စစ်ဇုန်ပြင်ပမှာလည်း မလုံခြုံတဲ့ ကလေးဘဝတွေ
ယုဇနကိုကို၊ ဒေဝီ
စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ပျောက်ဆုံးမှု၊ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးအကြပ်အတည်းတွေကြောင့် မိသားစုဘဝရပ်တည်ရေးအတွက် ဝင်ငွေရလမ်း မသေချာတော့တဲ့ မိဘတချို့ဟာ ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာဖွေ ကြရပါတယ်။
လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေ ယိုယွင်းလာနေတဲ့ အခြေအနေအောက်မှာ အရွယ်မရောက်သေးတဲ့ သားသမီးတွေကို ကိုယ်နဲ့အတူ ရင်အုပ်မကွာထားနိုင်ဖို့က မြန်မာပြည်က မိဘအများစုအတွက် ပိုမိုခက်ခဲလာနေပါတယ်။
ကလေးသူငယ်ပျောက်ဆုံးမှု၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် မုဒိမ်းကျူးလွန်မှုနဲ့ စာသင်ကျောင်း အပါအဝင် နေရာအနှံ့မှာ လိင်အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ အခြေအနေတွေကြားမှာ ၅ နှစ်အရွယ် သမီးဖြစ်သူကို သက်ကြီးရွယ်အို အဖိုးအဖွားတွေနဲ့ ထားခဲ့ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရတဲ့ မချိုလဲ့တို့ ဇနီးမောင်နှံဟာလည်း အဲဒီလို မိဘတွေထဲ အပါအဝင်ပါ။
ရန်ကုန်မှာ ကျန်နေခဲ့တဲ့ သမီးရဲ့လုံခြုံရေးကို ပိုမိုစိုးရိမ်လာစေတဲ့ ဖြစ်ရပ်တခုကိုလည်း မကြာသေးခင်က သူတို့ကြုံခဲ့ရ ပါတယ်။
အဲဒါကတော့ မချိုလဲ့ရဲ့ ၅ နှစ်အရွယ် သမီးတက်ရောက်နေတဲ့ စာသင်ကျောင်းက ကလေးငယ်တဦးကို သူ့မိသားစုဝင် တဦးက မုဒိမ်းကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ပါ။
အဲဒီကလေးငယ်ဟာ သူ့နေအိမ်မှာပဲ ဦးလေးအရင်းဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုကို ခံခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် မြန်မာနိုင်ငံမှာကျန်နေခဲ့တဲ့ သမီးအတွက် မချိုလဲ့ဟာ အမြဲစိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။
“သက်ငယ်မုဒိမ်းဆိုတာ မိခင်တယောက်အနေနဲ့ ဘယ်လိုမှ မကြားချင်ဆုံး စကားလုံးတခုပါပဲ၊ နေ့တိုင်း ဘုရားဆီ ဆုတောင်း ပြီး သမီးလေးကို အဝေးကပဲ စောင့်ရှောက်နေရတယ်၊ သမီးဆီ အမြန်ပြန်ပြီး အနီးကပ်စောင့်ရှောက်ချင်တယ်” လို့ မချိုလဲ့ က ပြောပါတယ်။
ဒီလို ပူပင်မှုနဲ့ စိုးရိမ်မှုတွေကို ကြုံနေရတာ မချိုလဲ့လို မိခင်တယောက်တည်း မဟုတ်ပါဘူး။
ပြည်ပထွက်ခွာ အလုပ်မလုပ်နေပေမယ့် စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုတွေအောက်မှာ နေထိုင်နေရတဲ့ မိခင်တွေဟာ သူတို့ကိုယ်တိုင် မလုံခြုံတဲ့ကြားကနေ ကလေးတွေရဲ့ လုံခြုံရေးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကနေ ကာကွယ်နိုင် ဖို့ နေ့စဉ်ကြိုးစားနေကြရပါတယ်။
အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးသူတွေအပေါ် မုဒိမ်းကျူးလွန်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ၊ တော်လှန်ရေးအင်အားစု စိုးမိုးရာဒေသတွေ၊ ပဋိပက္ခဒေသတွေမှာသာ မဟုတ်ဘဲ စစ်ကောင်စီအုပ်ချုပ်ရာ မြို့ပြဒေသတွေ မှာပါ မြင့်တက်လာနေပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ DVB သတင်းအရ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေကို အခြေခံပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း မုဒိမ်းမှု ၃,၈၃၉ မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲက ထက်ဝက်နီးပါးဟာ ကလေးသူငယ်တွေအပေါ် ကျူးလွန်ထားတဲ့အမှုတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမရှိတဲ့ မြို့ပြဒေသတွေမှာတောင် ကလေးတွေရဲ့ လုံခြုံရေးဟာ ပဋိပက္ခဒေသက ကလေးတွေနဲ့ မခြား စိုးရိမ်စရာ ဖြစ်နေဆဲပါ။
ကလေးတွေကျူးလွန်ခံရတဲ့ မုဒိမ်းမှု၊ သတ်ဖြတ်ခံရမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံကြရတဲ့ အရေအတွက်ဟာ အရင်တုန်းကတည်းက ရှိနေခဲ့တာဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပိုမိုများပြား လာတယ်လို့ အမျိုးသမီး အရေးနဲ့ ကလေးသူငယ်အခွင့်အရေးဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှား သူတွေဆီက စုံစမ်းသိရှိရပါတယ်။
Sisters2Sisters ဦးဆောင်အဖွဲ့ဝင် သဉ္ဇာရွှန်းလဲ့ရည်ကတော့ လက်ရှိအခြေအနေမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ သက်ငယ်မုဒိမ်းမှုတွေကို ကျူးလွန်သူတွေ ပိုမိုအတင့်ရဲလာတယ်လို့ သုံးသပ်ပါတယ်။
“ဒီလိုဖြစ်စဉ်တော်တော်များများက ဆိုရှယ်မီဒီယာပေါ် ရောက်လာမှသာ လူအများသိကြတာ၊ မသိလိုက်ဘဲ ပျောက်သွားတဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိတယ်” လို့ သူကပြောပါတယ်။
စစ်ဇုန်တွေဖြစ်တဲ့ တော်လှန်ရေးနယ်မြေတွေမှာ အရေးယူနိုင်တဲ့ ယန္တရားတွေ အားမကောင်းသလို၊ စစ်အုပ်စု ကြီးစိုးတဲ့ ဒေသတွေမှာလည်း အရေးတယူမပြုတဲ့အခါ ပြည်သူတွေက ပိုပြီး နစ်နာမှု၊ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေ ခံစားရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က တာဝန်ရှိသူတဦးဖြစ်တဲ့ မဖိုးဒါးက “ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ သက်ငယ်မုဒိမ်းကျူးလွန်တဲ့ကိစ္စတွေက ၂၀၂၁ ခုနှစ် မတိုင်ခင်တည်းက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာရှိခဲ့တာ၊ တိုင်းရင်းသားဒေသတွေမှာလည်းရှိခဲ့ပေမယ့် အရင်ကတော့ ရွာဓလေ့၊ ရွာထုံးစံတွေနဲ့ပဲ ပြီးသွား ကြတာများတယ်” လို့ ဆိုပါတယ်။
ကလေးဘဝမှာ လိင်အကြမ်းဖက်မှုနဲ့ အမြတ်ထုတ်ခံခဲ့ရတဲ့ အမျိုးသမီးတချို့ဟာ ကိုယ်တိုင် မိခင်ဖြစ်လာတဲ့အခါ စစ်တပ် လက်အောက်မှာ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုတွေ နေ့စဉ်ကြုံနေရတဲ့ အခြေအနေကြောင့် သူတို့ရဲ့စိုးရိမ်မှုတွေ ပိုမိုတိုးလာတယ်လို့ ပြောကြပါတယ်။
ကလေးဘဝက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို ကိုယ်တိုင်ကြုံခဲ့ရဖူးတဲ့ ရန်ကုန်မြို့နေ မိခင်တဦး မကေက “ကလေးတွေကို လိင်အကြမ်းဖက်သူတွေဟာ သူလိုကိုယ်လို လူတွေပါပဲ၊ ဘာမှ ထူးခြားမနေဘူး၊ မသိသာဘူး။ အခုလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ကာလမှာ ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာ၊ မိမိကိုယ်တိုင် ကာကွယ်ပါဆိုတဲ့စကားကိုပဲ လက်ကိုင်ထားရမှာ ပါ” လို့ ပြောပါတယ်။
HI – Honest Information က ဆက်သွယ်မေးမြန်းခဲ့တဲ့ မိခင်အများစုဟာ သူတို့ကိုယ်တိုင် ငယ်စဉ်က သက်ငယ်မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အမြတ်ထုတ်ခံရမှုတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသူတွေ ဖြစ်ပါတယ်။
“ကလေးဘဝက ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေကို ရှေးရိုးစွဲ လူမှုအသိုင်းအဝိုင်းကြောင့် ထုတ်မပြောနိုင်ခဲ့ ဘူး၊ ကျူးလွန်ခံရပေမယ့် ဒါကို ထုတ်ပြောရင် ရှက်စရာလို့ ထင်ခဲ့တယ်၊ အခုအချိန်မှာတော့ ကလေးတွေက သူတို့ကြုံလာ တာကို ထုတ်ဖော်ပြောဆိုလာရင်တောင် မိဘတွေက တရားမျှတမှုရအောင် လုပ်ပေးနိုင်မယ့် အခြေအနေမရှိတော့ဘူး၊ လက်ရှိ တရားရေးစနစ်က သုံးစားလို့မရတော့ဘူး” လို့ မသက်မွန်က ပြောပါတယ်။
သတင်းမီဒီယာစာမျက်နှာတွေမှာ မကြာခဏ တွေ့ရတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ကလေးတွေအပေါ် လိင်အကြမ်းဖက်မှု ဖြစ်စဉ်တွေကို ပိုမိုမြင်တွေ့နေရတာနဲ့အမျှ မြို့ပြနေမိဘတွေရဲ့ နေ့စဉ်စိုးရိမ်မှုလည်း တိုးလာနေပါတယ်။
“ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအပြင် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးကိုပါ ထည့်ပြောရမယ်ထင်ပါတယ်၊ ဥပဒေမဲ့ ပြုမူနေတဲ့လူတွေ အရမ်းများလာတာဖြစ်လို့ ကလေးတင်မက လူကြီးတွေလည်း နေရတာ မလုံခြုံပါဘူး” လို့ မကေက ပြောပါတယ်။
မြို့ပြမှာနေထိုင်တဲ့ ကလေးတွေတင်မက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရတဲ့ ကလေးတွေ၊ နယ်စပ်ဖြတ်ကျော်ပြီး အခြားနိုင်ငံတွေမှာ ခိုလှုံနေတဲ့ ကလေးတွေပါ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ကြုံတွေ့နေရတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
ရှေးရိုးစွဲ လူမှုအသိုင်းအဝိုင်းနဲ့ ဓလေ့ထုံးတမ်းတွေကြား ကြီးပြင်းလာရတဲ့ မြန်မာနိုင်ငံက မိခင်တချို့ဟာ ကလေးတွေကို ဘာသာရေးဆိုင်ရာ နေရာတွေကိုတောင် စိတ်ချလက်ချ မခေါ်သွားရဲတော့ဘူးလို့ ဆိုကြပါတယ်။
“အခုနောက်ပိုင်း ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်သူတွေထဲမှာ ဘာသာရေးခေါင်းဆောင်တွေ၊ ပရဟိတ ဗန်းပြလုပ်နေသူတွေလည်း ပါလာတာတွေ့ရတယ်၊ အဲ့ဒါကြောင့် ကလေးတွေကို ဘုန်းကြီးကျောင်းပို့ရင်တောင် မိဘအုပ်ထိန်းမှုနဲ့အတူပဲ ပို့ချင်တယ်” လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ သားသုံးဦးမိခင် မဝေဝေက ပြောပါတယ်။
သား၂ဦးဖခင်ဖြစ်တဲ့ ကိုစိုင်းကလည်း စာသင်ကျောင်းနဲ့ ဘာသာရေးပတ်ဝန်းကျင်တချို့မှာ ဖြစ်ပွားတဲ့ လိင်အကြမ်းဖက်မှု တွေကြောင့် ကလေးတွေကို မိဘအုပ်ထိန်းမှုကင်းတဲ့နေရာတွေကို ပို့ဖို့ စိတ်မချနိုင်ဘူးလို့ ဆိုပါတယ်။
“ကလေးတွေနဲ့ ထိတွေ့ရတဲ့ ဘယ်နေရာမဆို ဒီလိုအန္တရာယ် ရှိနိုင်တယ်၊ ကျနော့သားတွေကို ဘယ်သူ့လက်ထဲမဆို စိတ်ချလက်ချ မအပ်နိုင်ဘူး” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပန်းဘဲတန်းမြို့နယ်ရှိ ဘာသာရေးကျောင်းတခုမှာ ကျောင်းဆရာတဦးက ကျောင်းသားကလေးငယ် အချို့အပေါ် လိင်အကြမ်းဖက်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပြီး၊ ကျောင်းတွင်းခံဝန်နဲ့သာ ဖြစ်စဉ်ပြီးသွားသလိုရှိခဲ့ရာက လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာပြီးနောက်မှသာ အမှုဖွင့်တိုင်ကြားမှုတွေ လုပ်ခဲ့ရပါတယ်။
မြို့ပြနေမိဘတချို့နဲ့ မူကြိုကျောင်းဖွင့်လှစ်ထားတဲ့ ဆရာမတချို့ကတော့ ရန်ကုန်လို မြို့ကြီးတွေဟာ အရင်လို ပိုလုံခြုံတယ် ဆိုတဲ့ ယုံကြည်ချက် မရှိတော့ဘူးလို့ တညီတညွတ်တည်း ပြောကြပါတယ်။
ကျောင်းတွေ၊ ဘော်ဒါဆောင်တွေမှာ သင်ကြားပေးသူတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ ကျောင်းသားအချင်းချင်းကျူး လွန်တဲ့ ဖြစ်စဉ်တွေ ပိုမိုပေါ်ထွက်လာတဲ့အခါ မိဘတွေအတွက် စိတ်ချလက်ချထားဖို့ ပိုခက်ခဲလာနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး မကေက “တနေ့တခြား ဆိုးရွားဆုတ်ယုတ်လာတဲ့ လူမှုအဖွဲ့အစည်းမှာ ကြီးပြင်းလာရမယ့် ကလေးတွေ အတွက် အရမ်းကိုစိုးရိမ်မိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ပဲခူးတိုင်း မုက္ကလကျေးရွာမှာ ယာယီကျောင်းအုပ်ဆရာတဦးက အသက် ၄ နှစ်ကနေ ၇ နှစ် အတွင်းရှိ ကျောင်းသား ၄၈ ဦးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပါတယ်။
ရန်ကုန်မြို့က နာမည်ကြီး ဘော်ဒါကျောင်းတခုမှာလည်း ကျောင်းတည်ထောင်သူတွေက ကျောင်းသား၊ ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်တာ၊ လိင်ပိုင်းဆိုင်ရာထိပါးတဲ့ အပြုအမူ၊ အပြောအဆိုတွေ ပြုလုပ်ခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတွေ က ဖွင့်ဟထားပါတယ်။
အဲဒီဘော်ဒါကျောင်းမှာ တက်ရောက်ခဲ့ဖူးတဲ့ ကျောင်းသူဟောင်းတဦးကတော့ သူ အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်မှာ ဆရာတွေရဲ့ လိင်ပိုင်းဆိုင်ရာထိပါးတဲ့ စကားပြောဆိုမှုတွေကြောင့် ကျောင်းတက်နေစဉ်တလျှောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရခဲ့သလို အရွယ်ရောက်လာတဲ့အထိ စိတ်ဒဏ်ရာတွေ ကျန်ရှိနေဆဲလို့ ပြောပါတယ်။
ဆရာတချို့ဟာ ပစ်မှတ်ထားတဲ့ ကျောင်းသားတွေကို အရင်ဆုံး လှောင်ပြောင်အရှက်ခွဲလေ့ရှိတယ်လို့ သူက ပြောပါတယ်။ အဲဒီလို သီးခြားဖြစ်သွားတဲ့အခါ အခွင့်ကောင်းယူပြီး လိင်ပိုင်းဆိုင်ရာထိပါးမှုကနေ အကြမ်းဖက်မှုအထိ ကျူးလွန်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Human Rights Defender တဦးဖြစ်တဲ့ August Mon ကတော့ ကျောင်းတွေ၊ ကျူရှင်တွေမှာ ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအများစုဟာ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် ပိုများပြီး၊ ကျူးလွန်ခံရသူတွေက ဖွင့်ဟပြောဆိုဖို့ ခက်ခဲ တတ်တယ်လို့ ဆိုပါတယ်။
“သာမန်အခြေအနေမှာတောင် ဥပဒေအရ အရေးယူမှုအားနည်းတတ်တယ်၊ အခုလို အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေ လျော့ရဲလာပြီး တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းလာတဲ့အခါ အရေးယူမှုက ပိုပြီး ချို့ယွင်းလာတယ်” လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့က မူကြိုကျောင်းဆရာမတဦးဖြစ်တဲ့ မနန်းစုကလည်း လက်ရှိအခြေအနေမှာ ကလေးတွေကြုံရတဲ့ လိင်ပိုင်း ဆိုင်ရာအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့သာ ဦးစားပေးရမယ့်အချိန်လို့ ဆိုပါတယ်။
ဖြစ်ပြီးမှ တိုင်ကြားရင်တောင် တရားမျှတမှုရဖို့ မသေချာဘူး၊ တချို့ကျူးလွန်သူတွေက လက်လှမ်းမမီတဲ့သူတွေ ဖြစ်နေတတ်တဲ့အတွက် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်တာကိုပဲ ဦးစားပေးရမယ်လို့ သူက ပြောပါတယ်။
၂၀၁၉ ခုနှစ်၊ မေလအတွင်းက နေပြည်တော်က Wisdom Hill ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အသက် ၂ နှစ်အရွယ် ဗစ်တိုရီးယား (အမည်လွှဲ) ကလေးရဲ့ လိင်ပိုင်းဆိုင်ရာမတော်မတရားပြုကျင့်ခံရမှုဟာလည်း အမှုမှန်မပေါ်ဘဲ ပျောက်ကွယ်သွားခဲ့ ဖူးတာကြောင့်၊ အာဏာသိမ်းစစ်တပ်လက်အောက်မှာ ဒီလိုကိစ္စတွေအတွက် တရားမျှတမှုကို လုံးဝမျှော်လင့်လို့မရကြောင်း မိခင်တွေက ဆိုကြပါတယ်။
“တရားဥပဒေစိုးမိုးတယ်လို့ပြောလို့ရတဲ့ကာလဖြစ်တဲ့ ၂၀၁၉ ခုနှစ်ထဲမှာတောင် ဗစ်တိုးရီးယားလေးရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ကိစ္စကို မဖော်ထုတ်နိုင်ခဲ့ဘူးလေ၊ အာဏာရှင်ခေတ်မှာကျ ပိုပြီးစိုးရိမ်လာရတယ်၊ ကိုယ့်ကလေးကို ဘယ်သူက လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မလဲဆိုတာ” လို့ မဝေဝေက ဆိုပါတယ်။
ဥပဒေအရ အကာအကွယ်အားနည်းလာတဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ မိခင်တွေနဲ့ မူကြိုကျောင်းတွေက ကလေးတွေကို အသက်အရွယ်အလိုက် သိသင့်တဲ့ လိင်ပညာပေးအကြောင်းအရာတွေ သင်ကြားပေးလာရတယ်လို့ ဆိုကြပါတယ်။
“အသက် ၅ နှစ်အောက်ကလေးတွေဆိုရင် မထိသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ သူစိမ်းတွေ မထိရတဲ့ အကြောင်းတွေ ကို အဓိက သင်ပေးဖြစ်တယ်၊ အခုနောက်ပိုင်း မိဘတော်တော်များများနဲ့ မူကြိုကျောင်းတွေက ဒီလို ကြိုတင်ကာကွယ်ရေး ပညာပေးတွေကို ထည့်သွင်းသင်ကြားလာကြတယ်” လို့ မနန်းစုက ဆက်ပြောပါတယ်။
စစ်တပ်အုပ်ချုပ်မှုအောက်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတဲ့ အခြေအနေမှာ မိဘတွေအတွက် အားကိုးရဆုံး နည်းလမ်း ဟာ ဥပဒေမဟုတ်တော့ဘဲ ကလေးတွေကို ကိုယ်တိုင် သင်ကြားပေးထားတဲ့ ကာကွယ်ရေးအသိပညာပဲ ဖြစ်လာနေပါတယ်။
မကေက “မိဘတွေအနေနဲ့ ကလေးတွေကို အသက်အရွယ်အလိုက် လိင်ပညာပေး ကာကွယ်ရေးအကြောင်းတွေ ပြောပြ ထားသင့်တယ်၊ အဲ့ဒါမှ ဘယ်လိုအနေအထားမှာ အန္တရာယ်ရှိနေပြီ၊ ဘယ်အချိန်မှာ ထွက်ပြေးရမယ်၊ ဘယ်သူ့ကို အကူအညီ တောင်းရမယ်ဆိုတာ ကလေးတွေ သိလာမှာပါ” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်မတိုင်မီက ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ဖြစ်ပွားလာတဲ့အခါ ရပ်တည်ကူညီပေးခဲ့တဲ့ တက်ကြွလှုပ်ရှားအဖွဲ့အစည်းတချို့ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီအဖွဲ့အစည်းတချို့ဟာ စစ်ကောင်စီ ဖိနှိပ်မှုအောက်ကနေ ရှောင်တိမ်းနေရတာ၊ လုပ်ငန်းလည်ပတ်မှု ကန့်သတ်ခံရတာတွေကြောင့် ကလေးတွေအတွက် အကာအကွယ် ပိုမိုအားနည်းလာတယ်လို့ မိခင်တွေက ဆိုကြပါတယ်။
“အရင်က လိင်အကြမ်းဖက်မှုတွေ ဖြစ်လာရင် ထိထိရောက်ရောက် ကူညီပေးတဲ့အဖွဲ့တွေ ရှိတယ်၊ အခုတော့ အဲဒီ Activist တွေလည်း ရှောင်တိမ်းနေရတော့ တခုခုဖြစ်လာရင် ဘယ်သူ့ကို အကူအညီတောင်းရမလဲ မသိတော့ဘူး” လို့ မကေက ပြောပါတယ်။
စစ်တပ်ကထိန်းချုပ်နေတဲ့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာရှိတဲ့ အိမ်ခြေယာမဲ့ကလေးငယ်အများစုဟာ လိင်အကြမ်း ဖက်မှုကျူးလွန်သူတွေရဲ့ သားကောင်တွေဖြစ်လာတယ်လို့ ကလေးအခွင့်အရေးလုပ် ကိုင်နေတဲ့ တက်ကြွလှုပ်ရှားသူ အချို့က ဆိုကြပါတယ်။
တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးယန္တရား ပျက်စီးယိုယွင်းနေတဲ့ စစ်တပ်ထိန်းချုပ်မှုအောက်မှာ မိဘတွေအတွက် ကလေးတွေ ကို ကာကွယ်ဖို့ အားကိုးစရာနည်းလမ်းက ပိုမိုကျဉ်းမြောင်းလာပါတယ်။ မိဘတွေအများစုကတော့ ဥပဒေစနစ်ကို အားကိုး မရတော့တဲ့အတွက် ကလေးတွေကို ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အသက်အရွယ်အလိုက် လိင်ပညာပေးနဲ့ ကိုယ်ခံကာကွယ်ရေး အသိပညာတွေ သင်ပေးလာရတယ်လို့ ဆိုကြပါတယ်။
“တရားဥပဒေစိုးမိုးမှုမရှိတဲ့အောက်မှာနေရတာဖြစ်တဲ့အတွက် ကလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခံရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ့်ကလေးတွေ ကျူးလွန်မခံရအောင် အပြင် ကိုယ့်ကလေးတွေဟာ တချိန်မှာ ကျူးလွန်သူ မဖြစ်အောင်လည်း ကျမတို့ သင်ပေးနေရပါတယ်” လို့ အရွယ်မရောက်သေးတဲ့ သား ၃ဦး မိခင်ဖြစ်တဲ့ မဝေဝေက ပြောပါ တယ်။
ကလေးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်သူတွေက ရင်းနှီးသူတွေ၊ ဆွေမျိုးတွေ၊ ကလေးနဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်အသိုင်း အဝန်းက သူတွေဖြစ်တဲ့အတွက် ဘယ်သူနဲ့မဆို စိတ်ချလက်ချမထားသင့်တဲ့အပြင် ခေတ်စနစ်ဆိုးအောက်မှာ လူတွေ စီးပွားကြပ်တည်းပြီး စိတ်ထွက်ပေါက်အဖြစ်ကလေးတွေကို ပစ်မှတ်ထားကျူးလွန်တာတွေလည်းရှိတဲ့အတွက် ကိုယ်တိုင်ကာကွယ်မှသာ အန္တရာယ်တွေကကင်းဝေးမယ်လို့ မိဘတွေက ဆိုပါတယ်။
စစ်ဇုန်ပြင်ပ မြို့ပြဒေသတွေမှာ တိုက်ပွဲသံမကြားရပေမယ့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်ကတော့ နေ့စဉ်ဘဝထဲမှာ တိတ်တဆိတ်တိုးပွားလာနေပါတယ်။
အဲဒီလို အန္တရာယ်တွေကြားမှာ စားဝတ်နေရေးအတွက် မဖြစ်မနေ နေရပ်စွန့်ခွာ ဝင်ငွေရှာဖွေနေရတဲ့ မချိုလဲ့လို့ ဇနီးမောင်နှံ အပါအဝင် မိဘတွေအတွက် အခက်ခဲဆုံးမေးခွန်းကတော့ “ကိုယ့်ကလေးကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချထားနိုင်မလဲ” ဆိုတာပါပဲ။









