honest informationtရဲ့တပတ်တာအမျိုးသမီးဖြစ်ရပ်များ သတင်းစုစည်းမှုပုံ

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ – စက်တင်ဘာလ ၅ ရက်ကနေ ၁၁ ရက်အထိ၊ ၂၀၂၆

စက်တင်ဘာလ ၅ ရက်ကနေ ၁၁ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ် အမျိုးသမီးနဲ့ ဂျဲန်ဒါဆိုင်ရာ သတင်းတွေထဲကနေ ဒေသအသီးသီးမှာ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို အဓိကမီးမောင်းထိုးပြနေတဲ့သတင်းတွေထဲက ပထမဆုံး လူထုကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့သတင်းကတော့ “လက်ပံတန်းတွင် ၁၁ တန်းကျောင်းသား ဓားဖြင့်ထိုးမှုကြောင့် ကျောင်းသူ ၁ ဦး သေဆုံး”ဆိုတဲ့ သတင်းဖြစ်ပါတယ်။

ကျောင်းဝင်းအတွင်း စာသင်ခန်းထဲအထိ ဓားယူဆောင်လာပြီး ကျောင်းသူတဦးကို လည်ပင်းထိုးသတ်ခဲ့တဲ့ ဒီဖြစ်စဉ်ဟာ မိဘတိုင်း၊ ကျောင်းသားတိုင်းနဲ့ လူထုတရပ်လုံးကို အထူးတုန်လှုပ်စေတဲ့သတင်းတခုပါ။ ကျောင်းဆိုတာ ကလေးတွေ အတွက် ဘေးအကင်းဆုံးနေရာဖြစ်ရမယ့်အစား ကျောင်းဝင်းထဲမှာပဲ အသက်ဆုံးရှုံးလိုက်ရတာကြောင့် လူမှုကွန်ရက်နဲ့ ပြည်သူကြားမှာ အတော်လေး ရိုက်ခတ်မှု ကြီးမားခဲ့တယ်။မိဘတွေနဲ့ လူထုက လက်ရှိ ပညာရေးပတ်ဝန်းကျင်နဲ့ ကျောင်းဝင်းအတွင်း လုံခြုံရေး ကင်းမဲ့နေမှုအပေါ် အပြင်းအထန် ဝေဖန်ခဲ့တဲ့သတင်းပါ။

နောက်ထပ်သတင်းတပုဒ်ကတော့ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း မြန်မာလုပ်သားအကြား စိတ်ဝင်စားမှု မြင့်နေတဲ့ “ထိုင်းမှာ မြန်မာအမျိုးသမီးတွေကို ဗီဒီယိုခိုးရိုက်တဲ့ မြန်မာအမျိုးသား အဖမ်းခံရ”သတင်းပါ။ တနိုင်ငံတည်းသား အချင်းချင်း၊ အဆောင်တန်းလျားတခုတည်း နေထိုင်သူအချင်းချင်း ရေချိုးခန်းထဲအထိ ဖုန်းထိုးထည့်ပြီး ဗီဒီယိုခိုးရိုက်တဲ့ အဖြစ်အပျက်ဟာ တိုင်းပြည်ပြင်ပမှာ ရောက်ရှိနေတဲ့ အမျိုးသမီးတွေရဲ့ တကိုယ်ရည် လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို တိုက်ရိုက် ထိခိုက်စေခဲ့လို့ပါ။ ဒီလုပ်ရပ်အပေါ် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တယ်။

ကျူးလွန်ခံရသူ အမျိုးသမီး ၅ ဦးက သတ္တိရှိရှိ တရားလိုလုပ်ပြီး ထိုင်းဥပဒေအတိုင်း အမှုဖွင့် တရားစွဲဆိုခဲ့မှုကိုတော့ အားပေးထောက်ခံခဲ့ကြပြီး၊ ထိုင်းနိုင်ငံရဲ့ အမျိုးသမီးတွေအပေါ် ကာကွယ်ပေးထားတဲ့ ဥပဒေရဲ့ ထိရောက်မှုကို စောင့်ကြည့်ရမယ့်သတင်းတပုဒ်လည်း ဖြစ်ပါတယ်။

ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း ၁၄ ပုဒ်ကို ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

  •   မူဆယ်မှာ အလုပ်လုပ်နေတဲ့ ကွတ်ခိုင်က အမျိုးသမီးငယ်တစ်ဦး မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ
  • ကျောက်တော်မှာ ညီအစ်မနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူကို AA က ထောင်ဒဏ် ၃၀ နှစ် ချမှတ်
  • ထိုင်းမှာ မြန်မာအမျိုးသမီးတွေကို ဗီဒီယိုခိုးရိုက်တဲ့မြန်မာအမျိုးသား အဖမ်းခံရ
  •   ကရင်နီမှာ ဩဂုတ်လအတွင်း ကလေးနဲ့ အမျိုးသမီး အပါအဝင် အရပ်သား ၉ ဦး သေဆုံး၊ ၄၃ ဦး ဒဏ်ရာရ
  • ချင်းမိုင် ပျံကျဈေးတွေမှာ ဈေးရောင်းနေတယ်ဆိုပြီး မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
  • လက်ပံတန်းတွင် ၁၁ တန်းကျောင်းသား ဓားဖြင့်ထိုးမှုကြောင့် ကျောင်းသူ ၁ ဦး သေဆုံး
  •   မင်းတုန်း မဲဇလီတံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး
  • ရေဦးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး တဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး
  •    ရန်ကုန်မှာ သက်ကြီးပိုင်း အမျိုးသမီးတဦး အသတ်ခံရ
  •   အမျိုးသမီးတွေနဲပ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းစတွေ ဖန်တီးပေးရေး ဆွစ်ဇာလန်နိုင်ငံနှင့် UNFPA မြန်မာတို့ ပူးပေါင်းဆောင်ရွက် 
  • ငါန်းဇွန်မှာ ဒရုန်းဗုံးကြောင့် ဆရာတော်နဲ့ အမျိုးသမီး ၃ ဦးသေဆုံး
  •   ပဲခူးမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တဦး ပျောက်ဆုံးနေ
  •   ရခိုင်မှာအမျိုးသမီးနှစ်ဦးကို  ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲတပ်ဖွဲ့ကအမှုဖွင့်

မူဆယ်မှာ အလုပ်လုပ်နေတဲ့ ကွတ်ခိုင်က အမျိုးသမီးငယ်တစ်ဦး မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

Source – ရွှေဖီမြေ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ မူဆယ်မြို့မှာ အလုပ် သွားလုပ်ရင်း ၁၅ ရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်သွားတာကြောင့် မိသားစုဝင်က စိတ်ပူနေကြပါတယ်။

အသက် ၁၆ နှစ်အရွယ် ယွန်းသင်ဇာအောင်ခေါ် ငယ်ဆိုသူဟာ မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေးအလုပ် လုပ်ရာ ကနေ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်မှာ မိသားစုဝင်က သူမနဲ့ နောက်ဆုံး အဆက်အသွယ် ရခဲ့တာပဲ ဖြစ်ပါတယ်။

“သူ မူဆယ်မှာနေတာ တစ်နှစ်လောက်တော့ ရှိပြီ။ သွားလိုက်ပြန်လိုက် လုပ်နေလို့။ သူက ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေး လုပ်နေတာ။ သူအလုပ်ထွက်မယ်လို့တော့ ပြောတယ်။ ၈ လပိုင်းကုန်ရင် အလုပ်ထွက်မယ်ပေါ့။ မထွက်သေးနဲ့အုံးလို့ ကျမတို့က သူ့ကို ပြောတယ်။ လကုန်ကျရင် သူ့ကို ကွတ်ခိုင်ဘက် ပြန်ဆင်းခိုင်းတယ်။ မှန်ပုံတင် လုပ်‌ပေးမယ်ဆိုပြီး သူ့ကိုပြောတယ်။ သူလည်း အဲဆိုလည်း ဟုတ်ပြီဆိုပြီး ဖုန်းချသွားတယ်။ အဲအချိန်ကတည်းက အခုချိန်ထိ အဆက်အသွယ် မရတော့တာ” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မိသားစုဝင်က စိတ်ပူနေတာကြောင့် ပျောက်ဆုံးနေတဲ့ ယွန်းသင်ဇာ‌အောင်ခေါ် ငယ်ဆိုသူကို တွေ့ရှိရင် ရွှေဖီမြေထံ ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုဝင်ဘက်က တောင်းဆိုထားပါတယ်။

ရှမ်းမြောက်နဲ့ တခြားဒေသက လူထုတွေဟာ မူဆယ်နဲ့တရုတ်နိုင်ငံဘက် အလုပ် လုပ်ဖို့ သွားရာကနေ ပွဲစားတချို့ရဲ့ လိမ်လည်မှုကို ခံရတာ၊ လူကုန်ကူးခံရတာ၊ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းတာတွေနဲ့ မကြာခဏ ကြုံတွေ့နေကြရပါတယ်။

ကျောက်တော်မှာ ညီအစ်မနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူကို AA က ထောင်ဒဏ် ၃၀ နှစ် ချမှတ်

Source – Western News

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး အသက် ၈ နှစ်အရွယ် ညီမဖြစ်သူကိုပါ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃၀ နှစ် ချမှတ်လိုက်ပြီလို့ အာရက္ခတပ်တော် (AA) ရဲတပ်ဖွဲ့ (ဒီလပ်ဌာန) က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြစ်ဒဏ်ကျသူ ဦးမောင်အေးလှဟာ ကျောက်တော်မြို့နယ်၊ သိန်းတန်ရွာကဖြစ်ပြီး၊ ဇီးချောင်းဆည်အနီး ရမ်းချောင်းတော မှာရှိတဲ့ သူ့ရဲ့ ဥယျာဉ်ခြံမှာ ကာယကံရှင် မိန်းကလေးနှစ်ဦးရဲ့ မိသားစုဝင်တွေက ခြံစောင့်နဲ့ နွားကျောင်းအဖြစ် အငှားလိုက် လုပ်ပေးနေကြတာဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ဧပြီလ ၆ ရက်နေ့တုန်းက အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သလို ဓမ္မတာနဲ့ဆန့်ကျင် ပြီးတော့လည်း ကျူးလွန်ခဲ့တယ်။ ဒါ့အပြင် ဧပြီလကုန်ပိုင်းမှာတော့ အသက် ၈ နှစ်အရွယ် ညီမဖြစ်သူကိုပါ ဖြားယောင်းပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်လို့ AA ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးက မိခင်ဖြစ်သူနဲ့အတူ မေလ ၁၅ ရက်နေ့မှာ ဒီလပ်ရဲစခန်းဆီ သွားရောက်တိုင်ကြားခဲ့တာကြောင့် ပုဒ်မ ၃၇၆၊ ၃၇၇ တိုနဲ့ အမှုဖွင့်စစ်ဆေးခဲ့တာပါ။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးမောင် အေးလှကိုတော့ ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းမှာ သိန်းတန်ရွာမှာရှိတဲ့ သူ့အိမ်မှာတင် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာ မြန်မာအမျိုးသမီးတွေကို ဗီဒီယိုခိုးရိုက်တဲ့မြန်မာအမျိုးသား အဖမ်းခံရ

Source – BBC

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က ရွှေ့ပြောင်းလုပ်သား အဆောင်တန်းလျားတစ်ခုမှာ မြန်မာအမျိုးသမီးတွေကို ဖုန်းနဲ့ ဗီဒီယို ခိုးရိုက်တဲ့တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ မြန်မာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုအဖွဲ့ (MHAC) ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။

“ကျောချင်းကပ်ဆောက်ထားတဲ့ တစ်ထပ်တန်းလျားတွေအနောက်မှာ လမ်းကြားတွေရှိတယ်။ အဲဒီကနေ ဝင်ပြီး ရေချိုးခန်း လေဝင်ပေါက်ကနေ ဖုန်းထိုး ထည့်ပြီး ဗီဒီယို ရိုက်တာ။ ဒါကို သက်သေနဲ့တကွ မိသွားတာ” လို့ ကိုရဲမင်းက ပြောပါတယ်။

ဒီလို ဗီဒီယိုရိုက်နေတာကို တစ်ဆောင်တည်းမှာနေတဲ့ အမျိုးသမီးတစ်ဦးက လှမ်းမြင်ခဲ့ပြီးနောက် အဲဒီအမျိုးသားနေထိုင်တဲ့ အခန်းကို သွားရောက်စစ်ဆေးခဲ့ကြရာကနေ ခိုးရိုက်ထားတဲ့ရုပ်သံတွေကိုပါ တွေ့ရှိခဲ့တာလို့လည်း သူက ပြောပါတယ်။

စက်တင်ဘာ ၂ ရက်က သွား‌ရောက်စစ်ဆေးခဲ့ပြီး ‌နေ့တွင်းချင်းပဲ ထိုင်းရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စွပ်စွဲခံရတဲ့အမျိုးသား အသက် ၃၀ နှစ်အရွယ်ရှိပြီး အိမ်ထောင်သည်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ချွန်ဘူရီခရိုင်ထဲက အချုပ်ထောင်မှာ ဖမ်းဆီးထိန်းထားတယ်လို့လည်း သိရပါတယ်။

အခုတော့ ဒီအမျိုးသားကို ကျူးလွန်ခံရတဲ့ အမျိုးသမီး ၅ ဦးက တရားလိုလုပ်ပြီး ပိုင်နက်ကျူးကျော်ဗီဒီယိုခိုးရိုက်တဲ့အမှု၊ အမျိုးသမီးတွေကို ကာအိန္ဒြေပျက်ပြားစေမှုတွေနဲ့တရားစွဲဆို ထားတယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းဥပဒေအရ ဒီပြစ်မှုနှစ်ခုကို ကျူးလွန်ရင် အနည်းဆုံးထောင်ဒဏ် ၄ နှစ် ချမှတ်ခံရနိုင်ပြီး တရားခံက ပြစ်မှုရှိကြောင်း ဝန်ခံရင် ပြစ်မှု ထက်ဝက်လျှော့ပေါ့ခံရနိုင်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။

ကရင်နီမှာ ဩဂုတ်လအတွင်း ကလေးနဲ့ အမျိုးသမီး အပါအဝင် အရပ်သား ၉ ဦး သေဆုံး၊ ၄၃ ဦး ဒဏ်ရာရ

Source – ကေအိုင်စီ

ကရင်နီ (ကယား) ပြည်နယ်ထဲမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် ဩဂုတ်လတစ်လအတွင်းမှာတင် ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ရပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုဟာ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တွေထဲကို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၅ ဦး၊ စုစုပေါင်း ဒေသခံ ၈ ဦး သေဆုံးခဲ့ရတာပါ။ နောက်ထပ် အမျိုးသား ၁ ဦးကတော့ စစ်အုပ်စုရဲ့ တိုက်ရိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း KnHRG က မှတ်တမ်းတင်ထားပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံရသူ ၂၃ ဦး ရှိခဲ့သလို၊ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ လက်နက်ငယ် ပစ်ခတ်ခံရမှုတွေကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမို့ စုစုပေါင်း ၄၃ ဦးအထိ ရှိခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ချဲ့ထွင်ချင်တာကြောင့်ဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအဖွဲ့က မှတ်ချက်ပေးထားပါတယ်။

အဖွဲ့တာဝန်ရှိသူတစ်ဦးက “သူတို့ အုပ်ချုပ်မှုယန္တရားကို ချဲ့ထွင်လာတာကြောင့်ရယ်၊ သူတို့အုပ်ချုပ်နိုင်တဲ့နေရာဖြစ်တဲ့ လွိုင်ကော်မြို့ပေါ်ကို ဒေသခံတွေ ပြန်လာနေစေချင်တာကြောင့်ရယ်ကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့နေရာတွေကို လေယာဉ်နဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်” လို့ ကေအိုင်စီကို ပြောပြခဲ့ပါတယ်။

ချင်းမိုင် ပျံကျဈေးတွေမှာ ဈေးရောင်းနေတယ်ဆိုပြီး မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Source – Dawei Watch 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာရှိတဲ့ ပျံကျဈေးတွေမှာ လှည့်လည်ဈေးရောင်းနေတယ်ဆိုပြီး မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်နဲ့ ချင်းမိုင် လဝကရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့က ချန်ဖူ့အက်ဒေသထဲက ပျံကျဈေးထဲမှာ နိုင်ငံခြားသားတွေ ဈေးရောင်းနေတယ်ဆိုတဲ့ တိုင်ကြားချက်ရတာကြောင့် လဝကနဲ့ အလုပ်သမားဌာနတို့ သွားရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလို စစ်ဆေးချိန်မှာ ဈေးထဲမှာ မြန်မာအမျိုးသမီးတစ်ဦး ဈေးရောင်းနေတာကို တွေ့ရလို့ စစ်ဆေးလိုက်တဲ့အခါ ပန်းရောင်ကတ်တော့ ကိုင်ဆောင်ထားပေမဲ့ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိသူဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီမြန်မာအမျိုးသမီးဟာ မြို့ထဲက ပျံကျဈေးတွေမှာ လှည့်လည်ရောင်းချနေသူဖြစ်ပြီး တစ်ရက်ကို ဘတ် ၇,၀၀၀ ခန့်အထိ ရောင်းရတယ်လို့ ထွက်ဆိုထားကြောင်းလည်း ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ အမှုဖွင့်ထားပြီး ချန်ဖူ့အက်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းမှာ ပါရှိပါတယ်။

လက်ပံတန်းတွင် ၁၁ တန်းကျောင်းသား ဓားဖြင့်ထိုးမှုကြောင့် ကျောင်းသူ ၁ ဦး သေဆုံး

Source – DVB

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီက ၁၁ တန်းကျောင်းသားက ကျောင်းသူတယောက်ကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နေ့လယ် မုန့်စားဆင်းချိန်မှာ ကျောင်းသားတယောက်က နေအိမ်ကနေ အသင့်ယူဆောင်လာတဲ့ ဓားနဲ့ ၁၁ တန်းကျောင်းသူ မတွယ်တာဝေအား ထိုးသတ်ခဲ့တာလို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

“စာသင်ခန်းထဲထိဝင်ပြီး လည်ပင်းကို ဓားနဲ့ထိုးသွားတာ၊ ၃ ချက်လောက်ရှိတယ်၊ ဆေရုံပို့ချိန်တောင်မရဘူး၊ ကျောင်းဝင်း ထဲမှာပဲ သေသွားတယ်။ထိုးတဲ့ကျောင်းသား ထွက်ပြေးနေတယ်။”

သေဆုံးသူ အသက် ၁၇ နှစ်အရွယ်ရှိ ၁၁ တန်းကျောင်းသူ မတွယ်တာဝေရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၆ ရက်က ရွာသုသာန်မှ သင်္ဂြိုဟ်လိုက်တယ်လို့ သူက ဆိုပါတယ်။

ဓားနဲ့ထိုးသတ်သွားတဲ့ ၁၁ တန်းကျောင်းသားကလည်း အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ကျောင်းတက်နေ သူဖြစ်ပြီး ဖမ်းမမိသေးဘူးလို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပညာရေးစနစ် အဘက်ဘက်က နိမ့်ကျသွားပြီး ကျောင်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်သောက်တာ၊ အုပ်စုဖွဲ့ အနိုင်ကျင့် ထိုးကြိတ်တာတွေကြောင့် ကျောင်းဝင်းအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။

မင်းတုန်း မဲဇလီတံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး

Source – မြေလတ်အသံ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာထိပ် တံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်မှာ ကျေးရွာထိပ်နဲ့ တံတားဝန်းကျင်တွေကို မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၄ လုံး၊ ကပစ ၁၂ ကတက်လာတဲ့ စက်တပ်လေထီး ၃ စီးက ဗုံးသီး ၉ လုံးကြဲ ချသွားတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲစထိမှန်လို့ ပန်းတောင်းမြို့နယ်၊ ပုကန်ကွဲရွာကနေ စစ်လာရှောင်နေတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ကနေရာမှာတင်သေဆုံးပြီး နောက်ထပ် အမျိုးသား ၁ ဦးဒဏ်ရာရထားပါတယ်။

ရေဦးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး တဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး

Source – မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာက ဈေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦး သေဆုံး တယ်လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်မှာ စစ်တပ်ဘက်က ကျေးရွာထဲကို စက်တပ်လေထီး  ၂ စီးနဲ့ ဗုံးကြဲ ခဲ့သလို MI 35 နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၀ ကနေ ၅၀ ကြားရှိ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၆ ဦးနေရာမှာတင်သေဆုံးပြီး နောက်ထပ်အမျိုးသား ၃ ဦးဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ သက်ကြီးပိုင်း အမျိုးသမီးတဦး အသတ်ခံရ

Source – DeltaNewsAgency 

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ စက်တင်ဘာ ၇ ရက် မနေ့ညပိုင်းမှာ သက်ကြီးပိုင်း အမျိုးသမီးတဦး အသတ်ခံရတဲ့ အနေအထားနဲ့ နေအိမ်တိုက်ခန်း အတွင်း သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

ရန်ကုန်မြို့မှာ သက်ကြီးပိုင်း အမျိုးသမီး တိုက်ခန်းထဲဝင်ရောက် အသတ်ခံရတာ အခုရက်ထဲ ဒုတိယမြောက် ဖြစ်ပြီး သြဂုတ်လကုန်ပိုင်းကလည်း အလားတူ အသတ်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အခုလို လူနေစည်ကားရာ မြို့ပေါ်နေရာတွေမှာ မိမိအခန်းမှာပင် နေထိုင်နေရင်း မလုံခြုံတော့တဲ့ အခြေအနေကို တိုက်ခန်းနေထိုင်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

အမျိုးသမီးတွေနဲပ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းစတွေ ဖန်တီးပေးရေး ဆွစ်ဇာလန်နိုင်ငံနှင့် UNFPA မြန်မာတို့ ပူးပေါင်းဆောင်ရွက် 

Source – မဇ္ဈိမ

မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အသက်မွေးဝမ်းကျောင်း လမ်းစတွေ ဖန်တီးပေးနိုင်ဖို့ ဆွစ်ဇာ လန်နိုင်ငံနဲ့ UNFPA မြန်မာတို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုမှာ ဆွစ်ဇာလန်နိုင်ငံဟာ UNFPA မြန်မာရဲ့ Women and Girls First (WGF) အစီအစဉ်အတွက် အလှူရှင်နိုင်ငံအဖြစ် ပါဝင်ကူညီ ပံ့ပိုးပေးနေတာပါ။

ဒီ WGF အစီအစဉ်ကနေတစ်ဆင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့ နေရာတွေ ရရှိလာစေဖို့၊ ကျွမ်းကျင်မှုတွေ တိုးတက်လာပြီး ရေရှည် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေ ပိုရလာစေဖို့ ဆောင်ရွက်ပေးနေ ပါတယ်။

ဒါ့အပြင် ရွေ့လျားကျန်းမာရေးဆေးခန်းတွေကနေတစ်ဆင့် ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနေသလို မသန်စွမ်းသူတွေ အတွက်လည်း ကျန်းမာရေး အသိပညာပေး ဆွေးနွေးမှုတွေကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ လူငယ်တွေနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေအတွက် လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့် အရေးများ (SRHR) ဆိုင်ရာ အသိပညာပေး အစီအစဉ်တွေနဲ့ ဘဝကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ငါန်းဇွန်မှာ ဒရုန်းဗုံးကြောင့် ဆရာတော်နဲ့ အမျိုးသမီး ၃ ဦးသေဆုံး

Source – Myanmar Now

စစ်တပ်က ဒေသတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတစ်ရွာမှာ တပ်စွဲကာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာ သုံးရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဆရာတော်နဲ့ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒရုန်းဗုံးကြောင့် ရွာသစ်တောဘုန်းကြီးကျောင်းက သက်တော် ၆၀ အရွယ် ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ ပျံလွန် တော်မူခဲ့ရသလို၊ မင်းဂျိုစံပြရွာက အသက် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦး၊ မြောက်ကျင်းရွာက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတို့လည်း သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် ဘုန်းကြီးကျောင်းရဲ့ တမံသလင်းပေါ်ကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာမို့လို့ အဲဒီကျောင်းမှာ စစ်ရှောင်နေကြတဲ့ ပြည်သူ ရှစ်ဦးထက်မနည်းလည်း ဗုံးစတွေ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်။

လက်ရှိမှာတော့ ငါန်းဇွန်နယ်ထဲက ဒေသခံ ပြည်သူ တစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ယခုနှစ်ထဲ မှာတင် ၁၈ ရွာထက်မနည်း ရေဘေးသင့်ခဲ့တာကြောင့် ကူညီထောက်ပံ့မှုတွေလည်း ဆက်လက်လိုအပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပဲခူးမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တဦး ပျောက်ဆုံးနေ

Source – DeltaNewsAgency

ပဲခူးမြို့ ၊ နန်းတော်ရာ ရပ်ကွက် ထန်းတပင်လမ်းမှာ နေတဲ့ မသက်ထားရွှေစင်  ပျောက်ဆုံးနေတာဟာ မသမာသူတွေက လိမ်လည်ခေါ်သွားပြီး လူကုန်ကူးတာမျိုး  ဖြစ်နိုင်တယ်လို့  မိသားစုက ယူဆနေပါတယ်။

စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက လမ်းထိပ်မုန့်ဆိုင်မှာ မုန့်သွားဝယ်မယ်ဆိုပြီး အိမ်က ထွက်သွားကတည်းက ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။

လက်ရှိအချိန်အထိ မိသားစုက ရှာဖွေစုံစမ်းလို့ရတဲ့ အချက်အလက်တွေ အရ အမျိုးသားတဦးနဲ့ တယ်လီဂရမ်ကနေတဆင့် ဆက်သွယ်ထားပြီး အခုလို ပျောက်ဆုံးခဲ့တဲ့ မနက်မှာလည်း သူတို့ လမ်းထိပ်ကနေ မသက်ထားရွှေစင်ဟာ အမျိုးသားနှစ်ဦး နဲ့အတူ ခပ်သုတ်သုတ်ထွက်သွားတာကို တွေ့လိုက်သူတွေ ရှိတယ်လို့လည်း သိရပါတယ်။

သူမကို ဂျပန်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားပြီး လူကုန်ကူးဖို့ ဖြစ်ဖို့များတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက မှတ်ချက်ပေးပါတယ်။ မသက်ထားရွှေစင်ဟာ ဒီနှစ်မှာ ၁၂ တန်းအောင်ထားတာ ဖြစ်ပြီး ဂျပန်ဘာသာစကား လေ့လာနေသူ တဦးဖြစ်သလို စက်တင်ဘာ ၁ ရက်နေ့ကမှ ၁၈ နှစ်ပြည့် မှတ်ပုံတင် ရထားသူ တဦးပါ။

ရခိုင်မှာအမျိုးသမီးနှစ်ဦးကို  ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲတပ်ဖွဲ့ကအမှုဖွင့်

Source – People’s Spring

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အရေးယူခံရသူတွေဟာမြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာကမယဉ်ယဉ်ဝင်းနဲ့ ပလက်ဝမြို့နယ် ဟုန်းကျေးရွာက မခိုင်မြတ်မွန်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ပကိုလူပို့တဲ့ အလုပ်လုပ်ဖို့ နှစ်ဦးသဘောတူပြီး မလေး ရှားနိုင်ငံနဲ့ ရန် ကုန်မြို့ဆီ သွားမယ့်သူတွေကို ရှာဖွေခဲ့ကြတယ်လို့ဆိုပါတယ်။

မလေးရှားကို သွားမယ့်သူနှစ်ဦးကိုတဦးစီအတွက် ပွဲစားခကျပ်သိန်း ငါးဆယ်စီ တောင်းခဲ့ပြီး ရန်ကုန်ကို သွားမယ့် သူနှစ်ဦး ကိုတော့ ဆွေမျိုးတော်စပ်တာကြောင့် ပွဲစားခမယူဘဲ ပို့ဆောင်ပေးခဲ့တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လိုင်စင်မရှိဘဲအဲဒီလိုပို့ဆောင်ခဲ့ကြတာကြောင့်AAလက်အောက်ခံထောက်လှမ်းရေးဌာနက မယဉ်ယဉ်ဝင်းကို မြောက်ဦး မြို့နယ်ရှိ သူမရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး မခိုင်မြတ်မွန်ကိုတော့ ချင်းပြည်နယ် ကျင်ဒွေးမြို့ရှိ နေအိမ်တ အိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။