“လိင်မှုကိစ္စမှာ သူတို့လိုချင်တဲ့ ပုံစံမရဘူးဆို ရိုက်တာ၊ တခါတလေလည်း အုပ်စုဖွဲ့ ပြီး အနိုင်ကျင့်တာ ဒါမျိုးတွေလည်းရှိလာတယ်”

ခင်ဘုန်းမို့ ဆက်သွယ်မေးမြန်းသည်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းတွေ ပိုပြီးရင်ဆိုင်လာတာနဲ့အမျှ စားဝတ်နေရေးအတွက် ရွေးချယ်စရာနည်းလာတဲ့ အမျိုးသမီးတချို့ဟာ လိင်ဝန်ဆောင်မှုလုပ်ငန်းထဲကို ဝင်ရောက်လုပ်ကိုင်လာကြတယ်လို့ လိင်အလုပ်သမတွေနဲ့ လက်တွဲ ဆောင်ရွက်နေသူတွေက ပြောပါတယ်။

တဖက်မှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှု၊ ဝင်ငွေမလုံလောက်မှုတွေကြားမှာ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ခံရတာ၊ ငွေကြေးလိမ်လည်ခံရတာ၊ ဥပဒေအကာအကွယ်ကို အလွယ်တကူ မရနိုင်တာလို အခက်အခဲတွေကို လိင်အလုပ်သမတွေက ဆက်လက်ရင်ဆိုင်နေကြရပါတယ်။ ဒါ့အပြင် ကျန်းမာရေး ဝန်ဆောင်မှုနဲ့ အသက်မွေးဝမ်းကျောင်းပြောင်းလဲနိုင်ရေး အထောက်အပံ့တွေကလည်း အရင်ကထက် ပိုပြီးရှားပါးလာနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လိင်အလုပ်သမတွေရဲ့ ဘဝအခြေအနေ၊ လုပ်ငန်းခွင်အန္တရာယ်တွေ၊ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေအကြောင်းကို တော်ဝင်ခရေကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုကို HI – Honest Information က ဆက်သွယ်မေးမြန်းထားပါတယ်။  

HI – Honest Information –  ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ လိင်လုပ်ငန်းထဲကိုအခြေချလာတဲ့ အမျိုးသမီးတွေအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

တော်ဝင်ခရေ ကွန်ရက် –  ဟိုးတုန်းကတည်းက စီးပွားရေးကြပ်တည်းကြတဲ့ လူတွေက ဒီလောကထဲကို ရောက်ဖြစ်တယ်ဆိုတော့ ကိုဗစ်ရောဂါတွေဖြစ်ကြတယ်၊  ၂၀၂၁ ရဲ့ နောက်ပိုင်းမှာကျ ပိုပြီးတော့ စီးပွားရေးက ကြပ်တည်းလာတယ်။

နောက်တခြားအကြောင်းအရာတွေကြောင့် အလုပ်လုပ်ဖို့အတွက်ကို လူတွေမှာအခွင့်အရေးတွေ မရှိသလောက်ကိုနည်းသွားတယ်။ စားဝတ်နေရေးတွေကြပ်တည်းကြတဲ့အခါကျတော့  ကျွန်မတို့မှာ ဒေတာ စစ်တမ်းတွေ မရှိသော်ငြားလည်း ဒီလုပ်ငန်းခွင်ထဲမှာ လုပ်တဲ့လူတွေပိုပြီးတော့ များလာတယ် ဆိုတာကို မြင်ရတယ်။

HI လိင်လုပ်ငန်းလုပ်နေသူတွေဟာ သူတို့ရဲ့ရွေးချယ်မှုလား၊ ဒါမှမဟုတ် တွန်းပို့ခံရတာလား၊ ဘယ်လိုမျိုး အခြေအနေတွေကြောင့် လုပ်ကိုင်လာကြတာလဲ။ 

တော်ဝင်ခရေ – အဲ့ဒီမေးခွန်းကကျတော့ နည်းနည်းတော့ကျယ်ပြန့်တာပေါ့နော်။ တချို့လည်း ရောင်းစားခံရလို့ ရောက်လာတဲ့လူတွေရှိတယ်။ တချို့ကျတော့လည်းလူကုန်ကူးခံရတာ၊ တချို့ ကျတော့လည်း ကောင်းကောင်းမွန်မွန် အလုပ်နေရင်းနဲ့အလုပ်ရမယ်ဆိုပြီးတော့ ဒီလောကထဲ  အတင်းထိုးသွင်းခံရတဲ့သူတွေလည်း ရှိတယ်။ မျိုးစုံနဲ့ရောက်လာကြတယ်။  အဓိကကတော့ စီးပွားရေး အခက်အခဲ အကြပ်အတည်းတွေကြောင့်မို့လို့ ဒီလောကထဲကို ရောက်လာတဲ့လူတွေက ပိုများပါတယ်။

HI ၂၀၂၁ နောက်ပိုင်းမှာ လိင်လုပ်ငန်းထဲအခြေချတဲ့ သူတွေထဲမှာ အရင်တုန်းက ဘယ်လိုအလုပ်တွေလုပ်ခဲ့တဲ့ အမျိုးသမီးတွေပါဝင်တာကို တွေ့ရလဲ။

တော်ဝင်ခရေ – စစ်တမ်းကောက်ထားတာမရှိတော့ အစုံဖြစ်နိုင်တယ်။ ဘာလို့လဲဆို ဝင်လာတဲ့လူတွေတော်တောများများကကတော့ အလုပ်အကိုင်အခွင်လမ်းတွေ ရှားပါးပြီးတော့ ငွေကြေးခက်ခဲတဲ့ လူတွေကသာဒီလောကထဲကိုရောက်လာကြတာပေါ့နော်။ ဘယ်ကလာတယ်ဆိုတဲ့ နောက်ခံကတော့ ပြောဖို့ခက်မယ်နဲ့တူတယ်။  တော်တော်များများက ကုန်ဈေးနှုန်းတွေမြင့်တက် လာတဲ့ အခါကျတော့ ရတဲ့လခတွေနဲ့လုပ်အားခတွေမမျှတတဲ့အခါကျတော့ ဒီလုပ်ငန်းခွင်ထဲကို မသိမသာနဲ့ ဝင်လာပြီး ဒီထဲကိုရောက်လာကြတယ်လို့ပြောချင်တယ်။

HI – ၂၀၂၁ နောက်ပိုင်း  လိင်လုန်းငန်းလုပ်တဲ့သူတွေရဲ့  လုပ်ငန်းခွင် အခြေအနေ တွေ ကရော ဘယ်လိုမျိုးခက်အခဲတွေနဲ့ရင်ဆိုင်နေကြရလဲ။

တော်ဝင်ခရေ – မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ ဥပဒေတော့ရှိတာပေါ့နော်။ လိင်လုပ်ငန်း  လုပ်တဲ့ လူတွေဆိုရင် ဥပဒေအရဖမ်းခံထိနိုင်တယ်။ သူတို့ပြဌာန်းထားတဲ့ဥပဒေနဲ့ ကိုက်ညီတယ် ဆိုရင် ပေါ့။ အစထဲက  ဥပဒေကရှိပြီးသားဆိုတော့ အခုနောက်ပိုင်းမှာကြတော့ အရမ်းကြီးတော့ ပြောင်းလဲ သွားတာမရှိဘူး။ ဖမ်းတယ်၊ ဆီးတယ်ဆိုတဲ့ဟာတွေကလည်းရှိနေသေးတယ်။

လက်ရှိမှာ အမှုတခု ဖြစ်လာပြီ ဆိုရင် အောက်ခြေမှာပဲ ရှင်းလိုက်ကြတာတွေရှိတယ်။ တချို့လည်း ငွေကြေးနဲ့ လဲလှယ်လိုက်ကြတယ်။ တချို့ကျတော့လည်းမပေးနိုင်တဲ့သူတွေကြတော့လည်း  အထဲကို ဝင်ရတယ်။ အဲ့လိုမျိုးတွေနဲ့ ရင်ဆိုင်လိုက်ကြတာတွေ ရှိတယ်။  

HI  ညမထွက်ရအမိန့်တွေ စစ်ဆေးရေးဂိတ်တွေလိုလည်းရှိတော့၊ လိင် လုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ အလုပ်လုပ်ကိုင်ရတဲ့ အခြေအနေကရော ဘယ်လို အခက်ခဲတွေရှိလဲ။ အရင်ကထက် ပိုပြီးခက်ခဲလာတာမျိုးရောရှိလား။

တော်ဝင်ခရေ –  ဧည့်သည်တွေဆီမှာ ပိုက်ဆံပေါမှပဲ သူတို့ဆီကို  လာနိုင်ကြမှာ ပေါ့နော်။ လက်ရှိမှာတော့ သူတို့လုပ်ငန်းတွေထဲမှာတော့ အလုပ်တွေကတော့ လည်ပတ်နေတယ်။ လုပ်အားခတွေကတော့ အရမ်းကြီးတော့ သိသိသာသာပြောင်းလဲသွားတာ မတွေ့ရဘူး။ 

ကုန်ဈေးနှုန်းတွေမြင့်တက်လာတဲ့အလျောက် ဟိုတုန်းကတနေ့မှာ လူ ၂ယောက်လောက်နဲ့ ဒီကိစ္စတွေ ပြီးခဲ့ရင်၊ အခုဆို အဲ့လောက်နဲ့မလုံလောက်တာတွေရှိတယ်။ အခြေခံလူတန်းစားကို ဦးတည်ပြီး ပြောတာပေါ့။

မြေပြင်မှာ ကိုယ်တိုင်လှုပ်ရှားနေတဲ့သူတွေ၊ ခေါင်းတွေနဲ့လုပ်နေတဲ့သူတွေဆိုရင်  ရတဲ့ပိုက်ဆံတွေက အဖြတ်ခံရတာတို့၊ ဈေးခေါ်ရတာနည်းသွားတဲ့အပိုင်းတွေဆိုတော့ ဝင်ငွေက အရမ်းကြီး ထင်သလောက် မရကြဘူး။ ညမထွက်ရအမိန့်တွေကြောင့်လည်း တချို့လူတွေက နေ့ခင်းမှာ အလုပ်တွေ လုပ်နေကြ တော့၊ သူတို့အတွက်လည်းဝင်ငွေတွေအရမ်းကြီး မရနေဘူး။

ညပိုင်းတွေဖွင့်လို့ရတဲ့ဆိုင်တွေ ရှိကောင်း ရှိမယ်။ ဒါပေမဲ့   သွားလို့လာလို့ရတဲ့လူတွေအတွက်က အခွင့်အရေးလေ။ သွားလာဖို့ခက်ခဲတဲ့လူတွေဆိုရင် ရောက်မလာဘူး။ ပြောချင်တာကတော့ ဧည့်သည် တွေမလာတဲ့အခါကျတော့ အလုပ်မဖြစ်ဘူးဆိုတာကို ပြောချင်တာပါ။

HI – သူတို့ရဲ့ ရတဲ့ဝင်ငွေနဲ့  နေ့စဉ်ပြန်ပြီးသုံးစွဲရတဲ့ အပေါ်မှာရော ဘယ်လိုမျိုး အခက်အခဲ ရှိနိုင်လဲ။

တော်ဝင်ခရေ – ခက်ခဲကတော့ရှိမှာပေါ့နော်။ ဘာလို့လဲဆိုတော့ ဝင်ငွေနဲ့ထွက်ငွေနဲ့ အခုက မျှဘူးလေ။ ဈေးသွားရင် ကုန်တဲ့ပိုက်ဆံက မမျှဘူး။ ကုန်ဈေးနှုန်းတွေမြှင့်လာတာနဲ့အမျှ လုပ်အားခတွေက မမြှင့်တက်လာဘူးဆိုရင်လည်း ရတဲ့ပိုက်ဆံနဲ့ သုံးရတဲ့အသုံးစရိတ်က မကာမိဘူး။ ဒုက္ခရောက်နေတဲ့လူတွေအတွက် ပိုခက်တာပေါ့။ ကုန်ဈေးနှုန်းတွေမြှင့်လာလေလေ၊ လုပ်အားခ တွေက လိုက်မမြှင့်လာဘူးဆိုရင်တော့ အဲ့လိုလူတွေအတွက်ကတော့ တော်တော်ကြီးကိုခက်ခဲတာပေါ့။ စစ်တမ်းတော့ ကောက်ထားတာမရှိဘူး။

ဒါပေမဲ့ တော်တော်များများက ခက်ခဲတဲ့လူတွေကို တွေ့ရတယ်။ ဘာလို့လဲဆို တချို့ နေမကောင်းရင် ဆေးခန်းသွားဖို့တောင် ခက်ခဲတာတွေ၊ ခရီးစရိတ်မရှိတာတွေ၊ တချို့ဆို ကလေးတွေ မွေးသွားကြတယ် ။ အဓိကကိုယ်ဝန် တားဆေးလေးတောင်အသုံးပြုဖို့တောင် သူတို့မလုပ်နိုင်တာတွေလည်း ရှိတယ်။

HI – ဝင်ငွေတွေမလောက်ငှတဲ့အတွက်   လိင်လုပ်ငန်းအပြင် တခြားအလုပ်တွေပါ တွဲပြီးလုပ်နေကြတာမျိုးရောရှိလား။

တော်ဝင်ခရေ – အရင်တုန်းကတော့  ပရိုဂရမ်တွေကနေပြီးတော့   ပညာတွေသင်ပေးတာတို့ စီးပွားရေး တခုခုထူထောင်ပေးတာလုပ်တယ်။ အခုနောက်ပိုင်း အဲ့လိုမျိုးလုပ်တဲ့ ပရိုဂရမ်တွေဘာမှ မရှိသလောက်ဖြစ်တယ်။ HIV ပရိုဂရမ်တွေဘက်ကဆိုရင် လူတွေကို ဝင်ငွေတိုးလုပ်ပေးတဲ့ အလုပ်တွေ ကို  လုပ်မပေးနိုင်တဲ့ အခြေအနေမျိုးတွေဖြစ်တာပေါ့။

တချို့ရန်ပုံငွေတွေဖြတ်တောက်ခံရတာတွေ၊ တချို့ အလှူရှင်တွေက လမ်းကြောင်းပြောင်းသွားတာပေါ့။ စိတ်ဝင်စားတဲ့အဖွဲ့နည်းသွားတာပေါ့။ တချို့အဖွဲ့တွေဆို ART သောက်ရတဲ့ လူတွေအတွက်ကိုပဲ ဦးစား ပေး သွားနေတယ်ဆိုတော့  ပရိုဂရမ်တွေကလည်းသူတို့ကို လုပ်ငန်းပြောင်းနိုင်အောင် ကူညီပေးတာ မရှိသလောက်ဖြစ်သွားတယ်။ တွဲပြီးလုပ်တယ်ဆိုတာတော့ သိပ်မကြားဘူး။ လုပ်ငန်းပြောင်း ချင်ရင် တော့ သူတို့ပြောင်းသွားမှာပဲ။ မပြောင်းရင်တော့ သူတို့ကဒီအလုပ်ကို တချို့လူတွေဆိုရင် ခေါင်းအိမ်မှာ နေတဲ့ လူတွေဆိုရင်အပြင်ထွက်ပြီးတော့ အလုပ်တခြားစီးပွားကိုရှာလုပ်လို့မဖြစ်နိုင်ဘူးလေ၊ အဲ့လို မျိုးတွေ ရှိတယ်။ အချိန်ပြည့်ဝန်ထမ်းတွေလိုနေရတာ။

HI –  အခုကာလမှာ ဧည့်သည်တွေဆီကနေ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာ ဒါမှ မဟုတ် ခေါ်ဆောင်ပြီးငွေကြေးမပေးတာ အဲ့လိုအခြေအနေမျိုးတွေရောရှိလား။

တော်ဝင်ခရေ – အဲ့ဒါကတော့ အစတုန်းကလည်းရှိနေတဲ့ပြဿနာတွေ ပေါ့။ ငွေကြေး မပေးချင် လို့ လိမ်တဲ့သူတွေလည်းရှိသလို၊ တချို့တွေလည်း အလုပ်လုပ်ရင်း အကြမ်းဖက်ခံရတာ တွေလည်း ရှိတယ်။ လိင်မှုကိစ္စမှာ သူတို့လိုချင်တဲ့ ပုံစံမရဘူးဆို ရိုက်တာ၊ တခါတလေလည်း အုပ်စုဖွဲ့ ပြီး အနိုင် ကျင့်တာ ဒါမျိုးတွေလည်းရှိလာတယ်။ ဒီလိုကြုံရရင် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကူညီပေးတာ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ချိတ်ဆက်ပေးတာတွေလုပ်ပေးတယ်။

HI –  အဲ့လိုမျိုးအကြမ်းဖမ်းခံရလို့လာပြီး အကူအညီတောင်းခံရတဲ့ ဖြစ်စဉ် တွေက တလမှာ ဘယ်နှစ်ခုလောက်ရှိလဲ။

တော်ဝင်ခရေ – များတော့များတယ်။ အခုကဘယ်လိုဖြစ်နေလဲဆိုတော့ ဥပဒေ ကလည်း အရမ်းကြီး သွားတိုင်လို့ မရနေတဲ့အခြေအနေမျိုးဆိုတော့ အကြမ်းဖက်ခံရတဲ့ သူတွေအနေနဲ့ လည်း သွားတိုင်ရင် သူတို့ကြောက်လန့်နေတာရှိတော့ဖွင့်မပြောကြဘူး။  

တချို့ Case တွေဆို ဒဏ်ရာတွေ၊ အနာတရတွေဖြစ်ပြီး ဆေးရုံပေါ်ရောက်မှသာ အကြမ်းဖက်တယ် ဆိုတာကို ဖော်ထုတ်လို့ရတာ။ တချို့ကျတော့လည်း ကြောက်တာကို မပြောရဲဘူး၊ ဘာလို့ဆိုတော့ အင်အားက မျှဘူးလေ။ သူတို့ထုတ်ပြောလိုက်မှ ပိုပြီးဒုက္ခရောက်မှာစိုးတာ၊ ပိုများလာတဲ့ အပိုင်းတွေ ကတော့ တွေ့ရတယ်။  တခါတလေကျရင် သတင်းမီဒီယာတွေမှာတောင်မှ ဖော်ပြခံရတဲ့ ဖြစ်ရပ်တွေရှိတယ်။ နောက်ဆုံး အသက်ပေးပြီး သေသွားတဲ့ အထိထဲကို သတင်းတွေမှာကြားရတယ်။  

ကြမ်းဖက်ခံရမှုက Sex Worker   တမျိုးထဲမဟုတ်တော့ဘူး။ တခြားအမျိုးသမီးတွေပါ ခံရနေကြရတာ ရှိတယ်။ ဥပဒေကလည်း အရမ်းကြီးအကာကွယ်မပေးတော့၊ တိုင်တန်းရင်လည်း သူတို့စိတ်ထဲမှာ သွားတိုင်လိုက်ရင် အဖမ်းခံရမလားဆိုတဲ့ စိုးရိမ်မှုနဲ့မတိုင်ကြဘူး။ ပြီးတော့ သူ့ဟာသူဖြေရှင်းလိုက် ကြတယ်။ ဖြေရှင်းတဲ့နည်းတွေကတော့မျိုးစုံပဲပေါ့။   

ကျန်းမာရေးနဲ့ပတ်သက်တယ်ဆိုရင်တော့ ကျွန်မတို့ကိုလာပြီး အကူအညီတောင်းတာတွေရှိတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးကုပေးနိုင်မလား၊ ဘာလုပ်ပေးနိုင်လဲဆိုအဲ့ဒါတွေတောင်းတယ်။ တခါတလေ ကျရင်လည်း ဥပမာဟန်အမူအရာနဲ့ နှုတ်အပြောဘာညာလောက်ဆိုရင်လည်း သူတို့ဘာသာသူတို့ ဖြေရှင်းလိုက်ကြတယ်။ ဆဲတာဆိုတာ အပြန်အလှန်တွေလုပ်ကြတဲ့သဘောပေါ့။

HI –  အဖွဲ့အနေနဲ့ဘယ်လိုအပိုင်းတွေကို အဓိကကူညီပေးနေတာရှိလဲ။

တော်ဝင်ခရေ  – HIV၊ AIDS ပညာပေးတာကို အခြေပြုပြီးအလုပ်လုပ်နေတာ၊  အန္တရာယ်ရှိတဲ့ အပြုအမူတွေရှိတယ်ဆို သွေးစစ်နိုင်အောင် ပညာပေးပြီး သွေးစစ်နိုင်မယ့်နေရာတွေကို ညွှန်းပေးတယ်။ သွေးစစ်လို့ရတဲ့အဖြေပေါ်မှာမူတည်ပြီးတော့   HIV Positive ဆိုရင် ART ရတဲ့အထိ အဖွဲ့တွေကနေ ကူပြီးတော့လုပ်ဆောင်ပေးတယ်။ Negative ဆိုလည်း ထပ်ပြီးပညာပေးတာတွေ လုပ်တယ်။ ဒါကတော့ HIV ကာကွယ်ရေးနဲ့  ART သောက်နိုင်တဲ့အစီအစဉ်ပေါ့။  

မျိုးဆက်ပွားကျန်းမာရေးဆိုလည်း သောက်ဆေးထိုးဆေး တောင်ဘယ်လိုသောက်ရမလဲ။  ဘေးထွက် ဆိုးကျိုးလည်း မသိဘူး။ ဘယ်လိုသောက်ရမယ်ဆိုတာမသိဘူး။ ထိုးပြီးရင် ဘယ်လောက်ကြာရင် ဘယ်လို အကျိုးသက်ရောက်တယ်ဆိုတာ မသိတဲ့အမျိုးသမီးတွေအများကြီးပဲ။

အခုနောက်ပိုင်းလည်း ရှိပါသေးတယ်။ ပညာပေးတွေလုပ်ရတယ်။  မျိုးဆက်ပွားကျန်းမာရေး၊ သားဆက်ခြား ကျန်းမာရေးတွေ လုပ်ပေးရတယ်။ လုပ်ရင်းထဲမှ  အကြမ်းဖက်မှု တွေ့လာတယ်။ ဥပဒေ အကူအညီလိုတဲ့သူတွေဆိုတော့ အဲ့ဒါတွေကိုပါတဆက်တည်းကူပေးတယ်။ ဖြစ်လာတဲ့ Case အပေါ်မှာ မူတည်ပြီးတော့ ဖြေရှင်းပေးတယ်။ နောက်တခုကတော့ စွမ်းဆောင်ရည်မြှင့်  သင်တန်းတွေ ပေးတဲ့ အစီအစဉ်တွေပေါ့။

တချို့ညီမလေးတွေဆိုရင်   Peer to Peer ပရိုဂရမ်တွေမှာ ဝင် Join ပြီးတော့  စေတနာ့ဝန်ထမ်း လုပ်နေတဲ့သူတွေကို  သင်တန်းပေးတာပေါ့။ နောက်ပိုင်း  အခွင့်အရေးရလို့ Project တွေရှိရင်လည်း သူတို့ရဲ့လုပ်ငန်းခွင်တွေ အပြောင်းအလဲလုပ်ဖို့အတွက်လည်း ဖြစ်နိုင်တယ်။ အခုနောက်ပိုင်းတော့ အလှူရှင်တွေက အရမ်းရှားသွားတဲ့အခါကျတော့ အရမ်းကြီးဖော်ဆောင်လို့မရဘူး။

HI လက်ရှိပြည်တွင်း  အခြေအနေမှာ ဆေးဝါးတွေစျေးတတ်တာ၊ ရှားပါး တဲ့အခြေအနေ တွေလည်းရှိတော့ သားဆက်ခြားဆေးနဲ့ အကာအကွယ်ပစ္စည်းတွေ အသုံးပြုနိုင်မှု အခြေအနေကရော ဘယ်လိုရှိလဲ။

တော်ဝင်ခရေ – အဲ့ဒါကတော့ လက်ရှိမှာတော့ ပရိုဂမ်တွေကနေပြီးတော့ အခမဲ့တွေ ပေးနေတာပေါ့နော်။ ရန်ကုန်လိုနေရာမျိုးကတော့ ပြဿနာမရှိဘူး။ ဆေးဝယ်သုံးလို့လည်းရတယ်။ လက်လမ်းလည်းမှီတယ်။ နယ်တွေမှာကြတော့တချို့ နေရာတွေကျတော့ လက်လှမ်းမမီတဲ့ အပိုင်းတွေ တော့ ရှိတာပေါ့နော်။ ဘာလို့လဲဆိုတော့တချို့တွေက နယ်တွေမှာကြတော့ သယ်ယူပို့ဆောင်ရေးတွေ ကလည်း အရင်တုန်းကလို မချောမွေ့ဘူး။ ပစ္စည်းတွေ တင်ရင်လည်း တချို့နေရာ တွေမှာ စစ်ဆေးခံရ တာတွေ၊  တချို့နေရာတွေက လေယာဉ်နဲ့ပို့ရတဲ့နေရာတွေဆိုရင်တော့ ထင်သလောက် ပို့လို့မရဘူး။

အဲ့ဒါကတော့နိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေပေါ့။ ပြီးရင် တချို့လမ်းကြောင်းတွေ ကားလမ်းမရှိဘူး၊ လေယာယာဥ်နဲ့ပဲပို့ရတဲ့လမ်းကြောင်းတွေရှိတယ်။ အဲ့လိုလမ်းကြောင်းတွေဆိုရင်လည်း  ကာကွယ်ရေး ပစ္စည်းတွေပို့ဖို့က အနှောင့်နှေးတယ်။ အရင်တုန်းကလို ဖောဖောသီသီလူတွေ လက်ထဲကိုရောက်အောင် ပို့ပေးဖို့က ခက်တယ်။ လူတွေတော်တော်များများကို အခမဲ့ဆိုပေမဲ့လည်း တချို့နေရာ တွေမှာတော့ အခမဲ့ မရတာတွေလည်းရှိတယ်။   

HI  – ဒီလိုအခြေအနေမှာ လိင်အလုပ်သမား အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကရော ဘယ်လိုမျိုးအခြေအနေရှိလဲ။

တော်ဝင်ခရေ  – မြန်မာလူမျိုးတွေကတော့ တော်တော်ကြံ့ကြံ့ခိုင်နိုင်အောင်တော့ နေကြ တယ်။ တချို့လူတွေလည်းတကယ်ကို စိတ်ဖိစီးမှုတွေ အများကြီးတော့ရှိကြတယ်။ ဘာလို့လဲဆိုတော့ စားဝတ်နေရေးတွေကလည်း နေ့တိုင်းဖြေရှင်းရတာ ကုန်ဈေးနှုန်းကြီးတယ်။ ဝင်ငွေကကျတော့လည်း ထင်သလောက်ဝင်မလာဘူး။ ဒီလိုအခြေအနေမျိုးမှာတော့ တချို့လည်း ကိုယ့်ကိုကိုယ် အပြစ်ပြောတာ မျိုးတွေရှိတယ်။ 

တချို့လည်း စားဝတ်နေရေးဖြေရှင်းဖို့အတွက် မိသားစုဝင်တွေထဲကတယောက်ယောက်ကိုဒီလောကထဲ သွတ်သွင်းလိုက်တာ ဒါမျိုးတွေအထိ ဟိုတုန်းကရှိပေမယ့် အခု အဲဒီလိုမျိုးတွေက ပိုတွေ့နေရတယ်။ ဘာလို့လဲဆိုတော့    ငယ်ငယ်လေးတွေနဲ့ လိင်လုပ်ငန်းလုပ်တဲ့ အထဲမှာ  ဝင်ရောက်လာတဲ့သူတွေက ပိုများပြားလာတယ်။ လူတွေကအခုကတော့ အကုန်လုံးပေါ့နော် Sex Worker တွေမှမဟုတ်ဘူး။

လူတွေအကုန်လုံးက စိတ်မလုံခြုံပဲနေနေကြရတာ။ ဒီဖိစီးမှုတွေကိုလည်း ကိုယ့်ဟာကိုယ် ဖြေလျှော့ပြီး နေနေကြရတာ။ အချင်းချင်းအားပေးမှုတွေလုပ်မယ်။ မကူညီနိုင်တဲ့အခါကျရင် အားပေးစကား ပြောလိုက်မယ် ဒီပုံစံလေးတွေနဲ့ပဲဖြေရှင်းနေကြတာ။

HI  – လက်ရှိအကြပ်အတည်းတွေကြောင့် လိင်လုပ်ငန်းတွေထဲကိုအခြေချဖို့ မိသားစုတွေ ဆွေမျိုးတွေကို အဲ့လိုမျိုးလက်ဆင့်ကမ်းတဲ့ ပုံစံမျိုးတွေရောရှိလား။

တော်ဝင်ခရေ – အရင်တုန်းကရှိတယ်။  အရင်တုန်းက နယ်တွေရောက်တဲ့အခါ အဲ့က ညီမလေး တယောက်ဆို အသက် ၂၉ လောက်ပဲရှိဦးမှာ။ သူကသူ့ညီမလေးတွေဘာခေါ်ပြီးတော့ ဒီလုပ်ငန်းထဲကို သွင်းလိုက်တယ်။ စီးပွားရေး အဆင်မပြေတဲ့အတွက် ဒီလိုအတွေးနဲ့ ဖြေရှင်းဖို့ တွေးလိုက်ကြတယ်။ ကိုယ့်ရဲ့မိသားစုဝင်တယောက်ကို ဒီလိုလုပ်လိုက်လို့ စိတ်အနာတရဖြစ်သွားမလား ဆိုတာလည်း သိပ်ပြီး မစဉ်းစားဘူး။  လက်တလောဖြေရှင်းလို့ရမယ့် အရာတွေပဲစဉ်းစားလိုက်တာ၊ ကလေးတွေငယ်တဲ့ အချိန်မှာဆိုလည်း မိဘက ခက်ခဲနေရင် မိဘကိုကူညီချင်တဲ့ သူတွေကများတယ်။ အဲ့တော့ ဒီလိုမျိုးတွေနဲ့ သိမ်းသွင်းခံလိုက်ရတာလည်းဖြစ်နိုင်တယ်။

ကျွန်မတို့ဆီမှာ ဥပဒေတော့ရှိပြီးသား အရွယ်မရောက်သေးတဲ့သူတွေကို လိင်လုပ်ငန်းတွေထဲ သွင်းတယ်ဆိုရင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေဖြစ်တယ်။ ဒါပေမယ့် လူတွေက မကြောက်ကြ ဘူး။ သိလည်း မသိကြဘူး။ သိလည်းမကြောက်ကြဘူး။ ဒါတွေကို လူတွေပိုသိလာအောင် လုပ်ရမယ်။ ဒါပေမဲ့ တခြားသူရဲ့စီးပွားရေးနဲ့ဆက်စပ်နေတဲ့အခါကျတော့ ပညာပေးလောက်ပဲပြောလို့ရမှာ၊ လုပ်ခြင်း မလုပ်ခြင်းက သူတို့အပေါ်မှာပဲမူတည်သွားမှာ။

HI – လိင်အလုပ်သမတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ အသိပညာ ပေးမှုတွေ လုပ်နေတာဟာ လူမှုပတ်ဝန်းကျင်အတွက် ဘယ်လို ကောင်းကျိုးတွေဖြစ်စေသလဲ။

တော်ဝင်ခရေ  – တော်ဝင်ခရေ အနေနဲ့က လိင်လုပ်ငန်းလုပ်နေတဲ့အမျိုးသမီးတွေရဲ့ ကျန်းမာရေး ကို ဝန်ဆောင်မှုအနေနဲ့ သွေးစစ်ပေးတာတို့၊ ကိုယ်ဝန်ရလာရင် ကိုယ်ဝန်စောင့်ရှောက် နိုင်ဖို့၊ HIV နောက်ဆက်တွဲ ART ဆေးတွေရဖို့ ဘယ်လိုရောဂါတွေဖြစ်ရင်ဆေးကုပေးတာပေါ့။ HIV မရှိဘူးဆို မရှိတဲ့အကြောင်းအရာ သေချာရှင်းပြတယ်။ ရှိတယ်ဆို ART ဆေးတွေရဖို့ချိတ်ပေးတယ်။ အသိပညာ ပေးတဲ့နေရာမှာ မျိုးဆက်ပွားကျန်းမာရေးတင်မဟုတ်ဘူး။ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေပါ

ထည့်သွင်းပြောတယ်။ အနိုင်ကျင့်ခံရတဲ့ကိစ္စတွေကို ဥပဒေနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာ ကူညီဖြေရှင်း ပေးတယ်။

ဘာတွေကောင်းကျိုးဖြစ်မလဲဆိုတော့ သေချာတာကတော့ အသိပညာတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လူတွေက ရှားပါးကြတယ်။ လုပ်တဲ့သူတွေကနည်းပါးတာပေါ့နော်။ နည်းပါးတော့ ကျွန်မတို့အဖွဲ့အနေနဲ့ ဒါတွေကို ဦးဆောင်ပြီးလုပ်ပေးခြင်းအားဖြင့် အသိပညာတွေရလာမယ်။ ရလာတဲ့အခါကြသူတို့တွေ HIV တွေ မကူးစက်တော့ဘူး။ မကူးစက်တော့သူတို့ရဲ့ပတ်ဝန်းကျင်မှာလည်း HIV ကင်းစင်တဲ့သူတွေ ဖြစ်လာမှာပေါ့။

HI – လိင်အလုပ်သမတွေကို ကူညီပေးနိုင်မယ့်အဖွဲ့အစည်းတွေ၊ ကာကွယ်ပေးနိုင်တဲ့ ဥပဒေ တွေ မရှိတာ ၊ ဒီလိုကူညီလုပ်ဆောင်ပေးတာတွေမရှိဘူးဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင် မလဲ။

တော်ဝင်ခရေ  – ဒီလိုကူညီမှုတွေ မရှိဘူးဆိုရင်တော့ ပတ်ဝန်းကျင်မှာ HIV ကူးစက်မှုတွေ ပိုများ လာမယ်။ အကာအကွယ် ပစ္စည်းတွေလည်း မရတော့ဘူး။ သူတို့အတွက် ပံ့ပိုးကူညီမှုတွေလည်း မရဘူး ဆို HIV ကူးစက်မှုနှုန်းလည်း မြှင့်တက်သွားနိုင်တယ်။ သားပျက်၊ သားလျှော ကိုယ်ဝန်ပျက်တာတွေ ပိုများလာမယ်။ အကြမ်းဖက်မှုတွေ ဖြစ်လာမယ်။ နောက်ဆက်တွဲအနေနဲ့ ကောင်းလာဖွယ် မရှိဘူး။

ကူညီပေးတဲ့အဖွဲ့အစည်းတွေကတော့ တော်တော်များများကတော့ ခွင့်ပြုချက် ရဖို့ကလည်း အရေးကြီး တယ်။ နိုင်ငံတော်ကပြဌာန်းထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်တွေ ရှိရမှာတို့၊ ရှိလာပြီဆိုရင်လည်း ကူညီ စောင့်ရှောက်ပေးမယ်လို့ ပါးစပ်ကပဲ ပြောလို့မရဘူး။ ငွေကြေးတွေ၊ အလှူရှင်တွေကပေးတဲ့ ပိုက်ဆံ တွေ ရှိဖို့လိုတယ်။ ဥပဒေနဲ့ဆိုရင်တော့ နိုင်ငံတော်ကပြဌာန်းထားတဲ့ အသင်းဖွဲ့မှတ်ပုံတင်ကို လက်ထဲမှာ တရားဝင်ရှိနေမယ်ဆိုရင်တော့ အလုပ်လုပ်တဲ့အခါ အခက်အခဲတော့ မရှိနိုင်ဘူး။ မရှိဘဲနဲ့လုပ်မယ်ဆို ပြဌာန်းထားတဲ့ဥပဒေအရ ဖမ်းဆီးခံရနိုင်တယ်။

HI –  အခု မြန်မာပြည်မှာ HIV ကူးစက်မှုနှုန်းတွေ မြင့်နေတယ်ဆိုတဲ့ သတင်းတွေလည်းတွေ့ရလို့ အဲဒီအပေါ်ကိုရော ဘယ်လို မှတ်ချက်ပြုချင်လဲ။

တော်ဝင်ခရေ  – လူဦးရေတွေကတိုးလာတယ်။ ဝန်ဆောင်မှုပေးနိုင်တဲ့ သူတွေက နည်းသွားတယ်။ ဒါကြောင့်မို့ လက်လမ်းမီဖို့ အခွင့်ရေးတွေပိုပြီးတော့နည်းလာတဲ့အခါကျတော့ ကူးစက်နှုန်းတွေ ပိုပြီးများလာတယ်။ ပညာပေးတွေမသိဘူးဆိုရင် နောက်ထပ်ရောက်လာတဲ့ အသစ် တွေက ကွန်ဒုံးသုံးရကောင်းမှန်းမသိဘူးဆိုရင် ကူးစက်ဖို့အခွင့်အရေးကပိုများလာတယ်။ စီးပွားရေးအရ လှုပ်ရှားသူတွေက နေရာအသစ်တွေ၊ ဒေသအသစ်တွေမှာများလာတာဆိုတော့ အဲ့ဒါတွေကို ကာကွယ် ပေးနိုင်လောက်တဲ့အဖွဲ့အစည်းတွေက နည်းပါးနေတာဆိုတော့ ကူးစက်မှုက မြှင့်လာနိုင်တယ်။

HI မြန်မာပြည်မှာ လိင်အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေ သိသိသာသာ မြင့်တက်လာတာတွေကို လျှော့ချနိုင်ဖို့ဆိုရင် ဒီလို လိင်ဝန်ဆောင်မှုလုပ်ငန်းတွေကို စနစ်ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လိင်အလုပ်သမတွေအပေါ် ဥပဒေနဲ့ ကာကွယ်ပေးနိုင်တာတွေလုပ်တဲ့ နည်းက အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ထင်သလား။

တော်ဝင်ခရေ  – အကြမ်းဖက်မှုတွေကအခုမှဖြစ်တာမဟုတ်ဘူး၊ အရှေ့မှာထဲက ဖြစ်နေ ကြတာ။ အခုက မီဒီယာတွေအားကောင်းလာတဲ့အခါကျတော့ မီဒီယာတွေမှာလည်း တင်နေကြတာ ဆိုတော့။

မုဒိမ်းမှုတွေဆိုတာလည်း ကိုယ့်နိုင်ငံလည်း မဟုတ်ဘူး၊ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲရှိနေကြတယ်။  ဆိုတော့လေ သတင်းအချက်အလက်တွေကတော့လိုင်းပေါ်မှာ ကြည့်ရင်တော့ အများကြီးပဲ ရှိတယ်။ ဒီလိုလုပ်ငန်းလုပ်နေတဲ့အချိန်မှာ ဥပဒေအကာကွယ်ဆိုတာ လက်ရှိနေတဲ့ ပြဌာန်းထားတဲ့ ဥပဒေ ကိုယ်တိုင်ကိုက နှိပ်ကွပ်ရေးဥပဒေဖြစ်နေတာပေါ့။ အကာအကွယ်ပေးတဲ့ ဥပဒေမဟုတ်ဘူး။ Sex Worker အလုပ်လုပ်တယ်ဆိုရင် ၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနဲ့ပေါ့။ အဲ့တော့ကျန်းမာရေး

စောင့်ရှောက်မှုပေးတဲ့အခါကျရင်တော့ တရားဝင်သွေးခေါ်စစ်မယ်၊ ART တွေ ချိတ်ပေးမယ်ဆိုရင် တော့ လုပ်ထုံးလုပ်နည်းပုံစံထဲက လုပ်သွားလို့ရတယ်။ အကြမ်းဖက်မှုတွေရှိလာရင်တော့ တရားရင်ဆိုင် ပေးတာတို့ ဒါမျိုးတွေလုပ်ပေးတယ်။ 

ဒါပေမဲ့ အဲ့ဒါကို အလုံးစုံတော့မလုပ်ပေးနိုင်ဘူး။ ဥပဒေနဲ့လုပ်ရတဲ့အခါကျငွေကြေးက ပိုပြီးတော့ ခက်ခဲ တယ်။ တရားရင်ဆိုင်ရတဲ့အခါမှာ အကြာကြီးရင်ဆိုင်ရတဲ့အခါကျတော့ အခြေခံအားဖြင့်တော့ ကူညီ ပေးနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ နှစ်သိမ့်ဆွေးနွေးမှုလုပ်ပေးနိုင်တယ်။ နောက် ဆေးစစ်တာတို့၊ ကိုယ်ဝန် စစ်တာတို့၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေ ပေးနိုင်တယ်။

သူနေတဲ့နေရာက ထွက်ခွာချင်တယ်ဆို အိမ်ငှားပေးတဲ့အစီအစဉ်လေးတွေလုပ်ပေးတယ်။ ၃လလောက် အထိ ငှားပေးတယ်။ အရင်တုန်းကလုပ်ခဲ့တာတွေ၊ အခုလက်ရှိမှာတော့ အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဝန်ဆောင်မှုတွေက မရှိသလောက်ဖြစ်သွားပြီ။

အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ပြဌာန်းထားတဲ့ ဥပဒေကတော့ရှိတယ်။ ဒါပေမဲ့လည်း ဥပဒေကို လူတွေသိအောင်လည်းလုပ်ဖို့လိုတယ်။ အကြမ်းဖက်ခံရရင် Sex Worker မှမဟုတ်ဘူး၊ ယောက်ျား ဖြစ်စေ မိန်းမဖြစ်စေ တိုင်တန်းလို့ရတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ ဒီလိုမျိုး အကြမ်းဖက်ခံရ ပါတယ်၊ တိုင်တန်းလို့ရပါတယ် ဆိုတဲ့ဟာတွေက Sex Worker အမျိုးသမီးတွေမှာ နည်းနည်း ကြောက်ရွံ့နေတာ ရှိတယ်။ လုပ်ငန်းလုပ်နေရင်းနဲ့ အကြမ်းဖက်ခံရတာ သွားပြောတဲ့အခါ သူတို့ ပြည့်တန်ဆာအမှုနဲ့ အဖမ်းခံရမှာစိုးလို့ ကိုယ့်ဟာကိုဖြေရှင်းကြတာတွေရှိတယ်။

HI  – အဖွဲ့အနေနဲ့ကူညီဆောင်ရွက်တဲ့အခါမှာ ဘယ်လိုအတားအဆီးတွေ ဘယ်လို အခက်အခဲတွေရှိနေလဲ။

တော်ဝင်ခရေ – အလှူရှင်တွေဆီကနေ ငွေကြေးယူဖို့ပေါ့နော်။ ပြောရရင်ခွင့်ပြုချက်တွေ ရဖို့ အတွက် လုပ်ရတဲ့အခါကျရင် Proposal တွေလျှောက်တဲ့အခါကျရင် တခြားအဖွဲ့တွေလို ပညာရှင် တွေ မရှိတော့ ကိုယ်ရေးသားတတ်သလို ရေးသားတဲ့အခါကျတော့ တချို့အဖွဲ့တွေနဲ့ယှဉ်ပြီး လျှောက်တဲ့ အခါတိုင်း Proposal တွေရမှုက နည်းတယ်။ တကယ်ကိုပဲ စိတ်ဝင်စားပြီးတော့ အဖွဲ့ကို  ဒါလုပ်ချင်လား လို့ လာမေးတဲ့ လူတွေနဲ့ ပိုပြီးလက်တွဲလုပ်ဖြစ်တယ်။   

အလှူရှင်တွေဆီက ငွေကြေးရမှ ကူညီနိုင်မှာကိုး။ ရုံးမှာ တခြားဝင်ငွေရမယ့်ဟာ ဘာမှမလုပ်ထားတော့ ပုံမှန်ဝင်ငွေကမရှိဘူး။ ငွေကြေးနဲ့ပတ်သက်တာ အရမ်းအကန့်အသတ်ဖြစ်တယ်။  

နောက်တခုက ထင်သလောက်လုပ်လို့မရဘူး။ တချို့နယ်တွေမှာဆိုရင်လည်း တချို့နေရာဆို ညမထွက် ရတာ၊ စကားသွားပြောဖို့ခက်တယ်။   

ပညာပေးသွားပြောမယ့်သူကိုယ်တိုင် အန္တရာယ်ဖြစ်မှာစိုးတဲ့အခါကျ အဆင်ကမပြေပြန်ဘူး။ အဲ့တော့ အချိန်တွေ အရမ်းကြီးကန့်သတ်ချက်တွေရှိတယ်။ လုံခြုံရေးကို ဂရုစိုက်ရတယ်။ ပရိုဂရမ်တွေလည်း မရှိသလောက်ကြီးဖြစ်သွားတယ်။  

HI –   ဒီလိုအခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေလဲ။

တော်ဝင်ခရေ – ကိုယ့်ရဲ့ကြုံလာတဲ့အပေါ်မှာပဲ အခက်အခဲတွေကို လတ်တလော ဖြေရှင်းနေတဲ့ နည်းတွေသုံးရတာဆိုတော့ ရေရှည်ကိုမျှော်ပြီးကြည့်မယ်ဆိုရင် ပရိုဂရမ်တွေမရဘူး ဆိုရင် နောက်ပိုင်းမှာ ရုံးခန်းငှားဖို့ကအစ အခက်အခဲတွေရှိလာနိုင်တယ်။ အတတ်နိုင်ဆုံးကတော့ ကြိုးစားပြီးတော့ အလှူရှင်တွေနဲ့ ချိတ်ဆက်တာတွေ လုပ်စရာရှိတာတွေ လုပ်နေပါတယ်။

HI – Honest Information              ကျေးဇူးတင်ပါတယ်။