“ကျောင်းတွင်း ဩဇာအာဏာအောက်က လိင်အမြတ်ထုတ်မှုတွေ”
ရှင်ငြိမ်း
စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတာ၊ အဖွဲ့အစည်းဆိုင်ရာ ထိန်းကျောင်း စောင့်ကြည့်မှု တွေ အားနည်းလာတာနဲ့အတူ ကျောင်းစနစ်တွေနဲ့ ဘော်ဒါဆောင်တွေထဲမှာ ကျောင်းပိုင်ရှင်တွေ၊ ဆရာတွေ၊ ကျောင်းအုပ်ကြီးတွေက ကျောင်းသူ၊ ကျောင်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာနဲ့ အဓမ္မ ပြုကျင့်မှုတွေ ဖြစ်ပွားနေပါတယ်။
ဒီလို ဖြစ်စဉ်တွေထဲ မကြာသေးခင်က လူသိရှင်ကြားဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်း ရပ်ကွက်က နာမည်ကြီး YCW ကိုယ်ပိုင်အထက်တန်း ကျောင်းပိုင်ရှင်ဖြစ်သူ ဦးဂျိမ်းစ် ဒါးရောထန်း (U Jame Da Ro Thang) ဟာ ကျောင်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကာယကံရှင် တွေက ထုတ်ဖော်ပြောကြားခဲ့တဲ့ ဖြစ်စဉ်လည်း ပါဝင်ပါတယ်။
Against Sexual Violence (ASV) အဖွဲ့က ဒီဖြစ်စဉ်ကို ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီလို နစ်နာမှုတွေကြုံခဲ့ရတဲ့ ကာယကံရှင်တွေရှိခဲ့ရင် ဆက်သွယ်လာဖို့ ကြော်ငြာလိုက်ပြီးနောက် ၃ ရက်တာကာလမှာ ၂၀၁၅-၂၀၁၆ ပညာ သင်နှစ်ကနေ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အထိ ၁၀ နှစ်တာအတွင်း ကျူးလွန်ခံခဲ့ရတဲ့ မိန်းကလေးငယ် ၂၀ ကျော် က အဖွဲ့ထံ လာရောက်တိုင်ကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ASV ဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး လိင်အမြတ်ထုတ်မှုဆိုင်ရာ အမှုပေါင်း ၅,၀၀၀ နီးပါးကို ကိုင်တွယ်ဖြေရှင်း ပေးခဲ့သလို ရှေ့ဆက်ပြီးလည်း နစ်နာသူတွေဘက်က ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
တိုင်ကြားသူ အများစုဟာ အသက် ၁၃ နှစ်ကနေ ၁၆ နှစ်အရွယ် ကျောင်းသူဟောင်းတွေ ဖြစ်ကြပြီး၊ ဒီအထဲမှာ ကျောင်းပိုင်ရဲ့ရုံးခန်းထဲ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ (Rape Case) ပြင်းထန်ဖြစ်စဉ် ၂ ခုလည်း ပါဝင်နေတယ်လို့ ASV အဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ဇဗ္ဗူကျော်ဟိန်းက ဆိုပါတယ်။
- ကျားဖြန့်တွေက မနူးမနပ်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထားလာတယ်
- ဒုတိယအိမ်ကပေးတဲ့ ဒဏ်ရာ
- “လိင်မှုကိစ္စမှာ သူတို့လိုချင်တဲ့ ပုံစံမရဘူးဆို ရိုက်တာ၊ တခါတလေလည်း အုပ်စုဖွဲ့ ပြီး အနိုင်ကျင့်တာ ဒါမျိုးတွေလည်းရှိလာတယ်”
နစ်နာသူဟောင်းတွေက စွပ်စွဲထားတဲ့အရ ကျောင်းပိုင်ရှင်ဟာ “ခေါင်းကိုက်ရင် နှိပ်ပေးမယ်”၊ “ရင်သားကင်ဆာနဲ့ အအေးမိပိုးတွေ သက်သာ အောင် နှိပ်ပေးတာ” စတဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်တွေအပြင် Sex Education သင်ပေးတယ်ဆို တဲ့ ခေါင်းစဉ်အောက်ကနေ ကျောင်းသူတွေကို ရုံးခန်းထဲ တဦးချင်းစီခေါ်တွေ့ပြီး ခန္ဓာကိုယ်ကို မသင့်လျော်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်တာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးတာတွေ ပြုလုပ်ခဲ့တယ်လို့ နစ်နာသူဟောင်းတွေက စွပ်စွဲထားပါတယ်။
“အအေးမိပိုးတွေ သက်သာအောင်လို့ ရင်သားကို နှိပ်ပေးတာပါလို့ ဆရာကြီးကပြောတော့ ညီမလည်း ကျန်းမာ ရေးအတွက် လုပ်ပေးတယ်လို့ ထင်ခဲ့မိတာ၊ ပြီးတော့ ရှက်လည်း ရှက်တာကြောင့် ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ ပါဘူး” လို့ ၁၀ တန်းကျောင်းသူအရွယ်တုန်းက နေမကောင်းလို့ ဆေးသွားယူရာကနေ နစ်နာသူဖြစ်ခဲ့ရတဲ့ အမျိုးသမီးက ရင်ဖွင့်ပါတယ်။
အလားတူ အနားယူချိန် ဆေးသွားယူစဉ် ပုခုံးနဲ့ ကျောကတဆင့် ရင်သားအထိ လာရောက်ကိုင်တွယ်တာကို ငြင်းဆန်ခဲ့တာကြောင့် ကျောင်းသားအစည်းအဝေးမှာ နာမည်တပ် အဆူခံခဲ့ရတဲ့ ကျောင်းသူဟောင်းတဦးလည်း ရှိခဲ့ပါတယ်။
ကလေးတွေရဲ့ အားနာစိတ်၊ ကြောက်ရွံ့စိတ်နဲ့ ဆရာအပေါ် ထားရှိတဲ့ ယုံကြည်စိတ်တွေကို အခွင့် ကောင်းယူခဲ့ပြီး၊ နစ်နာသူတွေဟာလည်း ဆရာကြီးရဲ့ အရှိန်အဝါ၊ မိသားစုကို ဒုက္ခပေးမှာ စိုးရိမ်တာနဲ့ နာမည် ပျက်မှာကို ကြောက်တာကြောင့် နှစ်ပေါင်းများစွာ ထုတ်ဖော်မပြောနိုင်ခဲ့ကြဘူးလို့ ASV အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ဒီလိုကျူးလွန်ခဲ့တဲ့ ကျောင်းပိုင်ရှင်ရဲ့ လုပ်ရပ်တွေကို ထုတ်ဖော်ပြောဆိုကြရတာဟာ လျော်ကြေးငွေ တောင်းခံဖို့ မဟုတ်ဘဲ နောက်ထပ် သားကောင်တွေ ထပ်မံ မပေါ်ပေါက်စေရေးနဲ့ ထိရောက်တဲ့ Social Punishment “လူမှုရေးအရ ထိထိရောက်ရောက် အရေးယူတုံ့ပြန်ပေးဖို့” နစ်နာသူကာယကံရှင်တွေက လိုလားကြတာလို့ ASV ထံ တိုင်ကြားချက်တွေအရ သိရပါတယ်။
“ဒီကျောင်းပိုင်ရှင်က မလုပ်လောက်ဘူးလို့ တွေးရင် အဲဒီအတွေးတွေကြောင့်ပဲ အစဉ်အဆက် ကျောင်းတွေ တိုင်းမှာ လိင်အမြတ်ထုတ်ခံရတာတွေ ဖြစ်နေဦးမှာပဲ၊ အခုလို လူသိရှင်ကြား ထုတ်ပြောပြီး အပြစ်ပေးတာ အကောင်းဆုံးပဲ” လို့ ကျောင်းသားမိခင်တဦးဖြစ်သူ ဒေါ်ရတနာလင်းကမှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ တဖက်မှာတော့ YCW ကျောင်းဟာ နှစ်ပေါင်း ၃၀ နီးပါး နာမည်ပျက်မရှိခဲ့တဲ့ ကျောင်းဖြစ်ပြီး၊ ဒီစွပ်စွဲ ချက်တွေဟာ ကျောင်းပိုင်ရှင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ကြောင်း၊ သတင်းမမှန်ဖြန့်ဝေသူတွေကို ဥပဒေအရ အရေးယူမယ်လို့လည်း ကျောင်းပိုင်ရှင်ရဲ့တရားလွှတ်တော်ရှေ့နေ ဒေါ်လှိုင်းဇာက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ASV အဖွဲ့က နစ်နာသူတွေရဲ့ အချက်အလက်နဲ့ လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်ပေး ထားရုံမက ကျွမ်းကျင် Counselor တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ ချိတ်ဆက်ပေးထားပြီး နစ်နာသူတွေ ဘက်ကနေ အပြည့်အဝ ဆက်လက်ရပ်တည်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
ဒီဖြစ်စဉ်တွေကို နစ်နာသူတွေက သတ္တိရှိရှိ ထုတ်ဖော်ပြောဆိုလာကြတဲ့အခါမှ ပညာသင်နှစ်အသီးသီးက နစ်နာ သူ အမြောက်အများရှိနေတာကို သိရှိရတာပါ။ ဒါပေမဲ့ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေဘက်ကတော့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တာ၊ နေအိမ်တွေအထိ လိုက်လံနှုတ်ပိတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလို ပုဂ္ဂလိကစာသင်ကျောင်းတွေသာမက အစိုးရစာသင်ကျောင်းတွေမှာ ကျူးလွန်ခဲ့တဲ့ လိင်အမြတ်ထုတ်မှု၊ ဒီထက်ပြင်းထန်တဲ့ မုဒိမ်းမှု စတာတွေကို အပြစ်ပေးအရေးမယူဘဲ တိတ်တိတ်ဆိတ်ဆိတ် အသံပျောက်သွားတဲ့ ဖြစ်စဉ်တွေရှိသလို၊ ဥပဒေကြောင်း အရ အရေးယူအပြစ်ပေးနိုင်တဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတခု မှာလည်း ဆရာဝန်နဲ့ အင်ဂျင်နီယာဘွဲ့တွေ ရထားကြတဲ့ ကျောင်းပိုင်ရှင် ညီအစ်ကို ၄ ဦးက ကျောင်းသား၊ ကျောင်းသူတွေအပေါ် လိင်ပိုင်း၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ကျောင်းသား ဟောင်းတွေက တညီတညွတ်တည်းဖော်ထုတ်ခဲ့ကြပေမယ့် အရေးယူနိုင်ခြင်းမရှိခဲ့ဘဲ တိတ်ဆိတ်သွားတဲ့ ဖြစ်စဉ်တွေထဲက တခုဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလမှာ ကျူးလွန်သူ ကျောင်းပိုင်ရှင်ညီအစ်ကို ၄ ဦးဟာ ကျောင်းသားတွေကို ညဘက် တွေမှာ နှိပ်ခိုင်းတာ၊ ရေချိုးခန်းထဲမှာ လော့ခ်ချပြီး အတူအိပ်ဖို့ အတင်းအကျပ် ခိုင်းစေတာတွေကို ပြုလုပ်ခဲ့ကြ တာပါ။
၂၀၁၄-၂၀၁၅ ပညာသင်နှစ်က ကျောင်းသားဟောင်းတဦးက “ည ၁၁ နာရီခွဲ ၁၂ နာရီလောက်မှာ အတူလာအိပ်ခိုင်း တယ်၊ မအိပ်တဲ့အခါ လူတွေရှေ့မှာ အရှက်ခွဲတယ်၊ ရိုက်တယ်၊ အတင်းနမ်းခိုင်းတာကို ငြင်းတော့ ပါးတွေရိုက် ပြီး ‘ဒီနေ့ကစပြီး နင်ငါ့ကို ဆယ်ရက်ဆက်တိုက် လာနမ်းရ မယ်’လို့ ခြိမ်းခြောက်တယ်”လို့ သူ့ကြုံခဲ့ရတာကို ရင်ဖွင့်ပါတယ်။
သူတို့ ခိုင်းစေတဲ့ အမိန့်ကို မနာခံဘူးဆိုရင် ကျောင်းသားအများစု ရှေ့မှာတင် ရိုက်နှက်တာ၊ ပတ်ဝန်းကျင်က ဖယ်ကျဉ်ခံရအောင် ဖိအားပေးပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာတွေကိုပါ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ဖော် ပြောကြားတဲ့ ကာယကံရှင်တွေရဲ့ ပြောစကားတွေအရ သိရပါတယ်။
ဒါ့အပြင် ကျောင်းသူမိန်းကလေးတွေအပေါ်မှာလည်း လူလစ်ချိန်တွေမှာ မဖွယ်မရာ ကိုင်တွယ်တာတွေ ပြုလုပ်ခဲ့ ကြတယ်လို့ သိရပါတယ်။
ဒါတင်မကသေးဘဲ “အပျိုမစစ်ဘူး”၊ “အိတ်ထဲမှာ ကွန်ဒုံးပါတယ်” ဆိုပြီး ကျောင်းသားကျောင်းသူ အများရှေ့မှာ မမှန်မကန် စွပ်စွဲစော်ကားကာ နှုတ်နဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ သိက္ခာချတာတွေကိုပါ ပြုလုပ်ခဲ့ကြ တယ်လို့ ကျောင်းသူတွေက ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။
နစ်နာသူ ကျောင်းသူဟောင်း တဦးက “အဲ့အချိန်ကတော့ ဒီစစ်တပ်အောက်က ပညာရေးဝန်ဌာနကနေ ကျောင်း တာဝန်ရှိသူတွေကို စစ်ဆေးသွား မယ်ဆိုတဲ့ သတင်းတော့ ညီမတို့ဖတ်လိုက်ရတာနောက်ဆုံးပဲ၊ နောက်ပိုင်း အရေးယူလား၊ ဘာလား မသိရတော့ဘူး”လို့ ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့လာတော့ လူတွေတော်တော်များများလည်း ဒေါသထွက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ကြပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အပြစ်ပေးအရေးယူနိုင်တာမျိုးမရှိခဲ့ဘဲ ဒီတိုင်း တိတ်ဆိတ် သွားတဲ့ ဖြစ်စဉ်တခုဖြစ်ပါတယ်။
CDM ကျောင်းအုပ်ကြီးဟောင်း ဦးဌေးကိုက “ကျနော်လည်း အဲ့သတင်းနားစွင့်နေတာ၊ ဒါပေမဲ့ အခုအုပ်ချုပ်ရေးနဲ့ လုံခြုံရေး ယန္တရားအောက်မှာတော့ ကျူးလွန်တာတွေကို တကယ်တရားစွဲပြီး ပြစ်ဒဏ်အမိန့်ချလိုက်ပြီဆိုတဲ့ သတင်းကတော့ ထွက်လာတာ မတွေ့ရဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ် ထပ်ရှားတဲ့ ဖြစ်စဉ်တခုက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း တောင်ကြီးမြို့ ၊ အောင်မြေသစ်ကျောင်း အဆောင်မှာ ခွင့်ယူ အနားယူနေတဲ့ ကျောင်းသူတဦးကို ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ကျောင်းဆရာ ဇာနည်သွေးက မုဒိမ်းကျင့်ခဲ့တဲ့ အမှုပေါ်ပေါက်ခဲ့တယ်။
ဒီအမှုကိုတော့ တရားရုံးက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး ကျောင်းကိုလည်း ပညာရေးဌာနက ရာသက်ပန် ပိတ်သိမ်းခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေက ပုဂ္ဂလိက ကျောင်းတွေတင်မကပါဘူး။ အစိုးရကျောင်းတွေမှာလည်း ဒီလိုကျူးလွန်တာတွေ ရှိခဲ့တယ်။
နမူနာဖြစ်စဉ်တွေကတော့ ပဲခူးတိုင်း၊ အင်းတကော်မြို့မှာ ကျောင်းသူ၊ ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ကြောင်း စွပ်စွဲခံရပြီး ထွက်ပြေးနေတဲ့ လက်ထောက်မူလတန်းပြဆရာ ဦးအောင်သူဝင်းကို ၂၀၂၅ ခုနှစ်၊ မတ်လမှာ ဖမ်းဆီး နိုင်ခဲ့တယ်။
နောက်ပြီး ပဲခူးမြို့ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲမှာလည်း Grade 5 ကနေ Grade 8 အထိ ကျောင်းသား ၄၈ ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ကြောင်းစွပ်စွဲခံထားရသူ ကျောင်းအုပ်ဆရာကြီး ဦးသက်ဇော်အောင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာသာမက စစ်ဘေးစစ်ဒဏ်နဲ့ နိုင်ငံရေးဆုတ်ယုတ်မှုတွေကြောင့် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင် ပြီး ရွှေ့ပြောင်းမြန်မာကလေးတွေ အားကိုးခိုလှုံရတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကျောင်း တချို့မှာလည်း ဒီနှစ်ပိုင်းအတွင်း ဒီလို ဖြစ်စဉ် ၂ခု လူသိရှင်ကြားဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။
ပထမဖြစ်စဉ်ဆိုရင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နောင်ဘွားကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ သွေးသစ်အထက်တန်း ကျောင်းက အသက် ၇၂ နှစ်အရွယ် ကျောင်းဆရာတဦးက ကျောင်းသားငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာပါ။ အစောပိုင်းမှာ ကျောင်းရဲ့ ဂုဏ်သိက္ခာနဲ့ မသက်ဆိုင်သူတွေပါ နာမည်ထိခိုက်နစ်နာမှာ စိုးတဲ့ အတွက် ကျူးလွန်သူ ကျောင်းဆရာဘက်ကလိုက်ပြီး ကာကွယ်ခဲ့ကြသူတွေရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ကာယကံရှင် ကလေးငယ်မိသားစုဝင်တွေရဲ့ အဆုံးအထိလိုက်လံကြိုးစားမှုကြောင့် နောက်ဆုံးမှာ ထိုင်းဥပဒေအရ ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး၊ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခံခဲ့ရတယ်။
ဒီဖြစ်စဉ်မှာဆို ဒါက ကာယကံရှင်တဦးတည်းရဲ့ ဖြစ်စဉ်အပေါ် အခြေခံခဲ့တဲ့ အမှုဖြစ်ပြီး၊ အထောက်ပံ့ကောင်း ပေးနိုင်တဲ့ မိသားစုမရှိတဲ့အတွက် အမှုဖွင့်အရေးယူနိုင်ခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့တဲ့ တခြားသော ကလေးငယ် တွေလည်း ရှိခဲ့ကြပါတယ်။
အလားတူပဲ ၂၀၂၆ ခုနှစ်ထဲမှာ ပေါ်ထွက်လာတဲ့ ထိုင်း-မြန်မာနယ်စပ်က ဒေါနလမ်း အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း (Dawna Land) ဖြစ်စဉ်မှာ ကျောင်းအုပ်ကြီးဟာ GED သင်တန်းနဲ့ ကျောင်းအိပ်ကျောင်းစား စနစ်ကို အခွင့်ကောင်းယူပြီး ဝန်ထမ်းဆရာတွေနဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသားအပါအဝင် ၅ ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့တယ်။
လိင်မှုကျူးလွန်တာတွေ ပေါ်ပေါက်လာပြီးနောက် ဒေါနလမ်းကျောင်းကို လုံးဝပိတ်သိမ်းခဲ့ပြီး ကျောင်းကောင်စီ က အရေးပေါ် အစီအမံတွေပြုလုပ်ကာ တိုင်ကြားချက်တွေကို စတင်ကိုင်တွယ်ခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ကျူးလွန်သူ ဆရာဟာ ဇွန်လကုန်ပိုင်းမှာ တိမ်းရှောင်သွားတဲ့အပြင် ထိုင်းဥပဒေနဲ့ တရားဝင် အရေးယူ နိုင်ဖို့ အခက်အခဲတွေရှိတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလျှက်ရှိတယ်။
“အခုလို အကာအကွယ်ပေးရမယ့် ကျောင်းအုပ်တွေ၊ ဆရာတွေကပဲ ကလေးတွေကို ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ ကြားရတော့ အံ့သြပြီး အတော်လေးယုတ်ညံတဲ့သူလို့ ပြောချင်တယ်” လို့ ကျောင်းသူတဦးရဲ့ ဖခင် ဦးထွန်းထွန်းက ဆိုပါတယ်။
မိဘတွေရဲ့အဓိက စိုးရိမ်မှုကတော့ ကျောင်းရဲ့ ဂုဏ်သိက္ခာ အမည်ပျက်မှာစိုးလို့ ဖုံးဖိတာ၊ ဆရာကို ကျောင်းက ထွက်ခိုင်းရုံနဲ့ အမှုကို ပြီးလိုက်တာမျိုးဖြစ်ပြီး ကျောင်းတိုင်းမှာ မိဘတွေထံ တိုက်ရိုက်တိုင်ကြားနိုင်တဲ့ လုံခြုံတဲ့ စနစ်တစ်ခုရှိဖို့နဲ့ ကျူးလွန်သူကို ဥပဒေအတိုင်း ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုကြပါတယ်။
ကျောင်းဆိုတာ စာသင်ပေးရုံတင် မကပါဘဲ ကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင် ဖြစ်ဖို့ လိုအပ်ပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ သာမန် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုမဟုတ်ဘဲ ရာဇဝတ်မှု ဖြစ်တဲ့အတွက် သီးခြားလွတ်လပ်တဲ့ တိုင်ကြားနိုင်ခွင့်စနစ်နဲ့ ကလေးသူငယ်ကာကွယ်ရေး မူဝါဒတွေ ကို တင်းတင်းကြပ်ကြပ် ကျင့်သုံးဖို့ လိုအပ်တယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှုမှာ ပါဝင်နေဆဲဖြစ်တဲ့ ပညာရေးဝန်ထမ်းတွေက တညီတညွတ်တည်းပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို ဆရာဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ ကာကွယ်ပေးထားတာမျိုး၊ ကျောင်းသိက္ခာ ကျမယ် ဆိုပြီး နှုတ်ပိတ်ခိုင်းတာ၊ ကျူးလွန်ခံရသူအပေါ် အပြစ်တင်တာမျိုးတွေ မလုပ်ဘဲ ထိထိရောက်ရောက် အရေးယူ နိုင်မှသာ နောက်ထပ် ကလေးတွေ ဒုက္ခမရောက်နိုင်မှာ ဖြစ်ကြောင်း စီဒီအမ်လှုပ်ရှားမှုမှာ ယနေ့တိုင်ပါဝင်နေဆဲ ဖြစ်တဲ့ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
စီဒီအမ် ကျောင်းအုပ်ကြီး ဦးဌေးကိုက ” ဆရာနဲ့ ကျောင်းအုပ်ဆိုတာ အာဏာရှိသူတွေဖြစ်လို့ ဒီအာဏာကို အလွဲသုံးစားလုပ်ပြီး ထိပါးနှောင့်ယှက်တာဟာ ပညာရေးကျင့်ဝတ်ကို လုံးဝဖျက်ဆီးလိုက်တာပါ၊ ကိုယ်ပိုင် ကျောင်းအချို့မှာ နာမည်ပျက်မှာစိုးပြီး သတင်းကို ဖုံးထားတာက ပိုဆိုးသွားစေတယ်” လို့ သုံးသပ်ပါတယ်။
အလားတူ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကျွမ်းကျင်သူ ဒေါ်သင်းသင်းမြတ်ကလည်း ဒီလိုဖြစ်စဉ်တွေကြုံလာရတဲ့အခါ သာမန်ကျောင်းက ထွက်ခိုင်းရုံ၊ သတိပေးရုံနဲ့ ပြီးမြောက်သွားရမယ့်ကိစ္စ မဟုတ်ဘဲ သက်ဆိုင်ရာ ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေက သေချာ တိုင်ကြား တရားစွဲဆိုရမယ်လို့ အကြံပြုပါတယ်။
ကိုယ်ပိုင်ကျောင်းတွေနဲ့ အစိုးရကျောင်းတွေတိုင်းမှာ ကလေးသူငယ်ကာကွယ်ရေး မူဝါဒကို မဖြစ်မနေ ထည့်သွင်း ပြဋ္ဌာန်းတာ၊ လွတ်လပ်စွာ တိုင်ကြားနိုင်တဲ့ယန္တရား ထားရှိတာ၊ တိုင်ကြားသူနဲ့ သက်သေတွေကို အကာအကွယ်ပေးရေးနဲ့ ကျူးလွန်သူတွေကို ပြင်းထန်စွာအရေးယူတာတွေဟာ အရေးတကြီး ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။
အမျိုးသမီး အရေးလှုပ်ရှားသူ နော်မာရီကလည်း လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီး ဌာနက ဒါတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်အရေးယူတာ၊ ကျောင်းသားတွေလုံခြုံရေးကို စဉ်းစားပေးတာ တစုံတရာ လုပ်ဆောင်နေတာတွေ မတွေ့ရဘူးလို့ သူ့လေ့လာချက်အရ ပြောပြပါတယ်။
ဒါကြောင့် ကလေးတွေရဲ့ စာသင်ခန်းဟာ ဘယ်သောအခါမှ ကာမဂုဏ်ခံစားရာ သို့မဟုတ် ဘေးဒုက္ခပေးရာဇုံ မဖြစ်သင့်သလို၊ စာသင်ခန်းတွေထဲက ဩဇာအာဏာ အလွဲသုံးစားပြုတာကို ရဲရဲဝံ့ဝံ့ ကိုင်တွယ် အရေးမယူနိုင် ဘူးဆိုရင် အားလုံး မျှော်မှန်းနေတဲ့ “တရားမျှတပြီး ဘေးကင်းလုံခြုံတဲ့ အနာဂတ် လူ့အဖွဲ့အစည်း” ဆိုတာလည်း စာရွက်ပေါ်မှာပဲ ကျန်ရစ်ခဲ့တော့မှာ ဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ထောက်ပြပြောဆို ကြပါတယ်။










