တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဇွန်လ ၂၇ရက်ကနေ ဇူလိုင်လ ၃ ရက်၊ ၂၀၂၆)

ဇွန်လ ၂၇ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ်အမျိုးသမီးသတင်းတွေထဲ “ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင် မုဒိမ်းကျင့်အသတ်ခံရမှု ကျူးလွန်ခဲ့သူကို သေဒဏ်စီရင်” ဆိုတဲ့သတင်းကတော့ ပဋိပက္ခဒေသတွေမှာ တရားပဒေစိုးမိုးရေး ပျက်သုန်းသွားတဲ့နောက် အမျိုးသမီး တွေ ဘယ်လောက်ထိ အကာအကွယ်ကင်းမဲ့နေတယ်ဆိုတာဖော်ပြနေတဲ့ သတင်းတခုပဲဖြစ်ပါတယ်။

အဲဒီသတင်းဖြစ်စဉ်မှာ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ မိန်းကလေးငယ်က အသက် ၁၅နှစ်သာရှိပြီး ကိုယ်ဝန် ၈လရှိနေတယ်လို့ ဆိုတဲ့အချက်ဟာ အင်မတန်စိတ်ထိခိုက်တုန်လှုပ်စရာဖြစ်ရပ်ပါပဲ။

ကိုယ်ဝန်ဆောင်မိန်းကလေးရဲ့ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ ကျူးလွန်သူအမျိုးသားကို မြောင်းပြိုရွာ သင်္ချိုင်းကုန်းမှာ  KNLA တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ကာ စီရင်ခဲ့တယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ မုဒိမ်းမှုတွေက ပဋိပက္ခဒေသတွေမှာရော၊ မြို့ပြဒေသအသီးသီးမှာပါ ခပ်စိပ်စိပ်ဖြစ်လာသလို၊ ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုပြုဖို့ တောင်းဆိုသံတွေကလည်း ညံနေပါတယ်။ တရားဥပပဒေအရ မျှတမှုမရတဲ့အခါ  ကိုယ့်တရားကိုယ်စီရင်တဲ့အနေနဲ့ ကျူးလွန်သူကို လူထုအလိုကျ ‌သေဒဏ်စီရင်တဲ့ဖြစ်စဉ်တွေကလည်း ခပ်စိပ်စိပ်ကြားလာရပါတယ်။

ဒီလိုမျိုး ကျူးလွန်သူကို ချက်ချင်းလက်ငင်း သေဒဏ်ပေးတာက လူထုအမြင်မှာ ကျေနပ်မှုရသွားစေပေမယ့် ‌တရားဥပဒေစိုးမိုး ရေးရှုထောင့်က ကြည့်ရင်လည်း တရားစီရင်ရေးလုပ်ထုံးလုပ်နည်းတွေ၊ စစ်ဆေးမေးမြန်းမှုတွေ စနစ်တကျရှိရဲ့လားဆိုတာကလည်း အလေးထားသင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် “ရန်ကုန်မြို့လယ် အမှိုက်ပုံးထဲမှ ၅ လသားအရွယ် သန္ဓေသား ကလေးရုပ်အလောင်းတွေ့တဲ့သတင်း၊ တောင်ကြီး ပုဂ္ဂလိကကျောင်းတခုက ကျောင်းအုပ်ဖြစ်သူရဲ့ သားကို မုဒိမ်းမှုနဲ့ ထောင် ၂၅ နှစ် ချ ဆိုတဲ့သတင်း၊ ယင်းမာပင် တပ်ရင်း ၂၀မှာ  ဖြစ်ပွားခဲ့တဲ့ တပ်တွင်း လိင်အကြမ်းဖက်မှုဟာ  ၆လကျော်တဲ့အထိ NUG မဖြေရှင်းနိုင်သေးဆိုတဲ့သတင်း၊ မင်းတပ်မြို့ကို စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀နှစ်အောက် မိန်းကလေး ၃ဦး သေဆုံးတာ စတဲ့သတင်းတွေကလည်း မငြိမ်းချမ်းနေတဲ့ ပဋိပက္ခဒေသရော၊ မြို့ပြဒေသတွေမှာပါ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အကြောင်းအမျိုးမျိုးနဲ့ ထိခိုက်နစ်နာနေရတဲ့ အခြေအနေတွေကို ထင်ထင်ရှားရှားပြသနေတာပဲဖြစ်ပါတယ်။

နတ်မောက် ပကဖက အမျိုးသမီးတဦးကို သတ်ဖြတ်မှုခဲ့မှုနဲ့ပတ်သက်ပြီး ကာယကံရှင် မိသားစုက ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့အပေါ်  စစ်အုပ်စု ဒလန်ဖြစ်လို့ ရှင်းတာလို့ ထုတ်ပြန်လာတာတာကို တွေ့ရပြီး အပြန်အလှန် အငြင်းပွားနေတဲ့ သတင်းတပုဒ်လည်း ဖြစ်ပါတယ်။

ဒီလို အငြင်းပွားမှုတွေကြောင့် တော်လှန်ရေးကာလ ၅နှစ်တာအတွင်း မြန်မာပြည်အနှံ့မှာ ဒလန်ခေါင်းစဉ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေ၊ အဲဒီအထဲက သတ်ဖြတ်ပြီးမှ နားလည်မှုလွဲတာ၊ သေဆုံးသွားသူက ဒလန်မဟုတ်ဘဲ လူမှားတာ၊ ပုဂ္ဂိုလ်ရေးမကျေနပ်သူအပေါ် ဒလန်ခေါင်းစဉ်တပ်စွပ်စွဲပြီး တိုင်တောလို့ရနေတာစတဲ့ လူထုစိတ်ပျက်စေတဲ့ အဖြစ်အပျက်တချို့ကို ပြန်အမှတ်ရစေပါတယ်။ ဒီလို သင်ခန်းစာတွေ ရှိခဲ့ဖူးတဲ့အပေါ် သေချာဆန်းစစ် တာဝန်ယူနိုင်တဲ့ ဆင်ခြင်တုံတရား အထူးလိုအပ်နေတဲ့ အခြေအနေကို ဖော်ပြနေပါတယ်။

ဒီသတင်းတွေအပြင်မြန်မာသတင်းမီဒီယာတွေမှာ ဒီတပတ်တာအတွင်း ဖော်ပြခဲ့တဲ့ အမျိုးသမီးဖြစ်ရပ် သတင်းတို  ၁၀ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။

  • ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်၊ ပြစ်ဒဏ်ကျခံပြီးမှသာ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရမည်ဟု စစ်အုပ်စု ပြောခွင့်ရသူဆို
  •  မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦး သေဆုံး
  • မဲဆောက်မှာအွန်လိုင်းလောင်းကစားမှုနဲ့ဆက်စပ်ပြီးမြန်မာအမျိုးသမီးနှစ်ဦးကိုဖမ်းဆီး
  • ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင် မုဒိမ်းကျင့်အသတ်ခံရမှု ကျူးလွန်ခဲ့သူကို သေဒဏ်စီရင်
  • ရန်ကုန်မြို့လယ် အမှိုက်ပုံးထဲမှ ၅ လသားအရွယ် သန္ဓေသား ကလေးရုပ်အလောင်းတွေ့
  • တောင်ကြီး ပုဂ္ဂလိကကျောင်းတခုမှ ကျောင်းအုပ်သား မုဒိမ်းမှု ထောင် ၂၅ နှစ် ချ
  • ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို လူအခွင့်အရေးဆိုင်ရာထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award ”ချီးမြင့်
  • နတ်မောက် ပကဖက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုခဲ့မှုအား မိသားစုက ဖြေရှင်းပေးဖို့ တောင်းဆိုထားမှုအပေါ် စစ်အုပ်စုဒလန်ဖြစ်လို့ ရှင်းတာလို့ ထုတ်ပြန်လာ
  • ယင်းမာပင် တပ်ရင်း ၂၀တွင် ဖြစ်ပွားခဲ့သည့် တပ်တွင်း လိင်အကြမ်းဖက်မှု ၆လကျော်သည် အထိ NUG မဖြေရှင်းနိုင်သေး
  • ကျိုင်းတုံမြို့ မှာအမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ
  •  

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်၊ ပြစ်ဒဏ်ကျခံပြီးမှသာ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရမည် ဟု စစ်အုပ်စု ပြောခွင့်ရသူဆို

 Source – မဇ္ဈိမ

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံခွင့်ရရှိရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကျခံပြီးမှသာ ဖြစ်နိုင်မယ်လို့ ဇွန်လ ၃၀ ရက် ကနေပြည်တော်မှာ ကျင်းပတဲ့ စစ်အုပ်စု သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့ပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။ အပြည့်အဝ ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်နေပါတယ်” ဟု ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက မိခင်ဖြစ်သူမှာ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ သတင်းရရှိထားကြောင်း ဂျပန်သတင်းဌာနတစ်ခုကို ယခုရက်ပိုင်းအတွင်း ဖြေကြားထားပါတယ်။

အသက် ၈၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်၌ ထိန်းသိမ်းခံထားရပြီး စစ်အုပ်စုက ၎င်းအပေါ် စွပ်စွဲချက်အမျိုးမျိုးဖြင့် ထောင်ဒဏ် နှစ်ရှည်ချမှတ် ထားတာဖြစ်ပါတယ်။သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲံ ပတ်သက်လို့ မိသားစုဝင်တွေနဲ့ ပြည်သူများအကြား စိုးရိမ်ပူပန်မှု မြင့်တက်နေချိန်မှာ စစ်ကောင်စီဘက်က ယခုကဲ့သို့ ကျန်းမာရေးကောင်းမွန်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သော်လည်း အပြင်လူများနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်ကိုမူ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦး သေဆုံး

Source – Zalen

ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ်အတွင်းတိုက်နယ်အမှတ် ၄ ၊ ရှိမ်း ရွာကို စစ်တပ်က တိုက်ပွဲမရှိဘဲ အရပ်သားတွေနေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့်အပြစ်မဲ့အရပ်သားပြည်သူအသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦး သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါလေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက် ၊သေဆုံး ၊ဒဏ်ရာ ရရှိသူတွေ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ မသိရသေး ပါဘူး ။

အမှတ် ၄ ၊ ရှိမ်းကျေးရွာကိုတော့ ပြီးခဲ့တဲ့ မေလ တုန်းက လေကြောင်းကနေ ဗုံးကြဲ တိုက် ခိုက်ခံရပြီး နေအိမ်‌ ၊ မော်တော်ယာဉ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်

မဲဆောက်မှာအွန်လိုင်းလောင်းကစားမှုနဲ့ဆက်စပ်ပြီးမြန်မာအမျိုးသမီးနှစ်ဦးကိုဖမ်းဆီး

Source – People’s Spring

ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်၊ မယ်ပါ့ ခရိုင်ခွဲထဲက နေအိမ်တစ်လုံးကို အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက်နဲ့ ဆက်စပ်နေတဲ့အတွက် ဝင်ရောက်စီးနင်းခဲ့ပြီး အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက် တစ်ခုအတွက် အလုပ်လုပ်ပေးနေ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ အမျိုးသမီး နှစ်ဦးကို ဆိုက်ဘာ လုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Las Vegas LV177ဟာ လက်ရှိ ကမ္ဘာ့ဖလား ကာလနဲ့ တိုက်ဆိုင်ပြီး လှုပ်ရှားနေတဲ့ အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက်ဖြစ်ပြီး နေအိမ်ကို ဝင်မစီးခင်မှာ လိုအပ်တဲ့ သက်သေ အထောက်အထားတွေ ကြိုတင်စုဆောင်းပြီး တရားရုံးဆီက ဝရမ်းကိုလည်း တောင်းယူခဲ့ပါတယ်။ နေအိမ်ကို စီးနင်းပြီးချိန်မှာတော့ ဝက်ဘ်ဆိုက်ကို ကွပ်ကဲနေတဲ့ အသက် ၂၇ နှစ်အရွယ် သက်စန္ဒာနဲ့ အသက် ၂၆ နှစ်အရွယ် ဆည်းဆာနွေးဆိုတဲ့ မြန်မာ အမျိုးသမီး နှစ်ဦးကို ဆိုက်ဘာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ဝက်ဘ်ဆိုက်ရဲ့ administratorတွေအဖြစ် လစာ ဘတ် ၃ သောင်းဝန်းကျင်စီ ရရှိကာ ဝက်ဘ်ဆိုက် သုံးစွဲသူတွေရဲ့ မေးမြန်းမှုတွေကို တုံ့ပြန်ဖြေကြားတာ၊ တခြားလိုအပ်တဲ့ အကူအညီ ပေးတာမျိုးတွေကို တာဝန်ယူ ထားတယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေနဲ့ သက်သေတွေကို မဲဆောက်ရဲစခန်းဆီ လွှဲပြောင်းပေးထားပြီး မြန်မာ အမျိုးသမီး နှစ်ဦးဟာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း လည်ပတ်မှု၊ တခြားအသုံးပြုသူတွေကို သိမ်းသွင်းဆွဲဆောင်မှုတွေအတွက် အမှုရင်ဆိုင်ရာမှာ ဖြစ်ပါတယ်။

ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင် မုဒိမ်းကျင့်အသတ်ခံရမှု ကျူးလွန်ခဲ့သူကို သေဒဏ်စီရင်

Source – Dawei Watch

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာက ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့က ဖမ်းဆီးပြီး သေဒဏ်စီရင်ခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ ၂၃ ရက် နံနက် ပိုင်းက တောင်သုံးလုံးရွာ ဟိန္ဒားတံတားထိပ်က လမ်းဘေးတစ်နေရာမှာ ဖုန်းပြောနေတဲ့ ကိုယ်ဝန်ဆောင် မိန်းကလေးကို သတ္တုမိုင်းလုပ်သားတစ်ဦးက မုဒိမ်းကျင့်ပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့ပါတယ်။

 ယင်းမိန်းကလေးကအသက် ၁၅ နှစ်အရွယ် ရှိပြီးကိုယ်ဝန် ၈ လ ရှိနေကာ ကျူးလွန်သူ သတ္တုခဲမိုင်းလုပ်သားက အသက် ၁၉နှစ်အရွယ်ရှိကာ ပဲခူးတိုင်းမှ လာရောက်ပြီး ထားဝယ်ခရိုင်တွင် အလုပ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိန်းကလေးရဲ့ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး အဲ့ဒီနေ့မှာပဲယင်းအမျိုးသားကို မြောင်းပြိုရွာ သင်္ချိုင်းကုန်းမှာ  KNLA တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ကာ စီရင်ခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်မြို့လယ် အမှိုက်ပုံးထဲမှ ၅ လသားအရွယ် သန္ဓေသား ကလေးရုပ်အလောင်းတွေ့

Source – မဇ္ဈိမ

 ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်၃၈ လမ်းထိပ်ရှိ အမှိုက်ပုံးအတွင်း စွန့်ပစ်ခံထားရတဲ့ ငါးလသားအရွယ် သန္ဓေသား ကလေးရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

စွန့်ပစ်ခံထားရသည့် ကလေးရုပ်အလောင်းမှာ ယောကျာ်းလေးဖြစ်ပြီး ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ စွန့်ပစ်သွားတဲ့တရားခံကို ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

လူနေထူထပ်တဲ့ ရန်ကုန်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးနေတဲ့ မွေးကင်းစကလေးငယ်တွေ ကိုအမှိုက်ပုံးအတွင်း လာရောက်စွန့်ပစ်မှု မကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ သက်ကြီးရွယ်အို အဘိုးအဘွားများအား လာရောက် စွန့်ပစ်မှု၊ ကလေးငယ်များအား ကျွေးမွေးစရိတ်မတတ်နိုင်တာကိုအကြောင်းပြပြီး အခကြေးငွေဖြင့်ရောင်းချမှု၊ တောင်းရမ်းခိုင်းမှုများအပြင် ယခုကဲ့သို့ မွေးကင်းစ ကလေးငယ်တွေရဲ့ ရုပ်အလောင်း စွန့်ပစ်မှုတွေ ပိုမိုဖြစ်ပွားလာနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

တောင်ကြီး ပုဂ္ဂလိကကျောင်းတခုမှ ကျောင်းအုပ်သား မုဒိမ်းမှု ထောင် ၂၅ နှစ် ချ

Source – ဧရာဝတီ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ရဲ့ သားဖြစ်သူ ဇာနည်သွေးအား တောင်ကြီးခရိုင်တရားရုံးက ဇွန်လ၂၉ ရက်နေ့မှာ မုဒိမ်းမှုအပါအဝင် ပုဒ်မသုံးခုနဲ့ထောင်ဒဏ် ၂၅ နှစ် အမိန့်ချလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ Grade 12 ကျောင်းသူတဦးကို ကျောင်းအုပ်ရဲ့ သားဖြစ်သူ ဇာနည်သွေးက အဓမ္မ ပြုကျင့်ခဲ့တာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၁) မုဒိမ်းမှုအရ ထောင်ဒဏ် အနှစ် ၂၀၊ ပုဒ်မ ၃၅၄ ကာယိန္ဒြေ ပျက်စီးစေမှုအရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၈၄ ခြောက်လှန့်တောင်းယူမှုအရ ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၂၅ နှစ် သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

ယခုနှစ် ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ Grade 12 ကျောင်းသူတဦးမှာ ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်း၍ အဆောင်၌ ပြန်နားနေစဉ် ၎င်းရောက်ရှိလာပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပါတယ်။

ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို လူအခွင့်အရေးဆိုင်ရာထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award ”ချီးမြင့်

Source – Chin World

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို အပြည်ပြည်ဆိုင်ရာ ရှေ့နေများအသင်း ( IBA) က ၂၀၂၆ ခုနှစ် ၊ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award for Outstanding Contribution by a Legal Practitioner to Human Right 2026” ကိုချီးမြင်ခဲ့တယ်လို့သိရပါတယ်။

IBA Award ဆုကိုဆွတ်ခူးရရှိတာဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအတွက် ရပ်တည်ပေးတဲ့ ရှေ့နေတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးအတွက် နိုင်ငံတကာက ပေးအပ်တဲ့အသိမှတ်ပြုမှုတစ်ရပ်ဖြစ်တယ်လို့ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက Chin World Media ကိုပြောပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ရှေ့နေများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs)၊ လူ့အခွင့်အရေးကာကွယ်သူများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ တရားမျှတသောတရားစီရင်ခွင့်၊ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများနှင့် လက်တွေ့ဥပဒေကျင့်သုံးမှုဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးအပ်နိုင်ခဲ့တယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်းက ဥပဒေပညာရှင် ရှေ့နေများနှင့် လစဉ်ဆွေးနွေးပွဲများ ပြုလုပ်ပြီး မြေပြင်တွင် ဖြစ်ပေါ်နေတဲ့ ဥပဒေပြောင်းလဲမှု၊ တရားစီရင်ရေးအခြေအနေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့လက်တွေ့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို စုစည်းသုံးသပ်ကာ ပြည်တွင်းနဲ့နိုင်ငံတကာအဆင့်တွင် ဥပဒေနှင့် မူဝါဒဆိုင်ရာ ဆွေးနွေးမှုများအတွက် အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

နတ်မောက် ပကဖက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုခဲ့မှုအား မိသားစုက ဖြေရှင်းပေးဖို့ တောင်းဆိုထားမှုအပေါ် စစ်အုပ်စုဒလန်ဖြစ်လို့ ရှင်းတာလို့ ထုတ်ပြန်လာ

Source – CJ Platform

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ဇင်မေထွန်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် အဲဒီ အမျိုးသမီးဟာ စစ်အုပ်စုရဲ့ ဒလန်သူလျှိုအကြီးစားဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဇူလိုင်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန် လာပါတယ်။

ပြီးခဲ့တဲ့ မေလလယ်ပိုင်းက ဒေါ်ဇင်မေထွန်းကို နတ်မောက်မြို့နယ် ပကဖဘက်က ဖမ်းဆီးပြီးနောက် ရွာထိပ်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာပါ။ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူရဲ့ သားဖြစ်သူက မိခင်ဖြစ်သူမှာ မည်သည့်အပြစ်မျှမရှိကြောင်း၊ ဖုန်းတွေကို စစ်ဆေးစဉ်ကလည်း တစ်စုံတစ်ရာ မတွေ့ရှိဘဲ ပြန်လွှတ်ပေးမည်ဟု ဆိုကာမှ ဖမ်းဝရမ်းနဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာမပြဘဲ ဥပဒေမဲ့စွာ လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူတွေကလည်း တာဝန်ယူမှုမရှိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ ဝေဖန်ရေးသားခဲ့ပါတယ်။

နတ်မောက် ပကဖ ရဲ့ထုတ်ပြန်ချက်မှာဒေါ်ဇင်မေထွန်းဟာ စစ်အုပ်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး တော်လှန်ရေးရဲဘော်တွေကို PDF များဖြစ်သဖြင့် ဈေးမရောင်းဟု ငြင်းဆန်တာ၊ ရွာသူရွာသားတွေကို ရဲဘော်တွေကို ဈေးမရောင်းဖို့ စစ်အုပ်စု ဗိုလ်မှူးက ပြောထားကြောင်း ပြန်လည်ဝါဒဖြန့်ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သူမရဲ့ သတင်းပေးမှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ မိသားစုနေအိမ် မီးရှို့ဖျက်ဆီးခံရခြင်းအပြင်၊ ၂၀၂၁ ခုနှစ်က သူမရဲ့ ဆွေမျိုးတွေ သတင်းပေးမှုကြောင့် ရွာသား ၃ ဦး ဖမ်းဆီးခံရကာ ထောင်ဒဏ်ကျခံနေရခြင်းတွေ ရှိခဲ့တယ်လို့လည်း နတ်မောက်မြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်အုပ်စုဘက်ကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲဘော်တစ်ဦးကလည်း ဒေါ်ဇင်မေထွန်းဟာ စစ်အုပ်စုရဲ့ ဒလန်အစစ်အမှန်ဖြစ်ကြောင်း ထွက်ဆိုထောက်ခံထားသလို၊ ကျေးရွာနေ ပြည်သူတွေကလည်း ပြောဆိုထောက်ခံ ထားကြောင်း ဒါကြောင့် မြို့နယ်ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်ယက္ခက ခေါ်ယူသတိပေးခဲ့ပေမဲ့ လိုက်နာခြင်း မရှိတာကြောင့် ယခုလိုမျိုး ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယင်းမာပင် တပ်ရင်း ၂၀တွင် ဖြစ်ပွားခဲ့သည့် တပ်တွင်း လိင်အကြမ်းဖက်မှု ၆လကျော်သည် အထိ NUG မဖြေရှင်းနိုင်သေး

Source –  HI – Honest Information

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၂၀) အတွင်း အမျိုးသမီးရဲဘော် ၁ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ်နဲ့  ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က တရားမျှတမှုကို ထိရောက်မြန်ဆန်စွာ ဖော်ဆောင်ပေးရန်၊ လူမျိုးရေး၊ ဘာသာရေးအခြေခံ ခွဲခြားမှု ဖြစ်စဉ်တွေကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းပေးရန် အင်အားစု ၁၇၂ စုက ပူးတွဲသဘောထား ထုတ်ပြန် တောင်းဆို လိုက်ပါတယ်

အဆိုပါဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကျူးလွန်ခံရသူ အမျိုးသမီးရဲဘော်မှာ အစ္စလာမ်ဘာသာဝင် လူနည်းစုဖြစ်သလို ၎င်း မိသားစုဝင်တွေမှာလည်း တော်လှန်ရေးမှာ ပါဝင်ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ မတ်လ ၁၁ ရက်နေ့မှာ တပ်ရင်းမှူး ရန်ရှင်းအောင် အပါအဝင် သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့်၊ လက်ရှိအချိန် ၆ လကျော် ကြာမြင့်သည်ထိ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ထုတ်ပြန်ချက်တစုံတရာ မရှိဘဲ တရားမျှတမှု ကင်းမဲ့နေတယ်လို့ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရဲ့ အိမ်ထောင်ရှိ၊ အရွယ်ငယ်ကလေးတဦးမိခင်ဖြစ်သူ ရဲမေကို ခွင့်ပြုချက်မရဘဲ အလှူငွေ ကောက်ခံတယ်ဆိုတဲ့ ပြစ်မှုနဲ့ ခရိုင်ပလဖ အချုပ်ထောင်အတွင်း ထိန်းသိမ်းထားစဉ် မုဒိန်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲမေ၏ ခန္ဓာကိုယ်ကို ဓားနဲ့ခြစ်ခြင်း၊ ကြိုးတုပ်ရိုက်နှက်တာ ပြုလုပ်ခဲ့ပါတယ်။

ကျိုင်းတုံမြို့ မှာအမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

Source – Shan News

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက်(၄) နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နဲ့ အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ ဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူကို ပြန်ပေးဆွဲသွားတယ်သိရပါတယ်။

ဇူလိုင်၂ရက်နေ့မှာ လက်နက်ကိုင်လူတစုက ပရိဘောကဆိုင်ထဲ သေနတ်ရှည်နဲ့ဝင်ရောက်ပြီး ပြန်ပေးဆွဲခေါ်ယူသွားတာဖြစ်ပြီး၊ကျိုင်းတုံမြို့မှာ လုယက်အကြမ်းဖက်တဲ့ဖြစ်စဉ်တွေနဲ့ ဆိုးရွားနေသလို ယခုလို့ ပြန်ပေးဆွဲမှုကတော့ ပထမဆုံးကြားဖူးတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတဦးကလည်းပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်ကလည်း ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်နဲ့ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နဲ့ ကားကို ဓားပြတိုက်လုယူခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းအပါအဝင် အခြားအကြောင်းအရင်များကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် စီးပွားရေးကျဆင်းလာပြီး စားဝတ်နေရေး ခက်ခဲခြင်းကြောင့် ခိုးဆိုးလုယက်ခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများလည်း နေ့စဉ်နီးပါး ရှိလာပါတယ်။