ဗမာစစ်သားရဲ့ သမီးတယောက်အဖြစ်မွေးဖွားလာရတဲ့အခါ
ကေကေ၊ လူမှုဘဝဆောင်းပါး /
“ကျမကို ဖျက်ချလိုက်ပါလား၊ ဘာလို့မွေးခဲ့တာလဲ”
ဒီလိုစကားလုံးတွေနဲ့ မိခင်ဖြစ်သူကို မချိတင်ကဲ အပြစ်တင်ဖူးခဲ့တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းက ကျေးရွာလေးတရွာမှာ နေထိုင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ပအိုဝ်းတိုင်းရင်းသူ *လွန်းက သူ့ငယ်ဘဝ အကြောင်းကို အစချီလိုက်ပါတယ်။
ဖခင်က ဗမာလူမျိုး၊ အလုပ်အကိုင်က စစ်သားမို့ မိသားစုဝင်တွေကရော၊ ဆွေမျိုးသားချင်းတွေကပါ ဝိုင်းဝန်း ပစ်ပယ်တာတွေကို ငယ်ဘဝတလျှောက် ရင်ဆိုင်ခံစားခဲ့ရတဲ့အခါ သူ့ကိုယ်သူ “မမွေးခဲ့ရင် အကောင်းသား” ဆိုပြီး လွန်းတယောက် အကြိမ်ကြိမ်စိတ်ဓာတ်ကျခဲ့ရပါတယ်။
သူဟာ ရှင်သန်လာတဲ့ ဘဝတလျှောက်လုံးမှာ သူ့အဖေနဲ့ပတ်သက်ပြီး “စစ်သားသမီး” ဖြစ်လို့ စိတ်ဒဏ်ရာတွေ အထပ်ထပ်ရခဲ့တယ်။ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ လူမျိုးကြီးဝါဒကျင့်သုံးပြီး၊ ပုံစံမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဗမာစစ်သားလို့ ဆိုလိုက်ရင် တိုင်းရင်းသားမျိုးနွယ်စုတွေက မုန်းကြပါတယ်။ စစ်တပ်ဟာ သူတို့ နယ်မြေစိုးမိုးလိုတဲ့တိုင်းရင်းသားဒေသတွေမှာ ဖြတ်၄ဖြတ် ဆိုတဲ့မူနဲ့ ဒေသခံတွေကို အတင်းအကြပ် နေရာရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့ ကျွဲ၊ နွား၊ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးကြီးငယ်မရွေးကို မုဒိန်းကျင့် သတ်ဖြတ်တာတွေကို ကျူးလွန်ခဲ့ပါတယ်။ အသက်ရှင်သန်ကျန်ရစ်နေသူတွေအဖို့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ယနေ့ထိတိုင် ခံစားနေရဆဲဖြစ်ပါတယ်။ အဲဒီလိုလုပ်ရပ် တွေရဲ့ အကျိုးဆက်အဖြစ် ဗမာလူမျိုးတွေနဲ့ ဗမာစစ်သားဆိုရင် ရွံမုန်းလွန်းလို့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လူမှုအသိုင်းအဝိုင်းမှာ လက်သင့်မခံကြပါဘူး။
“ဗမာဆိုတာ မကောင်းဘူး၊ ဗမာတွေက ကောက်ကျစ်တယ်၊ အယောက် ၁၀၀မှာ ၁ယောက်ပဲ စိတ်ကောင်းရှိတယ် ဆိုတာမျိုး အဘွားကစလို့ ဆွေမျိုးဦးလေးတွေအဆုံး အမြဲ ပြစ်တင်ခံနေရတဲ့အခါ အဲဒီ “ဗမာသွေး” ဆိုတာကို ဖောက်ထုတ်ပစ်ချင်ခဲ့တယ်၊ အဲဒီသွေးတွေ စီးဆင်းနေလို့ အပြောခံရတာ ဆိုပြီး ကလေးဘဝက အမြဲတွေးခဲ့တာ” လို့ လွန်းက ငယ်ဘဝစိတ်ဒဏ်ရာတွေကို ဖွင့်ဟပြောပြပါတယ်။
ဗမာစစ်သားတယောက်ကို အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိတဲ့ သူ့ရဲ့မိခင် ပအိုဝ်းအမျိုးသမီးဟာ သူ့ကိုသဘောကျ နှစ်သက်တဲ့ ဗမာစစ်သားက အတင်းအဓမ္မ ခိုးပြေးပြီး အတင်းအကြပ် အပိုင်ရယူခံခဲ့ရတာ ဖြစ်တယ်လို့ အရွယ် ရောက်လာတဲ့ သမီးဖြစ်သူ လွန်းကို မိခင်ကသူ့ဖြစ်ရပ်ကို ပြန်လည်ရှင်းပြခဲ့ပါတယ်။
“အတင်းအဓမ္မပြုကျင့်ခံရတဲ့အမေက ဘယ်လိုဖြေရှင်းရမှန်းမသိဘဲ မထူးဇာတ်ခင်းပြီး အဖေတာဝန်ကျရာ တပ်ထဲကို ခိုးရာလိုက်သွားတယ်”လို့ လွန်းက ပြောပြပါတယ်။
သူ အသက်၅နှစ်ကျော်အရွယ် ရောက်တဲ့အခါ သူ့အဖေဟာ အသက်မပြည့်သေးတဲ့ လူငယ် ၂ဦးကို စစ်တပ်က ပေါ်တာဆွဲခံရတဲ့ကိစ္စမှာ အဲဒီလူငယ်တွေလွတ်မြောက်အောင် ကူညီပေးခဲ့တဲ့အတွက် အထက်က ဖိအားပေး လာတဲ့အခါ တပ်ကနေ ထွက်ပြေးခဲ့တယ်။ အဲဒီ နောက်မှာတော့ သူရယ်၊ သူ့ညီမလေးရယ်၊ သူ့အမေရယ်က အဘွားအိမ်မှာ နေထိုင်ခဲ့ကြပါတယ်။ တိမ်းရှောင်နေရတဲ့ သူ့အဖေကလည်း နောက်ပိုင်းမှာ မိသားစုနဲ့အတူတူ လာရောက်နေထိုင်ခဲ့ပါတယ်။
စစ်တပ်ထဲမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ လွန်းတို့ ညီအစ်မဟာ ဗမာစကားကိုပဲ တတ်မြောက်ပြီး ပအိုဝ်းစကား မပြောတတ်တဲ့အခါ ဆွေမျိုးသားချင်းတွေနဲ့ ပအိုဝ်းတိုင်းရင်းသားအသိုင်းအဝိုင်းမှာ ခွဲခြားနှိမ်ချ ဆက်ဆံတာတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတော့တယ်။
ဗမာစစ်သားနဲ့ ဗမာလူမျိုးက အတူတူပဲဆိုတာကို မှတ်ယူပြီး ဗမာတိုင်းရင်းသားလူမျိုးတွေကိုပါ မုန်းတီးရွံရှာ ခွဲခြားဆက်ဆံတာမျိုး လုပ်ကြတယ်။ ဒါကြောင့် အဘွားက လွန်းတို့ ညီအစ်မတွေကို ဗမာကလေးတွေ မဖြစ်စေချင်ဘူး။
“တခုခု အမှားလုပ်မိရင် ဗမာသွေး၊ ဗမာကလေးတွေက ဆုံးမရခက်တယ်၊ ဆိုးတယ်ဆိုပြီး မကောင်းပြော ပိုခံရတယ်၊ အမြဲ အပြစ်တင်ဝေဖန်သံတွေပဲ ကြီးပြင်းပြီး ကြားခဲ့ရတယ်၊ အဖေ ဗမာဆိုတာ မသိစိတ်ထဲမှာ လက်မခံချင်ဘူး၊ အရွယ်ရောက်လာတဲ့အထိပါပဲ” လို့ လွန်းက ပြောပြပါတယ်။
ဒီလိုနဲ့ ပအိုဝ်းစကားကို တတ်မြောက်အောင်သင်ယူခဲ့တဲ့ လွန်းတယောက် ကျောင်းတက်ရမယ့်အရွယ် ရောက်လာ တော့ အဖေဘာလူမျိုးလဲလို့မေးခံရရင် ဗမာလူမျိုးလို့ပြောခဲ့ပေမဲ့ အဖေ့အလုပ်အကိုင်က စစ်သားဆိုတာ ရှက်လို့ ထည့်မပြောရဲခဲ့ပါဘူး။
“ဆယ်ကျော်သက်အရွယ်မှာပဲ ကျမကိုယ်တိုင် ပအိုဝ်းသွေးဖြစ်အောင် ပြောင်းလဲခဲ့ရတယ်” လို့ လွန်းက ပြောပြ တယ်။
တိုင်းရင်းသားအရေးဆို ရပ်ကွက်ထဲ ရှေ့ဆုံးကပါ၊ တိုင်းရင်းသားဝတ်စုံဆို အမြဲဝတ်တဲ့ လွန်းဟာ ပအိုဝ်းစကားလည်း ကျွမ်းကျင်လာချိန်မှာ ဗမာဆိုတာကို ဖျောက်၊ ပအိုဝ်းတိုင်းရင်းသူတယောက် အဖြစ် ဖြစ်တည်မှု ပြောင်းလဲပြီး သူရဲ့ စိတ်မလုံခြုံမှုတွေကို လျော့ပါးသက်သာဖို့ ကြိုးစားခဲ့ရပါတော့တယ်။
သူ့ကိုမမွေးခင် ၁၉၉၆ ကနေ ၁၉၉၈ အထိ ၃နှစ်တာကာလအတွင်းမှာ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရှိတဲ့ မြို့နယ်အသီးသီးက ကျေးရွာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်တပ်က ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီကာလက ရှမ်းပြည်နယ် အတွင်း ၁၅ မြို့နယ် မှာ ရွာပေါင်း ၁,၅၀၀ ကျော် လူဦးရေ ၄သိန်း ထိခိုက်နစ်နာခဲ့ ရတယ်လို့ ရှမ်းလူမှုအဖွဲ့အစည်းတွေက ၂၀၂၀ ခုနှစ်က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတော့ စစ်တပ်ကို အစောဆုံးတော်လှန်ခဲ့တဲ့အထဲမှာ ပအိုဝ်းတိုင်းရင်း သားတွေ အပါအဝင်ဖြစ်ပေမယ့် အဲဒီ ၃နှစ်နောက်ပိုင်းမှာတော့ နယ်မြေမလုံခြုံမှု၊ ပေါ်တာဆွဲခံရမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုတွေကြောင့် ထိုင်းဘက်ခြမ်းကို အလုပ်သွားလုပ်ကြတဲ့ ဆွေမျိုးသားချင်းတွေနဲ့အတူ ဖခင်ဖြစ်သူကလည်း လိုက်ပါသွားခဲ့ပါတယ်။ အဲဒီနောက်မှာ မိခင်ဖြစ်သူကလည်း အလုပ်လုပ်ဖို့အတွက် ထပ်ပြီးလိုက်သွားခဲ့တယ်။
သူ ၃တန်းအရွယ်မှာပဲ နွေးထွေးတဲ့ မိဘမေတ္တာအရိပ်နဲ့ ဝေးခဲ့ရတယ်လို့ အဒေါ်အိမ်မှာ ကျန်ရစ်ခဲ့ရတဲ့ လွန်းက ပြောပြပါတယ်။
သူက “၃ တန်းအရွယ် ကလေးတယောက်က ထမင်းချက်ရတယ်၊ ထင်းခွဲရတယ်၊ ရေခပ်ရတယ်၊ မိုးလင်း မိုးချုပ် အိမ်အလုပ်လုပ်၊ ကျောင်းသွား၊ အိမ်ပြန်လာရင် အိမ်အလုပ်လုပ်နဲ့ ဘဝမှာ အဆိုးရွားဆုံးအချိန် တွေ ဖြတ်သန်း ရတယ်” လို့ ပြောပါတယ်။
နဂိုက စစ်သားသွေးပါလို့ နှိမ်ချင်ကြတဲ့သူတွေက မိဘကွယ်ရာမှာ စကားနဲ့ပါမဟုတ်ဘဲ အမှားတခုခု လုပ်မိရင် အရွယ်နဲ့မလိုက်အောင် ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ အော်ဟစ်ဆဲဆိုတာတွေကိုလည်း ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ မိဘတွေက သူတို့ညီအစ်မအတွက် အသုံးစရိတ် တွေ ပို့ပေးပေမဲ့ သူတို့ကို လက်ခံစောင့်ရှောက်ထားတဲ့ အဒေါ်ဖြစ်သူက လုံလောက်အောင် ကျွေးမွေးစောင့်ရှောက်တာမျိုးမလုပ်ခဲ့ဘဲ အနှိမ်ခံဘဝနဲ့ နေထိုင်ခဲ့ရတယ်လို့ သူကဆိုပါတယ်။
ဒါတင်မက ကလေးအရွယ်ကို အရက်ဝယ်ခိုင်းတာ၊ ဦးလေးသူငယ်ချင်းဖြစ်သူက အိမ်လာလည်ရင် လိင်ပိုင်း ဆိုင်ရာ ထိပါးနှောက်ယှက်တာမျိုးတွေထိ လွန်းတယောက်ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။
“မူလတန်းအရွယ် အိမ်မှာကစားနေတုန်း ဦးလေးသူငယ်ချင်း အိမ်ကိုလာလည်တယ်၊ ကျမကို ချီပြီးတော့ သူ့ရဲ့ဟာ (တန်ဆာ)ကို လက်နဲ့ကိုင်ခိုင်းတာ၊ အဲလိုလုပ်ခိုင်းတာကို ကြောက်ပြီး အရမ်းအော်ငိုတော့ သူက ရပ်လိုက်တယ်” လို့ လွန်းက ပြောပါတယ်။
ဒီလို ၂ကြိမ်တိုင်တိုင်ကျူးလွန်ခံခဲ့ရပြီး၊ အော်ငိုလို့ ဒီထက်ပိုဆိုးမသွားခဲ့ပေမဲ့ ဒါတွေကို မိခင်ဖြစ်သူကို မပြောပြရဲခဲ့ သလို၊ ပြောပြရကောင်းမှန်း မသိခဲ့ပါဘူး။
အဲဒီလိုပဲ အရက်ရဲ့ ကျေးကျွန်ဖြစ်လာတဲ့ အဖေဖြစ်သူကလည်း သူတို့ဘဝကို လုံခြုံမှုနဲ့ အကာအကွယ်ပေးမှုတွေ မလုပ်ပေးခဲ့ပါဘူး။
သားယောက်ျားလေးလိုချင်တဲ့ သူ့အဖေဟာ မိန်းကလေး ၂ယောက်မွေးခဲ့တဲ့ မိခင်ဖြစ်သူကို အပြစ်ဆိုတာ၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်၊ နှိပ်စက်တဲ့အပြင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ၊ အရှက်ခွဲခဲ့တာတွေ စိတ်သောကပေးခဲ့တာတွေကြောင့် အကြိမ်ကြိမ်ကွာရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ သူ့အမေ မအောင်မြင်ခဲ့ဘူး။ ဆွေမျိုးသားချင်းတွေရဲ့ ငြူစူမှုတဖက်၊ ယောက်ျားဖြစ်သူရဲ့ စိတ်ဒုက္ခ ပေးမှုတွေ တဖက်ကြားမှာ ကလေးတွေ မျက်နှာကြောင့် နှစ်၂၀ ကျော်ကြာသီးခံပြီး ပေါင်းသင်းနေထိုင်ခဲ့ပါတယ်။
လွန်းရဲ့ ဖခင်ဟာ သမီးမိန်းကလေးမလိုချင်ကြောင်းကို “မ ဆို “ခြေမ လက်မတောင်ဖြတ်ချင်တာ၊ သားယောက်ျားလေး မွေးပေးရင် ငါအရက်ဖြတ်မယ်” ဆိုတာမျိုးတွေ ပြောဆိုခဲ့ပါတယ်။
သမီး ၂ယောက်ကိုတောင် ရှာဖွေကျွေးမွေးဖို့ခက်နေတဲ့ မိခင်ဖြစ်သူဟာ အရက်ကိုစွဲစွဲမြဲမြဲသောက်နေတဲ့ ခင်ပွန်းဖြစ်သူကို အယုံအကြည်မရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံမှာနေထိုင်နေစဉ် ရလာတဲ့ကိုယ်ဝန်ကို တရားမဝင်တဲ့ နည်းလမ်းနဲ့ ဖျက်ချခဲ့ပါတယ်။ အဲဒီကလေးဟာ သားယောက်ျားလေးဖြစ်နေတဲ့အတွက် ဖခင်ဖြစ်သူဟာ အရက်ပိုသောက်ခဲ့သလား၊ လွန်းတို့ညီအစ်မကို မလိုချင်တော့လို့ သူ့ဘဝကို ဒီလိုပြုမူနေထိုင်သလားဆိုတာ လွန်းတယောက်မသိပါဘူး။
ငယ်ဘဝတလျှောက် မိဘတွေဆီကရော၊ ဆွေမျိုးသားချင်းအရင်းချာတွေဆီမှာ စိတ်ရောကိုယ်ပါ လုံခြုံတဲ့ ကလေးတယောက်အဖြစ် ပြုစုစောင့်ရှောက်ခြင်း မခံခဲ့ရတဲ့သူ့အဖို့ ဘွဲ့ရပညာတတ်ဖြစ်ပြီး၊ အနှိမ်ခံဘဝက လွတ်မြောက်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တခုနဲ့ စိတ်ခွန်အားကို ပြန်မွေးမြူခဲ့ရတယ်လို့ ဆိုပါတယ်။
ပညာရေးဟာ သူ့ဘဝအတွက် ထွက်ပေါက်လို့ မြင်ခဲ့ပေမဲ့ သူတို့ရွာစာသင်ကျောင်းမှာက မူလတန်း အထိပဲရှိပြီး အလယ်တန်းကို ရွာနဲ့ဝေးတဲ့ နေရာကို သွားတက်ရပြီး၊ အထက်တန်းဆိုတာ ပိုဝေးတဲ့ နေရာမှာ ရှိနေခဲ့ပါတယ်။
အာဏာမသိမ်းခင်အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ သူတို့နေထိုင်ရာ မြို့နယ်ထဲက ကျေးရွာ ၁၇ ရွာမှာ အလယ်တန်းကျောင်း ၁ကျောင်းနှုန်းသာရှိတဲ့အတွက် မူလတန်း ပြီးဆုံးတဲ့ ကလေးငယ်တွေ အလယ်တန်း အဆင့်ထိ ကျောင်းဆက်တက်ဖို့ အခက်အခဲ ရှိကြပါတယ်။ အဲဒီလိုပဲ အထက်တန်းထိပညာသင်ကြားဖို့အတွက် ဆိုတာလည်း ကြီးမားတဲ့ အခက်အခဲ တခုလို့ လွန်းက ပြောပါတယ်။
ရှေးရိုးစွဲ အမြင်တွေအရ အမျိုးသမီးတယောက်ဖြစ်တဲ့အတွက် ပညာတွေသင်စရာမလိုဘူး။ အိမ်ထောင်ပြု၊ သားမွေးမှာ ဖြစ်တဲ့အတွက် ရွာနဲ့ အဝေးကြီးကို ကျောင်းသွားတဲ့ရတဲ့ လွန်းကို အဘွားနဲ့ မိသားစုက ကျောင်းဆက် မတက်စေချင်ကြတဲ့အခါ သူက မိခင်ဖြစ်သူကို တောင်းဆိုပြီး ကျောင်းဆက်တက်ခဲ့ရပါတယ်။
“၁၀တန်းကို ၂ကြိမ်ဖြေပြီးမှ အောင်တယ်၊ စာမေးပွဲတခါကျ၊ တခါပိုတိုးပြီး ကြိုးစားခဲ့တယ်” လို့ လွန်းက ဆိုပါတယ်။
နောက်ဆုံးမှာတော့ တက္ကသိုလ်ပညာရေးအထိတက်နိုင်ခဲ့ပြီး တမျိုးလုံးမှာ ဘွဲ့ယူခဲ့တဲ့သူ တဦးထဲသော အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဆွေမျိုးအသိုင်းဝိုင်းက ပညာရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင်က သမားရိုးကျ အတွေးအမြင်တွေအတိုင်းပါပဲ။
“ဘွဲ့ရလည်း ဘာလုပ်မှာလဲ၊ ယောက်ျားယူ၊ ကလေးမွေး၊ အိမ်ထောင်ပြုရမှာပဲ၊ ဘွဲ့ရလည်း ခြံပေါက်ရတာပဲ၊ သူများနိုင်ငံသွား အိမ်ဖော်လုပ်ရတာပဲ” ဆိုတဲ့စကားတွေကြားထဲကနေ လွန်းကတော့ ပညာရေး ခရီးလမ်းပေါ်မှာ ဆက်လျှောက်ခဲ့ပါတယ်။
ပညာရေးနဲ့အတူ အလုပ်အကိုင်ဝင်ခွင့်တွေ ရှာဖွေခဲ့တဲ့သူဟာ နောက်ဆုံးမှာတော့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေလုပ်ကိုင်တဲ့ ဒေသဖွံ့ဖြိုးရေးအဖွဲ့ တခုမှာ အင်တာဗျူးဖြေတော့ “ကျမ ကြိုးစားကြည့်မယ်” ဆိုတဲ့ စိတ်အားထက်သန်မှုလေးတခုနဲ့ အလုပ်လုပ်ခွင့်ရခဲ့တယ်။
ကျောင်းမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ သင်ကြားပေးခဲ့ခြင်းမရှိသလို၊ ကိုယ်တိုင်အသိပညာဗဟုသုတမရှိခဲ့တဲ့ မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးနည်းလမ်းတွေကို လုပ်ငန်းခွင်ကနေ သင်ယူခဲ့ရပါတယ်။ သင်ရတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းသလို၊ အမျိုးသမီးတွေအတွက် ဒါတွေဟာ လိုအပ်ပါလားဆိုတာ သိခွင့်ရလာခဲ့ပါတယ်။
မိရိုးဖလားရိုးရာဓလေ့အတွေးအခေါ်တွေကြီးစိုးတဲ့ အရပ်ဒေသမှာ ဒီလို လိင်ပိုင်းဆိုင်ရာ အသိပညာတွေအကြောင်း လူတွေကို ပြောပြဖို့၊ အသိပညာဖြန့်ဝေဖို့ဆိုတာ လွန်းအတွက်တော့ စိန်ခေါ်မှုတွေအများကြီးနဲ့ ကြုံခဲ့ရသလို အခက်အခဲတွေနဲ့ ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုပါတယ်။
တကိုယ်ရည်ကျန်းမာရေးကအစ၊ ကိုယ်ဝန်ဆောင်ခြင်းတွေ၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာတွေ မရှိတဲ့အခါ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့အမျိုးသမီးတွေကိုသာ မြင်တွေ့ဖူးတဲ့ သူ့အဖို့ ဒါက ဘဝတဆစ်ချိုး ပြောင်းလဲစေတဲ့ အလုပ်ဖြစ်ခဲ့ပါတယ်။
ဒီအလုပ်ကိုလုပ်ခဲ့တဲ့ကာလမှာ သူ့အတွေးက သူ့ဘဝအတွေ့အကြုံကို ရောင်ပြန်ဟပ်နေတာကို သူ့ပြောစကားမှာ တွေ့ရပါတယ်။
“ကျမအမေလို တခုခုဖြစ်ခဲ့ရင်တောင် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမှန်းမသိတာမျိုး မဖြစ်စေချင်တော့ဘူး” လို့ လွန်းက ပြောပါတယ်။
အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ အသိပညာပေးမှုတွေဟာ လူမှုအသိုင်းအဝိုင်း အတွင်းမှာ လိုအပ်နေတဲ့ ကွက်လပ်ဆိုတာ လွန်းတယောက်သိမြင်လာခဲ့ပေမဲ့ အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတယောက်အနေနဲ့ ဒီလိုအလုပ်လုပ်တာကို ရှက်စရာလို့ မိသားစုဝင်တွေက မြင်ခဲ့ကြပါတယ်။
သူ့အဘွားကတော့ စကားတခွန်းပဲပြောပါတယ်။ “နင့်အလုပ်ကို မသတီဘူး” တဲ့။
ဗမာစစ်သားတဦးရဲ့ အဓမ္မလုယူမှုကို ခံခဲ့ရတဲ့ သူ့အမေကိုယ်တိုင်က ဒီအလုပ်ကို ဆက်မလုပ်ဖို့ တားမြစ်ပြီး အလုပ်ထွက်ခိုင်းခဲ့ပါတယ်။
အဲဒီလိုအတားအဆီးတွေကြားထဲကနေ လွန်းတယောက် ကြိုးစားခဲ့ရတာက မိသားစုကိုပါ အသိပညာ ပေးဖို့ပါ။
သူတို့ကို ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ဥပမာပေးပြီး ဒီအလုပ်က လူတွေအတွက် အလွန်အရေးကြီး ကြောင်း တဖြေးဖြေးနဲ့ရှင်းပြခဲ့ရသလို အလုပ်မှာလဲ ရာထူးတိုး အဆင်ပြေလာပြီး မိသားစုကို ပြန်ပံ့ပိုးနိုင်လာတဲ့ နောက်မှာ မိသားစုရဲ့ ပြစ်တင်သံတွေ နည်းလာခဲ့ပါတော့တယ်။
ဒီအလုပ်ကိုဆက်လုပ်ရတဲ့အကြောင်းအရင်းတွေထဲကတခုကို “အမေလိုမျိုး တခြားအမျိုးသမီးတွေ မခံစား ရအောင်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ့်ဘဝကို ကိုယ်တိုင် ကာကွယ်နိုင်အောင် အသိပညာပေးရမယ် ဆိုတဲ့စိတ်နဲ့ ဆက်လုပ်ခဲ့တာ”လို့ လွန်းက ရင်ဖွင့်ပါတယ်။
လူတွေမုန်းတီးတဲ့ “ဗမာစစ်သားရဲ့သမီး” အဖြစ် ရှင်သန်ခဲ့ရတဲ့အခါ စိတ်မလုံခြုံမှုတွေနဲ့ ကြီးပြင်းလာခဲ့ရပြီး လက်ရှိမှာ သူ့ဘဝကို သူ ဟန်ချက်ညီညီ ဆက်လျှောက် နေနိုင်နေပြီဖြစ်ပေမဲ့ ငယ်ဘဝကရတဲ့ စိတ်ဒါဏ်ရာ တွေကနေ မလွတ်မြောက်နိုင်သေးတဲ့အတွက် စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး သူ့စိတ်ကို သူပြန်ကုစားနေရဆဲလို့ ဆိုပါတယ်။
ဒီလိုစိတ်ဒဏ်ရာတွေကြောင့် သူ့ရဲ့ နှလုံးသားရေးရာကိစ္စတွေကိုပါ ထိခိုက်စေတာ၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အကောင်းမမြင်နိုင်တာ၊ အိမ်ထောင်ပြုရမှာကြောက်တာတွေထိ နောက်ဆက်တွဲ ခံစားနေရတယ်လို့ လွန်းက ပြောပါတယ်။
လွန်းအသက် ၂၃ နှစ်အရွယ်မှာ တရားရုံးသွားတာ၊ ရှေ့နေငှားတာတွေမလုပ်ဘဲ ဆွေမျိုးသားချင်းတွေရှေ့မှာပဲ အမေဟာ အဖေ့ကို လျော်ကြေးပေးပြီး ၂ဦးသဘောတူကွာရှင်းခဲ့ပါတယ်။ အဖေဟာ မိသားစုထဲမှာ အငယ်ဆုံးသားဖြစ်ပြီး သူ့ကိုချစ်တဲ့အစ်မတွေက ပြန်လာနေဖို့ ခေါ်ပေမယ့် မပြန်ဘဲ လွန်းတို့မိသားစုနဲ့ အနီးအနား မှာ တရွာတည်း ဆက်နေထိုင်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့လွန်းက ဖခင်ဖြစ်သူကို စောင့်ရှောက်ခဲ့ရပါတယ်။
မိဘတွေကွာရှင်းပြီး ၅နှစ်အကြာမှာတော့ အဖေဟာ အရက်ဒဏ်ကြောင့် ဆုံးပါးခဲ့ပါတော့တယ်။ ဘဝတလျှောက် မိသားစုရဲ့နွေးထွေးမှုကိုလိုချင်တဲ့လွန်းဟာ အဖေ့အသုဘကို ပြင်ဆင်ပေးခဲ့ရတယ်။
“ဒီလိုလူမျိုး အသက်ရှင်နေတော့လည်း ဘာထူးလို့လဲ၊ စောစောသေရမှာ၊ ဒီလိုလူမျိုး ဒီထက်စောသေရမှာ” လို့ အမေ့ရဲ့ ဆွေမျိုးသားချင်းတွေက သူတို့မုန်းတဲ့ ဗမာစစ်သားအပေါ် ထောပနာပြုကြတယ်။ သူတို့က နေ့ချင်း သင်္ဂြိုလ်၊ မြေချရက်လည်ချင်ပေမယ့် ဆွေမျိုးတွေကြားမှာ ဩဇာညောင်းလာပြီဖြစ်တဲ့ လွန်းကတော့ ဓလေ့ထုံးစံ အတိုင်း စီမံနိုင်ခဲ့ပါတယ်။
ဒါတွေဟာ တိုင်းရင်းသားတွေ အမုန်းကိုမချေဖျက်နိုင်တဲ့ လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေတဲ့ အာဏာရှင် စစ်တပ်ကြောင့် ဘဝတလျှောက် “မမွေးခဲ့ရင်အကောင်းသား”လို့ အကြိမ်ကြိမ်တွေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာခဲ့ရတဲ့ ပအိုဝ်းတိုင်းရင်းသူ ကလေးငယ်တယောက်ရဲ့ ဘဝတစိတ်တပိုင်း ပဲဖြစ်ပါတယ်။
တဖက်မှာလည်း အဖေက ဘာလို့ စစ်တပ်ထဲကို ဝင်ခဲ့တာလဲဆိုတဲ့ မေးခွန်းရှိနေခဲ့ပြီး၊ သူခံစားနေရတဲ စိတ်ဒဏ်ရာရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။
သူ့အဖေဟာ လူပျိုပေါက်အရွယ် အလယ်တန်းကျောင်းသားဘဝမှာ ကျောင်းသားချင်းရန်ဖြစ်ရာကနေ ခံလာရသူအဖြစ် အိမ်ပြန်ရောက်တော့ ဖခင်ဖြစ်သူက “မင်းကဘာမှမသုံးမကျဘူး၊ လူပျော့၊ လူညံ့၊ အခြောက်”လို့ ပြစ်တင်မာန်မဲတဲ့စကားလုံးတွေကို ဒေါသဖြစ်တဲ့အတွက် အိမ်ကထွက်သွားခဲ့ပြီး သူယောက်ျား ပီသကြောင်း ပြဖို့အတွက် စစ်သားစုဆောင်းရေးတပ်ထဲကို ဝင်သွားခဲ့တာလို့ အဒေါ်ဖြစ်သူက ပြန်ပြောပြခဲ့ပါတယ်။
ဖခင်ဖြစ်သူဟာ စစ်တပ်ရဲ့ ယန္တရားကို သဘောကျနှစ်သက်လို့ စစ်သားလုပ်ခဲ့တာမဟုတ်ဘဲ တခြား အကြောင်း ပြချက်ကြောင့် ဝင်ခဲ့တာဆိုတဲ့ ပြဿနာရဲ့ ရင်းမြစ်ကို သိလိုက်ရချိန်မှာ ဖခင်ဖြစ်သူကို တဖြည်းဖြည်းနားလည် ပေးလာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဖေက ဗမာစစ်သားဖြစ်တဲ့အတွက် အမျိုးတွေရဲ့ ပြစ်တင်သံတွေကြောင့် သူ့ကိုယ်သူ လူ့ဘဝကနေ ပျောက်ကွယ်သွားချင်စိတ်တွေ အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ လွန်းက“အခုတော့ “ဗမာသွေး” ကို ဖျောက်ပစ်ဖို့ မကြိုးစားတော့ပါဘူး၊ အဖေ့ရဲ့သမီးဖြစ်တာကိုလည်း မရှက်တော့ပါဘူး”လို့ ဆိုပါတယ်။
အတိတ်ဟာ သူ့ဘဝအတွက်အစိတ်အပိုင်းတခုဖြစ်ခဲ့ပေမဲ့ ဘဝတခုလုံးမဟုတ်သလို၊ ဘယ်သူ့အပြစ်ကိုမှ သူက ဆက်ပြီး ထမ်းပိုးထားစရာမလိုတော့ဘဲ သူ့ဘဝကိုသူ ကိုယ်တိုင်ရွေးချယ်နိုင်သူတယောက်အဖြစ် လွန်းတယောက်လက်ခံလာပြီဖြစ်ပါတယ်။
အရွယ်ရောက်လာလို့ စစ်တပ်ရဲ့ ဆိုးဝါးလှတဲ့ ကျူးလွန်မှုတွေကို သိလာတဲ့အခါ သူဟာ အဘွားတို့ကို နားလည်လာတယ်။ ရင်ထဲက အဖြေတွေ ရှင်းလာပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ဗမာလူမျိုးကြီးဝါဒကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ ပဋိပက္ခတွေဆိုပြီး ခွဲခြားမြင်လာတယ်လို့ သူက ဆိုပါတယ်။
စစ်တပ်ရဲ့ စနစ်ကြောင့် ဗမာကိုမုန်းပြီး၊ ဗမာသွေးပါတဲ့ တိုင်းရင်းသားကလေးတွေအပေါ် တိုင်းရင်းသားမျိုးနွယ်စု တွေကြား ခွဲခြားနှိမ့်ချ ဆက်ဆံတာ မျိုးတွေကို အပြစ်မရှိတဲ့ကလေးတွေအပေါ် မပြုမူကြဖို့သူက တိုက်တွန်းပါ တယ်။ သူ့လို ဘဝတလျှောက် စိတ်ဒဏ်ရာတွေနဲ့မွေးဖွားကြီးပြင်းလာရတဲ့ ကလေးမျိုးတွေမဖြစ်စေချင်တော့တာ ဟာ သူ့ရင်ထဲက အပြင်းပြဆုံးဆန္ဒဖြစ်ပါတယ်။
တဖက်မှာလည်း ဗမာစစ်သားသွေးဆိုတဲ့ခေါင်းစဉ်တခုအောက်မှာ ပိတ်မိနေခဲ့တဲ့ လွန်းတယောက် ဖောက်ထွက်နိုင်ခဲ့ပေမယ့် ဒီလိုအမုန်းခံရတဲ့ဘဝကနေ ဘယ်နှစ်ယောက်များ လွတ်မြောက်နိုင်ပါ့မလဲ ဆိုတဲ့မေးခွန်းကတော့ ဆက်ရှိနေဆဲပါ။
*ကာယကံရှင်၏ မေတ္တာရပ်ခံချက်အရ အမည်ပြောင်းလဲအသုံးပြုထားခြင်းဖြစ်ပါသည်။











