အမျိုးသမီးတွေရဲ့ ကိုယ်ရေးလိင်ဗီဒီယိုတွေ ဈေးကွက်တခုလို ရောင်းဝယ်
ခင်ဘုန်းမို့
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ သဘောတူညီချက်မရှိဘဲ ရိုက်ကူးထားတဲ့ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေ ကို တယ်လီဂရမ်ချန်နယ်တွေကနေ ရောင်းဝယ်ဖြန့်ချိတာ ပိုမိုကျယ်ပြန့်လာပြီး၊ ဒါဟာ ဒစ်ဂျစ်တယ် နည်းပညာအခြေပြု လိင်အကြမ်းဖက်မှု (Technology-Facilitated Gender-Based Violence) အဖြစ် ပိုမိုထင်ရှားလာနေပါတယ်။
Against Sexual Violence (ASV) အဖွဲ့အဆိုအရ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက် ခံရမှုအတွက် အကူအညီတောင်းခံမှုဟာ တရက်တယောက်နှုန်းနဲ့ တလကို အမှုပေါင်း ၃၀ ဝန်းကျင် ရှိနေပြီး၊ ၂၀၂၀ ခုနှစ်ကနေ လက်ရှိအထိ အမှုပေါင်း ၅,၀၀၀ နီးပါးကို ကိုင်တွယ်ဖြေရှင်းပေးထားတယ် လို့ သိရပါတယ်။
အမှုအများစုမှာ ချစ်သူရည်းစားအကြား တဦးအပေါ်တဦး ယုံကြည်မှုအောက်မှာ မျှဝေခဲ့တဲ့ ကိုယ်ရေး ကိုယ်တာ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပြတ်စဲပြီးနောက် ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေတာ၊ ငွေကြေးအတွက် ရောင်းချခြင်းနဲ့ ထပ်မံလိင်အမြတ်ထုတ်ခြင်းတွေ ပါဝင်နေပါတယ်။
အများစုက ချစ်သူ ရည်းစားအတူနေတုန်းက ရိုက်ကူးထားတဲ့လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေကို ပြတ်သွားတဲ့အချိန်မှာ ဖြန့်ကြတာ၊ Revenge Porn ဆန်ဆန်ဖြန့်တာမျိုးတွေ၊ သမီးရည်းစားအချင်းချင်း Sex Chat ထားတဲ့လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေဓာတ်ပုံတွေကို Record ယူထားပြီး ပြတ်သွားတဲ့အချိန်မှာ ဖြန့်တာမျိုးတွေဖြစ်ကြပါတယ်။
ဖြစ်စဉ်တချို့ကျတော့ Dating App တွေကနေတဆင့်သိပြီး Relationship အဆင့်မဟုတ်ပဲ Situationship အဆင့်မှာ ပတ်သက်မိပြီး ပြတ်စဲ သွားတဲ့အခါ ဖြန့်တာ၊ တချို့ဆိုရင် ကောင်မလေး တွေနဲ့ လိုက်အိပ်ပြီး မှတ်တမ်းယူ ပြန်ရောင်းစားတာမျိုးတွေ၊ အတူတွဲတုန်းက မှတ်တမ်းတွေကို ဖုန်းထဲမှာ မဖျက်ဘဲ ထားရာကနေပြီးတော့ နောက်ရည်းစားရတဲ့အခါ အဲဒီရည်းစားက အရင်လူကို ဆဲဆိုခြိမ်းခြောက်ပြီး ဖြန့်ပစ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာအချက်အလက်တွေနဲ့ ခြိမ်းခြောက်ခံရတဲ့အတွက် လာရောက်အကူအညီ တောင်းသူတွေထဲမှာ အသက် ၁၄၊ ၁၅၊ ၁၆ ဝန်းကျင်၊ ၁၈ နှစ်အောက် ကလေးသူငယ်၊ လူငယ်တွေ အများဆုံးဖြစ်တယ်လို့ ASV က ဆိုပါတယ်။
အလားတူ ၂၀၂၅ ခုနှစ်၊ (၁၂) လတာကာလအတွင်း Stop Online Harm ရဲ့ အွန်လိုင်းအရေးပေါ် ဝန်ဆောင်မှုဌာနဟာ နည်းပညာကိုအခြေခံတဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုဖြစ်စဉ်အပါအဝင် အမှုပေါင်း ၈၄၀ ခုကို လက်ခံရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
အနိုင်ကျင့်ခံရမှုမှ လွတ်မြောက်လာသူတွေထဲမှာ ၅၅.၂ ရာခိုင်နှုန်းက မိန်းကလေးတွေဖြစ်တယ်လို့ ဆိုထားပါတယ်။
- အွန်လိုင်းပေါ်မှတစ်ဆင့် နှောင့်ယှက်မှုတွေ ကြုံတွေ့ခံစားနေရသူများအတွက်“အွန်လိုင်းအရေးပေါ် ဝန်ဆောင်မှု “Stop Online Harm” Program Lead Hetty နှင့် အင်တာဗျူး
- ကျားဖြန့်တွေက မနူးမနပ်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထားလာတယ်
- “ဒါနင့်ပုံလား”ဆိုတာက စတင်တဲ့ အွန်လိုင်းခြိမ်းခြောက်မှုတွေ
အဖြစ်အများဆုံး ပုံစံတွေကတော့ အသရေဖျက်တာ၊ အကောင့်တုဖွင့်ပြီး အထောက်အထားခိုးယူ အယောင်ဆောင်တာ၊ ခြိမ်းခြောက်တာ၊ သဘောတူညီချက်မရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓာတ်ပုံ၊ ဗီဒီယို ဖြန့်ချိတာ၊ ဉာဏ်ရည်တုနည်းပညာ၊ Deep Take နည်းပညာသုံးပြီး ရုပ်ပုံအခြေပြု အကြမ်းဖက်တာ၊ လိမ်လည်လှည့်ဖြားမှုနဲ့ ငွေလိမ်မှုကျူးလွန်တာတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုဖြစ်စဉ်တွေထဲကတခုမှာ အသက် ၁၉ နှစ် အရွယ် Stella ဆိုတဲ့ မိန်းကလေးနဲ့ အသက် ၂၅နှစ် အရွယ် မဂျူးဂျူးတို့ကလည်း ကိုယ်တွေ့ကြုံခဲ့ရဖူးသူတွေအဖြစ် ပါဝင်နေကြပါတယ်။
လွန်ခဲ့တဲ့ ၃နှစ်၊ အသက် ၁၆ နှစ်ကျော်အရွယ် Stella ဟာ ချစ်သူဆီကို Instagram ကနေ Nude Video ပို့မိခဲ့ပြီးနောက် အကောင့် Hack ခံခဲ့ရာကနေ ဗီဒီယိုတွေနဲ့အတူ ကိုယ်ရေးအချက်အလက်တွေ ပြန့်နှံ့ခဲ့တာကို တွေ့ ကြုံခံစားခဲ့ရသူ တဦး ဖြစ်ပါတယ်။ ဘယ်သူဖြန့်တယ်လို့ သိသိကျကျ မသိရပေမယ့် ရည်းစားဖြစ်သူသာဖြစ်နိုင်တယ်လို့ Stella က ခန့်မှန်းပါတယ်။
ဗီဒီယိုတွေပြန့်သွားပြီးနောက် အကောင့်တခုက Stella ရဲ့ ရည်းစားဖြစ်သူထံ ဗီဒီယိုတွေကို တယ်လီဂရမ်ချန်နယ်ကို သွားရောင်းမယ်လို့ လာရောက်ခြိမ်းခြောက်ခဲ့ပြီးနောက်ပိုင်း ဗီဒီယိုတွေ ပြန့်ခဲ့တာဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေ ပြန့်သွားခဲ့တဲ့အတွက် တယ်လီဂရမ် Channel Admin ဆီသွားပြီး ဖျက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။
ဒါပေမဲ့ သူ ထပ်ပြီးကြုံလိုက်ရတာက အဲဒီ Channel Admin က သူတို့နဲ့ Sex Chat (လိင်ပိုင်းဆိုင်ရာ စကားတွေ အပြန်အလှန်ပြောဆိုခြင်း) ခိုင်းတဲ့အပြင် ငွေ ၂ သိန်း ၈ သောင်းပေးရင် ဖျက်ပေးမယ်လို့ပါ တောင်းဆိုပါတော့တယ်။
Stella က Sex Chat ပေးဖို့ကို မလိုက်လျောခဲ့ပဲ၊ အသက်မပြည့်သေးတဲ့ကျောင်းသူဖြစ်ကြောင်း တောင်းပန်တဲ့အခါ ငွေ ၅သောင်းလွှဲပေးဖို့ပြောပါတယ်။ ငွေလွှဲပြီးချိန်မှာ ချန်နယ်ကနေ ခဏဖျက်ပေးခဲ့ ပေမဲ့ နောက်ပိုင်းမှာတော့ တခြားချန်နယ်တွေကပါ ထပ်ပြီးတင်ခဲ့ကြတယ်လို့ Stella ကပြောပြပါတယ်။
သူ့ကို ကူညီပေးချင်တဲ့ သူငယ်ချင်းတွေဟာ သူတို့မုန့်ဖိုးတွေစုဆောင်းပြီး Channel Admin တွေကို အဲဒီဗီဒီယိုတွေ ဖျက်ခိုင်းခဲ့တာမျိုး ကူညီခဲ့ကြပါတယ်။
Nude Video နဲ့အတူ ဓာတ်ပုံတွေပါ ပြန့်ခဲ့တဲ့အတွက် လူကြားထဲမသွားရဲတာ၊ ဓာတ်ပုံမှာပါတဲ့ အင်္ကျီတွေကို မမြင်ချင်လောက်တော့တဲ့အထိ ကြောက်ခဲ့ရတယ်လို့ Stella ကဆိုပါတယ်။
“အပြန်ကိုထွက်လိုက်ရင် တယောက်ယောက်က ကိုယ့်ကိုကြည့်ရင် ငါ့ကိုသိနေလို့များလား၊ သူ့စိတ်ထဲ ငါ့ကို ဘယ်လိုထင်နေမလဲဆိုတဲ့ ကြောက်ရွံ့တဲ့စိတ်နဲ့လုံးဝအိမ်ပြင်မထွက်ခဲ့ဘူး”လို့ သူကပြောပြ ပါတယ်။
အချိန်တော်တော်ကြားတဲ့အထိ အပြင်သွားတာ၊ ပညာရေးအတွက် သင်တန်းတခုခုတက်တာ၊ ဖုန်းသုံးတာ စတာတွေကို ဘာမှမလုပ်တော့ဘဲ အားလုံးနဲ့အဆက်အသွယ် ဖြတ်ပြီးနေခဲ့ပါတယ်။
တယ်လီဂရန်မှာတင်ထားတာတွေကို Facebook စာမျက်နှာ တခုကလည်း ပြန်တင်လိုက်တဲ့အခါမှာ မိဘတွေအပါအဝင် လူအတော်များများ သိရှိသွားခဲ့ပါတော့တယ်။
မိဘတွေက စစချင်းတော့ ဒေါသနဲ့ခွင့်မလွတ်နိုင်ကြပေမယ့် နောက်ပိုင်း အချိန်ကြာလာတဲ့အခါမှာ မိခင်ဖြစ်သူက နားလည်ပေးတဲ့အပြင် ကိုယ့်အမှားကိုပါသလို တဖက်လူအမှားလည်းဖြစ်တဲ့အတွက် တရားဥပဒေအရ ဖြေရှင်းဖို့ထိ လုပ်ခဲ့ဖူးပေမယ့် ဘယ်သူလုပ်တယ်ဆိုတဲ့ သံသယပဲရှိပြီး တိကျတဲ့ သက်သေမရှိတဲ့အခါ ဥပဒေအကူအညီကို မရယူနိုင်ခဲ့ပါဘူး။
“သမီးလေး ဘာမှမဖြစ်ဘူးဆိုပြီး အားပေးဖော်အနေနဲ့ရှိနေပါတယ်”လို့ Stella က ဆိုပါတယ်။
ဗီဒီယိုတွေပြန့်သွားတဲ့အချိန်မှာ သိပ်မသုံးတာကြာပြီဖြစ်တဲ့ လူမှုကွန်ရက်အကောင့်ကိုလည်း သိသွားကြပြီး နာမည်အရင်းပါ လူသိသွားတဲ့အခါ နောက်ဆက်တွဲအဖြစ် အွန်လိုင်းမှာ သိကျွမ်းခင်မင် လာသူ တချို့ကပါ ဒီကိစ္စကို အားနည်းချက်တခုအဖြစ် ထုတ်ပြောပြီး ခြိမ်းခြောက်တာမျိုး တွေကြုံခဲ့ရ ပါတယ်။
အဲ့ဒီအချိန်ကစပြီးဘယ်သူ့ကိုမှ မယုံရဲတော့ဘူးလို့ ဆိုပါတယ်။
“ညီမလို တခြားကောင်မလေးတွေ တွေ့တဲ့အခါကျတော့ သနားလည်းသနားမိပြီး ကိုယ်ချင်းလည်း စာမိတယ်၊ တော်တော်ကြီးကို နောင်တလည်းရတယ်”လို့ Stella ကပြောပါတယ်။
Stella နည်းတူ ကြုံတွေ့ရတာကတော့ မဂျူးဂျူးပါ။
မဂျူးဂျူးဟာ ရည်းစားဖြစ်သူနဲ့ အတူနေခဲ့ကြစဉ်တုန်းက ရိုက်ကူးခဲ့တဲ့ လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေကို ပြတ်စဲသွားပြီးနောက်မှာ ရည်းစားဟောင်းက လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေတင်တဲ့ တယ်လီဂရမ်ချန်နယ် ကို ပြန်ရောင်းခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုပြန့်နေတာကို ယောက်ျားလေးသူငယ်ချင်းတွေက သိပြီး သူ့ဆီကို ဖုန်းဆက်ပြောပြခဲ့ကြပါတယ်။ အဲဒီလိုပဲ ချန်နယ်အက်ဒမင်ကလည်း ပြောပြခဲ့ပါတယ်။
မဂျူးဂျူးရဲ့ ဗီဒီယိုတွေကို ငွေကျပ် ၁၄ သိန်းနဲ့ရောင်းစားခံခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲ့အချိန်တုန်းက ရင်ထဲမှာတော့ ကမ္ဘာပျက်တယ်၊ မျက်ရည်လည်းမကျဘူး၊ ငိုနေလားဆိုလည်း ငိုလို့မရဘူး၊ အသက်ရှူတွေလည်းကြပ်တယ်”လို့ မဂျူးဂျူးကခံစားချက်တွေကို ပြောပြပါတယ်။
သူငယ်ချင်းတွေသိသွားပြီးနောက် မိသားစုတွေလည်းသိသွားခဲ့ပါတယ်။ ဒီလိုကြုံရတဲ့အတွက် မိသားစု က အရှက်ရတယ် လို့ပြောဆိုခဲ့ကြပြီး သူငယ်ချင်းတွေကတော့ မဂျူးဂျူးကို ဝိုင်းဝန်းဖေးမခဲ့ကြတယ်။
လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေဖြန့်ခံရတဲ့အတွက် မဂျူးဂျူးဟာ နေ့စဉ်အလုပ်တွေ လုပ်ကိုင်ဖို့ခက်ခဲတာ၊ ညဘက်တွေအိပ်မပျော်တာ၊ လူများတဲ့နေရာတွေကို မသွားရဲတာ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ ဆိုပါတယ်။
“အိပ်လို့မရဘူး၊ အိပ်မက်ဆိုးတွေမက်တယ်၊ အိပ်မက်ထဲမှာ ချောက်ထဲကို ပြုတ်ကျသွားသလို မက်တယ်”လို့ သူက ပြောပါတယ်။
ညဘက်အိပ်ပျော်ဖို့အတွက် အရက်တွေသောက်တာ၊ အိပ်ဆေးသောက်တာမျိုးတွေ၊ မျက်စိ ညောင်းအောင် ဂိမ်းဆော့တာ၊ စာဖတ်တာတွေလုပ်ပြီး အိပ်ပျော်အောင်ကြိုးစားနေရပြီး တဖက်မှာ လည်း စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးမှုလုပ်ဖို့ စဉ်းစားထားတယ်လို့ ပြောပြပါတယ်။
Stella နဲ့မဂျူးဂျူးတို့လိုပဲ လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေရောင်းစားခံရတဲ့ ဖြစ်စဉ်တွေဟာ လက်ရှိကာလမှာ များသထက် များပြားလာပါတယ်။
ASV ရဲ့ Co-Leader တဦးဖြစ်တဲ့ ကိုဇော်က “တဖက်လူရဲ့ အချက်အလက်တွေမသိဘူးဆိုရင် မကူညီ ပေးနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်၊ တဖက်လူရဲ့အချက်အလက်တောင် မသိလိုက်ဘဲနဲ့ လိင်ပိုင်းဆိုင်ရာအချက်အလက်တွေ ပေးမိသွားရင် နောက်ဆက်တွဲမှာခြိမ်းခြောက်ခံရတယ်၊ အကြပ် ကိုင်ခံရတယ်၊ အဲ့လိုအခြေအနေမျိုးကျရင် တဖက်လူရဲ့ အချက်အလက်တွေမသိဘဲနဲ့ ကူပေးလို့ မရဘူး”လို့ ရှင်းပြပါတယ်။
ASV အဖွဲ့ကိုလာရောက်အကူအညီတောင်းခံပြီဆိုရင် ပထမဆုံးအနေနဲ့ဖြစ်စဉ်ကို စီစစ်ပါတယ်။ နောက်တဆင့်အနေနနဲ့ တဖက်ကျူးလွန်သူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ဘယ်လောက်အထိ သိထားလဲဆိုပြီးမေးမြန်းပါတယ်။ အဖွဲ့ရဲ့ Case Management Team နဲ့ ကျူးလွန်ခံရသူနဲ့ ဆွေးနွေးစကားပြောတာတွေပြုလုပ်တယ်လို့ သူက ရှင်းပြပါတယ်။
အဲဒီနောက်မှာ ကျူးလွန်သူကိုဆက်သွယ်ပြီး ခြိမ်းခြောက်မှုတွေကို ရပ်တန့်ပေးဖို့တားမြစ်ပါတယ်။ တဖက်က လက်မခံနိုင်ဘဲ ရှေ့ဆက်တိုးတဲ့အခါမှာတော့ Social Punishment (လူမှုရေးပြစ်ဒဏ်) နည်းလမ်းကိုသုံးပြီး ဖိအားပေးတာမျိုးတွေလုပ်တယ်လို့ ကိုဇော်ကရှင်းပြပါတယ်။
သူကဆက်လက်ပြီး “Social Punishment ကဘယ်လောက်ထိရောက်လဲဆို အမြင့်ဆုံး Action ယူနိုင်တဲ့အနေအထားကတော့ ဒီနည်းလမ်းဖြစ်တယ်၊ တဖက်လူက သူ့ရဲ့ဂုဏ်သိက္ခာတွေ တန်ပြန် အရှက်ခွဲခံရတာ ဂုဏ်သိက္ခာ ကျသွားတာဆိုတော့ သူတို့လည်းနစ်နာတယ်၊ Public မှာ တန်ပြန် အရှက်ခွဲခံရရင် သူ့ပတ်ဝန်းကျင်မှာ သူ့ကို လူတွေက ဝိုင်းပြောကြတယ်ဆို သူလည်းအရှက်ရပြီး လက်လျော့သွားကြတာ များတယ်”လို့ ပြောပြပါတယ်။
ဒါ့အပြင် တချို့ တယ်လီဂရမ်ချန်နယ် ထောင်ထားသူတွေကိုယ်တိုင်က ဗီဒီယိုရောင်းစားခံရတဲ့ မိန်းကလေးတွေကိုဆက်သွယ်ပြီး မတင်စေချင်ရင် သူတို့နဲ့အိပ်ပေးဖို့တောင်းဆိုတာမျိုးတွေ ပြုလုပ် တာမျိုးတွေလည်း ရှိနေပါတယ်။ တဖက် မိန်းကလေးက လက်ခံလိုက်မိပြီး အဲ့ဒါကို သူတို့က မှတ်တမ်း ထပ်ယူထားပြီး ထပ်ဆင့်ပြန်ခြိမ်းခြောက်ပြီး လိင်အမြတ်ထုတ်တာတွေလည်းရှိတယ်လို့ ကိုဇော်က ဆိုပါတယ်။
၂၀၂၀ ကိုဗစ်ရောဂါတွေဖြစ်ပြီး နေအိမ်အပြင်မထွက်ကြရတဲ့ ကာလမှာ တော်တော်များများက ညစ်ညမ်းရုပ်ပုံနဲ့ ဗီဒီယိုတွေကို ပိုကြည့်လာကြပြီး၊ အဲဒီနောက်ပိုင်းမှာ (၂၀၁၅ လောက်က ရိုက်ကူးထား တဲ့) ဂျပန်၊ တရုတ် ဗီဒီယိုတွေနဲ့ မြန်မာ Local Leakနဲ့ ချောင်းရိုက်အစုံကို တယ်လီဂရမ် ချန်နယ်တွေမှာ ပြန်လည် တင်လာခဲ့ကြတာဖြစ်တယ်လို့ Telegram Report Team ရဲ့တာဝန်ခံဖြစ်တဲ့ ကိုဘီလီ (Billy) ကပြောပါတယ်။
၂၀၁၅ ဝန်းကျင်ကာလဟာ တရားဥပဒေစိုးမိုးမှုရှိတဲ့ ကာလဖြစ်တဲ့အတွက် အခုနောက်ပိုင်းလိုမျိုး ဆိုရှယ်မီဒီယာအကောင့်တွေ၊ နာမည်အရင်းတွေနဲ့ လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေနဲ့ တွဲတင်ရဲလောက်တဲ့ အထိ မလုပ်ရဲသေးကြဘူးလို့ဆိုပါတယ်။
“နောက်တချက်က လူငယ်တွေရဲ့ အချောင်ခိုလိုစိတ်၊ အလုပ်ကို လက်ကြောတင်းအောင်မလုပ်ချင်ဘူး ပိုက်ဆံအလွယ်ရချင်တယ်၊ အဲဒီတော့ အလွယ်ရမယ့်လမ်းကို လိုက်လုပ်နေကြရာကနေ ဈေးကွက် တခုလို ဖြစ်လာတာပဲ”လို့ ကိုဘီလီကပြောပါတယ်။
ဒီထဲမှာ အလောင်းကစားအေးဂျင့်တွေလည်း ပါဝင်ပတ်သက်နေပြီး လူကြည့်များတဲ့ တယ်လီဂရမ် Channel တွေမှာ အလောင်းကစားကြော်ငြာတွေကို အခကြေးငွေနဲ့ ထည့်လာကြလာလည်းရှိတယ်လို့ သူက ရှင်းပြပါတယ်။
နာမည်ကြီးတဲ့ ချန်နယ်တချို့က သူတို့ကိုလာရောင်းတဲ့ဗီဒီယိုတွေကို ဝယ်ပြီး VIP ဂရုလို့ခေါ်တဲ့ ဝင်ကြေးပေး ဝင်ကြည့်ရတဲ့ ဂရုမှာပြန်တင်ကြတာရှိပါတယ်။ ဝင်ကြေးက ငွေကျပ် ၃၊ ၄သောင်း လောက် ရှိပါတယ်။ အဲ့ဒီနောက် ၂၀၂၂ လောက်ကစပြီး တချို့ချန်နယ်တွေက လာရောင်းတဲ့ဗီဒီယိုတွေကို ကိုယ်တိုင်မဝယ်ပဲနဲ့ သူများတင်တာတွေကိုပြန်ယူပြီး ဝင်ကြေးနဲ့ပြန်တင်တာတွေလည်းရှိပါတယ်။ အဲ့လိုကနေ ဈေးကွက်တခုလိုဖြစ်လာတာလို့ ကိုဘီလီကပြောပါတယ်။
Tik tok ဆယ်လီလိုမျိုး လူသိများတဲ့ မိန်းကလေးတွေရဲ့ ဗီဒီယိုဆို ၁ သိန်းဝန်းကျင်လောက် ပေါက်နိုင် ပြီး၊ သာမန်မိန်းကလေးတွေဆို ၃သောင်းကနေ ၅သောင်းကြား ရှိနိုင်တယ်လို့ဆိုပါတယ်။
“ကောင်မလေးကလည်း လှမယ် Social Accကအစ ဒေတာအကုန်ပေးနိုင်မယ် Sex Tapeကလည်း သေချာ ရိုက်ထားတာမျိုး ဖြစ်မယ်ဆိုရင်တော့ သိန်းဂဏန်းရမယ်ထင်တာပဲ”လို့ ကိုဘီလီက ပြောပါ တယ်။
အဲ့လို တင်တဲ့ချန်နယ်တွေက ထောင်ဂဏာန်း၊ သောင်းဂဏန်းလောက်ရှိနိုင်ပြီး ချန်နယ်အက်ဒမင် တွေဟာ တလလုံးအလုပ်မလုပ်ပဲထိုင်စားလို့ရတဲ့ ဝင်ငွေရှိတယ်လို့ဆိုပါတယ်။ ချန်နယ် အက်ဒမင်တွေ ထဲမှာ ၂၅ နှစ် အောက်တွေ၊ အထက်တန်းကျောင်းသားတွေလည်းရှိတယ်လို့ဆိုပါတယ်။
ဒီလိုဖြစ်စဉ်တွေကို အွန်လိုင်းမှာဖြစ်တဲ့ အကြောင်အရာတခုနဲ့တင် မမြင်သင့်တော့ပဲ၊ အမျိုးသမီးတွေ အပေါ်မှာ ကျူးလွန်နေတဲ့ ဒစ်ဂျစ်တယ် လိင်အကြမ်းဖက်မှု (Technology-Facilitated Gender-Based Violence) အနေနဲ့ စပြီးမြင်ဖို့လိုလာပြီလို့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မနှင်းသက်မှူးခင်က HI – Honest Information ကို ပြောပါတယ်။
လူတယောက်ရဲ့ခွင့်ပြုချက်မရဘဲနဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ဒါတွေကိုဖြန့်ဝေတာ၊ ရောင်းချတာတွေက ပုဂ္ဂိုလ်ရေးလွတ်လပ်ပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာကို ချိုးဖောက်တဲ့လုပ်ရပ်တခုဖြစ်ပြီး ထိရောက်တဲ့ အရေးယူ မှုတွေ မရှိတဲ့တာ၊ ဝယ်တဲ့လူလည်းရှိသလို ရောင်းတဲ့လူလည်းရှိနေတဲ့အတွက် ဈေးကွက်လို ဖြစ်လာ တာ စတဲ့အကြောင်းအရင်းတွေကြောင့်ဖြစ်တယ်လို့ သူကဆိုပါတယ်။
“တဖက်ကကျတော့လည်း မြန်မာနိုင်ငံက ဖိုဝါဒကြီးစိုးတဲ့နိုင်ငံဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ကုန်ပစ္စည်းတခုလိုမျိုး သဘောထားတဲ့ ဖိုဝါဒကြီးစိုးတဲ့အတွေးအခေါ်က ရှိနေတဲ့ အတွက်ကြောင့် ဝယ်လိုအားကလည်းရှိနေတယ်”လို့ မနှင်းသက်မှူးခင်က ဆိုပါတယ်။
ဒါတွေလျော့နည်းဖို့ အရေးကြီးဆုံးကတော့ ထိခိုက်ခံရတဲ့သူကို အပြစ်တင်တဲ့အလေ့အထကို ရပ်ဖို့ လိုပြီး ကျူးလွန်ခံရတဲ့သူဘက်က ရပ်တည်ပေးဖို့၊ ကျူးလွန်တဲ့သူကို လူမှုအသိုင်အဝိုင်းအနေနဲ့ ဖယ်ကြဉ်ဖို့၊ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေ လုပ်ဖို့လိုတယ်လို့ မနှင်းသက်မှူးခင်က ပြောပါတယ်။
သူက ဆက်လက်ပြီး “ဒီပြဿနာက လူတယောက်ချင်းပြသနာအနေနဲ့မဟုတ်ဘူး၊ အွန်လိုင်း ပြဿနာ တခုထဲလည်း မဟုတ်ဘူး၊ အမျိုးသမီးတွေရဲဂုဏ်သိက္ခာ လုံခြုံရေးနဲ့ သူတို့ရဲ့ တကိုယ်ရေတကာယ ရပိုင်ခွင့်တွေကို ထိခိုက်စေတဲ့ လူမှုရေးပြဿနာတခုဖြစ်တာမို့လို့ လူမှုအသိုင်းအဝိုင်းတခုလုံးက ဝိုင်းဝန်းပြီးဖြေရှင်းဖို့ လိုပါတယ်”လို့ ဆိုပါတယ်။
ဒီလို ဖြစ်ရပ်ကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရတဲ့ မဂျူးဂျူးနဲ့ Stella တို့က သူတို့လို တွေကြုံတွေ့ရတဲ့ အမျိုးသမီးတွေဟာ ကျူးလွန်သူတွေကို ငုံ့မခံဘဲ ပြန်လည်တိုက်ခိုက်ဖို့ အကြံပြုပါတယ်။
မဂျူးဂျူးက “အဓိက ငုံ့မခံဖို့နဲ့ငြိမ်မခံဖို့ သူတို့ပြုသမျှမနုဖို့ ပြန်တိုက်ခိုက်ဖို့ပြောချင်တယ်၊ နင်တို့က ဖြန့်တယ်၊ နင်တို့အရှက်ကိုငါပြန်ခွဲမယ် နင်တို့ကိုဥပဒေလမ်းကြောင်းအရအရေးယူမယ်၊ ဒီလို ဖြန့်တဲ့ အကောင်ကြီး ပါလို့ နင့်မျက်နှာနဲ့တွဲပြီး သိစေရမယ်၊ အဲ့လိုမျိုးလုပ်စေချင်တယ်”လို့ သူကဆိုပါတယ်။
မိသားစုဝင်တဦးဖြစ်တဲ့ မိခင်ရဲ့ နားလည်ဖေးမမှုကို ရရှိခဲ့တဲ့ Stella က ဒီလိုကြုံတွေ့လာတဲ့အခါ စိတ်အေးအေးထားပြီးဖြေရှင်းဖို့နဲ့ ခြိမ်းခြောက်တိုင်းမကြောက်သွားဖို့၊ သူတို့ခြိမ်းခြောက်တာကို မလိုက်လျောမိသွားဖို့လိုတယ်လို့ အကြံပြုပါတယ်။
“ဒီလိုဖြစ်ခဲ့တယ်ဆို တန်ဖိုးမရှိတော့ဘူးမဟုတ်ဘူး၊ မကောင်းတဲ့မိန်းမဖြစ်သွားတာမဟုတ်ဘူး၊ ကိုယ်ပေးတဲ့ ယုံကြည်မှုကို အသုံးချသွားတာဖြစ်တဲ့အတွက် တဖက်လူရဲ့အမှားကပိုကြီးတယ်၊ အဲ့ဒါကြောင့်ကိုယ့်ကိုကိုယ် ယူကြုံးမရဖြစ်နေစရာမလိုဘူးလို့ ထင်တယ်”လို့ Stella ကဆိုပါတယ်။
တယ်လီဂရမ်ချန်နယ်တွေအတွင်း အမျိုးသမီးတွေရဲ့ ကိုယ်ရေးလိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေကို ဝယ်လိုအား၊ ရောင်းလိုအားနဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေပါရှိတဲ့ ဈေးကွက်တခုလို လည်ပတ်နေတာ က အွန်လိုင်းပေါ်က ဖျော်ဖြေရေးတခုသာ မဟုတ်တော့ပါဘူး။ ဒါဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ခွင့်တွေကို ငွေကြေးအမြတ်အစွန်းအတွက် အသုံးချနေတဲ့ ဒစ်ဂျစ်တယ် လိင်အကြမ်းဖက်မှုစနစ်တခု ဖြစ်လာနေပါတယ်။
ဒီဈေးကွက်ကို ရပ်တန့်ဖို့ဆိုရင် ဗီဒီယိုဖြန့်သူတဦးချင်းကိုသာ မဟုတ်ဘဲ ဝယ်ယူကြည့်ရှုသူတွေ၊ ကြော်ငြာထည့်ပေးနေတဲ့ စီးပွားရေးကွန်ရက်တွေ၊ ထိရောက်စွာအရေးမယူနိုင်သေးတဲ့ဥပဒေစနစ်နဲ့ ထိခိုက်ခံရသူကို အပြစ်တင်နေဆဲ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်တွေကိုပါ ပြောင်းလဲဖို့ လိုအပ်နေပါ တယ်။
Stella နဲ့ မဂျူးဂျူးတို့လို အမျိုးသမီးတွေအဖို့ ဒီဗီဒီယိုတွေဟာ “Content” မဟုတ်ပါဘူး။ သူတို့ ဘဝထဲက ယုံကြည်မှု၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာတွေကို ဖောက်ထွင်းခိုးယူခံလိုက်ရတဲ့ သက်သေ အထောက်အထားတွေ ဖြစ်နေပါတယ်။ အဲဒီသက်သေအထောက်အထားတွေကို ဈေးကွက်ထဲ ဆက်လက်ရောင်းဝယ်ခံနေရသရွေ့ ဒီဒစ်ဂျစ်တယ်အကြမ်းဖက်မှုဟာလည်း ဆက်လက် အသက်ရှင်နေဦးမှာပဲ ဖြစ်ပါတယ်။









