒဏ် ၁၄ နှစ်ချ
Source – DVB
ရန်ကုန်၊ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်မှာ ပစ္စည်းဝင်ခိုးရင်း အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို မရမ်းကုန်းခရိုင်တရားရုံးက ဇူလိုင် ၂၃ ရက်မှာ မသေမချင်း ကြိုးပေးသတ်ရန်နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၂၃ ရက် မနက်ပိုင်းက မရမ်းကုန်းခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်ကို ပုဒ်မ ၃၀၂ (၁) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန်နဲ့ ပုဒ်မ ၄၅၇၊ ၃၈၀/၇၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အမိန့်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အောင်ကျော်စိုးကို ဇွန် ၂၀ ရက်က တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာမှာ ဖမ်းဆီးရမိခဲ့ပြီး လှိုင်မြို့မရဲစခန်းက (ပ) ၁၅၁/၂၀၂၆၊ ပုဒ်မ ၃၀၂၊ ၃၇၆ တို့နဲ့ အမှုဖွင့်ခဲ့ကာ ဇူလိုင် ၂ ရက်မှာ ပုဒ်မ ၃၀၂၊ ၄၅၇၊ ၃၈၀/၇၅ တို့နဲ့ မရမ်းကုန်းခရိုင်တရားရုံးက စစ်ဆေးခဲ့တာပါ။
ပုဏ္ဏားကျွန်းမှာ အမျိုးသမီးတဦး လက်နောက်ပြန်လက်ထိပ်ခတ် မုဒိမ်းကျင့်သတ်ဖြတ်ခံရ
Source – Border News Agency
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးငယ်တဦး လက်ထိပ်ခတ် မဒိန်းကျင့် သတ်ဖြတ်ခံရတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီအသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာကဖြစ်ပြီး သူမ ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့နယ်၊တောင်ပေါက်အနီးရှိကျောက်ကွင်းမြောင်နားမှာတွေ့တာပါ။ အဲဒီ အမျိုး သမီးကို လက်နောက်ပြန်လက်ထိပ်ခတ်ထား သလို ခြေထောက်ကို လည်းဆိုင်ကယ် တာယာကြိုး နဲ့ချဥ်ထားပြီး မုဒိန်းကျင့်သတ်ဖြတ်ထား တာဖြစ်ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၈ ရက်နေ့က သူမသူငယ်ချင်းတွေနဲ့အတူ မြောင်ကိုသွားမယ့်အချိန်မှာ အမျိုးသားတဦးက ဆိုင်ကယ်နဲ့တင်ခေါ်သွားတာလို့ မြင်တွေ့လိုက်သူတွေက ဆိုကြပါတယ်။အဲဒီနောက် သူမပျောက်ဆုံးနေတာဖြစ်ပြီး သူမကို ဇူလိုင်လ ၂၃ ရက်၊ ဒီနေ့မှသာရုပ်အလောင်းကို ပြန်တွေ့တာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မှုခင်းရဲတပ်ဖွဲ့ကစစ်ဆေးနေတယ်လို့ ဆိုကြပါတယ်။
အဲဒီအမျိုးသမီးငယ်ကို ဆိုင်ကယ်နဲ့တင်ခေါ်သွားသူဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ပသောသာရွာမှ သဲတော်ကျေးရွာ အနီးမှာ စစ်ဘေးရှောင်နေတဲ့ ကိုမောင်တင်ဝင်းဖြစ်တယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက အတည်ပြုပြောကြပါ တယ်။အဲဒီအမှုကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက စုံစမ်းနေပေမယ့်တရားခံကို မဖမ်းမိသေးပါဘူး။










