တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ ( မေလ ၃၀ ကနေ ဇွန်လ ၅ ရက်)
မေလ ၃၀ ကနေ ဇွန်လ ၅ ရက်အထိတပတ်တာအတွင်းအမျိုးသမီးဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅နှစ်တာကာလအတွင်း မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုပေါင်း ၃,၈၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ သတင်းတပုဒ်မှာ ထက်ဝက်နီးပါးက အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေဖြစ်နေ တယ်လို့ ဖော်ပြထားတဲ့သတင်းတပုဒ်ကတော့ ထူးခြားတဲ့သတင်းတပုဒ်ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို ခန့်အပ်တဲ့သတင်းတပုဒ်ကလည်း လူစိတ်ဝင်စားတဲ့သတင်းတပုဒ်ဖြစ်ပါတယ်။ စစ်အာဏာရှင် လက်ထက်အဆက်ဆက်မှာ ပြောရေးဆိုခွင့်ရှိသူဟာ အမျိုးသားတွေဖြစ်ခဲ့ပြီး၊ စစ်တပ်အလိုကျ ဝါဒဖြန့်ပေးခဲ့ကြပြီး၊ ဒီတကြိမ်ကတော့ အမျိုးသမီးကိုပထမဆုံးခန့်အပ်တာလည်း ဖြစ်ပါတယ်။
ဒီသတင်းတွေအပြင် သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ အခြားသော သတင်း (၈)ပုဒ်ကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြအပ်ပါတယ်။
- စစ်အာဏာသိမ်း ၅ နှစ်အတွင်း မုဒိမ်းမှု ၃,၈၀၀ ကျော်ဖြစ်ပြီး ထက်ဝက်ခန့်က သက်ငယ်မုဒိမ်းမှုဖြစ်
- ၃ နှစ်အတွင်း ထောင်တွင်းဆေးဝါးကုသခွင့်မရ၍ သေဆုံးသူနဲ့ သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၂၂၀ ကျော်ရှိဟု PPNM ထုတ်ပြန်
- ဆောမြို့မှာ အမျိုးသမီးတွေကို စစ်တပ် အကြမ်းဖက်ဖို့ ကြိုးစားနေ
- အင်းစိန်မှာ သုံးနှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ
- စစ်တပ် လက်ချက်ကြောင့် ၂ လအတွင်း ရခိုင်ပြည်သူ အမျိုးသမီးများအပါအဝင် ၉ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရ
- “81 for 81” ကမ်ပိန်းအတွက် ဒေါက်တာ မြင့်မိုရ်ဦး ၈၁ ကီလိုမီတာ ပြေးမည်
- အင်တာနက်တွင် လွတ်လပ်စွာ ပြောဆိုမှုကြောင့် အမျိုးသမီး ၁၁၀ ကျော် ဖမ်းဆီးခံရ
- စစ်အာဏာရှင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို ခန့်
စစ်အာဏာသိမ်း ၅ နှစ်အတွင်း မုဒိမ်းမှု ၃,၈၀၀ ကျော်ဖြစ်ပြီး ထက်ဝက်ခန့်က သက်ငယ်မုဒိမ်းမှုဖြစ်
Source – DVB
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ မုဒိမ်းမှုပေါင်း ၃,၈၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတဝန်း ၂၀၂၁ ခုနှစ်မှာ မုဒိမ်းမှု ၉၆၉ မှု၊ ၂၀၂၂ ခုနှစ်မှာ ၈၆၀ မှု၊ ၂၀၂၃ ခုနှစ်မှာ ၇၀၅ မှု၊ ၂၀၂၄ ခုနှစ်မှာ ၅၆၂ မှုနဲ့ ၂၀၂၅ ခုနှစ်မှာ ၇၄၃ မှု၊ စုစုပေါင်း ၃,၈၃၉ မှုအထိ ဖြစ်ပွားခဲ့တာပါ။
ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတွေရဲ့ ထက်ဝက်နီးပါးဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။
ဒါတွေကို လျှော့ချနိုင်ဖို့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးနိုင်တဲ့ တရားဥပဒေစိုးမိုးမှု ပေါ်ပေါက်ဖို့ လိုတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုတွေ ပိုမိုများပြားလာတာဟာ တရားဥပဒေစိုးမိုးမှု မရှိသလို ရှိနေတဲ့ တရားဥပဒေကလည်း အသက်မဝင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
၃ နှစ်အတွင်း ထောင်တွင်းဆေးဝါးကုသခွင့်မရ၍ သေဆုံးသူနဲ့ သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၂၂၀ ကျော်ရှိဟု PPNM ထုတ်ပြန်
Source – CJ Platform
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်တဲ့ ကာလအတွင်းအကျဉ်းထောင်အသီးသီးမှာ စစ်အုပ်စုနဲ့ အကျဉ်းဦးစီးဌာနတို့ရဲ့ မတရားဖိနှိပ်မှု၊ ဆေးဝါးကုသခွင့် မပေးမှုတွေနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၂၃ ဦး ရှိခဲ့တယ်လို့ အဲဒီအဖွဲ့က ဒီကနေ့ ဇွန် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
PPNM ၃ နှစ်ပြည့် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ ဖော်ထုတ်မှု မှတ်တမ်းအရ အကျဉ်းထောင်တွေအတွင်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မပေးခြင်း၊ ဆေးဝါးမရရှိခြင်းနဲ့ အချိန်နှောင့်နှေးခြင်းတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၄၈ ဦး ရှိခဲ့ကြောင်း သိရပါတယ်။
ထောင်တွင်း ဆေးဝါးကုသခွင့် မလုံလောက်မှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေထဲမှာ အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၁၉ ဦးနဲ့ LGBT တစ်ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုနဲ့ အကျဉ်းဦးစီးဌာနတို့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၅ ဦး ရှိခဲ့ပြီး၊ အဲဒီအထဲမှာ အမျိုးသား ၇၄ ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်လို့လည်း PPNM က ဖော်ပြထားပါတယ်။
တချိန်တည်းမှာ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ ငလျင်ဒဏ်ကြောင့် အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရသူတွေအနေနဲ့ အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၅၉ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ဆောမြို့မှာ အမျိုးသမီးတွေကို စစ်တပ် အကြမ်းဖက်ဖို့ ကြိုးစားနေ
Source – People’s Spring
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံအမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဇွန်လ ၁ရက်က စစ်တပ် တပ်ဖွဲ့ဝင်အချို့ဟာ မြို့ပေါ်မှာနေတဲ့ သားအမိနှစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြိုးပမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်းက တာဝန်ရှိသူတစ်ဦးက အသိပေးထားပါတယ်။
စစ်ကြောင်းထိုးရာ လမ်းပိုင်းအတွင်းက နေအိမ်တွေမှာ ချိတ်ဆွဲထားတဲ့ အမျိုးသမီးတွေရဲ့ဓာတ်ပုံတွေပေါ်မှာလည်း မဖွယ်မရာတွေ လုပ်သွားခဲ့တယ်လို့ ပြောထားပါတယ်။
ဆောမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးတပ်တွေ အသိပေးပါတယ်။
စစ်တပ်က ယောဒေသမှာ စစ်အင်အားတွေ တိုးချဲ့ထားသလို ယောဒေသကတဆင့် ချင်းပြည်နယ်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာပါ။
ဆော-ကန်ပက်လက်လမ်းနဲ့ ကျောက်ထု-မင်းတပ်လမ်းကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးဖို့ကြိုးပမ်းနေပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေပါတယ်။
အင်းစိန်မှာ သုံးနှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ
Source – CJ Platform
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်မှာ မေ ၂၉ရက်နေ့က အသက် (၃) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သူလို့ ဆိုသူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၈ရက်နေ့ ညပိုင်းက ကြို့ကုန်အနောက်ရပ်ကွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပန်းရံဆင်းသူ မိခင်နောက် လိုက်လာတဲ့ ကလေးငယ်ကို လုပ်ငန်းခွင်အတွင်းရှိ လုပ်သားတစ်ဦးဖြစ်သူ ကိုဇော်ဇော်အောင် (ခ) ပြောင်ကြီးက အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
အဓမ္မကျင့်ခံရပြီး ကလေးငယ် သေဆုံးသွားပြီးနောက် ကိုဇော်ဇော်အောင်ဟာ အလောင်းကို အထပ်သားပြားတွေ၊ ဘိလပ်မြေအိတ်ခွံတွေနဲ့ ဖုံးကာ ထွက်ပြေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုဇော်ဇော်အောင် (ခ) ပြောင်ကြီးကို အင်းစိန်မြို့မရဲစခန်း (ပ) ၅၀၅/၂၀၂၆၊ ပုဒ်မ ၃၀၂/၃၇၆ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စစ်တပ် လက်ချက်ကြောင့် ၂ လအတွင်း ရခိုင်ပြည်သူ အမျိုးသမီးများအပါအဝင် ၉ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရ
Source – DMG
၂၀၂၆ ခုနှစ် ဧပြီလနဲ့ မေလအတွင်း ရခိုင်ပြည်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရေယာဉ်တွေက ပစ်ခတ်မှုတို့ကြောင့် အရပ်သား သေဆုံးသူ ၉ ဦးနဲ့ ဒဏ်ရာရရှိသူ ၄၈ ဦး ရှိခဲ့တယ်လို့ရခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ (ARE) က ဇွန်လ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည် မြို့နယ် ၉ ခုအတွင်း လေကြောင်းတိုက်ခိုက်မှု၊ စစ်ရေယာဉ်တွေက လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှု စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် အရပ်သားများ သေဆုံးရတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ ၉ ဦးမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီး ၂ ဦး၊ အသက် ၁၈နှစ်နဲ့ ၆၀ ကြား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ အသက် ၆၀ နှစ်အထက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။
ဒဏ်ရာရရှိသူ ၄၈ ဦးမှာ အသက် ၁၈ နှစ်အောက် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး၊ အသက် ၁၈နှစ်မှ ၆၀ကြား အမျိုးသား ၂၂ ဦး သံဃာ ၂ ဦး အပါအဝင်)၊ အမျိုးသမီး ၅ ဦး၊ အသက် ၆၀ နဲ့ အထက် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။
“81 for 81” ကမ်ပိန်းအတွက် ဒေါက်တာ မြင့်မိုရ်ဦး ၈၁ ကီလိုမီတာ ပြေးမည်
Source – ဧရာဝတီ
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် “81 for 81” လှုပ်ရှားမှုမှာသရုပ်ဆောင် ဦးကျော်သူရဲ့ သမီးဖြစ်သူ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ ဒေါက်တာမြင့်မိုရ်ဦးက ၈၁ ကီလိုမီတာ ပြေးရင်းပါဝင်သွားမယ်လို့သိရပါတယ်။
“ အခုလာမယ့် တနင်္ဂနွေမှာ ၈၁ ကီလိုမီတာကို ၁ ရက်အတွင်းပြေးဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ထားပါတယ်။ Rouse Hill Regional Park မှာ မနက် ၈ နာရီလောက်ကနေ စရှိနေပါမယ်။ Park ထဲမှာ ပတ်ပြေးနေမှာဖြစ်တဲ့အတွက် ဝင်ရောက်ပြေးချင် လမ်းလျှောက်ချင်သူများလည်း လာရောက်နိုင်ကြောင်း ဖိတ်ခေါ်ပါတယ်၊ Kim Aris – Htein Linရဲ့ Global Proof of Life Challenge မှာ တနည်းတဟန်နဲ့ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” လို့သူကဆိုပါတယ်။
ဒေါက်တာမြင့်မိုရ်ဦးဟာ ၂၀၂၅ ဩဂုတ် ၃၀ရက်က ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ မာရသွန်ပွဲမှာ မြန်မာရင်ဖုံးအင်္ကျီနဲ့ ထမိန်ကိုဝတ်ဆင်ကာ ပြိုင်ပွဲဝင်ခဲ့ပြီး ဂင်းနစ်မှတ်တမ်းရေးထိုးနိုင်ခဲ့သူတဦးဖြစ်ပါတယ်။
အင်တာနက်တွင် လွတ်လပ်စွာ ပြောဆိုမှုကြောင့် အမျိုးသမီး ၁၁၀ ကျော် ဖမ်းဆီးခံရ
Source – Mizzima
အင်တာနက်၊ အွန်လိုင်းပေါ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် ၃၇၄ ဦး ဖမ်းဆီးထိန်းသိမ်းခံရတဲ့အနက် ၁၁၄ ဦးမှာ အမျိုးသမီးဖြစ်တယ်လို့ Myanmar Internet Project (MIP) ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအရေအတွက်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း စစ်အုပ်စုက တရားဝင် ထုတ်ပြန်ကြေညာတဲ့ စာရင်းတွေမှ ကောက်ယူထားတာဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အင်တာနက် ဖြတ်တောက်ခြင်းကြောင့် လူ့အခွင့်အရေးလှုပ်ရှားတဲ့ အမျိုးသမီးများ အပါအဝင် အမျိုးသမီးတရပ်လုံးအပေါ် ဆိုးဝါးတဲ့ အန္တရာယ်တွေ ကျရောက်စေတယ်လို့ဖော်ပြထားပါတယ်။
အင်တာနက် အသုံးပြုဖို့ ဝေးလံတဲ့ နေရာတွေနဲ့ မလုံခြုံတဲ့ နေရာတွေကို သွားရောက်ရသဖြင့် အမျိုးသမီးတွေဟာ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရတဲ့အပြင်၊ ကျား၊ မ ခွဲခြားဆက်ဆံခြင်း အပါအဝင် အကြမ်းဖက်မှုတွေကို ကြီးထွားလာစေတယ်လို့သိရပါတယ်။
စစ်အာဏာရှင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို ခန့်
Source – DVB
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို မေလကုန်ပိုင်းမှာ သူ့ရဲ့ ပြောရေးဆိုခွင့်အဖြစ် ခန့်လိုက်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အိန္ဒိယခရီးစဥ်မတိုင်မီ လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို သမ္မတပြောရေးဆိုခွင့်အဖြစ် အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ခန့်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အဆင့် တရားဝင်ကြေညာမျိုး မရှိဘူးလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးအဖြစ် ရေပန်းစားခဲ့တဲ့ အာဏာရှင်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျောရိုးခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်း မတ်လ ၂၅ ရက်က လူမြင်ကွင်းက ပျောက်ကွယ်သွားပြီး စုံခုံစစ်ဆေးခံရတာ အရန်အင်အားအပို့ခံရတာ စတဲ့ သတင်းမျိုးစုံ ထွက်နေပါတယ်။
စစ်အာဏာရှင်သမ္မတရဲ့ ပြောရေးဆိုခွင့်ဖြစ်လာတဲ့ ဒေါက်တာခိုင်ခိုင်စိုးဟာ ၂၀၂၅ ခုနှစ်က လဝကဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ ဒုဝန်ကြီး ဖြစ်လာခဲ့တာပါ။







