” ပဋိပက္ခဒေသက ကလေးသူငယ်တွေအပေါ် လိင်အကြမ်းဖက်မှု ဘာကြောင့် တိုးလာသလဲ”
ဒေဝီ
တော်လှန်ရေးစိုးမိုးနယ်မြေမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ဆောမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ ဧပြီလအတွင်း သေဒဏ် ချမှတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီအမှုဟာ ပဋိပက္ခဒေသတွေမှာ ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်မှုတွေကို အမြင့်ဆုံးအဆင့် အရေးယူခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအမှုဟာ သီးခြားဖြစ်ရပ်တခု မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခဒေသအသီးသီးမှာ ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်မှုတွေ ပိုမိုတွေ့ရှိလာနေပြီး၊ အထူးသဖြင့် နေရပ်စွန့်ခွာမှု၊ လုံခြုံရေးကင်းမဲ့မှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းလာတာတွေက ကလေးသူငယ်တွေကို ပိုမိုအန္တရာယ်ကျရောက်စေတဲ့ အခြေအနေတရပ် ဖြစ်လာနေပါတယ်။
အမျိုးသမီးအရေး လှုပ်ရှားသူတွေနဲ့ ကလေးကာကွယ်ရေးလုပ်ဆောင်သူတွေကတော့ ဒီလိုဖြစ်စဉ်တွေ တိုးလာရတာဟာ စစ်ရေးပဋိပက္ခကြောင့် လူမှုကာကွယ်ရေးစနစ်တွေ ယိုယွင်းလာတာနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ သုံးသပ်ကြပါတယ်
မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၄ ဇန်နဝါရီကနေ ၂၀၂၅ ဇူလိုင်လအထိ ၁ နှစ်ခွဲကာလအတွင်း အုပ်စုဖွဲ့ မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၈၈ ခု မှတ်တမ်းတင်ကောက်ယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီလို ဖြစ်စဉ်တွေမှာ ကျူးလွန်ခံရသူတွေမှာ အသက်အပြည့်သေးတဲ့ကလေးငယ်တွေအပေါ် ကျူးလွန်မှုတွေကို သီးခြားစာရင်းကောက်ထားတာ မရှိပေမယ့် အသက်အငယ်ဆုံး ၅ နှစ် အရွယ်ကနေ အသက် ၇၀ နှစ်အတွင်းပါဝင်နေပြီး လိင်အကြမ်းဖက်မှုတွေကနေ ရှင်သန်လွတ်မြောက်လာသူတွေအနက် ၂၉ ဦးမှာ အသက် ၁၈ နှစ်အောက်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်အတွင်း အမျိုးသမီးများရဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု (GBV) ကြုံတွေ့နေရတဲ့ အခြေအနေကိုဖော်ပြထားတဲ့ “လုံခြုံနေစရာ နေရာမရှိ၊ ယုံကြည်စရာ လူမရှိ“ ဆိုတဲ့ အစီရင်ခံစာမှာလည်း စစ်ဘေးရှောင်စခန်းတွေနဲ့ လုံခြုံမှုမရှိတဲ့ ခိုလှုံရာနေရာတွေက စောင့်ရှောက်သူမဲ့နေတဲ့ ကလေးငယ်တွေမှာ ပစ်မှတ်ထားခြင်းခံနေရတယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)ရဲ့ စစ်တမ်းတွေအရလည်း ၂၀၂၁ကနေ ၂၀၂၅ အတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ၄၂၄ မှု ရှိခဲ့တဲ့အနက် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ်တွေ ကျူးလွန်ခံရမှုက ၃၇ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပဋိပက္ခဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ ပြည်နယ်တို့က နေရပ်စွန့်ခွာတိမ်းရှောင် နေရတဲ့ဒေသက ကလေးငယ်တွေမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုက အမြင့်ဆုံးဖြစ်နေတယ်လို့ အမျိုးသမီးရေး အဖွဲ့အစည်းတွေ ထုတ်ပြန်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒီစစ်တမ်းတွေဟာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အသီးသီးကသူတွေ၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေက ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေကို ကောက်ယူထားတဲ့ မြေပြင်အချက်အလက်တွေပဲဖြစ်ပါတယ်။
ဒီစစ်တမ်းတွေထဲမှာ ပါဝင်ခြင်းမရှိတဲ့ နယ်မြေတခုဖြစ်တဲ့ အာရက္ခတပ်တော်(AA) နယ်မြေထိန်းချုပ်မှု အောက်က ရခိုင်ပြည်မှာလည်း ဖြစ်စဉ်နမူနာတချို့လည်း ရှိနေပါတယ်။
ရခိုင်ပြည်မှာ အမျိုးသမီးတွေ၊ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်တာ မကြာခဏ ဖြစ်ပေါ်နေတာတွေ့ရပြီး မုဒိမ်းမှုကို ကျူးလွန်သူတွေထဲမှာ သင်္ကန်းဝတ်တွေ၊ ဖခင်ကိုယ်တိုင်၊ ပထွေးနဲ့ ဆွေမျိုးသားချင်း၊ အိမ်နီးချင်းတွေအပြင်၊ တခြား အမျိုးသားတွေ ဖြစ်ကြတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာက ကျောက်ဖြူမြို့နယ်မှာ မင်္ဂလာဆောင်က ပြန်လာတဲ့ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၂ယောက်က လမ်းခုလတ်က အောင်သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဝင်ရောက်လည်ပတ်ခဲ့ ချိန်မှာ အဲဒီဘုန်းကြီးကျောင်းက ကျောင်းထိုင် ဘုန်းကြီးက တိုက်ခန်းထဲ အတင်းခေါ်ပြီး မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မောင်တောမြို့နယ် အောင်သုခကျေးရွာက အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တယောက်ကို အသက် ၅၀ အရွယ် အမျိုးသားတယောက်က မုဒိမ်းကျင့်မှုဖြစ်ပွါးခဲ့ပါသေးတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေတွေမှာ မုဒိမ်း၊ လူသတ်၊ အလောင်းဖျောက်ပစ်တဲ့ ဖြစ်စဉ်တွေကို လွတ်လပ်တဲ့သတင်းမီဒီယာစာမျက်နှာတွေမှာ ခပ်စိပ်စိပ်တွေ့နေရပြီး စာမျက်နှာပေါ်ကို မတက်လာတဲ့ ဖြစ်စဉ်တွေလည်း မြောက်များစွာရှိနေကြဆဲဖြစ်ပါတယ်။
အမျိုးသမီးအရေး လှုပ်ရှားသူတွေနဲ့ ကလေးကာကွယ်ရေး လုပ်ဆောင်သူတွေကတော့ ပဋိပက္ခဒေသ တွေမှာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးလာရတာဟာ တခုတည်းသော အကြောင်းရင်းကြောင့် မဟုတ်ဘဲ စစ်ရေးပဋိပက္ခရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ စုပေါင်းသက်ရောက်မှုကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ စစ်ဘေးကြောင့် နေရပ်စွန့်ခွာရသူတွေ များပြားလာတာ၊ စစ်ရှောင်စခန်းတွေနဲ့ ယာယီခိုလှုံရာ နေရာတွေမှာ လူစုလူဝေးနဲ့ နေထိုင်ရတာ၊ မိဘတွေ အလုပ်အကိုင်ရှာဖွေရေးအတွက် အချိန်ပေးနေရတာတွေကြောင့် ကလေးသူငယ်တွေဟာ အုပ်ထိန်း စောင့်ရှောက်မှု အားနည်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်လာရပါတယ်။ အဲဒီလို လုံခြုံရေးကင်းမဲ့တဲ့ အခြေအနေတွေက ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် ပိုမိုလွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်ပွဲရှည်ကြာလာတာနဲ့အမျှ ဒေသအချို့မှာ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုကာကွယ်ရေး စနစ်တွေ အားနည်းလာတာကြောင့် ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ခက်ခဲလာပါတယ်။ တိုင်ကြားနိုင်တဲ့ ယန္တရား မလုံလောက်တာ၊ ရပ်ရွာအဆင့်မှာ လျော်ကြေးပေးပြီး ဖြေရှင်းတာမျိုးတွေ ရှိနေတာ၊ အချို့ကျူးလွန်သူတွေက အခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင် နိုင်တာတွေကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေမျိုးတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် မိသားစုကွဲပြားမှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ စိတ်ဖိစီးမှုတွေ တိုးလာတာကလည်း လူမှုအသိုင်းအဝိုင်းရဲ့ ကလေးကာကွယ်ရေး စွမ်းရည်ကို လျော့ကျစေပြီး ပဋိပက္ခဒေသတွေမှာ ကလေးသူငယ်တွေအပေါ် လိင်အကြမ်းဖက်မှုတွေ ဆက်လက်မြင့်တက်လာစေတဲ့ အကြောင်းရင်းတွေ အဖြစ် တွေ့ရပါတယ်။
နယ်မြေအတွင်း တရားစီရင်ရေးယန္တရားအားနည်းတာ၊ ယဉ်ကျေးမှုအရ နှုတ်ဆိတ်တာ၊ ဖွဲ့စည်းပုံစနစ် အရ လျစ်လျူရှုတာ၊ နစ်နာသူအပေါ်သာ ထပ်မံအပြစ်ဖို့တာတွေကြောင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု တွေက ဆက်လက်အဓွန့်ရှည်နေတယ်လို့ KNWO ရဲ့ အစီရင်ခံစာမှာဖော်ပြထားတယ်။
ကရင်နီပြည်နယ်အတွင်း အမျိုးသမီးတွေက ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို အသက် ၂နှစ်ကျော် အရွယ်ကစ ကြုံတွေ့နေရပြီး အထူးသဖြင့်အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေနဲ့ စိတ်ကျန်းမာရေး ပြဿနာရှိတဲ့ မိန်းကလေးငယ်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအန္တရာယ်ကို စိုးရိမ်ဖွယ်ရာ ကျရောက်နေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါသေးတယ်။
ကရင်နီဒေသမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ဖြစ်စဉ်တွေ၊ အရွယ်မရောက်သေးတဲ့သူတွေကို ကျူးလွန်တဲ့ သက်ငယ် မုဒိမ်းမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတာက အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ပူပန်စရာ အနေအထားတခုအဖြစ်ရှိနေတယ်လို့ ကရင်နီဒေသမှာ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူ စစ္စတာ ဖရန်စစ္စကားက ပြောပါတယ်။
စစ်မြေပြင်ဖြစ်တာကြောင့် ကိုယ့်အိမ်ကိုယ့်ယာလို လုံလုံခြုံခြုံမနေနိုင်တာ၊ မိဘတွေ စီးပွားရှာ အလုပ်သွားတဲ့နောက် သားသမီးတွေကို စစ်ရှောင်စခန်းမှာ ထားခဲ့ရတာ၊ ကလေးငယ်တွေ၊ လူပျိုအပျိုပေါက်လေးတွေမှာလည်း အုပ်ထိန်းသူမရှိဘဲ မလုံမခြုံနဲ့ နေကြရတဲ့နောက် မသမာသူတွေရဲ့ ပစ်မှတ်ထား ကျူးလွန်ခံနေရတာဖြစ်ပါတယ်။
“အုပ်ထိန်းသူမရှိတဲ့ကလေးတွေက လုံခြုံမှုမဲ့နေကြရတာမျိုးရယ် အရက်သေစာနဲ့ မူးယစ်စေတဲ့ အခြားအရာတွေက လွတ်လပ်စွာ ဝယ်ယူသောက်စားလို့ ရနေတာကြောင့်တွေပေ့ါ” လို့ စစ္စတာဖရန်စစ္စကား ကပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ဖြစ်ပွားတဲ့အခါ ဆိုင်ရာအဖွဲ့အစည်းကို တိုင်ကြားရင် ဖမ်းဆီး အရေးယူတာမျိုးရှိပေမယ့် အချို့မှာတော့ ရိုးရာထုံးတမ်းတွေကို ဦးစားပေးတာ၊ ရပ်ရွာ လူကြီးသူမ ဆွေမျိုးအားဖြင့်ပဲ ပြီးသွားတာမျိုးတွေလည်းရှိကြပြီး ကျူးလွန်သူက အခြားဒေသကို ထွက်ပြေးတဲ့အတွက် ဘာအရေးယူမှုမှ မလုပ်နိုင်ဘဲ ကျူးလွန်ခံရသူက ထပ်ဆင့်နစ်နာတာ မျိုးတွေလည်း တွေ့ရတယ်လို့ သူက ဆိုတယ်။
စစ်ရေးပြင်းထန်တဲ့ ပဋိပက္ခဒေသတွေဖြစ်တဲ့အလျောက် လုံခြုံမှုမရှိတာ၊ တချို့ဒေသတွေမှာဆိုရင် စာသင်ကျောင်းတွေမှာ ကလေးတွေကို ကျူးလွန်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့အတွက် ကိုယ့်သားသမီးဆွေမျိုးတွေအတွက် စိုးရိမ်ပူပန်နေရတယ်လို့ မြိုင်ဒေသခံ ကိုဘအောင်က ပြောတယ်။
နယ်မြေမငြိမ်းချမ်းတဲ့ဒေသတွေမှာက တရားဥပဒေစိုးမိုးမှု လျော့ရဲတာတွေကြောင့် ကလေးတွေ၊ အသက်မပြည့်သေးသူတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေ၊ ခိုးယူပေါင်းသင်းတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားတာတွေ ရှိလာတယ်လို့ သူကဆက်ပြောတယ်။
“တရားဥပဒေစိုးမိုးမှုက ဟိုဘက်လည်းမဟုတ်၊ ဒီဘက်လည်းမဟုတ်ဆိုတော့ အကျင့်ပျက်တာတွေ ရာဇဝတ်မှုတွေက များလာတယ်၊ တိုင်ချင်ရင်လည်း ဘယ်တိုင်ရမလဲ” လို့ ကိုဘအောင်က ပြောတယ်။
သူနေထိုင်ရာ မြိုင်ဒေသအတွင်းက ရွာမှာလည်းဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ဖြစ်စဉ်အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က အသက် ၁၅ နှစ်သာရှိသေးတဲ့ မိန်းကလေးငယ်ကို အသက် ၃၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသားက လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့တယ်။
ဒီဖြစ်စဉ်မှာလည်း ကျူးလွန်သူဟာ အခြားဒေသတခုကို တိမ်းရှောင်ခဲ့ပြီး ကျူးလွန်ခံရသူ မိန်းကလေးငယ် ကိုယ်ဝန်ပေါ်တဲ့ အချိန်မှာသာ ဒီဖြစ်စဉ်ကိုသိရတာ ဖြစ်ပါတယ်။ ကျေးရွာရပ်မိရပ်ဖတွေ အကူအညီနဲ့ ကျူးလွန်သူကို ပြန်ခေါ်ဖြေရှင်းခိုင်းတဲ့အခါ ကျူးလွန်သူမိဘတွေက လျော်ကြေးပေးခြင်းနဲ့ပဲ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ကိစ္စကိုဖြေရှင်းခဲ့ကြတယ် လို့သူက ဆက်ပြောတယ်။
ဒီလိုဖြစ်စဉ်တွေ ဖြစ်လာရတာကလည်း ဥပဒေစိုးမိုးမှုကင်းမဲ့သလို ကလေးတွေမှာလည်း ပညာကောင်းကောင်း မသင်ကြား နိုင်တာတွေကြောင့် စိတ်လေလွင့်တာ၊ ကြမ်းကြမ်းတမ်းတမ်း ပြုမှုနေထိုင်တာတွေဖြစ်လာတာနဲ့လည်း ဆိုင်မယ်လို့ သူက ထပ်ပြီးပြောပါတယ်။
ဒီအတွက်လည်း ဒါတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်နိုင်ဖို့အတွက် ငွေကြေးတတ်နိုင်သူတချို့က ကိုယ့်သားသမီးကို ရွာမှာမထားဘဲ မြို့ပြကဆွေမျိုးတွေဆီမှာထားပြီး ပညာဆက်သင်ယူစေတာ၊ အလုပ်လုပ်စေတာလို အခြေအနေမျိုး ဖန်တီးထားကြရတယ်လို့ ဆိုတယ်။
ဒါအပြင် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေးမြာက ကရင်နီပြည်နယ်အပါအဝင် ပဋိပက္ခဒေသတွေမှာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ တိုးလာနေတာက ဥပဒေစိုးမိုးမှု မပြည့်စုံတော့တာ၊ လုံခြုံရေးစနစ် ပျက်စီးလာတာ စစ်ဘေးကြောင့် မိသားစုတွေ ကွဲပြားနေရတာ၊ ကလေးတွေကို လုံလောက်စွာ ကာကွယ်မနိုင်တာတွေကြောင့်လို့ မှတ်ချက်ပြုတယ်။
“စခန်းတွေမှာ လူများစွာနဲ့ အနီးကပ်နေထိုင်ရတာ၊ စိတ်ဖိစီးမှု ဆင်းရဲမှုတွေကြောင့် အချို့လူတွေမှာ အကြမ်းဖက် အပြုအမူတွေ ပိုပြီး ဖြစ်ပေါ်လာတာ” လို့ မော်ဖရေးမြာကပြောပါတယ်။
ကလေးသူငယ်တွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဟာ မိသားစုဘဝ၊ စိတ်ကျန်းမာရေးနဲ့ လူမှုဘဝအပေါ် ရှည်လျားပြီး ပြန်မရနိုင်တဲ့ ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုပြစ်မှုတွေကို တာဝန်ယူစေဖို့ စနစ်တကျစစ်ဆေးအရေးယူမှု မရှိသေးတာကလည်း ပြစ်မှုတွေ ဆက်လက်ဖြစ်ပွားလာစေတဲ့ အကြောင်းရင်း တရပ် ဖြစ်နေတယ်လို့ သူက ဆိုတယ်။
ဒါ့အပြင် ပဋိပက္ခဒေသအချို့မှာ အုပ်ချုပ်ရေးနဲ့ တရားရေးစနစ်ပီပီပြင်ပြင်မရှိတာ၊ တိုင်ကြားနိုင်တဲ့ ယန္တရားအား မကောင်းတာ၊ ကျူးလွန်သူက အာဏာရှိသူ၊ လက်နက်ကိုင်အဖွဲ့အစည်းက ဖြစ်နေတဲ့အတွက် အချင်းချင်း ဖုံးဖိတာတွေ ကြောင့် အရေးယူဖို့အားနည်းတာတွေ ရှိနေပြန်တယ်လို့ မော်ဖရေးမြာက ထောက်ပြဝေဖန်ပါတယ်။
ကလေးဘဝမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုလိုမျိုး စိတ်ဒဏ်ရာဖြစ်ရပ်တစ်ခုခုကို ကြုံတွေ့ရတဲ့သူတွေက ရေရှည်မှာ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါနဲ့ ကိုယ်ရည်ကိုယ်သွေး ပုံမမှန်မှုဖြစ်တာတွေလည်းတွေ့ရလေ့ရှိတယ်လို့ CETA Mental Health Counselor မှ Trainer တစ်ဦးဖြစ်တဲ့ မချယ်ရီစိုးမြင့်ကပြောပါတယ်။
ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်က ကလေးဘဝမှာရော အရွယ်ရောက်ပြီးတဲ့ အချိန်ထိရော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်စပ်နေပြီး အများအားဖြင့် စိတ်ကျရောဂါ၊ အစားအသောက်ပုံမမှန်တာ၊ အိပ်စက်မှုပြဿနာရှိတာနဲ့ ပေါင်းသင်းဆက်ဆံရေးတို့မှာ သက်ရောက်မှု ဖြစ်စေပါတယ်။
တချို့သူတွေမှာဆိုရင် အထွေထွေကျန်းမာရေးပြဿနာတွေ၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေး၊ မီးယပ်ကျန်းမာရေး (ဒါမှမဟုတ်)မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး၊ နာကျင်မှုဒဏ်ရာ (သို့မဟုတ်) ရေရှည်နာတာရှည်အခြေအနေတွေ အပါအဝင် နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုပြသနာတွေလည်း ရှိနိုင်တယ်လို့ သူကပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကနေ လွတ်မြောက်လာတဲ့ ကလေးတွေအတွက် ရေရှည်အကျိုးရလဒ်တွေ တိုးတက် ကောင်းမွန်လာစေဖို့ လုပ်ဆောင်နိုင်တာတွေကတော့ သူတို့အပေါ်မှာလုံခြုံမှုပေးတာ၊ အပြစ်မတင်တာ၊ လူမှုပံ့ပိုးကူညီမှုပေး တာတွေက အရေးကြီးတယ်လို့ သူကဆက်ပြောတယ်။
“အထူးသဖြင့် မိဘ၊မိသားစုဝင်တွေရဲ့ ပံ့ပိုးကူညီမှုက သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားမှုနှင့် အပြုအမူဆိုင်ရာ ရလဒ်တွေ ဖြစ်လာအောင် အကူအညီပေးနိုင်ပါတယ်၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနဲ့ပတ်သတ်ပြီး ကျွမ်းကျင် ပညာရှင်တွေဆီက အထောက်အပံ့ယူတာကလည်း ပြုလုပ်သင့်တဲ့ အချက်ဖြစ်ပါတယ်”လို့ မချယ်ရီစိုးမြင့်က ပြောပါတယ်
စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခဒေသတွေမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ အထူးသဖြင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့မုဒိမ်းမှုတွေ တိုးလာနေတာက အရေးတယူဖြေရှင်းရမယ့် ရာဇဝတ်အမှုအခင်းတခု ဖြစ်သလို စစ်ရေးပဋိပက္ခ၊ ဥပဒေအာဏာပျက်ကွက်မှု၊ လူမှုကာကွယ်ရေးစနစ် ယိုယွင်းမှုတွေကြောင့် ကလေးသူငယ်တွေဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေရောက်နေတာကို မီးမောင်းထိုးပြနေပါတယ်။
ဒါကြောင့် ကျူးလွန်သူတွေဟာ သာမာန်အရပ်သားပဲဖြစ်စေ၊ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေပဲ ဖြစ်စေ တပြေးညီထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း လူထုက အစဉ်တစိုက် တောင်းဆိုနေခဲ့ ကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်မှာဆိုရင် ကျူးလွန်သူကို သေဒဏ်ပေးဖို့အထိ ဒေသခံတွေက တောင်းဆိုထားပေမယ့် ထူးခြားတဲ့ အဖြေတခုတော့ မရကြသေးပါဘူး။
တော်လှန်ရေးနယ်မြေတွေမှာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ထိရောက်တဲ့ အပြစ်ပေး အရေးယူဖို့ အစဉ်တစိုက် ဆွေးနွေးပြောဆိုကြပေမယ့် ဆောမြို့နယ်က အသက်မပြည့်သူ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှု ဖြစ်စဉ် အတွက် သေဒဏ်အပြစ်ပေးအရေးယူမှုအပေါ် ထောက်ခံမှု၊ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
အညာဒေသက အမျိုးသမီးရဲဘော် တဦးဖြစ်တဲ့ မေသူက ငယ်ရွယ်တဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူ့အသိုင်းအဝိုင်းမှာ လက်သင့်မခံ နိုင်ဖွယ်ဖြစ်တဲ့ အတွက် သေဒဏ်စီရင်မှုကိုလက်သင့်ခံပြီး အရပ်သားဖြစ်စေ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဖြစ်စေ ထပ်မံ မကျူးလွန်အောင် ဒီလိုထိရောက်တဲ့ အပြစ်ပေးအရေးယူမှု ပြုလုပ်သင့်တယ်လို့ ပြောပါတယ်။
မမေသူကိုယ်တိုင်လည်း အညာဒေသတခုမှာနေခဲ့စဉ်က သက်ငယ်မုဒိမ်းမှုကျူးလွန်မှု တခုမှာ ကျူးလွန်သူကို အပြစ်ပေးတဲ့အနေနဲ့ ရပ်ရွာတာဝန်ရှိသူတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး သေဒဏ်ပေးစီရင်ခဲ့တာကို ကြုံတွေခဲ့ရတယ်လို့ သူကဆိုတယ်။
အဲ့ဒီဖြစ်စဉ်က အသက်မပြည့်သေးတဲ့ ၁၀ နှစ်ကျော်အရွယ် ကလေးမလေးကို အသက် ၅၀ ကျော် အရပ်သားအမျိုးသားက မုဒိမ်းမှုကျူးလွန်ခဲ့တဲ့အတွက် ယင်းအမျိုးသားကို ဖမ်းဆီးပြီး အားလုံးသဘောတူညီချက်နဲ့ သေဒဏ်စီရင်ခဲ့ကြတာဖြစ်တယ် လို့ သူကဆိုတယ်။
“ကျူးလွန်ခံရတဲ့မိသားစုဝင်တွေကလည်း ဒီလူကိုထပ်မမြင်ချင်တော့တာတွေရော နာကျည်းမုန်းတီး တာတွေကြောင့် အရှင်မထားနဲ့ ပြောပြီးတော့ ကျွန်တော်တို့ကို တိုင်တန်းတာတွေရှိတယ်ပေါ့၊ ဒီလိုလူမျိုးကို အမြစ်ဖြတ်တာကောင်းပါတယ်” မမေသူက ဆက်ပြောတယ်။
တဖက်မှာလည်း ဒီလိုဖြစ်စဉ်မျိုးအပေါ် ပြည်သူလူထုရဲ့ စိတ်ခံစားမှုက ပြင်းထန်လေ့ရှိတာကြောင့် တရားမျှတမှု ရှာဖွေရာမှာ စိတ်ခံစားမှုပေါ် မူတည်သွားမယ့်အစား ဥပဒေနဲ့ သက်သေ အထောက်အထားပေါ်အခြေခံပြီးဆုံးဖြတ်တာက ရေရှည်တည်တံ့တဲ့ နည်းလမ်းဖြစ်တယ်လို့ Politic For Women Myanmar က တာဝန်ရှိသူတဦးဖြစ်တဲ့ မခင်ပြည့်ဝက ထောက်ပြပါတယ်။
သေဒဏ်ချမှတ်ခြင်းဟာ တရားရေးဆိုင်ရာ အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် တရားမျှတမှု သက်သေအထောက်အထားမှန်ကန်မှု၊ စစ်ဆေးမှု လုပ်ငန်းစဉ်တွေ တိတိကျကျရှိဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။ နောက်တချိန်မှာ ဒီလိုပြစ်မှုတွေ မဖြစ်လာအောင် ကာကွယ်နိုင်တဲ့ စနစ်တွေကိုလည်း စီမံတည်ဆောက်ဖို့က တကယ်ကိုလိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအပါအဝင် တော်လှန်ရေးဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဖြစ်စဉ်တွေအများကြီးထဲကမှ ဆောမြို့နယ်က အသက်မပြည့်သေးသူအပေါ် ကျူးလွန်တဲ့ ဒီမုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ရာဇသတ်ကြီး ပုဒ်မအရ သေဒဏ်ချမှတ်နိုင်တဲ့ အမှုဖြစ်တာကြောင့် ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးဂျိုးဇက်က HI – Honest Information ကို ပြောပါတယ်။
မြို့နယ်တရားရုံးက အမိန့်ချပြီးနောက် နောက်ဆက်တွဲ စီရင်မှုအနေနဲ့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ အမှုတွဲတင်ပြထားပြီး၊ သေဒဏ်အတည်ပြု၊မပြု ပြည်ထောင်စုဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတဲ့ အဆင့်မှာ ရှိတယ်လို့ သိရပါတယ်။
မုဒိမ်းမှုတွေဟာ လူမှုအသိုင်းအဝိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ စိတ်ဒဏ်ရာတွေ ပြင်းထန်နိုင်စေသလို အထူးသဖြင့်အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီး သတ်ဖြတ်တာက လူ့ကျင့်ဝတ်အရ လည်း တကယ်ကိုပြင်းထန်တဲ့ ပြစ်မှုတခုဖြစ်တယ်လို့ Politic For Women Myanmar အဖွဲ့ဝင် ခင်ပြည့်ဝက ဆိုပါတယ်။
ဒါကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ်ကျုုးလွန်တဲ့မုဒိမ်းမှုတွေ လျော့ပါးစေဖို့က ကာကွယ်ရေးကို ဦးစားပေးရမှာဖြစ်သလို စခန်းအလိုက် ကလေးကာကွယ်ရေး ကော်မတီတွေ ဖွဲ့စည်းပြီး မိဘတွေ၊ လူမှုခေါင်းဆောင်တွေ ပါဝင်စေတာ၊ ကလေးတွေကို အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်တိုင်ကာကွယ်နိုင်ရေး ပညာပေးမှုတွေလုပ်ဆောင်တာ၊ လုံခြုံတဲ့ နေရာထိုင်ခင်း ဖြစ်စေတာတွေ လုပ်ဆောင်ပေးဖို့ လိုတယ်လို့ မော်ဖရေးမြာက အကြံပြုပါတယ်။
ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေက ဘယ်အခြေအနေမှာမဆို ကျူးလွန်သူတွေကို ထိရောက်တဲ့အပြစ်ပေး အရေး ယူဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကလည် အရေးကြီးပြီး ဒီလိုမှမဟုတ်ရင်တော့ နစ်နာသူတွေက ထပ်တိုးလာမှာလို့ အမျိုးသမီးရေးလုပ်ဆောင်သူတွေက ဆိုပါတယ်။
လက်ရှိအခြေအနေက ပဋိပက္ခဒေသတွေမှာ ဥပဒေအာဏာသက်ရောက်မှုအားနည်းချက်ကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်အပေါ်ကျူးလွန်တဲ့ အမှုအခင်းတွေကများလာသလို အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် အချို့ရဲ့ ကျူးလွန်မှုတွေမှာ ထိထိရောက်ရောက်ဖြေရှင်းဖို့ အားနည်းတာကြောင့်လည်း ပိုကျူးလွန်လာတာလို့ ကရင်နီဒေသက စစ်ရှောင်စခန်းတွေမှာ ကူညီနေသူတဦးကပြောပါတယ်။
“အကုန်လုံးမဟုတ်ပေမယ့် စုန်းပြူးတွေပါလာတာပေါ့၊ အရင်ကတည်းက ဆိုးသွမ်းသူတချို့က လက်နက်ကိုင်ရတော့ ဘယ်သူ့မှ အရေး မစိုက်ဘဲ ထင်ရာလုပ်တာတွေရှိတယ်၊ ဒီလိုကနေ အမျိုးသမီးတွေအတွက် မလုံခြုံစေတာပေါ့၊ ဒါတွေကိုပါ တနည်းနည်းနဲ့ အရေးယူနိုင်ရင်တော့ လျော့ပါး မှာပါ”လို့ သူကပြောပါတယ်။
သူကဆက်လက်ပြီး “သေဒဏ်က တကယ်သေဒဏ်ပြုတာလား သေချာမသိပေမယ့်၊ ဒီလိုပြစ်ဒဏ် ပြင်းပြင်း ချမှတ်လိုက်တော့ နည်းနည်းတော့ သတိပေးမှုဖြစ်သွားမလားပေါ့၊ တခြားကျူးလွန်တဲ့ အမှုတွေလည်းရှိတော့ ဒီအမှုတွေကိုလည်းစောင့် ကြည့်ဖို့လိုပါမယ်”လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ကိုဂျိုးဇက်က တော်လှန်ရေး နယ်မြေတွေမှာ ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့ပတ်သတ်လို့ တရားရုံးတွေကို ရောက်လာတဲ့ အမှုအခင်းတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်လျက်ရှိသလို အမျိုးသမီးနဲ့ ကလေးသူငယ် ဌာနက ထုတ်ပြန်ထားတဲ့ မူဝါဒတွေ PSHEA ( လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နှင့် မဖွယ်မရာ ပြုမှုခြင်းအား တားဆီးကာကွယ်ခြင်းဆိုင်ရာ မူဝါဒ) စည်းမျဉ်းတွေအတိုင်း ကိုင်တွယ် လုပ်ဆောင်လျက်ရှိတယ် လို့ပြောပါတယ်။
ဒါ့အပြင် သက်ငယ်မုဒိမ်းမှုဖြစ်စေ၊ မုဒိမ်းမှုဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ပတ်သက်တဲ့ ပြစ်မှုတွေမှာ အရပ်သားတွေက ကျူးလွန်တဲ့ ဖြစ်စဉ်တွေကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ တရားရေး ဝန်ကြီးဌာန လက်အောက်ရှိ အရပ်ဘက်တရားရုံးကလုပ်ဆောင်နေသလို၊ တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ ပြစ်မှုတွေကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် စစ်ဘက်တရားရုံးကဖြစ်စေ ရံဖန်ရံခါမှာ အထူးတရားရုံးဖွဲ့စည်း စည်းပြီးတော့ဖြစ်စေ စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သူကဆက်ပြောတယ်။
ဆောမြို့နယ်က အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အမှုမှာ သေဒဏ်ချမှတ်မှုဟာ ပြင်းထန်တဲ့ အရေးယူမှုတခုဖြစ်ပေမယ့်၊ အမျိုးသမီးအရေးလှုပ်ရှားသူတွေရဲ့ အမြင်မှာတော့ ပြစ်ဒဏ်တခုတည်းနဲ့ မလုံလောက်ဘဲ ပဋိပက္ခဒေသတွေမှာ ကလေးကာကွယ်ရေးစနစ်၊ တရားရေးယန္တရားနဲ့ လူမှုကာကွယ်ရေးစနစ်တွေကို အားကောင်းအောင် တည်ဆောက်ဖို့ကသာ အရေးကြီးတယ်လို့ ထောက်ပြပြောဆိုကြပါတယ်။
ပြည်သူလူထုကြားထဲမှာ လိင်ပိုင်းဆိုင်ရာ ပညာပေးမှု၊ ကလေးသူငယ်နဲဆိုင်တဲ့ ကာကွယ်ရေးပညာပေးမှု တွေ တိုးမြှင့်ဖို့လည်း အရေးကြီးသလို နစ်နာသူကို လုံခြုံရေးပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေဖြစ်စေ လုပ်ဆောင်ပေးဖို့လည်း လိုအပ်တယ်လို့ မခင်ပြည့်ဝက အခုလို ဆက်ပြောတယ်။
“ပြစ်ဒဏ်ချမှတ်ခြင်းတခုနဲ့ပဲ မလုံလောက်ဘူး ကာကွယ်ရေးပိုင်းရော ပညာပေးမှုရော တပြိုင်နက်တည်း လုပ်ဆောင်မှ ထိရောက်တဲ့ အရွေ့ကို ရမှာ”











