တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဩဂုတ်လ ၁ ရက်ကနေ ၇ ရက်နေ့အထိ)
ဩဂုတ်လ ၁ ရက်ကနေ ၇ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ် ထူးခြားတဲ့နောက်ဆက်တွဲသတင်းတပုဒ်ကတော့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဖြစ်ပွား ခဲ့တဲ့ ရခိုင်အမျိုးသမီးတဦးကို လက်ထိပ်ခတ်အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူအဓိက တရားခံကို စစ်တွေခရိုင်တရားရုံးက မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေအမိန့် သေဒဏ် ချမှတ်လိုက်ပြီး၊ ပူးပေါင်းကူညီပေးခဲ့တဲ့ ကျန် ၂ ဦးကို ထောင်ဒဏ်နှစ် ၂၀ ချတဲ့သတင်းပါ။
ဒီအမှုဟာ ရခိုင်ပြည်မှာ အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ကလေးသူငယ်တွေအပေါ် ဆက်တိုက် ဆိုသလိုကျူးလွန်နေတဲ့ မုဒိမ်းမှုတွေထဲ အရက်စက်ဆုံးနဲ့ အထူးခြားဆုံး ဖြစ်စဉ်တခုဖြစ်ပြီး အားလုံး စောင့်ကြည့်နေခဲ့တဲ့သတင်းလည်းဖြစ်ပါတယ်။ မုဒိမ်းကျင့်လူသတ်မှု ကျူးလွန်တဲ့ဖြစ်စဉ်တွေထဲမှာ တရားခံဖမ်းမမိတဲ့အမှုတွေ၊ ဖမ်းမိထားတဲ့တရားခံက ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်စဉ်တွေ၊ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုမရသေးတဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေတဲ့ အခြေအနေတွေကြားမှာ ဒီအမှုက အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်မှု လက်ထက် အမြင့်ဆုံးပြစ်ဒဏ်လည်း ဖြစ်ပါတယ်။
ဒါနဲ့ဆက်စပ်ပြီး နောက်ထပ် သတင်းတပုဒ်က ULA/AA ထိန်းချုပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မ ပြုကျင့်ခံရမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အမှုတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ တက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးတွေက တောင်းဆိုနေကြတဲ့သတင်းဖြစ်ပါတယ်။
ရခိုင်ပြည်အတွင်းမှာ အဓမ္မပြုကျင့်မှုဖြစ်စဉ်တွေဟာ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး ဒီလိုမျိုး ဖြစ်စဉ်တွေ ဖြစ်ပေါ်လာရခြင်းဟာ အရင်ကဖြစ်ပွားခဲ့တဲ့ အမှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့တဲ့ အကျိုးဆက်ဖြစ်တယ်လို့ ထောက်ပြပြောဆိုကြပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ဒေသတွင်း လူသတ်မှု၊ မုဒိမ်းမှုကျူးလွန်သူတွေကို ပြစ်ဒဏ် ကနေ တယောက်မှ မလွတ်စေရဆိုတဲ့ မူဝါဒကို ချမှတ်ထားကြောင်း အာရက္ခတပ်တော် (AA) ရဲ့ တရား ဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ထုတ်ပြန်ထားတယ်ဆိုတဲ့ သတင်းတပုဒ် ကိုလည်း တွေ့ရပါတယ်။
ဒီသတင်း ၂ပုဒ်အပြင် လူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ သတင်းတပုဒ်ကတော့ အမွှာကလေး ၂ဦး စွန့်ပစ်ခံရတဲ့ သတင်းဖြစ်ပါတယ်။
ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ် ရာဇာဓိရာဇ်လမ်းနဲ့ သဇင်လမ်းထောင့်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာ အသက် ၂လသားအရွယ်အမွှာ ယောကျာ်းလေးနဲ့ မိန်းကလေးကို လာရောက်စွန့်ပစ်သွားတဲ့ သတင်း ဖြစ်ပါတယ်။ ဒီသတင်းဟာလည်း တိုင်းပြည်ရဲ့ဆင်းရဲမွဲတေမှုအခြေအနေကို မီးမောင်းထိုးပြနေပါတယ်။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးနဲ့ သက်ဆိုင် တဲ့ သတင်း ၁၆ ပုဒ်ကို ပြန်လည် စုစည်းဖော်ပြလိုက်ပါတယ်။
- မုဒိမ်းမှုကျူးလွန်သူ တစ်ယောက်မျှ မလွတ်စေရဟု AA ပြော
- ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ICRC တွေ့ခွင့်ရပြီး ၄ ရက်အကြာတွင် အမေရိကန် တောင်းဆို
• ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုက စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်း ဖြစ်ကြောင်း AAPP ထုတ်ပြန်
• ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အဆုံးသတ်ရန် WLB တိုက်တွန်း
• ရန်ကုန်မှာ အမျိုးသမီးတွေအနှောက်အယှက်ပေးခံရပုံကို လုံခြုံရေးကင်မရာနဲ့ မှတ်တမ်း တင်နိုင်ခဲ့
• NUG ဖမ်းဆီးထားသည့် CPU/CPA တပ်ဖွဲ့ဝင် ရဲမေကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို
• တရားရုံးနှင့် အုပ်ချုပ်ရေးစနစ် အမျိုးသမီးများ ကိုယ်တိုင် တည်ဆောက်နေဟု KWO ပြော
• ရန်ကုန်မှာလသားအရွယ်အမွှာကလေးလေးနှစ်ဦးကိုစွန့်ပစ်ထား
• EPS စာမေးပွဲ၌ အမျိုးသမီးများ ဝင်ဖြေနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ ချန်လှပ်၍ သစ်တောကဏ္ဍ ထပ်တိုး
• တနင်္သာရီမြို့နယ်မှာ စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး
• ဟားခါးတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က ပစ်ခတ်၍ အရပ်သားအမျိုးသမီး သေဆုံး
• ရခိုင်တွင် အဓမ္မပြုကျင့်မှုများကို ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆို
• စစ်မှုထမ်းကြောက်၍ အလုပ်ခွင်များတွင် အမျိုးသမီးများ အစားထိုးဝင်ရောက်လုပ်ကိုင်နေ
• မလှိုင်မှာစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲလို့အမျိုးသမီးတစ်ဦးသေဆုံး
• ဒီပဲယင်းမှာ ချောင်းရေဖြတ်ကူးတဲ့ ကောက်စိုက်သမ ၁၀ဦး ရေစီးနဲ့ မျောပါပြီး ၆ဦးသေဆုံး
• ပုဏ္ဏားကျွန်းက အမျိုးသမီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူကို သေဒဏ်ချမှတ်၊ ကျန် ၂ ဦးကို ထောင်ဒဏ်နှစ် ၂၀ ချ
မုဒိမ်းမှုကျူးလွန်သူ တစ်ယောက်မျှ မလွတ်စေရဟု AA ပြော
Source – DMG
အာရက္ခတပ်တော်(AA) ထိန်းချုပ်ဒေသတွင်း လူသတ်မှု၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများ တစ်ယောက်မျှ ပြစ်ဒဏ်ကနေ မလွတ်စီရဟုသည့် မူဝါဒကို ချမှတ်ထားကြောင်း အာရက္ခတပ်တော် (AA) ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ထုတ်ပြန်သည်။
ဒီလပ်အနေဖြင့် ရခိုင်ပြည်အတွင်း မှုခင်းဖြစ်စဉ်များ လျော့ကျစေရေး ဆောင်ရွက်လျက်ရှိနေပြီး ပြစ်မှု ကျူးလွန်ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း ဖမ်းဆီးနိုင်ရေးအတွက် အထူးဂရုပြုဆောင်ရွက် နေကြောင်း ဆိုထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုအပါအဝင် မှုခင်းဖြစ်စဉ်များ ကျဆင်းလာစေရန် ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်တွဲလုပ်နေကြောင်း လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တရားရေးဌာနကလည်း နစ်နာသူများ တရားမျှတမှုရရှိရေး၊ ကျူးလွန်သူများဖက်ကလည်း တရားနည်း လမ်းကျကျ ချေပနိုင်ခွင့်ကိုပါ စီစဉ်ဆောင်ရွက်ထားရှိသည်ဟု ဆိုထားသည်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင် ခိုးမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ်မု ဒိမ်းမှုများ ထူပြောလာနေပြီး တရားဥပဒေအရအရေးယူမှု အားနည်းချက်အပေါ်မှာလည်း ဝေဖန်မှုမြင့် နေကြသည်။
လက်ရှိ မုဒိမ်းမှုနှင့်ပတ်သက်၍ ULA တရားရေးဌာနက ပထမဆုံးအကြိမ် အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်လာသည်ကိုတွေ့ရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူမှာ ပြစ်မှုထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေအမိန့်နှင့် ကျန်နှစ်ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ-၃၆၄ အရ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ICRC တွေ့ခွင့်ရပြီး ၄ ရက်အကြာတွင် အမေရိကန် တောင်းဆို
Source – MPA
မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC က တွေ့ဆုံခွင့်ရပြီး ၄ရက်မြောက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက် တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး ယခုတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစု ကြည်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံမှန်ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက် အစပြုမှုတစ်ရပ် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးထံ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်မယ်လို့ မျှော်လင့် ကြောင်း ဩဂုတ်၇ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိနိုင်ရေးနဲ့ မိသားစုဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သွားရောက်တွေ့ဆုံခွင့် ရရှိနိုင်ရေးကို အာဏာသိမ်းစစ်အုပ်စုက အာမခံပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုက စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်း ဖြစ်ကြောင်း AAPP ထုတ်ပြန်
Source – HI
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque တို့တွေ့ဆုံမှုဟာ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာတဲ့ အောင်မြင်မှု တစိတ်တပိုင်း ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP ) က ထုတ်ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဩဂုတ်လ ၃ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းတွေမှာဖော်ပြခဲ့ပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ ပြည်တွင်း၊ ပြည်ပ အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာတဲ့ အောင်မြင်မှုတစိတ်တပိုင်းဖြစ်သော်လည်း စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်နိုင်ငံ့ခေါင်းဆောင် အဖြစ် အသိအမှတ်မပြုဘဲ အကျဉ်းသားတဦးအဖြစ်သာ ဆက်လက်သဘောထားနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဆိုပါတယ်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အဆုံးသတ်ရန် WLB တိုက်တွန်း
Source – HI
ယိုယွင်းပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်အောက်မှာ ပဋိပက္ခအတွင်း အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုရရှိရေးနဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၊ ဖက်ဒရယ်ယူနစ်အာဏာပိုင်များနှင့် နိုင်ငံတကာ အသိုက်အဝန်းထံ အရေးပေါ်တိုက်တွန်းလိုက်ပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က”Field of Sorrows (ကြေမွလွင်ပြင်)” မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့် ပြသခဲ့ပြီး “ယိုယွင်းပျက်စီးနေသည့် တရားစီရင်ရေးစနစ်အောက်တွင် တရားမျှတမှုအတွက် တိုက်ပွဲ ဝင်ခြင်း – ပဋိပက္ခ အတွင်းရှိ အမျိုးသမီးများ၏ ရုန်းကန်မှု” ခေါင်းစဉ်နဲ့ စကားဝိုင်းဆွေးနွေးပွဲတခုကိုလည်း ဇူလိုင်လ ၃၁ ရက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင် နိုင်ငံတဝှမ်း အကြမ်းဖက်ခံရသူ အမျိုးသမီး ၁,၂၁၂ ဦးကို WLB နဲ့ အဖွဲ့ဝင်အဖွဲ့အစည်း တွေက ကူညီပံ့ပိုးပေးခဲ့ရတယ်လို့သိရပါတယ်။
အဆိုပါဖြစ်စဉ်တွေဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ လူကုန်ကူးခြင်း၊ အဓမ္မ လက်ထပ်ခိုင်းခြင်း၊ အဓမ္မ ကိုယ်ဝန်ရစေခြင်း သို့မဟုတ် ကိုယ်ဝန်ဖျက်ချခိုင်းခြင်းတို့ ပါဝင်ပါတယ်။
လက်ရှိမှာ တရားစီရင်ရေးစနစ် ပြိုလဲနေတဲ့အတွက် ကျူးလွန်ခံရသူတွေဟာ ခြိမ်းခြောက်ခံရခြင်း၊ လုံခြုံရေး အန္တရာယ်နဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုံ့ချမှုတွေကြောင့် တရားမျှတမှုရရှိဖို့ အလွန်ခက်ခဲနေပြီး ကျူးလွန် သူ စစ်တပ်အနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် WLB အနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် အကူး အပြောင်းကာလ တရားမျှတမှု (Transitional Justice)ကို အခြေခံပြီး အချက်အလက်တွေ ခိုင်လုံစွာ မှတ်တမ်း တင်ကာ ICC ၊ IIMM အပါအဝင် နိုင်ငံတကာ တရားမျှတရေး ယန္တရားတွေထံ ပေးပို့ စည်းရုံးလှုံ့ဆော်လျက် ရှိတယ်လို့သိရပါတယ်။
ရန်ကုန်မှာ အမျိုးသမီးတွေအနှောက်အယှက်ပေးခံရပုံကို လုံခြုံရေးကင်မရာနဲ့မှတ်တမ်းတင်နိုင်ခဲ့
Source – People’s Spring
ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးက လိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။
ဇူလိုင် ၃၁ ရက် မှာဖြစ်ခဲ့တဲ့ဖြစ်စဥ်ကို CCTV ကမှတ်တမ်းတင်ထားပြီး ထို ဗီဒီယိုဖိုင်ကို ဖေစ်ဘွခ်သုံးစွဲသူတဦးကတင်လိုက်ရာ ရန်ကုန်မြို့မှာ အမျိုးသမီးတွေ အနှောက်အယှက်ကြုံရတာကို အပြောနဲ့သာမဟုတ် လက်တွေ့ပြသနိုင်တဲ့မှတ်တမ်းဖြစ်လာပါတယ် ။
ဗီဒီယိုဖိုင်မှာ ပင့်ကူလူသား(Spider Man)ပုံ ကျောပိုးအိတ်လွယ်ထားတဲ့ အမျိုးသားတဦးက ခြံတစ်ခုရဲ့အဝမှာရပ်စောင့်ရင်း ထွက်လာတဲ့ အမျိုးသမီးငယ်တစ်ဦးကို လိုက်နှောက်ယှက်နေတာကို တွေ့ရပါတယ်။
ဇူလိုင် ၃၁ ရက် နံနက် ၈နာရီခွဲကျော်က ကမာရွတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း ရှေ့မှာဖြစ်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာအများစုကတော့ အဲဒီ့ဖြစ်စဉ်ကို မသိကျိုးကျွံပြုသွားကြပါတယ်။အဆိုပါအမျိုးသားက အမျိုးသမီးငယ်ကို အနီးကပ်ဖို့လုပ်ခဲ့သလို ၊အမျိုးသမီးကရှောင်ထွက်ဖို့ ကြိုးစားတာမှာလည်း ဇွတ်လိုက်ကပ်တာကို တွေ့ရပါတယ် ။
နှောင်ယှက်တဲ့ အမျိုးသားက အမျိုးသမီးကို လမ်းပိတ်ထားတဲ့ပုံစံလုပ်နေတာကြောင့် ချစ်သူတွေထင်ပြီး မကူညီကြတာဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက မှတ်ချက်ရေးသားထားကြပါတယ်။
ဒါပေမယ့် လမ်းသွားလမ်းလာအမျိုးသားတစ်ဦးကတော့ နှောင့်ယှက်ခံနေရတဲ့ အမျိုးသမီးရဲ့ ဖြစ်စဉ်ကို တချက်အကဲခတ်ပြီး အခြေအနေရိပ်မိပြီး လက်ဆွဲကာခေါ်ဆောင်သွားခဲ့တာကြောင့် အဆင်ပြေသွားခဲ့တာပါ။
NUG ဖမ်းဆီးထားသည့် CPU/CPA တပ်ဖွဲ့ဝင် ရဲမေကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို
Source – Chin World
CPU / CPA တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မကွေးတိုင်းအဆင့် ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့ဝင်တွေက ဇူလိုင်လ ၂၉ ရက်နေ့ကဖမ်းဆီးခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်ထောက်ပို့ ပိုင်းဆိုင်ရာတွေ ပိုမိုလှုပ်ရှားရလွယ်ကူစေဖို့အတွက် မကွေးတိုင်း၊ ဆောမြို့နယ်အနီးအနားသို့ အန္တရာယ်ကြားကနေ စွန့်စားလှုပ်ရှားနေစဉ် NUG အစိုးရလက်အောက်ခံ အဖွဲ့တွေရဲ့ဖမ်းဆီးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ရဲမေ မိုင်သူဇာကို အမြန်ဆုံး ပြန်လွှတ်ပေးကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU / CPA) တပ်ဖွဲ့ဝင် တာဝန်ရှိသူတွေကပြောပါတယ်။
တရားရုံးနှင့် အုပ်ချုပ်ရေးစနစ် အမျိုးသမီးများ ကိုယ်တိုင် တည်ဆောက်နေဟု KWO ပြော
Source – KIC
စစ်အာဏာရှင်စနစ် ဖိနှိပ်မှုအောက်ရှိ မြန်မာအမျိုးသမီးတွေဟာ နိုင်ငံတကာရဲ့ ကူညီကယ်တင်မှုကို စောင့် ဆိုင်းမနေဘဲ မြေပြင်မှာ တရားရုံးတွေ တည်ဆောက်ခြင်း၊ တရားသူကြီးတွေကို လေ့ကျင့်ပေးခြင်းနဲ့ အုပ်ချုပ် ရေး စနစ်တွေကို ကိုယ်တိုင်ဦးဆောင် အကောင်အထည်ဖော်နေတယ်လို့ KWO က ပြောပါတယ်။
ဩဂုတ်လ ၃ ရက် က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ‘မြန်မာနိုင်ငံရဲ့ အမျိုးသမီး၊ ငြိမ်း ချမ်းရေး၊ လုံခြုံရေး (WPS) နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ရှုထောင့်မှတစ်ဆင့် ဒေသဆိုင်ရာ တာဝန် ခံမှုကို ခိုင်မာအောင်တည်ဆောက်ခြင်း’ ဖိုရမ်မှာ ကရင်အမျိုးသမီးအစည်းအရုံး KWO ဥက္ကဋ္ဌက ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
KWO ဥက္ကဋ္ဌ နော်ကညောဖောက “မြန်မာအမျိုးသမီးတွေဟာ တစ်စုံတစ်ယောက်က ကယ်တင်ပေးမှာကို စောင့် နေတာ မဟုတ်ပါဘူး။ ကျမတို့ တရားရုံးတွေ တည်ဆောက်နေတယ်၊ တရားသူကြီးတွေကို လေ့ကျင့်ပေးနေ တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲနေတယ်၊ နေရပ်စွန့်ခွာရသူ (IDPs) တွေကို အကူအညီပေးနေတယ်။ ကမ္ဘာက ကျမတို့နဲ့အတူ ရပ်တည်ပေးဖို့ပဲ တောင်းဆိုတာပါ” လို့ ဖိုရမ်မှာမိန့်ခွန်းပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် (CHRP)၊ မြန်မာနဲ့ ဖိလစ်ပိုင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီး အဖွဲ့ အစည်းတွေ ပူးပေါင်းကျင်းပတဲ့ ဖိုရမ်ကို သံတမန်တွေ၊ ဒေသတွင်း ပညာရှင်တွေနဲ့ အရပ်ဘက် ကိုယ်စားလှယ် ၈၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ရန်ကုန်မှာလသားအရွယ်အမွှာကလေးလေးနှစ်ဦးကိုစွန့်ပစ်ထား
Source – People’s Spring
ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ် ရာဇာဓိရာဇ်လမ်းနဲ့ သဇင်လမ်းထောင့်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာ အသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။
စွန့်ပစ်ခံရတဲ့ အမွှာကလေးငယ်နှစ်ဦးကတော့ ယောကျာ်းလေးနဲ့ မိန်းကလေးဖြစ်ပြီး ကြက်ခြေနီရုံးဝန်ထမ်းတစ်ဦးကစတွေ့ခဲ့တာဖြစ်ပါတယ်။
ကလေး နှစ်ဦးကို ကြက်ခြေနီအသင်းစောင့်ရှောက်ထားပြီး မြောက်ဥက္ကလာပဆေးရုံမှာလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်ကုသမှုတွေပေးနေတယ်လို့သိရပါတယ်။
EPS စာမေးပွဲ၌ အမျိုးသမီးများ ဝင်ဖြေနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ ချန်လှပ်၍ သစ်တော ကဏ္ဍ ထပ်တိုး
Source -DVB
တောင်ကိုရီးယား အလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) ကို ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍမပါဘဲ တခြားလုပ်ငန်း အမျိုးအစားတွေအတွက် အခုနှစ်မှာ ကျင်းပမယ်လို့ စစ်အာဏာရှင်အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာပါတယ်။
အခုနှစ်အတွက် EPS-Topik စာမေးပွဲမှာ စိုက်ပျိုးရေး/မွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်း အမျိုးအစားတွေ ပုံမှန်အတိုင်း ဆက်ပါခဲ့ပြီး သစ်တောလုပ်ငန်း အမျိုးအစားကို ပထမဆုံး ထည့်သွင်းလာပါတယ်။
အရင်နှစ်တွေက ပါလေ့ရှိတဲ့ ကုန်ထုတ်လုပ်ငန်းအမျိုးအစား မပါလာတော့သလို နောက်ဆုံးပြုလုပ်ခဲ့တဲ့ စာမေးပွဲမှာ အမျိုးသမီးတွေပါ တောင်ကိုရီးယားနိုင်ငံ သွားလုပ်ခွင့်ရစေမဲ့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍကိုလည်း အခုကျင်းပမဲ့ စာမေးပွဲမှာ ချန်လှပ်ထားတာ တွေ့ရပါတယ်။
EPS-Topik စာမေးပွဲမှာ ဝန်ဆောင်မှုကဏ္ဍ ဖြေဆိုအောင်မြင်ထားတဲ့ အမျိုးသမီး ၃,၀၀၀ နီးပါး ရှိပေမဲ့ တနှစ်ကျော်သက်တမ်းအတွင်း အလုပ်ခေါ်ယူခန့်ထားတာ ဦးရေ ဆယ်ဂဏန်းလောက်ပဲ ရှိခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး
Source – People’s Spring
တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က ဩဂုတ် ၄ရက်ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး(၁)ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
လမိုင်းကော့ရွာဟာ KNU အုပ်ချုပ်နယ်နယ်မြေ သတ်မှတ်ချက်အရ KNU မြိတ်ထားဝယ်ခရိုင်လယ်မူလားမြိုနယ်ထဲမှာ ရှိတာဖြစ်ပါတယ်။
အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူလူထုနေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ KNU ထိန်းချုပ်ဒေသတွေက ကျေးရွာတွေကို လေကြောင်းလက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားသေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
ဟားခါးတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က ပစ်ခတ်၍ အရပ်သားအမျိုးသမီး သေဆုံး
Source – Mizzima
ချင်းပြည်၊ ဟားခါးမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့–ဟားခါး (CDF-Hakha) ကပြောပါတယ်။
ဩဂုတ်လ ၁ ရက်နေ့က ဟားခါးမြို့ View Point အနီးမှာ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ရမ်းသမ်းပစ်ခတ်ခဲ့ရာ နေအိမ်အတွင်း ရှိနေတဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ CDF-Hakha တာဝန်ရှိသူကပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ ပေါင်မှာ ကျည်ထိမှန်ကာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာဖြစ်ပြီး သားသမီးလေးဦး ကျန်ရစ်ခဲ့တယ်လို့ နီးစပ်သူတွေကပြောပါတယ်။
ပစ်ခတ်မှုဟာ အချိန်အနည်းငယ် ကြာမြင့်ခဲ့တဲ့အတွက် ဒေသခံအချို့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ယူဆခဲ့ ကြသော်လည်း လက်ရှိမှာ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် မြို့တွင်းစစ်ဆင်ရေးတွေကို ရပ်နားထားပြီး CDF-Hakha နဲ့စစ်အုပ်စုတပ်အကြား တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိခဲ့ဘူးလို့သိရပါတယ်။
ရခိုင်တွင် အဓမ္မပြုကျင့်မှုများကို ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆို
Source – DMG
ULA/AA ထိန်းချုပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်ခံရမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အမှုတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ တက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးတွေက တောင်းဆိုနေကြပါတယ်။
ရခိုင်ပြည်အတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနဲ့ အဓမ္မမှုဖြစ်စဉ်တွေ မြင့်တက်လာနေတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ကျူးလွန်သူနဲ့ ပတ်သက်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့နဲ့ အမှုကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ လိုလားနေကြတာဖြစ်တယ်။
ရခိုင်ပြည်အတွင်း အဓမ္မပြုကျင့်မှုတွေ ဖြစ်ပေါ်လာရခြင်းမှာ ယခင်က ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်း ဖက်မှုတွေကို ထိရောက်စွာ မကိုင်တွယ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် ဖြစ်တယ်လို့ ရှုမြင်နေကြပြီး၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် အမှုတွေကို ပွင့်လင်းမြင်သာစွာ အပြင်းထန်ဆုံး အရေးယူပေးဖို့ လိုလားနေကြတာဖြစ်ပါတယ်။
စစ်မှုထမ်းကြောက်၍ အလုပ်ခွင်များတွင် အမျိုးသမီးများ အစားထိုးဝင်ရောက်လုပ်ကိုင်နေ
Source – Network Media Group – NMG
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမှာကို စိုးရိမ်တဲ့အတွက် အမျိုးသားတွေ အိမ်တွင်းအောင်းနေကြရပြီး ယာဉ်မောင်း၊ စပယ်ယာအလုပ်တွေအပြင် အခြားသော လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ အစားထိုး ဝင်ရောက်လုပ်ကိုင်လာကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်အုပ်စုက ရက် ၁၀၀ အတွင်း စစ်မှုထမ်းစုဆောင်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာတဲ့အတွက် အမျိုးသားတွေ အပြင်မထွက်ရဲဘဲ အိမ်တွင်းအောင်းနေကြရပြီး မိန်းကလေးတွေသာ အပြင်ထွက်ပြီး အလုပ်လုပ်ကြရတဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ ပန်းတောင်းမြို့နယ်အတွင်း မီနီလိုင်းကား ၁၀ စီးမှာ အမျိုးသမီး ၄ ဦးနှုန်းခန့် စပယ်ယာအဖြစ် လုပ်ကိုင်နေကြသည်ကို တွေ့ရသလို အိုးဝေမောင်းနှင်းတဲ့ အမျိုးသမီးတွေကိုလည်း အတော်များများ တွေ့လာရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
မလှိုင်မှာစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲလို့အမျိုးသမီးတစ်ဦးသေဆုံး
Source – People’s Spring
မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။
ဒဟတ်တန်း(တောင်)ရွာရဲ့နေအိမ်ဝိုင်းတစ်ခုထဲ ဗုံးကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသလို အမျိုးသားတစ်ဦးနဲ့ အခြားအမျိုးသမီးနှစ်ဦးလည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မလှိုင်မြို့နယ်ကရွာတွေကိုအာဏာသိမ်းစစ်တပ်ကပြီးခဲ့တဲ့လပိုင်းတွေက စတင်ပြီးတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်တဲ့အတွက် ပြည်သူတွေ စိုးရိမ်တကြီးနဲ့နေထိုင်ရတယ်လို့ နယ်ခံအချို့ကပြောပါတယ်။
သဖန်းဆိပ်ဆည် စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေလွှတ်ထားရတာကြောင့် ရေဘေးအန္တရာယ် သတိပေး
ဒီပဲယင်းမှာ ချောင်းရေဖြတ်ကူးတဲ့ ကောက်စိုက်သမ ၁၀ဦး ရေစီးနဲ့ မျောပါပြီး ၆ဦးသေဆုံး
Source – Connect Burma
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်အတွင်းက သဖန်းဆိပ်ရေလှောင်တမံဟာ မိုးများပြီး စိုးရိမ်ရေမှတ်ကျော်လွန်နေတာကြောင့် ဆည်အောက်ပိုင်းဒေသက ကျေးရွာတွေအနေနဲ့ ရေကြီးရေလျှံမယ် အန္တရာယ် ရှိနေပြီး သတိထားကြဖို့ကို ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သဖန်းဆိပ်ဆည်ဟာ မိုးရေချိန်များပြီး စိုးရိမ်ရေမှတ်ကျော်လွန်နေလို့ ဒီကနေ့ (ဩဂုတ်လ ၆ရက်)မှာ ဆည်ရေတွေကို အဆက်မပြက်လွှတ်ထားပြီး၊ရေတံခါးတွေ ဖွင့်လှစ်ထားရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆည်အောက်ဘက်ဒေသကကျေးရွာတွေနဲ့ မူးမြစ်ကမ်းတလျောက်က ကျေးရွာတွေအနေနဲ့ ရေကြီးရေလျှံမှု ဒဏ် ခံစားရမယ်အခြေအနေ အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ နေ့လယ် ၁၂နာရီခွဲ အချိန်ခန့်ကလည်း ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စု၊ချောင်းရိုးကျေးရွာမြောက်ဘက်က ချောင်းအတွင်း ဖြတ်ကူးကြတဲ့ ကောက်စိုက်သမ ၁၀ဦး ချောင်းရေနဲ့ မျောပါပြီး ၆ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း အတွင်းက ကောလင်းမြို့နယ်ထဲမှာလည်း မိုးများပြီး ချောင်းရေတက်လာတာကြောင့် ကျေးရွာပေါင်း ၁၀၀နီးပါး ရေကြီးရေလျှံတဲ့ဒဏ် ခံစားနေရတယ်လို့ သိရပါတယ်။
အလားတူဘဲ ဧရာဝတီတိုင်းအတွင်းက လေးမျက်နှာမြို့နယ်မှာလည်း ငဝန်မြစ်ရေကာတာကျိုးပေါက်ခဲ့တာကြောင့် ဒေသခံတွေ ရေဘေးသင့်နေပြီး လူသေဆုံးတာနဲ့ လယ်ယာမြေထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။
အခုစိုးရိမ်ရေမှတ် ကျော်လွန်နေတဲ့ သဖန်းဆိပ်ဆည်ဟာ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်မှာ တည်ရှိပြီး မူးမြစ်အတွင်းက အဓိက ရေဝင်ရောက်ကာ ဆည်ရေပြင်အကျယ် ၁၀၆၂၀၀ ဧက ရှိတယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းက အမျိုးသမီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူကို သေဒဏ်ချမှတ်၊ ကျန် ၂ ဦးကို ထောင်ဒဏ်နှစ် ၂၀ ချ
Source – DMG
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ မှုတွင် ကျူးလွန်သူမှာ ပြစ်မှုထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေအမိန့်နှင့် ကျန်နှစ်ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ-၃၆၄ အရ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။
ယမန့်နေ့ (ဩဂုတ် ၆) ရက် အာရက္ခမှုခင်းနှင့် သတင်းဆက်စပ်ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် “ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်လူသတ်ခဲ့သည့် အမှုမှ တရားခံ (၃) ဦးကို ၂၀၂၆ ဩဂုတ် ၅ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက သေဒဏ်နှင့် ထောင်ဒဏ်နှစ်(၂၀) စသည့် အမြင့်ဆုံးပြစ်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း ” ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဂျူလိုင် ၂၂ ရက် ၊ ည(၁၀) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာ အနောက်ဖက် တောင်ခြေရင်းအောက် မြောင်၌ လူတစ်ဦး သေဆုံးနေကြောင်းသိရ၍ နီးစပ်ရာ ဒီလပ်စခန်းမှ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အခင်းဖြစ်ရာ နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွင် လက်ထိတ်နောက်ပြန်ခတ်ပြီး မှောက်လျက် အနေအထားဖြင့် ခန္ဓာကိုယ်အောက်ပိုင်း အဝတ်မပါဘဲ ဘယ်ဖက်ခြေချင်းဝတ်၌ အတွင်းခံဘောင်းဘီ တလုံး ချိတ်လျက် လက်ရှည် အင်္ကျီ အဖြူရောင်ဝတ်ဆင်ထားကြောင်းသိရသည်။
ထိုအမျိုးသမီးမှာ ပုဏ္ဏာကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာမှ ဇူလိုင် ၁၈ ရက်က ပျောက်ဆုံးသွားသူ အသက် ၂၃ နှစ် အရွယ် (—-) ဖြစ်ပြီး တွေ့ရှိချိန်တွင် အင်္ကျီ၏ ဘယ်ဖက်လက်တွင် စုတ်ပြဲပြီး ဦးခေါင်းနောက်စေ့ပွင့်ကာ ပုပ်ပွသေဆုံးနေခြင်းဖြစ်သည်။
အဆိုပါ အမှုအား ဒီလပ်စခန်းက အမှုအမှတ် (ပ) ၁၈/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ ဇူလိုင်လ ၂၃ ရက်တွင် အမှုဖွင်ပြီး စုံစမ်းခဲ့ကြောင်း ဆိုသည်။
အမှုနှင့် ပတ်သက်သူများအား စုံစမ်းစစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာ၊ ကျားလောင်ပွန်းဘုန်း ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဦးမောင်တင်ဝင်းဆိုသူသည် ထိုအမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ ကြောင်းဝန်ခံထွက် ဆိုခဲ့ကြောင်း သိရသည်။
ထို့အတူ အဆိုပါ အမှု၌ နောက်ထပ်ပါဝင်သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ဘေးရှောင် စခန်း၌ နေထိုင်သူများ ဖြစ်သော (အဖ) ဦးကျော်ဆန်း၏သား အသက် ၂၉ နှစ်အရွယ် မောင်အေးကျော် (ခ) မောင်ပုနှင့် (အဖ) ဦးညီညီ၏ သား အသက် ၂၁ နှစ်အရွယ် မောင်သန်းစိုး(ခ) င/လုံးတို့လည်း ပါဝင်နေသည်။
အဆိုပါ အမှုကို ၂၀၂၆ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် – ၃၅ ဖြင့် လိုပြသက်သေ (၁၉) ဦးအပါအဝင် နှစ်ဖက်စစ်ဆေးမှုများ ပြုလုပ်ကာ ၂၀၂၆ ခုနှစ် ဩဂုတ် (၂) ရက်တွင် စွဲချက်အမိန့်ချမှတ်ခဲ့ကြောင်း ဒီလပ်က ဆိုသည်။
တရားရုံး၏ စစ်ဆေးချက်၊ သက်သေများ၏ ထွက်ဆိုချက်၊ တရားခံ၏ ဝန်ခံချက်များအရ တရားခံ မောင်တင်ဝင်းသည် မုဒိမ်းကျင့် လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်းထင်ရှားသောကြောင့် ၎င်းအား ရာဇသတ်ကြီးပုဒ်မ- ၃၀၂ (၁) (ဂ) အရ စစ်တွေခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အလားတူ မောင်ပုနှင့် င/လုံးတို့သည် ကျူးလွန်ခံရသည့်အမျိုးသမီးအား မြောင်ထဲသို့ ခေါ်ဆောင်ကာ လက်ထိပ်ခတ်ထားခဲ့ခြင်း၊ မျက်နှာကို အဝတ်ဖြင့်ချုပ်၍ မောင်တင်ဝင်းနှင့်တတူ ချန်ထားခဲ့ခြင်းမှာ လူကို သတ်ရန်သော်လည်းကောင်း၊ အသတ်ခံအောင်လုပ်ဆောင်ခဲ့ခြင်း၊ သွေးဆောင်ဖျားယောင်း ခေါ်သွားမှုများ တွေ့ရှိရသည်ဟု ဆိုသည်။
ယင်းကြောင့် ၎င်းတရားခံနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ-၃၆၄ အရ ထောင်ဒဏ် အနှစ်(၂၀)ဖြစ်စီ၊ ပြစ်ဒဏ်ချ မှတ်ခဲ့ကြောင်း ဒီလပ်အဖွဲ့ထုတ်ပြန်ချက်က ဆိုသည်။











