တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ(ဇွန်လ ၂၀ မှ ၂၆၊ ၂၀၂၆)
🔳 ဇွန်လ ၂၀ ကနေ ၂၆ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ပဋိပက္ခကာလအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ဝင်ငွေလုံးဝမရှိတော့ကြောင်း ဖော်ပြထားတဲ့သတင်းဟာ လက်ရှိမြန်မာ့လူမှုစီးပွားဘဝ ပြိုလဲနေမှုကိုမီးမောင်းထိုးပြနေတဲ့ အခြေအနေဖြစ်ပါတယ်။
ဒါ့အပြင် သီတင်းပတ် တပတ်တိုင်းမှာ အမျိုးသမီးတွေဟာ ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးတာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာ၊ စီးပွားရေး ကြပ်တည်းတာ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တာ စတဲ့အခြေအနေတွေဟာ ပဋိပက္ခ ဖြစ်ပွားနေ တဲ့ ကာလအတွင်း လျော့နည်း မလာဘဲ တိုးလာနေတဲ့ အခြေအနေတွေဖြစ်တာကို သတင်းစာမျက်နှာ တွေပေါ်မှာ အထင်အရှား မြင်တွေ့နေရပါတယ်။
ဒီတပတ်အတွက် ဆင်းရဲမွဲတေမှုဒဏ်နဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ မြန်မာပြည်ထဲက အဖြစ်အပျက်တွေကို ပြသနေတဲ့ သတင်းတွေထဲမှာ ရေဖြူတွင် အမျိုးသမီးတဦးဟာ ဆေးရုံဆေးခန်း သွားဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက် အိမ်မှာပဲ အရပ်လက်သည်နဲ့ ကလေးမီးဖွားရင်း သေဆုံးရတဲ့ ရင်နာစရာသတင်းတပုဒ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အေအေအုပ်ချုပ်မှုအောက်မှာရှိတဲ့ ရခိုင်ပြည် ကျောက်တော်မြို့မှာ ရွှေ ၁ဝ ကျပ်သားကျော် ဓားပြတိုက်ခံရပြီး၊ တနှစ်ကျော်ကြာမြင့်တဲ့အထိ တရားခံ ဖမ်းမမိတဲ့ ဖြစ်စဉ်မှာ ဓားပြတိုက်ခံရတဲ့ ကလေးမိခင် အဆိပ်သောက်သေဆုံးခဲ့ပြီး နို့စို့ကလေးတဦး အပါအဝင် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့တယ် ဆိုတဲ့သတင်းဟာလည်း စစ်ကောင်စီလက်အောက်ခံ မြို့တွေသာမက တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာပါ ဥပဒေစိုးမိုးမှုအားနည်းနေတာကို ပြသနေတဲ့ ဖြစ်စဉ်တွေထဲကမှ နမူနာသတင်းတပုဒ်ဖြစ်ပါတယ်။
အလားတူ မုဒိမ်းကျင့်ခံရတာ၊ မုဒိမ်းကျင့်သတ်ဖြတ်ခံရတာတွေဖြစ်နေပြီး တရားခံဖမ်းမမိတဲ့ဖြစ်စဉ်၊ ဖမ်းမိထားတဲ့တရားခံ ထွက်ပြေးလွတ်မြောက်တဲ့ဖြစ်စဉ်တွေဟာလည်း တောရောမြို့ပါမကျန် မကြာခဏ ဖြစ်ပွားနေပြီး အမျိုးသမီးတွေအတွက် စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိတဲ့ အခြေအနေကို ဖော်ပြနေပါတယ်။
ဒီသတင်းတွေအပြင် သတင်းဌာနအသီးသီးမှာ ဒီတပတ်တာအတွင်း ဖော်ပြခဲ့တဲ့ အမျိုးသမီးဖြစ်ရပ် သတင်း ၁၂ပုဒ်ကို ပြန်လည်စုစည်းတင်ပြအပ်ပါတယ်။
- ပဋိပက္ခကာလအတွင်း မြန်မာမှာ အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိ
- ရေဖြူတွင် အမျိုးသမီးတစ်ဦး အရပ်လက်သည်ဖြင့် ကလေးမွေးဖွားရာမှ သေဆုံး
- အာသံရှိ ထိန်းသိမ်းရေးစခန်း၌ မြန်မာအမျိုးသမီး ၁၀ ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးပေးရန် India for Myanmar တောင်းဆို
- မောင်တောမြို့ ဗုံးကြဲခံရမှု ကျောင်းသူ ၂ ဦး ဒဏ်ရာရ
- ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မု_ဒိ_မ်းကျ_င့်ပြီး သတ်ခံရ
- စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအကူအညီလိုအပ်
- သထုံမြို့နယ်တွင် စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမြွှာကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံး
- ပေါက်တောက သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို အမြန်ဆုံးဖမ်းပေးရန် နစ်နာသူမိသားစု တောင်းဆို
- ကျောက်တော်မှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရသည့်ကလေးမိခင် အဆိပ်သောက်သေဆုံး
- ငါးသိုင်းချောင်းတွင် အမျိုးသမီးများ အပါအဝင် ရိုဟင်ဂျာ ၁၄ ဦး ဖမ်းဆီးခံရ
- မြန်မာ့ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း ဦးကျော်မိုးထွန်း လုံခြုံရေးကောင်စီ၌ ပြော
- ချင်းမိုင်မှာခွင့်ပြုချက်မရှိဘဲဧည့်လမ်းညွှန်လုပ်နေတယ်ဆိုပြီးမြန်မာအမျိုးသမီးအဖမ်းခံရ
ပဋိပက္ခကာလအတွင်း မြန်မာမှာ အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိ
Source – ကန္တရဝတီ
ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊ အဲ့ဒီနှုန်းက အမျိုးသားတွေထက် နှစ်ဆနီးပါး ပိုများတယ်လို့ UNDP နဲ့ UN Women တို့ရဲ့ အစီရင်ခံစာ သစ်အရ တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်ခံ စီးပွားရေးအခြေအနေကြောင့် အမျိုးသမီး (၁၀) ဦးမှာ (၄) ဦးက ဝင်ငွေ လုံးဝမရှိကြောင်း အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေ အလုပ်မလုပ်ကိုင်ရခြင်းရဲ့ အဓိကအကြောင်းရင်းက အမျိုးသမီး (၁၀) ယောက် မှာ (၈) ယောက် နီးပါးက အိမ်တွင်းရေးရာ ပြုစုစောင့်ရှောက်မှုတာဝန်တွေ လုပ်ကိုင်ရတာကြောင့်ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ အမျိုးသမီး အလုပ်အကိုင်ရရှိမှုနှုန်းက (၆၂) ရာခိုင်နှုန်း ကျဆင်းသွားပြီး အမျိုးသားများအလုပ်အကိုင်ရရှိမှုကတော့ (၈၂) ရာခိုင်နှုန်း ရှိတယ်လို့လည်း ဖော်ပြပါတယ်။ အလားတူ ကရင်နီပြည်မှာ အမျိုးသမီး (၃၈) ရာခိုင်နှုန်းပဲ ဝင်ငွေရ အလုပ်လုပ်ကိုင်ကြပြီး အမျိုးသားတွေက (၆၇) ရာခိုင်နှုန်းရှိတယ်လို့လည်း ဆိုပါတယ်။
ရေဖြူတွင် အမျိုးသမီးတစ်ဦး အရပ်လက်သည်ဖြင့် ကလေးမွေးဖွားရာမှ သေဆုံး
Source – Dawei Watch
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရပ်လက်သည်ဖြင့် ကလေးမွေးဖွားရာမှ သေဆုံးခဲ့ကြောင်း ဆွေမျိုးနီးစပ်သူများနှင့် ဒေသခံများထံမှသိရသည်။
အသက် ၂၈ နှစ်အရွယ် ယင်းအမျိုးသမီးမှာ ဇွန်လ ၈ ရက်နေ့က ဗိုက်နာလာ၍ အရပ်လက်သည်နှင့် ရွာမှာပင် ကလေး မွေးဖွားခဲ့ကြောင်း၊ ကလေးထွက်လာပြီး အချင်းကျန်နေခြင်းကြောင့် ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း လမ်းမှာပင် သေဆုံးသွားကြောင်း ဆွေမျိုးနီးစပ်တော်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ကလေးက ထွက်ပြီးပြီ ယောကျ်ားလေး၊ အချင်းက ကျမလာဘူး၊ အဲဒီမှာ မောင်းမကန်က အရေးပေါ်ကား ခေါ်ပြီး ဆေးရုံကိုပြေးတယ်၊ လမ်းမှာပဲ အခြေအနေမကောင်းတော့ပဲ ဆုံးသွားတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
မိခင်မှာ သေဆုံးသွားသော်လည်း ကလေးမှာ ကျန်းကျန်းမာမာဖြင့် အသက်ရှင်ကျန်ခဲ့ကြောင်း သိရသည်။
သေဆုံးသည့်အမျိုးသမီးမှာ ထားဝယ်မြို့ရှိ ဆေးရုံတစ်ရုံတွင် ကိုယ်ဝန်အပ်နှံပြသထားပြီး ကလေးမှာလည်း ကျန်းမာရေးကောင်းကြောင်း၊ ၎င်းကိုယ်ဝန်မှာ မေလ နောက်ဆုံးပတ်တွင် လစေ့မည်ဖြစ်၍ ယင်းမတိုင်မီ ကြိုတင်ဆေးရုံတက်ရန်နှင့် အရေးပေါ်ဗိုက်နာပါကလည်း ချက်ချင်းဆေးရုံသို့လာရန် ဆရာဝန်က မှာကြားထားကြောင်း ဆွေမျိုးနီးစပ်သူက ဆိုသည်။
သို့သော် အဆိုပါအမျိုးသမီးမှာ စီးပွားရေးအဆင်မပြေခြင်းနှင့် ဆေးရုံဆေးခန်း ကြောက်ရွံ့ခြင်းတို့ကြောင့် ကိုယ်ဝန်အပ်ထားသည့် ထားဝယ်မြို့ရှိ ဆေးရုံတွင် သွားရောက်ပြသခြင်းမရှိဘဲ အရပ်လက်သည်ဖြင့် ရွာမှာမွေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းကပြောသည်။
“သူ့မိသားစုတွေက တိုက်တွန်းသေးတယ် ထားဝယ်သွားမွေးဖို့၊ အဓိက ငွေကြေးပေါ့၊ ဆေးရုံသွားမွေးရင် အနည်းဆုံးသိန်း ၃၀ လောက်ရှာထားမှရမယ်၊ အာထရာဆောင်း (Ultrasound) အဖြေတွေအရ ကလေးကလည်း ကျန်းမာတယ်၊ မွေးလမ်းကြောင်းလည်း ကောင်းတယ်ဆိုတော့ ဒါကြောင့်မို့ အရပ်လက်သည်နဲ့မွေးဖို့ သူဆုံးဖြတ်လိုက်ပုံရတယ်၊ ကျွန်မတို့ဒေသမှာလည်း သားဖွားဆရာမဆိုတာတွေကလည်း မရှိတော့ဘူးဆိုတော့” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ရေဖြူမြို့နယ်ရှိ နဘုလယ်တိုက်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရခန့် အရန်သားဖွားနှင့် သားဖွားဆရာမများ မရှိတော့ခြင်းကြောင့် ချို့တဲ့သည့်ဒေသခံများမှာ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှု မခံယူနိုင်ခြင်းနှင့် ဆေးရုံဆေးခန်းသို့ မသွားရောက်နိုင်ဘဲ အရပ်လက်သည်များကို အားကိုး၍သာ မွေးဖွားခဲ့ကြရကြောင်း နဘုလယ်ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
အိမ်တွင် အရပ်လက်သည်ဖြင့် ကလေးမွေးဖွားခြင်းသည် မိခင်ရောကလေးပါ အသက်ဆုံးရှုံးနိုင်ပြီး သွေးသွန်ခြင်း၊ ပြင်းထန်စွာပိုးဝင်ခြင်းနှင့် မွေးလမ်းကြောင်းစုတ်ပြဲခြင်း၊ အချင်းကျန်ခဲ့ခြင်းစသည့် ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ထားဝယ်မြို့ ပုဂ္ဂလိကဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“အချင်းကပ်နေမှန်းသိရင် ဆေးရုံမှာဆိုရင် အရေးပေါ်ခွဲရတယ်၊ ကလေးအတွက်ရော မိခင်အတွက်ရော အဓိက ကလေးရှင်သန်ဖို့ အခွင့်အရေးနည်းတယ်” ဟု အထက်ပါကျန်းမာရေးဝန်ထမ်းက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနသည်လည်း ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားချိန် အန္တရာယ်လက္ခဏာများနှင့်ပတ်သက်ပြီး မိခင်သည် ရေမြွာပေါက်ပြီး ၆ နာရီကြာသည့်တိုင်အောင် ဗိုက်မနာလျှင်သော်လည်းကောင်း၊ ဗိုက်နာခြင်း ၁၂ နာရီကျော်သည်အထိ မမွေးလျှင်သော်လည်းကောင်း၊ မွေးပြီးသွေးဆင်းလျှင် (သို့မဟုတ်) ၅ မိနစ်အတွင်း အောက်ခံပစ္စည်းအဝတ်တွင် သွေးများရွှဲနစ်နေလျှင်သော်လည်းကောင်း၊ ကလေးထွက်ပြီး တစ်နာရီကျော်သည်အထိ အချင်းမကျသည့် အခြေအနေများ ဖြစ်ပေါ်လာပါက ဆေးရုံဆေးခန်း နှင့် ကျန်းမာရေးဌာနများသို့ အရေးပေါ်ပို့ဆောင်ကုသရမည်ဟု လမ်းညွှန်ထားသည်။
အာသံရှိ ထိန်းသိမ်းရေးစခန်း၌ မြန်မာအမျိုးသမီး ၁၀ ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးပေးရန် India for Myanmar တောင်းဆို
Source – Mizzima
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတခုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာပြီးနောက် ဖြစ်စဉ်အပေါ် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးဖို့ India for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
အာသံပြည်နယ်၊ မာသီယာ (Matia) ထိန်းသိမ်းစခန်းရှိ အမျိုးသမီး ၈၀ ဦးအနက် မြန်မာအမျိုးသမီး ၁၀ ဦးကို ဇွန်လ ၂၂ ရက်နေ့က သီးသန့်ခွဲထုတ်ကာ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
စခန်းရဲ့ ဒု-လက်ထောက်တာဝန်ခံ Mr. Shantanu Deep ရဲ့ ညွှန်ကြားချက်အရဟုဆိုကာ ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်စဉ် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ထိတွေ့ကိုင်တွယ်မှု ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မာသီယာ ထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသား ၃၂ ဦး ထိန်းသိမ်းခံထားရပြီး၊ ၎င်းတို့ဟာ ၂၀၂၁ ခုနှစ်အတွင်း နယူးဒေလီမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားဖို့ သွားရောက်စဉ် လမ်းခရီးမှာ တရားဝင်အထောက်အထား မရှိတဲ့အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
မောင်တောမြို့ ဗုံးကြဲခံရမှု ကျောင်းသူ ၂ ဦး ဒဏ်ရာရ
Source – DMG
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင် – ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ မောင်တောမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန် ၂၄ ရက်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၁၈ နှစ်နဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဟာ မောင်တောမြို့၊ အောင်မြေဗောဓိရပ်ကွက် (ရပ်ကွက် ၇) ရှိ နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်းအနီး အနောက်ဘက်ကို ကျရောက်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဝင်းအတွင်းရှိ အဆောင်အချို့ ထိခိုက်ပျက်စီးသွားတဲ့အပြင် ဗုံးဆန်အစအနတွေ ကျရောက်ကာ ၁၂ တန်း ကျောင်းသူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာ ဗုံးကြဲခံရမှုဖြစ်စဉ်ကြောင့် ဒေသခံတွေဟာ စိုးရိမ်စိတ်မြင့်တက်နေကြတယ်လို့သိရပါတယ်။
ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မု_ဒိ_မ်းကျ_င့်ပြီး သတ်ခံရ
Source – Dawei Watch
ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးကျေးရွာမှာ ဇွန်လ ၂၃ ရက်နေ့က အသက် ၁၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးကို ခဲလုပ်သားက မု_ဒိ_မ်းကျ_င့်ပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
မိန်းကလေးမှာ ကိုယ်ဝန် ၈ လဝန်းကျင်ရှိပြီဖြစ်ပြီး တောင်သုံးလုံးရွာ ဟိန္ဒားတံတားထိပ်ရှိ လမ်းဘေးမှာ ဖုန်းပြောနေချိန် အသက် ၁၉ နှစ်အရွယ် ခဲလုပ်သားက မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ မိန်းကလေးငယ်အား မု_ဒိ_မ်းကျ_င့်သူမှာ နှစ်ဦးဖြစ်ပြီး လက်ရှိမှာ တစ်ဦးကို ဖမ်းမိထားတယ်လို့ ထားဝယ်အရှေ့တောမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအကူအညီလိုအပ်
Source – Kachin New Group
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီက သိရပါတယ်။
အထူးသဖြင့် အင်းတော်ကြီး၊ ဖားကန့်နဲ့ မြစ်ကြီးနားမြို့နယ်ထဲက မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသ တွေမှာ တိမ်းရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အရေးပေါ်ဖျားနာတဲ့အခါ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကလေးမွေးဖွားဖို့နဲ့ အရေးပေါ်ဖျားနာတဲ့အချိန်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေမရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
လတ်တလော မြစ်ကြီးနားမြို့ပြင် ဧရာဝတီမြစ်ကမ်းဘေးက တာလောကြီး၊ ရေကြည်၊ တာပတောင်းနဲ့ ဟိုကပ် စတဲ့ ပြန်လည်နေရာချထားရေးစခန်းတွေနဲ့ နေရပ်ပြန်ကျေးရွာတွေမှာ ဆေးပေးခန်းတွေရှိပေမဲ့ ဆေးဝါးမလုံလောက်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တာလောကြီးနဲ့ တာပတောင်းဘက်ကနေ ဝိုင်းမော်–မြစ်ကြီးနားသွားတဲ့ လမ်းပိုင်းကိုလည်း ရက်နဲ့အချိန် ကန့်သတ်ပြီးသာ ဖွင့်ပေးထားတာကြောင့် ဖျားနာလာတဲ့အခါ မြို့ပေါ်ကို သွားရောက် ကုသဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
အလားတူ အင်းတော်ကြီးအနောက်ဘက်ခြမ်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာလည်း မိုးရာသီကာလဖြစ်တာကြောင့် ဖျားတာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေအဖြစ်များနေပေမယ့် ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
သထုံမြို့နယ်တွင် စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမြွှာကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံး
Source – CJ Platform
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အမြွှာကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ၊ အခြားအရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU-ဗဟိုက ဇွန်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
သထုံမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာအတွင်းသို့ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ ညနေ က စစ်အုပ်စုရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ (၃) က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပဏ္ဍိကုန်းကျေးရွာနေ ကိုငယ်ရဲ့ နေအိမ် ထိမှန်မီးလောင် ပျက်စီးခဲ့ပြီး၊ ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ဇင်မာစိုးမှာ လက်နက်ကြီးကျည်စ ထိမှန်ကာ နေရာတင် သေဆုံးခဲ့ရပါတယ်။
သေဆုံးသွားသူ ဒေါ်ဇင်မာစိုးဟာ ကိုယ်ဝန် ၇ လရှိသူ ဖြစ်ပြီး၊ ဝမ်းဗိုက်အတွင်းက အမြွှာသမီးငယ် ၂ ဦးပါ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အဆိုပါကျေးရွာက အသက် Lazy-32 နှစ်အရွယ် ကိုမောင်လေးမှာ ဘယ်ဘက်ပေါင်တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး၊ သမီးဖြစ်သူ မိစနေ (အသက် ၁၁ နှစ်) မှာလည်း လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ရသလို၊ အခြားသမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မိယွန်းမှာလည်း ကျောပြင်မှာ လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပေါက်တောက သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို အမြန်ဆုံးဖမ်းပေးရန် နစ်နာသူမိသားစု တောင်းဆို
Source – DMG
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်သူ လွတ်မြောက်နေဆဲဖြစ်တဲ့အတွက် အမြန်ဆုံး ဖမ်းဆီးအရေးယူပေးဖို့ နစ်နာသူမိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
အမှုမှာ လေးလခန့်ကြာမြင့်လာပြီဖြစ်ကာ ကျူးလွန်သူကို ဖမ်းဆီးပေးရန် ဒီလပ်အဖွဲ့ထံ ထပ်မံ တောင်းဆိုထားသော်လည်း ယနေ့အထိ ရှာဖွေစစ်ဆေးမှု တစ်စုံတစ်ရာမရှိသေးဘူးလို့ နစ်နာသူ မိသားစုဝင်ကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူချေကျေးရွာမှ အသက် (၈) နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဆိုသူက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ကျူးလွန်သူမှာ ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာမှ အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဖြစ်ပြီး ၎င်းအား ပြစ်မှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ဒီလပ်အဖွဲ့၏ ပေါ့ဆမှုကြောင့် လွတ်မြောက်သွားသည်ကာ ယနေ့ထိ ပြန်လည်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ကျောက်တော်မှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရသည့်ကလေးမိခင် အဆိပ်သောက်သေဆုံး
Source – နိရဥ္စရာ
ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရတဲ့ အသက် ၃ဝ ကျော်အရွယ် ကလေးမိခင်တစ်ဦးဟာ ဓားပြတိုက်ခံရပြီးနောက် တစ်နှစ်ခန့်အကြာမှာ အဆိပ်သောက်သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ သေဆုံးသွားသူမှာ နို့စို့ကလေးတစ်ဦးအပါအဝင် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။
ကွမ်းအုံချောင်းရွာရှိ နေအိမ်ကို ပြီးခဲ့တဲ့ ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ မှာ ဝင်ရောက် ဓားပြတိုက်သွားခဲ့တာ ဖြစ်ပါတယ်။
ဓားပြတိုက်ခံရမှုကြောင့် ရွှေ ၁ဝ ကျပ်ကျော်နဲ့ ငွေသားအချို့လည်း ပါသွားပြီး အဆိပ်သောက်သေဆုံး သွားခဲ့တဲ့ အမျိုးသမီးရဲ့ လက်တစ်ဘက်မှာ ပြတ်ရှဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့သိရပါတယ်။
ဓားပြတိုက်မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးသွားတဲ့ ရွှေနဲ့ငွေသားတွေကိုလည်း လက်ရှိအချိန်ထိ ပြန်မရသေးသလို ကျူးလွန်သူတွေကိုလည်း ဖမ်းမမိသေးဘူးလို့သိရပါတယ်။
ငါးသိုင်းချောင်းတွင် အမျိုးသမီးများ အပါအဝင် ရိုဟင်ဂျာ ၁၄ ဦး ဖမ်းဆီးခံရ
Source – DVB
·ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာ စစ်ဆေးရေးဂိတ်အနီးမှာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၄ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၂၃ ရက် ညက ဧရာဝတီတိုင်းထဲကို ခြေလျင်ဝင်ရောက်လာတဲ့ မိန်းကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၁၄ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ရေနံသာ စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၄ ယောက်ထဲမှာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၆ ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က လာသူတွေလို့ သိရပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း ဦးကျော်မိုးထွန်း လုံခြုံရေးကောင်စီ၌ ပြော
Source – Mizzima
အမျိုးသမီးတွေရဲ့ ပဋိပက္ခကာကွယ်ရေး၊ ဖြေရှင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ အပြည့်အဝ၊ တန်းတူညီမျှ၊ အဓိပ္ပာယ်ရှိစွာနှင့် လုံခြုံစွာ ပါဝင်နိုင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဆက်လက်ထောက်ခံကြောင်း ဇွန် ၁၈ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နှစ်စဉ် open debate (အဖွင့်ဆွေးနွေးပွဲ) မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။
OCHA အပါအဝင် ယုံကြည်စိတ်ချရသော အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာရသူ ၃ ဒသမ ၆ သန်းကျော်ရှိပြီး လူဦးရေ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ ကြောင်း၊ ထိုအထဲမှ ၁၆ ဒသမ ၂ သန်းမှာ အရေးပေါ်အကူအညီ လိုအပ်နေသူများဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။ ထိုအထဲတွင် အမျိုးသမီးနှင့် မိန်းကလေး ၁၀ ဒသမ ၄ သန်း၊ ကလေးသူငယ် ၆ ဒသမ ၃ သန်းကျော် ပါဝင်ကြောင်းလည်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနှင့်ဆက်စပ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို စစ်လက်နက်တခုအဖြစ် စစ်တပ်(စစ်အုပ်စုတပ်)က အသုံးပြုနေကြောင်း၊ မုဒိန်းမှု၊ အုပ်စုဖွဲ့ မုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှု ၉၀၀ ကျော် မှတ်တမ်းတင်ထားကြောင်း ဦးကျော်မိုးထွန်း က ပြောသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ တလတည်းမှာအမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး အများစုမှာ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဖြစ်ပြီး မိန်းကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအပါအဝင် အမျိုးသမီး ၆၆ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
စစ်အုပ်စုရဲ့ လူသားချင်းစာနာမှုအကူအညီ ပိတ်ဆို့မှုတွေနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေကို ပစ်မှတ်ထားဖျက်ဆီးမှုကြောင့် ပဋိပက္ခဒေသများရှိ မိခင်ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲလာပြီး အမျိုးသမီးများနဲ့ မိန်းကလေးတွေကို ပိုမိုထိခိုက်စေတယ်လို့ ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။
သို့သော် မြန်မာအမျိုးသမီးတွေရဲ့ ဇာတ်ကြောင်းဟာ သားကောင်အဖြစ်သာ မဟုတ်ဘဲ မယိုင်မလဲ ရပ်တည်နိုင်တဲ့ ကြံ့ခိုင်မှုရဲ့သက်သေဖြစ်တယ်လို့သူကဆိုပါတယ်။
လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ နောက်မဆုတ်ဘဲ ဒီမိုကရေစီတော်လှန်ရေးရဲ့ ရှေ့တန်းအင်အားစုများအဖြစ် ရပ်တည်နေတယ်လို့ ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။
ချင်းမိုင်မှာခွင့်ပြုချက်မရှိဘဲဧည့်လမ်းညွှန်လုပ်နေတယ်ဆိုပြီးမြန်မာအမျိုးသမီးအဖမ်းခံရ
Source – People’s Spring
ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ဧည့်လမ်းညွှန် အလုပ်ဟာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့် သတ်မှတ်ထားပြီး ထိုင်းရောက် နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်း အမျိုးအစားမှာ မပါဝင်ပါဘူး။
ကမ္ဘာလှည့် ခရီးသွား ဧည့်လမ်းညွှန် လုပ်ငန်းခွင်ထဲကို တရားဝင် လိုင်စင်မရှိတဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံသား ဧည့်လမ်းညွှန်တွေ နစ်နာနေပါတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် ထိုင်းကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ၊ အာဏာပိုင်တွေ ပူးပေါင်းပြီး စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတွေက မြန်မာဘာသာနဲ့ ဖွင့်လှစ်ထားတဲ့ သံသယဖြစ်စရာ ဧည့်လမ်းညွှန် Facebook စာမျက်နှာတွေကို ခြေရာခံ စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတွေဟာ အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ သံသယရှိသူ မြန်မာ အမျိုးသမီးတစ်ဦးရဲ့ နေ့စဉ် လှုပ်ရှားသွားလာမှုတွေကို စောင့်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ အမျိုးသမီးဟာ ဧည့်လမ်းညွှန်အဖြစ် တရားမဝင် လုပ်ကိုင်နေတာ သေချာကြောင်း နေ့တစ်ဝက်စာလောက် သက်သေ အထောက်အထားတွေ စုဆောင်းပြီးတဲ့ အခါမှာတော့ ချင်းမိုင်မှာရှိတဲ့ ဝတ်ဖရာသက် ဒွိုင်ဆူသပ်မှာ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။သူဟာမြန်မာနိုင်ငံသား ခရီးသွား ဧည့်သည်တချို့ကို ဦးဆောင်ပြီး လည်ပတ်စရာ နေရာတွေကို လိုက်လံ ပို့ဆောင်ပေးနေတုန်း အဖမ်းခံခဲ့ရတာပါ။
ဖမ်းဆီးရမိသူဟာ Facebook စာမျက်နှာတစ်ခုကိုဖွင့်ထားပြီးချင်းမိုင်တဝိုက်မှာရှိတဲ့ လည်ပတ်စရာ နေရာတချို့ကို လိုက်လံ ပြသပေးမယ်လို့ ကြေညာထားကြောင်း ရဲတွေက ပြောပါတယ်။
အဲဒီအတွက် သူဟာ ခရီးစဉ် တစ်ခုကနေ ဘတ် ၄,၀၀၀ နဲ့ ၅.၀၀၀ ကြားလောက် ရလေ့ရှိတယ်လို့လည်း သိရပါတယ်။
ဖမ်းမိထားတဲ့ အမျိုးသမီးကို လိုင်စင်မဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ထူထောင်မှု၊ နိုင်ငံခြားသားတွေ အတွက် ကန့်သတ်ထားတဲ့ အလုပ်အကိုင်မျိုး လုပ်ကိုင်မှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ ရဲတွေက ပြောပါတယ်။











