honest informationtရဲ့တပတ်တာအမျိုးသမီးဖြစ်ရပ်များ သတင်းစုစည်းမှုပုံ

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (သြဂုတ် ၈ရက်နေ့ကနေ ၁၄ ရက်အထိ)

သြဂုတ် ၈ရက်နေ့ကနေ ၁၄ ရက်အထိတပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ်အမျိုးသမီးသတင်းတွေထဲ တိုက်ပွဲသတင်းတွေ၊ ဘေးအန္တရာယ်သတင်းတွေကြားထဲ လူထုစိတ်ထဲ ကြည်နူးစရာ သတင်းကတော့ “ရွှေဘိုမှာ ရေဘေးကယ်ဆယ်ရေးလုပ်ရင်း ကိုယ်ဝန်ဆောင်မိခင်တဦးကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေက မီးဖွားပေးခဲ့”တယ်ဆိုတဲ့ သတင်းပါ။

စစ်းဘေးဒဏ်ခံနေရတဲ့ အညာဒေသမှာ ဆိုးရွားတဲ့ ရေဘေးအန္တရာယ်ပါထပ်ဆင့်ကြုံလာရတဲ့အခါ ပြည်သူတွေမှာ ဒုက္ခအခက်ပေါင်းစုံနဲ့ လက်တွေ့ရင်ဆိုင်နေရပါတယ်။ ဒီလို ဘေးဒုက္ခတွေဝိုင်းနေချိန် နေ့စေ့လစေ့နဲ့ မီးဖွားရတော့မယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်း အလုံအလောက်မရှိတဲ့ကြားက ကယ်တင်ပြီး ကလေးရော၊ မိခင်ပါ ဘေးကင်းကင်းနဲ့ မွေးဖွားပေးနိုင်မှုက အခက်အခဲတွေ ကြားထဲက ဝမ်းမြောက်ဖွယ်ဖြစ်ရပ်ပါ။

သက်ကြီးရွယ်အို၊ ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေပါမချန် သတ်ဖြတ်နေတဲ့ စစ်ကောင်စီက အဆိုးရွားဆုံး ရေဘေးအန္တရာယ် ကြုံနေရတဲ့ စစ်ကိုင်းဒေသကို ကူညီကယ်ဆယ်ဖို့ လစ်လျူရှုထားချိန်မှာ  ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြည်သူအားနဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတာ၊ အခြားကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် ရေဘေးသင့်ပြည်သူတွေကို ကူညီ ကယ်ဆယ်ရေးလုပ်နေတာက လူသားချင်းစာနာထောက်ထားတဲ့ ဖြစ်ရပ်တခုလို့ လည်းဆိုရမှာပါ။

ဒါ့အပြင် “ထိုင်းကျောင်းသူကို ရိုက်သည့် မြန်မာမိန်းကလေး လူငယ်ထိန်းသိမ်းစခန်း ပို့ခံရ“ဆိုတဲ့ သတင်းကလည်း မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကြား လှုပ်ခတ်ခဲ့တဲ့ သတင်းတပုဒ်ပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေး၊ နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းကို အပြင်းအထန်ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို အလုံးအရင်းနဲ့ ဝင်ရောက်ခိုလှုံနေကြရတဲ့ အချိန်ကာလဖြစ်ပါတယ်။  ဒီသတင်းထဲက ဖြစ်စဉ်မှာ  ကျောင်းသူချင်းအကြမ်းဖက်တဲ့ ဖြစ်ရပ်ဖြစ်တာကြောင့် မှားယွင်းသူကို အရေးယူရမှာမှန်ပေမယ့် ဒီဖြစ်စဉ်ကိုအကြောင်းပြုပြီး တခြားသော ပြည်ပရောက်သူတွေပါ အနေအထိုင်ကြပ်တည်း မလားဆိုတဲ့  စိုးရိမ်ပူပင်မှုတွေရှိလာစေခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့ လက်နက်ကိုင်ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် မြန်မာပြည်အနှံ့အပြားမှာ နေ့စဉ် လူသေဆုံးမှုတွေ အဆက်မပြတ်ရှိနေခဲ့ပါတယ်။ ခုကာလမှာ ရခိုင်ပြည်နယ်ကို ရက်ဆက်ဆိုသလို အကြိမ်ကြိမ်လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် အမျိုးသမီး၊ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးမှု ကိန်းဂဏာန်းတွေ မြင့်တက်လာနေပါတယ်။

“သံတွဲ ကျောက်ကြီးရွာဗုံးကြဲခံရမှု အမျိုးသမီးနဲ့ကလေးတွေအပါအဝင် သေဆုံးသူအရပ်သား ၁၄ ယောက်ရှိလာ” ဆိုတဲ့သတင်းဟာ အဲဒီဖြစ်စဉ်တွေထဲက တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။

ဒီသတင်းတွေအပြင် အခြားသော သတင်းမီဒီယာအသီးသီးမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း  (၁၃) ပုဒ်ကို ပြန်လည်စုစည်းဖော်ပြ အပ်ပါတယ်။

  • ရွှေဘိုမှာ ရေဘေးကယ်ဆယ်ရေးလုပ်ရင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို မီးဖွားပေးနိုင်ခဲ့
  • အောင်ပန်းတွင် ၆ နှစ်အရွယ် ကလေးငယ်ကိုသတ်ပြီး နားကပ်ယူသွားသူအား ဖမ်းမိ
  • ရေးဘီလူး လူမှုကွန်ရက်ပို့စ်အောက် Comment ရေးသူအမျိုးသမီး ၂ ဦးအပါအဝင် လူ ၃ ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီး
  • သံတွဲ ကျောက်ကြီးရွာဗုံးကြဲခံရမှု အမျိုးသမီးနဲ့ကလေးတွေအပါအဝင် သေဆုံးသူအရပ်သား ၁၄ ယောက်ရှိလာ
  • ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့တွင် ကရင်တိုင်းရင်းသား လက်သည်မိခင်များ၏ ရိုးရာအသိပညာကို KESAN ဂုဏ်ပြု
  • တနင်္သာရီ အမျိုးသမီး နိုင်ငံရေးမဟာမိတ် (TWPA) ဖွဲ့စည်း
  • စစ်ရှောင်တွေနေထိုင်နေတဲ့ ကျေးရွာဗုံးကြဲခံရလို့ ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံး
  • ရခိုင်တွင် အသက်မပြည့်သေးသည့် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်သူ အာမခံဖြင့် လွတ်မြောက်၍ မိသားစု စိုးရိမ်
  • တာချီလိတ်လေဆိပ်၌ PSMS စနစ်ဖြင့် အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး
  • ကျပ်သိန်း ၂၀၀ ပေးမည်ဟုဆိုကာ တရုတ်ဇနီးမယားအဖြစ် အလုပ်အကိုင်ခေါ်ယူမှုများရှိနေ
  • ထိုင်းကျောင်းသူကို ရိုက်သည့် မြန်မာမိန်းကလေး လူငယ်ထိန်းသိမ်းစခန်း ပို့ခံရ
  • ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုသတ်ဖြတ်ခဲ့သူအား ထိုင်းတရားရုံးက ထောင် ရှစ်နှစ်ချမှတ်
  • အမျိုးသမီးစစ်မှုထမ်းသင်တန်းဖွင့်ထားခြင်းမရှိ ဟု စစ်အာဏာရှင်ပြောခွင့်ရသူပြော

ရွှေဘိုမှာ ရေဘေးကယ်ဆယ်ရေးလုပ်ရင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို မီးဖွားပေးနိုင်ခဲ့

Source -MFP

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဗိုက်နာလာလို့ ရေကြီးလာတဲ့ကြားကပဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တွေ၊ လူစာနာတာဝန်ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး  အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမီးဖွားပေးရာမှာ  ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ရေစီးသန်ရာနေရာအတွင်းက ဆီပေပါပေါ်မှာရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို သွားရောက်ကယ်ထုတ်ရတာဖြစ်ပြီး မိခင်ရော ကလေးငယ်ပါ အသက်ရှင်ကျန်းမာတယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ ရေဘေးသင့်နေချိန် ကလေးငယ်မီးဖွားနိုင်ခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၀ နှစ်ကျော်ကာလအတွင်း ရေကြီးမှု အဆိုးဆုံးဖြစ်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း အခြားကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ပေးနေပါတယ်။

အောင်ပန်းတွင် ၆ နှစ်အရွယ် ကလေးငယ်ကိုသတ်ပြီး နားကပ်ယူသွားသူအား ဖမ်းမိ

Source -DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နားက နောင်ရဲကျေးရွာမှာ အသက် ၆ နှစ်အရွယ် KG ကျောင်းသူကို သတ်ပြီး နားကပ်ဖြုတ်ယူခဲ့တယ်လို့ ဝန်ခံထားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတယောက်ကို ဩဂုတ် ၈ ရက်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးငယ်ဟာ ဩဂုတ် ၆ ရက် ညနေ ၅ နာရီခွဲလောက်မှာ နေအိမ်ကနေ ပျောက်သွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ ရွာသူရွာသားတွေက လိုက်လံရှာဖွေခဲ့ကြပြီးနောက် ည ၁၁ နာရီလောက်မှာ ဘုရားတောင် ရေစုကန်ထဲမှာ နားကပ်မပါဘဲ သေဆုံးနေတဲ့အခြေအနေနဲ့ ပြန်တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းရာကနေ မသင်္ကာတဲ့ အမျိုးသမီးတယောက်ကို ဩဂုတ် ၈ ရက်မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ကလေးငယ်ကိုခေါ်သွားကာ နားကပ်ဖြုတ်ယူ၊ ရေစုကန် ကန်ဘောင်ပေါ်ကနေ တွန်းချခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ ကလေးငယ်ကို နားကပ်ဖြုတ်ယူပြီး ရေစုကန်ထဲ တွန်းချခဲ့တဲ့ နောက်ခံအကြောင်းရင်းကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

ရေးဘီလူး လူမှုကွန်ရက်ပို့စ်အောက် Comment ရေးသူအမျိုးသမီး ၂ ဦးအပါအဝင် လူ ၃ ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီး

Source –DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ တော်လှန်ရေး တပ်ဖွဲ့တဖွဲ့ ဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် ပို့စ်အောက်မှာ Comment တွေ ဝင်ရေးတဲ့ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၀ ရက် ည ၇ နာရီဝန်းကျင်က သံဖြူဇရပ်မြို့အဝင်အထွက်၊ ဝယ်သွန်ချောင်းလမ်းဝဂိတ်မှာ စစ်အာဏာရှင်တပ်က အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတယောက်ရဲ့ ဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်သလိုအဆိုပါအမျိုးသမီးကို သံဖြူဇရပ်မြိုနယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

အလားတူပဲ သြဂုတ် ၈ ရက် မနက် ၇ နာရီကလည်း သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာမှာ နေထိုင်တဲ့ မဖူးပွင့်ဝေကို ရေးဘီလူးပို့စ်အောက် မှတ်ချက်ဝင်ရေးတာနဲ့ အမေစုမွေးနေ့ ပို့စ်တင်ခဲ့အတွက် စစ်တပ်က ဖမ်းဆီးခဲ့သလို ယင်းနေ့ ညနေပိုင်းမှာသံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာလမ်းဝ၊ သံဖြူဇရပ်-ကျိုက္ခမီသွားကားလမ်းမှာ မုဒုံမြို့နယ်နေ အသက် ၅၂ နှစ်အရွယ် ဦးဇင်မင်းခိုင် (ခ) ဦးမင်းမင်းကိုဖုန်းစစ်ဆေးပြီး ရေးဘီလူးပို့စ်အောက် မှတ်ချက်ရေးထားတယ်ဆိုပြီး  အာဏာရှင်စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို သံဖြူဇရပ်မြို့နယ်ရဲစခန်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ထားတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သံတွဲ ကျောက်ကြီးရွာဗုံးကြဲခံရမှု အမျိုးသမီးနဲ့ကလေးတွေအပါအဝင် သေဆုံးသူအရပ်သား ၁၄ ယောက်ရှိလာ

Source -နိရဉ္စရာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူအရပ်သား ၁၄ ယောက်နဲ့ ဒဏ်ရာရသူ ၁၁ ယောက်အထိရှိလာနေတယ်လို့ အာရက္ခတပ်တော်(AA)က  သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာ သေဆုံးသူ ၁၄ ယောက်အပါအဝင် ဒဏ်ရာရသူ ၁၁ ယောက်ရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို AA က ထပ်မံသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။သေဆုံးသူတွေကတော့ ဒေါ်စန်းစန်းမော် (၄၅)နှစ်၊ ဦးဖိုးငြိမ်း (၈၈)နှစ်၊ ဒေါ်ခင်အုန်း (၈၃)နှစ်၊ မခိုင်ဇံသင်း (၂၁)နှစ်၊ ဒေါ်ညီမပု (၈၇)နှစ်၊ ဒေါ်မနီ (၅၇)နှစ်၊ ဒေါ်မဇွန်မီ (၃၆)နှစ်၊ မောင်အောင်မြင့်မြတ် (၆)နှစ်၊ ဒေါ်မကြီး (၈၆)နှစ်၊ မဘုန်းပွင့်စံ (၉)နှစ်၊ ဒေါ်ခင်သန်းမြင့် (၆၅)နှစ်၊ ဒေါ်စုဝေဖြိုး (၄ဝ)နှစ်၊ ဦးမောင်မောင်နိုင် (၄၉)နှစ်နဲ့ ဒေါ်ချစ်ပုတို့ဖြစ်ကြပြီး သေဆုံးသူတွေအားလုံးဟာ ကျောက်ကြီးကျေးရွာက ဖြစ်ကြပါတယ်။

ဒဏ်ရာရရှိသွားသူတွေကတော့ မမိုးမိုးသန်း (၂၅)နှစ်၊ ဒေါ်ပြည့်ဖြိုးဝေ (၃၈)နှစ်၊ ဦးဇော်မင်းလွင် (၃၈)နှစ်၊ ဦးမောင်ဖြူ (၇၅)နှစ်၊ ဒေါ်မှဲ့နီ (၆၅)နှစ်၊ ဦးကိုမဲ (၆၅)နှစ်၊ ဦးမောင်ဖြူ (၆၇)နှစ်၊ ဦးသောင်းရွှေ (၇၇)နှစ်၊ ဦးမောင်မြင့်သူ (၃၈)နှစ်၊ ဦးထက်လင်းအောင် (၃၅)နှစ်နဲ့ ဦးကျော်နိုင်လင်း (၃၁)နှစ်တို့ဖြစ်ကြပါတယ်။

အဲဒီဗုံးသီးတွေဟာ ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းအနီးပတ်ဝန်းကျင်တွေဆီ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့တာလို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့တွင် ကရင်တိုင်းရင်းသား လက်သည်မိခင်များ၏ ရိုးရာအသိပညာကို KESAN ဂုဏ်ပြု

Source -မဇ္ဈိမ

 ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ဖြစ်တဲ့ ဩဂုတ် ၉ ရက်က ဌာနေတိုင်းရင်းသားတွေရဲ့  ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ အသိပညာနဲ့သဘာဝကို ကာကွယ်စောင့်ရှောက်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကို ဂုဏ်ပြုတဲ့နေ့ဖြစ်ပြီး ယခုနှစ်တွင် KESAN က ကရင်တိုင်းရင်းသား လက်သည်မိခင်များကို အထူးဂုဏ်ပြုထားပါတယ်။

 ကရင်တိုင်းရင်းသား လက်သည်မိခင်တွေရဲ့ ရိုးရာအသိပညာနဲ့ မွေးကင်းစကလေးတွေအပေါ် စောင့်ရှောက်မှုက ကရင်လူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာကောင်းမွန်ရေးကို မျိုးဆက်ပေါင်းများစွာ ကာကွယ်ပေးလာခဲ့တယ်လို့ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက် (KESAN) က ထုတ်ပြန်သည်။

ယင်းရိုးရာအလေ့အထတွေကို နောင်မျိုးဆက်တွေထံ ဆက်လက်လက်ဆင့်ကမ်းပေးသွားမည်ဖြစ်ပြီး ကရင်လူငယ်များအနေဖြင့် ယဉ်ကျေးမှုနဲ့ အမွေအနှစ် အစိတ်အပိုင်းတခုဖြစ်တဲ့ ရိုးရာအသိပညာတွေကို ဆက်လက်ထိန်းသိမ်းအားကောင်းစေနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း KESAN က ဖော်ပြပါတယ်။

ကရင်ဌာနေတိုင်းရင်းသားတို့ရဲ့ သဘာဝထိန်းသိမ်းစောင့်ရှောက်မှုမှာ ဌာနေတိုင်းရင်းသားများက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာနဲ့ နောင်မျိုးဆက်တွေအတွက် မိမိတို့၏ မြေယာကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းရာတွင် အရေးပါတဲ့ အခန်းကဏ္ဍရှိကြောင်း ပြသနေတယ်လို့ KESAN က ဆိုပါတယ်။

တနင်္သာရီ အမျိုးသမီး နိုင်ငံရေးမဟာမိတ် (TWPA) ဖွဲ့စည်း

Source -Dawei Watch

တနင်္သာရီဒေသအတွင်း ကဏ္ဍအသီးသီးတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြတဲ့အမျိုးသမီးတွေရဲ့  အင်အားကို စုစည်း၍ တနင်္သာရီ အမျိုးသမီး နိုင်ငံရေး မဟာမိတ်အဖွဲ့ (TWPA) ကို ဩဂုတ်လ ၈ ရက်တွင် စတင်ဖွဲ့စည်းလိုက် ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီး နိုင်ငံရေး ဦးဆောင်မှုနဲ့ အဓိပ္ပာယ်ရှိသော ပါဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်တယ်လို့ TWPA က ဆိုပါတယ်။

TWPA ကို ဖွဲ့စည်းရာတွင် တနင်္သာရီတိုင်းအတွင်းရှိ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်အသီးသီးမှ လက်နက်ကိုင်တပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအင်အားစုတွေမှ အမျိုးသမီးများနဲ့ ဒေသခံအမျိုးသမီးများ စုစည်းထားခြင်းကာ၊၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက အင်အားစု၊ ကွန်ရက်၊ မဟာမိတ် စသဖြင့် ပြောင်းလဲမှု အဆင့်ဆင့်ဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ ယခုလိုဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

လတ်တလောတွင် TWPAရဲ့ မဟာမိတ်အနေဖြင့် ထားဝယ်အမျိုးသမီးသမဂ္ဂက ချိတ်ဆက်ထားပြီး တစ်သီးပုဂ္ဂလ အဖွဲ့ဝင်များလည်း ရှိပြီးမဟာမိတ်အနေဖြင့်လည်းကောင်း၊ တစ်သီးပုဂ္ဂလအနေဖြင့်လည်းကောင်း TWPA အဖွဲ့ထံ ဝင်ရောက်လိုပါက TWPA ရဲ့ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။

စစ်ရှောင်တွေနေထိုင်နေတဲ့ ကျေးရွာဗုံးကြဲခံရလို့ ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံး

Source –မြေလတ်အသံ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ရှောင်တွေ မှီခို​နေထိုင်နေတဲ့ ကျေးရွာဗုံးကြဲခံရလို့ အသက် ၉ နှစ်အရွယ် မိန်းခလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့ညနေ ၄ နာရီခန့်က တောင်ငူလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးဟာ ဘုရားကြီးကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့ပြီး၊ဗုံးထိမှန်တာကြောင့် ပဒဲကော ကျေးရွာက​နေ စစ်ဘေးရှောင်ဖို့ ဘုရားကြီးကျေးရွာကို ရောက်လာတဲ့ အသက် ၉ နှစ်အရွယ် နော်အယ်ဂျာလင်း၊ အလားတူ မာပီဖိုးကျေးရွာမှ စစ်ဘေးရှောင်နေရသူ အသက် ၄၀ အရွယ် နော်ရှီးဒူးဖောနဲ့ ဘုရားကြီးကျေးရွာခံ အသက် ၄၀ အရွယ် မနီလာတို့ ခန္ဓာကိုယ်အစိပ်အပိုင်းတွေ ပြတ်ထွက်ပြီး နေရာမှာပင် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရှောင်ဖို့ရောက်လာကြတဲ့ ပဒဲကောကျေးရွာနဲ့ ဘုရားကြီးကျေးရွာဒေသခံတွေထဲက ကလေးငယ် ၄ ဦးဖြစ်တဲ့ အသက် ၅ နှစ်အရွယ် စောပဟီထူး၊ ၉ နှစ်အရွယ် နော်ဆဲသယူဖော၊ ၁၃ နှစ်အရွယ် နော်မူးကပြူဝါးနဲ့ ၁၄ နှစ်အရွယ် စောအယ်ကလယ်စေးတို့မှာ ပေါင် ၅၀၀ ဗုံစစင်ပြီး ထိခိုက်ဒဏ်ရာရခဲ့သလို့ အမျိုးသမီး ၁ ဦးဖြစ်တဲ့ ၂၇ နှစ်အရွယ် နော်သက်မာအေးနဲ့ ကျန်အမျိုးသား ၃ ဦးမှာ အသက် ၅၅ နှစ်အရွယ်စောခိုနူး၊ စောဘီးထူးနဲ့ ၃၅ နှစ်အရွယ် စောအောင်ကျော်မိုးတို့ ထိခိုက်ဒဏ်ရာရပြီး နီးစပ်ရာမှာဆေးကုသနေရကာ နေအိမ် ၃ လုံးလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလ ၃၀ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်ဘ ဝဲဒေါခိုကျေးရွာကို ခလရ ၂၆၄ တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျပြီး မိသားစုဝင် ၃ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ရခိုင်တွင် အသက်မပြည့်သေးသည့် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်သူ အာမခံဖြင့် လွတ်မြောက်၍ မိသားစု စိုးရိမ်

Source –မဇ္ဈိမ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦးသည် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီး ဩဂုတ်လ ၇ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် နစ်နာသူမိသားစုက လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁ ရက်တွင် ညောင်ပင်ကွင်းကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးသည် ယာတဲမှ နေအိမ်သို့ ပြန်လာစဉ် ရွာနှင့် မလှမ်းမကမ်းရှိ ချောင်းကမ်းစပ်တွင် တရွာတည်းနေ ဦးဖုန်းနိုင်ဆိုသူက အတင်းအဓမ္မ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကာ၎င်းတို့နှစ်ဦး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် အနီးအနားတွင် ပျိုးစိုက်နေတဲ့ ရွာသားများ ရောက်ရှိလာတာကြောင့် ဦးဖုန်းနိုင်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ထိုနေ့တွင်ပင် နစ်နာသူမိသားစုဝင်များက ဒီလပ် (DELPS) စခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြပါတယ်။

အဆိုပါ အမျိုးသားက အဓမ္မပြုကျင့်ရန် ကြိုးပမ်းစဉ် ခန္ဓာကိုယ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့တဲ့အပြင် လက်မခံပါက “သတ်ပစ်မည်” ဟု အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့ပါတယ်၊

ဒီလပ်စခန်းမှတဆင့် သံတွဲခရိုင်တရားရုံးသို့ တင်ပို့ခဲ့ရာ တရားသူကြီးက အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သဖြင့် ဩဂုတ်လ ၇ ရက်တွင် ဦးဖုန်းနိုင်မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ပြန်လည်လွတ်မြောက်လာမှုနှင့် ပတ်သက်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် နစ်နာသူရဲ့ အစ်ကိုဖြစ်သူက တရားမျှတမှုရရှိရေးအတွက် စိုးရိမ်နေကြောင်း ပြောပါတယ်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အာမခံဖြင့်လွတ်လာသူဘက်မှ ရဲတပ်ဖွဲ့ဝင်အသိုင်းအဝိုင်းရဲ့ ပါဝင်ပတ်သက်မှုနဲ့ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များ ထွက်ပေါ်နေပြီး ဒေသခံများကြားတွင်လည်း တရားဥပဒေစိုးမိုးရေးအပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ ဝေဖန်မှုများ မြင့်တက်နေတယ်လို့သိရပါတယ်။

တာချီလိတ်လေဆိပ်၌ PSMS စနစ်ဖြင့် အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး

Source -DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်လေဆိပ်မှာ သြဂုတ် ၁၂ ရက် ညနေ ပိုင်းက ခရီးသွား အမျိုးသမီးတယောက်ကို စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတွေက PSMS စနစ်နဲ့ စစ်ဆေးပြီး ဖမ်းဆီးသွားတယ်လို့ လေဆိပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မ်းဆီးခံရသူ အမျိုးသမီးမှာ မအေးငြိမ်းစံ (ခ) အိမ့် ဖြစ်ပြီး ၂၀၂၄ ခုနှစ်က တာချီလိတ်မြို့နယ် ရဲစခန်းက တရားခံပြေးအဖြစ် သတ်မှတ်ထားသူဖြစ်ကြောင်း စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတွေရဲ့ ပြောပြချက်အရ သိရတယ်လို့သူက ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းက စစ်ဆေးရေးဂိတ်တွေမှာ PSMS စနစ်ကို အသုံးပြုပြီး အရပ်သား ပြည်သူတွေကို ဖမ်းဆီးနေတာလို့ ကုန်ကားမောင်းသူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့က စစ်အာဏာရှင်တပ် စိုးမိုးရာနေရာတွေမှာ PSMS စနစ်ကို အသုံးပြုပြီး ဖမ်းဆီးခံရသူ ၁,၆၀၀ ကျော်အထိ ရှိတယ်လို့ တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတခုက မေလထဲမှာ ဖော်ပြထားပါတယ်။

ကျပ်သိန်း ၂၀၀ ပေးမည်ဟုဆိုကာ တရုတ်ဇနီးမယားအဖြစ် အလုပ်အကိုင်ခေါ်ယူမှုများရှိနေ

Source –DVB

မြန်မာမိန်းကလေးတွေကို Tik Tok လူမှုကွန်ရက်ကနေ တင်တောင်းငွေ ကျပ် သိန်း ၂၀၀ ပေးမယ်ဆိုပြီး တရုတ်ဇနီး မယားအဖြစ် အလုပ်အကိုင် ခေါ်ယူမှုတွေ ရှိနေတယ်လို့ Tik Tok သုံးစွဲသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြန်မာပြည်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာကို အခွင့်ကောင်းယူပြီး အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အထိ  အမျိုးသမီးငယ်တွေကို မက်လုံးပေးပြီး တရုတ်ဇနီး မယားအဖြစ် ရောင်းစားနေကြတာ ဖြစ်သလိုအဆိုပါ ကွန်ရက်ကနေတဆင့် ပွဲစားတွေက တရုတ်ရည်းစားနဲ့ တရုတ်ဇနီးအဖြစ် အလုပ် လုပ်ကိုင်ရမှာဖြစ်ပြီး တင်တောင်းငွေသိန်း ကျပ် ၂၀၀ အပြင် လစဥ် လစာနဲ့ ရွှေဆင်ပေးမယ်ဆိုပြီး ခေါ်နေတာလို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်ရှိ နေအိမ်ကို တရုတ်ဇနီး အဖြစ် လက်ထပ်ရန် ငွေကြေးမက်လုံးပေးပြီး လာရောက်စည်းရုံးတဲ့ တရုတ်နိုင်ငံသားနဲ့ ပွဲစားတွေကို စစ်အာဏာရှင်လက်အောက်ခံ ပြည်ထဲရေးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ် ၁၃ နှစ်နဲ့ ၁၀ နှစ်စီ ချမှတ်အရေးယူခဲ့ပါတယ်။

ထိုင်းကျောင်းသူကို ရိုက်သည့် မြန်မာမိန်းကလေး လူငယ်ထိန်းသိမ်းစခန်း ပို့ခံရ

Source -ဧရာဝတီ

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ ထိုင်းကျောင်းသူတဦးအား ကျောင်းသူချင်းအုပ်စုဖွဲ့ရိုက်နှက်ရာမှာပါဝင်ခဲ့တဲ့ မြန်မာမိန်းကလေးအား လူငယ်ထိန်းသိမ်းစခန်းတွင် ရက် ၃၀ ကြာထိန်းသိမ်းထားရန် တရားရုံးက အမိန့်ချခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိန်းသိမ်းခံရသူ အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးမှာ ကျောင်းမှထုတ်ပယ်ခံထားရပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ တရားစွဲခံထားရတဲ့အပြင် ၎င်းရဲ့မိဘနှစ်ဦးမှာလည်း အလုပ်မှရပ်နားခံထားရပါတယ်၊ ဒါ့အပြင် အမှုစုံစမ်းစစ်ဆေးနေစဉ် အတွင်း ရဲတပ်ဖွဲ့အနေဖြင့် လိုအပ်ပါက တကြိမ်လျှင် ၁၅ ရက်ထက်မပိုဘဲ နှစ်ကြိမ်အထိ ထပ်မံထိန်း သိမ်းထားရန် တရားရုံးသို့တင်ပြတောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။

ဖူးခက်မြို့ထလန်ဒေသ ချုံထလေရှိ စာသင်ကျောင်းတကျောင်းမှာ ကျောင်းသူချင်းအတင်းအဖျင်းပြောရာမှ အချင်းများပြီးနောက် ဩဂုတ်လ ၅ ရက်တွင် မြန်မာမိန်းကလေးပါဝင်တဲ့ ကျောင်းသူအုပ်စုက ထိုင်းကျောင်းသူတဦးအား ကျောင်းအိမ်သာအတွင်း ရိုက်နှက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လျော်ကြေးဘတ် ၃၀၀၀ ပေးရန် သဘောတူကျေအေးခဲ့သော်လည်း ရိုက်နှက်ခံရတဲ့ဗီဒီယိုဖိုင်များ လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ထိုင်းကျောင်းသူမိခင်က ကျေနပ်မှုမရှိဟုဆိုကာ ရဲစခန်းတွင် ထပ်မံအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။

ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုသတ်ဖြတ်ခဲ့သူအား ထိုင်းတရားရုံးက ထောင် ရှစ်နှစ်ချမှတ်

Source -နိရဉ္စရာ

ထိုင်းနိုင်ငံမှာ ရခိုင်ရွှေ့ပြောင်းလုပ်သားအမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်သူ ကျော်မင်းနိုင် ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်မှာ ဘန်ကောက်မြို့မှာရှိတဲ့ ဘန်ဘော်တရားရုံးက တရားရုံးက ထောင်ဒဏ်ရှစ်နှစ်ချမှတ်လိုက်ပြီလို့ သိရပါတယ်။

အခုလို ကျော်မင်းနိုင်ကို ထောင်ဒဏ်ရှစ်နှစ်ပဲချမှတ်ခဲ့မှုဟာ လုံလောက်တဲ့ပြစ်ဒဏ်မဟုတ်ဘူးလို့ မကျော့ကျော့ဝေဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တဦးကပြောသလိုတရားလိုဖြစ်တဲ့ မကျော့ကျော့ဝေရဲ့ ဦးလေးဟာ အခုအမှုအတွက် ပိုက်ဆံလုံလောက်စွာ မတတ်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့ရှိ ဆိုင်ကယ်မူလီ လုပ်ငန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ ပြားကြီးကျေးရွာမှ မကျော့ကျော့ဝေကို ဦးကျော်မင်းနိုင်က အဆိုပါစက်ရုံအနီး မြန်မာအလုပ်သမားများနေထိုင်ရာ တန်းလျားတွင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ဝက်အူလှည့်ဖြင့် ထိုးသတ်သွားခဲ့သည့်အတွက် မကျော့ကျော့ဝေ ပွဲချင်းပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

အမျိုးသမီးစစ်မှုထမ်းသင်တန်းဖွင့်ထားခြင်းမရှိ ဟု စစ်အာဏာရှင်ပြောခွင့်ရသူပြော

Source – DVB

အမျိုးသမီးစစ်မှုထမ်းသင်တန်းကို ဩဂုတ် ၁၀ ရက်က စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ခဲ့တာကို စစ်အာဏာရှင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သတင်းမှားဖြစ်တယ်လို့ ပြောပါတယ်။

ဩဂုတ် ၁၁ ရက် ဒီကနေ့မှာ သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကတဆင့် ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီး စစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းတွေကိုသာ ဖွင့်လှစ်ထားတာလို့ဆိုပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အမျိုးသမီး စစ်မှုထမ်းတွေ ခေါ်ယူတာနဲ့ သင်တန်းဖွင့်လှစ်တာမျိုး လုံးဝမရှိဘူးလို့လည်း ပြောပါတယ်။

MDSI ကထုတ်ပြန်ရာမှာသင်တန်းသူအများစုဟာ ရန်ကုန်မြို့ စက်ရုံအလုပ်ရုံက အလုပ်သမားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ ဒီအမျိုးသမီးစစ်မှုထမ်းသင်တန်းကို ရကသ ၄ နဲ့ စစ်သင်တန်းကျောင်းတချို့မှာ လက်ခံလေ့ကျင့်ပေးမှာ ဖြစ်တယ်လို့ MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့နဲ့ မြို့ပြဒေသတွေမှာ အမျိုးသမီးငယ်အချို့ ပျောက်ဆုံးမှု၊ ဖမ်းဆီးစုဆောင်းခံရမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာဖြစ်ပြီး လက်ရှိမှာ အမျိုးသားစစ်မှုထမ်း အပတ်စဉ် ၂၇ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။