တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (မေ ၂မှ ၈၊ ၂၀၂၆)
မေလ ၂ ရက်ကနေ ၈ ရက်အတွင်း တပတ်တာကာလအတွင်း သတင်းမီဒီယာအသီးသီးမှာ မှတ်တမ်း တင်ထားတဲ့ အမျိုးသမီးဖြစ်ရပ်သတင်းတိုတွေကို စုစည်း ဖော်ပြအပ်ပါတယ်။
ဒီတပတ် ထူးထူးခြားခြား လှုပ်ခတ်တဲ့သတင်းတပုဒ်က အာရက္ခမြေပြင်အမျိုးသမီးသတင်းထောက် တဦးကို အမျိုးသားတဦးက လူမှုကွန်ရက်ကတဆင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုပြုလုပ်ခဲ့တဲ့ သတင်းတပုဒ်ပါ။
အမျိုးသမီးတဦးကို အမျိုးသားတဦးက နှုတ်နဲ့စော်ကားတာမျိုးတွေကို လူမှုပတ်ဝန်းကျင်က တုန့်ပြန် လေ့ရှိတာက “အသားပဲ့ပါသွားတာမှမဟုတ်တာ၊ ဘာနာစရာရှိလို့လဲ” ဆိုတဲ့ စကားလုံးပါ။
ဒါပေမယ့် ဒီဖြစ်ရပ်မှာတော့ အမျိုးသမီးသတင်းထောက်တွေ မြေပြင်မှာ ရင်ဆိုင်နေရတဲ့ လုံခြုံရေး ခြိမ်းခြောက်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအဖြစ် လူထုက ပြောင်းလဲရှုမြင်လာတာကို တွေ့ရပါတယ်။
အထူးသဖြင့် ပဋိပက္ခဒေသကနေ လူထုသတင်းရရှိနိုင်ရေးအတွက် တင်ဆက်နေသူတွေအပေါ် အခုလို တိုက်ခိုက်တာဟာ သတင်းစီးဆင်းမှုကို ဖြတ်တောက်ဖို့ ကြိုးစားတဲ့ ခြိမ်းခြောက်မှုတခုလို့ မှတ်ယူကြပါ တယ်။ ပြည်သူ့အသံကို ဖော်ပြနေသူတွေ ဖြစ်လို့ ဒေသအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ဘေးကင်း လုံခြုံမှုကို တာဝန်ယူပေးသင့်တယ်လို့ ဝေဖန်ကြပါတယ်။
ကျူးလွန်သူကို ဆိုရှယ်မီဒီယာ ပေါ်မှာတင် မဟုတ်ဘဲ မြေပြင်မှာပါ ထိထိရောက်ရောက် အရေးယူပြဖို့ ပြောဆိုသံတွေ၊ ကျူးလွန်ခံရသူ အမျိုးသမီး သတင်းထောက်ဘက်က ရပ်တည်ကြောင်း ထုတ်ဖော်ပြောကြားတဲ့အသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာက ထူးခြားတဲ့ သတင်းဖြစ်ပါတယ်။
နောက်ထပ် ထူးခြားတဲ့ သတင်းတပုဒ်ကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီး အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု အပါအဝင် စစ်ရာဇဝတ်မှုများကို တီမောတရားရုံးတွင် တင်သွင်းတဲ့သတင်းကိုလည်း ပြည်သူအများက စိတ်၀င်စားခဲ့ကြတယ်။ ဒီသတင်းက မြန်မာ့အရေးကို နိုင်ငံတကာ တရားစီရင်ရေးလမ်းကြောင်းကနေ တရား မျှတမှု ရှာဖွေတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာမယ့် တီမောနိုင်ငံမှာ အမှုဖွင့်နိုင်ခြင်းက ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုလို့ဆိုရမှာပါ။ အာဏာသိမ်းစစ်ကောင်စီ ဘက်ကတော့ တီမောနိုင်ငံက ဒီအမှုကို လက်ခံလိုက်တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ရန်ကုန်မြို့မှာရှိတဲ့ တီမောသံရုံးတာဝန်ခံကို မြန်မာပြည်တွင်းကနေ အပြီးတိုင်ထွက်ခွာဖို့ သတိပေးခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် ထူးခြားတဲ့သတင်း ၂ပုဒ်ကတော့ “ကွတ်ခိုင်က အမျိုးသမီးတဦး မူးယစ်ဆေး သုံးတယ်ဆိုပြီး KIA က ဖမ်းသွားပြီးနောက် ၂ ရက် အကြာမှာ အလောင်းသာ ပြန်လာပို့” ဆိုတဲ့သတင်းနဲ့ “မင်းကင်း CDM ဆေးရုံအုပ် ၅ လ ကျော်တဲ့အထိ မလွတ်မြောက်သေး” ဆိုတဲ့သတင်းတွေပဲ ဖြစ်ပါ တယ်။
ဒီလို သတင်းတွေအပါအဝင် တခြားအမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်းတို ၁၉ ပုဒ်ကို HI – Honest Information က ပြန်လည် စုစည်းတင်ဆက်လိုက်ပါတယ်။
- ကွတ်ခိုင်က အမျိုးသမီးတဦး မူးယစ်ဆေး သုံးတယ်ဆိုပြီး KIA က ဖမ်းသွားပြီးနောက် ၂ ရက် အကြာမှာ အလောင်းသာ ပြန်လာပို့
- ဝန်ထမ်းအမျိုးသမီးကို အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ ဘားပိုင်ရှင်ကို ထိရောက်စွာ အရေးယူပေးဖို အင်းလေးအမျိုးသမီးသမဂ္ဂ တောင်းဆို
- အာရက္ခမြေပြင်အမျိုးသမီးသတင်းထောက်နဲ့ အတူရပ်တည်ကြောင်း အမျိုးသမီးမီဒီယာ အဖွဲ့အစည်း တချို့ ထုတ်ပြန်
- ကရင်ပြည်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို သတင်းထွက်ပေါ်
- ပေါက်တော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို နှစ်လနီးပါးကြာသည့်တိုင် ဒီလပ်က မဖမ်းနိုင် သေး
- သက်ငယ်မုဒိမ်းမှု လျှော့ချနိုင်ရေး လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ်
- ဆယ်ကျော်သက် အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ရေးအတွက် ၇လတာ ကြာမြှင့်တဲ့ “Girl Shine” သင်တန်းပြီးစီး
- တီးတိန်မှာ ဒရုန်းဗုံးကြောင့် PDF-Zoland ရဲဘော်အမျိုးသမီး ၄ ဦး အပါအဝင် ၇ ဦး ကျဆုံးခဲ့
- ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုအပါအဝင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုစတဲ့ စစ်ရာဇဝတ်မှုနဲ့ တီမောပထမတန်း တရားရုံးမှာတင်သွင်း
- သီလရှင်ဝတ်စုံဖြင့် ပြိုင်ပွဲဝင်တဲ့ ၂၀၂၆ Miss Grand တာချီလိတ် အလှမယ်ကို ပြိုင်ပွဲမှ ထုတ်ပယ်
- ထားဝယ်မှာ ပွဲလမ်းသဘင်နဲ့ အလှူအတန်းများလာလို့ အထည်ချုပ်အပ်သူ ပြန်များလာ
- စစ်ကော်မရှင်ဒရုန်းဗုံးကြောင့် ဖလမ်း ဒေသခံ အသက် (၁၇) နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရ
- မင်းကင်း CDM ဆေးရုံအုပ် ၅ လကျော်တဲ့အထိ မလွတ်မြောက်သေး
- လားရှိုးမှာ အမျိုးသား ၄ ဦးက အလှကုန်ဆိုင်ရှင် အမျိုးသမီးတစ်ဦးကို ဓားပြတိုက် ပြန်ပေးဆွဲရန် ကြိုးစားမှု ဖြစ်ပွား
- ကျောက်ကြီးမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ မျက်လုံးတစ်ဖက်နဲ့ ခြေတစ်ဖက် ဆုံးရှုံး
- ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ စစ်ကိုင်း စစ်ရှောင်တွေ တောင်းဆို
- မြန်အောင်မှာ လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူကို ဓားနဲ့ခုတ်သတ်
- ဝက်လက် စားသောက်ဆိုင်ပေါ် လေယာဉ်နဲ့ဗုံးကြဲလို့ ပိုင်ရှင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး
- ဧပြီလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၄ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရ
ကွတ်ခိုင်က အမျိုးသမီးတဦး မူးယစ်ဆေး သုံးတယ်ဆိုပြီး KIA က ဖမ်းသွားပြီးနောက် ၂ ရက်အကြာမှာ အလောင်းသာ ပြန်လာပို့
Source – ရွှေဖီမြေ
ရှမ်းမြောက်၊ ကွတ်ခိုင်မြိုနယ်၊ ဟိုဖျက်ကျေးရွာအုပ်စုထဲက အမျိုးသမီးတစ်ဦးကို မူးယစ်ဆေး သုံးတယ်ဆိုပြီး ကချင်တပ်မတော်- KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၂ ရက်အကြာမှာတော့ သေဆုံးသွားတဲ့ ရုပ်အလောင်းကိုသာ ပြန်ပိုခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
အသက် ၅၀ ကျော်အရွယ် ဒေါ်ဂျာဘောင်ဆိုသူကို KIA က မေလ ၃ ရက်မှာ ဖမ်းဆီးသွားခဲ့ပြီး မနေ့ မေလ ၅ ရက်မှာ ရုပ်အလောင်းကိုသာ မိသားစုဝင်ထံ ပြန်ပိုခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားက “သူတို့က အဲအမျိုးသမီးကို တအားရိုက်ထားတာ။ ရိုက်လို သေသွားတာ။ မနေ့မှ ရွာကို အလောင်းပြန်ပိုတာ”လို့ ပြောပါတယ်။
၎င်းအမျိုးသမီးနဲ့အတူ ဒေသခံ အမျိုးသား ၁၀ ဦးကျော်ကိုလည်း မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ရွှေဖီမြေက KIA နဲ့ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
အလားတူ ကွတ်ခိုင်မြိုနယ်က တခြားကျေးရွာမှာလည်း KIA က မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးခဲ့ပြီး ငွေနဲ့ ပြန်ရွေးယူခဲ့ရတာလည်း ရှိကြောင်း ဒေသခံတွေက ပြောဆိုပေမဲ့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာလည်း ကွတ်ခိုင်မြိုနယ်ထဲက ကျေးရွာတချိုနဲ့ နမ့်ဖတ်ကာမှာလည်း မူးယစ်ဆေး သုံးစွဲသူ ဒေသခံ ၄၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။
အလားတူဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်ကလည်း လားရှိးမြိုနယ် အီနိုင်းရွာဘက်မှာ ကိုးကန့်တပ်- MNDAA က မူးယစ်ဆေးဝါး စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံအပါအဝင် ခရီးသည် ၇၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေနဲ့ ပြန်ရွေးခိုင်းခဲ့တာ ရှိသလို မိသားစုဝင်တွေက ၃ လအတွင်း လာမကြည့်ရင် စစ်မှုထမ်းအဖြစ် ခေါ်ဆောင်သွားမယ်လိုလည်း ပြောဆိုထားပါတယ်။
ဝန်ထမ်းအမျိုးသမီးကို အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ ဘားပိုင်ရှင်ကို ထိရောက်စွာ အရေးယူပေးဖို အင်းလေးအမျိုးသမီးသမဂ္ဂ တောင်းဆို
Source – ရွှေဖီမြေ
ရှမ်းတောင် တောင်ကြီးမြိုရှိ Peter ဘားက ဝန်ထမ်းအမျိုးသမီးကို အသက်သေဆုံးတဲ့အထိ ရိုက်နှက် ခဲ့တဲ့ ဘားပိုင်ရှင်ကို ထိရောက်စွာ အရေးယူပေးဖို အင်းလေးအမျိုးသမီးသမဂ္ဂ- IWU က တောင်းဆို လိုက်ပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်က တောင်ကြီးမြို ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ Peter ဘားမှာ အလုပ်လုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေကို ဆိုင်ရှင်ဖြစ်သူက ပြင်းထန်စွာ ရိုက်နှက် တာကြောင့် အမျိုးသမီးငယ်ရဲ့ မျက်နှာ၊ လက်နဲ့ ဝမ်းဗိုက်မှာ ညိုမဲဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဘားပိုင်ရှင်ဖြစ်တဲ့ အောင်မျိုးသူက ပြီးခဲ့တဲ့ မေလ ၅ ရက် မနက်ပိုင်းမှာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့ရာ မေလ ၆ ရက် ညနေပိုင်းမှာတော့ ၎င်းကို ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်၊ တုံတာမြိုမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
သေဆုံးသွားတဲ့ မဖူးပွင့်ဝေအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ဖို ရှမ်းပြည်နယ်ရှိ အမျိုးသမီး အဖွဲအစည်း၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ အင်းလေးလူထုတစ်ရပ်လုံးအနေနဲ့ ဝိုင်းဝန်းကူညီကာ အသံထွက် ပေးကြဖိုကိုလည်း IWU က တိုက်တွန်းပြောဆိုထားပါတယ်။
ဒါ့အပြင် အင်းလေး အမျိုးသမီးသမဂ္ဂအနေနဲ့လည်း သေဆုံးသွားတဲ့ မဖူးပွင့်ဝေအတွက် မှန်ကန်တဲ့ တရားစီရင်မှု ပေါ်ပေါက်လာတဲ့အထိ အဆုံးတိုင် ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ပြောဆိုထားပါတယ်။
အာရက္ခမြေပြင်အမျိုးသမီးသတင်းထောက်နဲ့ အတူရပ်တည်ကြောင်း အမျိုးသမီးမီဒီယာ အဖွဲ့အစည်း တချို့ ထုတ်ပြန်
Source – HI – Honest Information
အွန်လိုင်းမှတဆင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ခြိမ်းခြောက်ခြင်း ခံခဲ့ရသည့် ရခိုင်ပြည် မြေပြင် သတင်းထောက် မခင်သရဖီဦးနဲ့အတူ ရပ်တည်ပြီး ကျူးလွန်သူကို ဖော်ထုတ်ကာ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတချို့နဲ့ HI – Honest Information က တောင်းဆိုချက်တရပ်ကို ဒီနေ့ မေ ၆ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၃ရက်၊ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့(World Press Freedom Day)မှာ မခင်သရဖီဦးကို အမျိုးသားတဦးက အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုမယ် လို့ ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို အလေးထားရမယ့်အစား၊ မြေပြင်မှာ သတင်းရယူ နေတဲ့ အမျိုးသမီးသတင်းထောက်တဦးအပေါ် အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှု ပေါ်ပေါက်လာတဲ့အပေါ် သဘောထားရပ်တည်ချက်တစောင်ကို Burmese Women’s Union (BWU) ၊ Honest Information (HI) ၊နဲ့Myanmar Women in Media (MWiM) တို့က ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မခင်သရဖီဦးဟာ သံလွင်ခက်သတင်းဌာနရဲ့ မြေပြင်သတင်းထောက်ဖြစ်သလို Myanmar Women in Media (MWiM) အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ “Twan Lynn Thein” အမည်ရ Facebook အကောင့် ပိုင်ရှင်က အွန်လိုင်းက တဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်တာ၊ သတင်းတင်ဆက်မှု မပြုလုပ်ဖို့ အကြောက်တရားနဲ့ ဖိအားပေးမှုကျူးလွန်တာတွေ ဟာ သတင်းလွတ်လပ်ခွင့်ကို စော်ကားရုံသာမက အမျိုးသမီးတွေရဲ့ လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကိုပါ ရည်ရွယ်ချက်ရှိခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုဖြစ်ရပ်မှာ အမျိုးသမီးသတင်းသမား တဦးတယောက်ကိုသာ ပစ်မှတ်ထားတဲ့ ဖြစ်စဉ်တခု မဟုတ်ဘဲ မြန်မာ့မီဒီယာ လောကရှိ အမျိုးသမီးသတင်းထောက်တွေရဲ့ သတင်းစုဆောင်းမှုကို မြေပြင်နဲ့ အွန်လိုင်းပေါ်တွင်ပါ ပစ်မှတ်ထားတဲ့ ခြိမ်းခြောက်မှုအဖြစ်အကျုံးဝင်ပြီး အမျိုးသမီးဖြစ်ခြင်းကို ရည်ရွယ်၍ လိင်ပိုင်းဆိုင်ရာကို ဦးတည်တဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသမီးသတင်းထောက်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) တွေက အခုမှဖြစ်ပွား တာ မဟုတ်ဘဲ အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေခဲ့ပြီး၊ အမျိုးသမီး သတင်းထောက်တွေရဲ့ လူမသိသူမသိ ရင်ဖွင့်သံတွေ၊ မျက်ကွယ်ပြုခံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်စဉ်များစွာကို အရင်ကတည်းက ကြားသိ ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုကျူးလွန်မှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက်ခဲ့တာကြောင့် မခင်သရဖီဦးလို မြေပြင်သတင်းထောက်တွေမှာ လူသိရှင်ကြား ခြိမ်းခြောက်ခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သံလွင်ခက်သတင်းဌာနကတဆင့် စာဖတ်သူလူထုထံ သတင်းအချက်အလက်တွေတင်ဆက်နေတဲ့ မြေပြင်သတင်းထောက် ဖြစ်တဲ့ မခင်သရဖီဦးကတော့ မြေပြင်မှာ လုပ်ကိုင်နေရတဲ့ သတင်းထောက် တွေ သတင်းယူ၊ တင်ဆက်ရာမှာ အမြင်မတူမှု တွေ ကြုံတွေလာရတိုင်း ဝေဖန်တိုက်ခိုက်ခံရတာ၊ အမျိုးသား သစ္စာဖောက် သတင်းသမားတွေဆိုပြီး စွပ်စွဲတာတွေ ကြုံရလေ့ရှိပေမယ့် ယခုလို ရိုင်းစိုင်းစွဲ ဆဲဆိုခံရတာက ပထမဆုံး ကြုံရတာ ဖြစ်တယ်လို့ HI – Honest Information ကို ပြောပါတယ်။
သူက “ကျွန်မ အမြင်ကတော့ ဒါဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုထက်ပိုပါတယ်၊ ကျွန်မ တဦးတည်း အပေါ်မှာ ခြိမ်းခြောက်မှု မဟုတ်ဘဲ တခြားနယ်ပယ်က အမျိုးသမီးတွေကိုလည်း ခြိမ်းခြောက်မှု တခုပါ၊ အခုလို အကြမ်းဖက် ဆဲဆိုမှုတွေကို ကျွန်မတို့က ပုံမှန်ကိစ္စတခုလို လက်ခံသွားမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
မခင်သရဖီဦးသတင်းပေးပို့နေတဲ့ သံလွင်ခက်သတင်းဌာနကလည်း တိုက်ရဲ့ သတင်းထောက်တွေ၊ အထူးသဖြင့် အမျိုးသမီး ဝန်ထမ်းတွေအပေါ် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ခြိမ်းခြောက် တာတွေကို လုံးဝ(လုံးဝ) သည်းခံခွင့်လွှတ်မှာ မဟုတ်ဘဲ၊ ခြိမ်းခြောက်သူကို ဒစ်ဂျစ်တယ် ပလက်ဖောင်း တွေကနေ အရေးယူနိုင်ဖို့နဲ့ ဥပဒေကြောင်း အရ လိုအပ်သလို ဆက်လက်အရေးယူနိုင်ဖို့အတွက် သက်သေအထောက်အထားအားလုံးကို စုဆောင်းကာ သက်ဆိုင်ရာ နိုင်ငံတကာနဲ့ မြန်မာ သတင်း မီဒီယာကာကွယ်ရေးအဖွဲ့အစည်းတွေထံ ပေးပို့တိုင်ကြားသွားမှာ ဖြစ်တယ်လို့ မေလ၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာရက္ခပြည်ဒေသခံလူထု နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အခက်အခဲတွေ ကြားက သတင်းကျင့်ဝတ်နဲ့ အညီတင်ဆက်ပေးနေတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ သက်ရောက် နိုင်မှု အခြေအနေတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်၊ “Twan Lynn Thein” Facebook Account ပိုင်ရှင်အား ဥပဒေနဲ့ အညီဆောင်ရွက်ပေးဖို့ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် (ULA/AA)ကို လည်း မေတ္တာ ရပ်ခံတယ်လို့ သံလွင်ခက် သတင်းဌာန အယ်ဒီတာအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
MWiM က ထုတ်ဝေဖြန့်ချိခဲ့တဲ့ “ရှေ့တန်းမျက်နှာစာမှ အမျိုးသမီးတို့၏အသံများ” (Frontline Her Stories) သုတေသနရဲ့ တွေ့ရှိချက်တွေအရ အမျိုးသမီးသတင်းထောက်တွေက စစ်မီးအကြား သတင်း ရယူရရုံသာမက၊ ယခုကဲ့သို့သော လိင်ပိုင်းဆိုင် ရာ ထိပါးနှောင့်ယှက်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ကိုပါ ၂ထပ်ကွမ်း ရင်ဆိုင်နေရတဲ့အတွက် အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
အထူးသဖြင့် ပဋိပက္ခဒေသတွေမှာ သတင်းမှန်ရရှိရေးအတွက် အသက်ဘေးကြားမှ ကြိုးပမ်းနေကြ သူတွေကို အကာအကွယ်ပေးရမယ့်အစား၊ သူတို့ရဲ့ သိက္ခာနဲ့ လုံခြုံရေးကို ပစ်မှတ်ထား တိုက်ခိုက် တာက လက်ခံနိုင်ဖွယ်မရှိသလို ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် အာရက္ခပြည်ရှိ ဒေသခံ အာဏာပိုင်များဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အနေနဲ့ထိန်းချုပ်နယ်မြေအတွင်း သတင်း ရယူနေတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးရန်နဲ့ ကျူးလွန်သူ “Twan Lynn Thein”အား ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးရန် တောင်းဆို တယ်လို့ ယင်းအမျိုးသမီး မီဒီယာ အဖွဲ့တွေက တောင်းဆိုပါတယ်။
ဒါ့အပြင် မီဒီယာအဖွဲ့အစည်းတွေနဲ့ လူထုကလအမျိုးသမီးည်း သတင်းထောက်တွေကို လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထား တိုက်ခိုက်တဲ့အပေါ် “ဝေဖန်မှု” ဟု ခေါင်းစဉ်မတပ်ဘဲ “ရာဇဝတ်မှု” အဖြစ် ဝိုင်းဝန်းဆန့် ကျင်ပေးကြရန်၊ နိုင်ငံတကာ သတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့များကလည်း မြန်မာအမျိုးသမီး သတင်းထောက်တွေ ကြုံတွေ့နေတဲ့ ဒစ်ဂျစ်တယ်နဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို အထူးအလေး ထားဆောင်ရွက်ပေးဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို သတင်းထွက်ပေါ်
Source – CJ Platform
အကျဉ်းထောင်အတွင်း ကျန်းမာရေးချိုယွင်းခဲ့ရတဲ့ ကရင်ပြည် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံမြိုရှိ တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို စစ်အုပ်စုနဲ့ နီးစပ်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုနဲ့ နီးစပ်တဲ့ Telegram ချန်နယ်တွေရဲ့ ဖော်ပြချက်အရ “ယခင် NLD လက်ထက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အချုပ်ခန်းထဲမှတစ်ဆင့် ရောဂါကုသရင်း ဘားအံ တပ်မတော် ဆေးရုံကြီးတွင် (RIP) သွားကြောင်း သတင်းရရှိသည်” လို့ ရေးသားမျှဝေထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီနဲ့ စစ်အုပ်စုဘက်က တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသလို ကွယ်လွန်သတင်းနဲ့ပတ်သက်ပြီး CJ Platform အနေနဲ့ အတည်ပြုချက် ရယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အာရုံကြောရောဂါ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် ဧပြီလကုန်ပိုင်းက ဘားအံဆေးရုံကြီးမှာ ၅ ရက်ခန့် တက်ရောက်ကုသခဲ့ရပြီးနောက် အကျဉ်းထောင်သို ပြန်လည်ပိုဆောင်ခံခဲ့ရပြီး ထောင်အတွင်းမှာ ဆရာဝန်တွေရဲ့ အနီးကပ်ကုသမှုကို ဆက်လက်ခံယူနေရသူ ဖြစ်ပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး အမှုပေါင်း ၇ မှုအတွက် ထောင်ဒဏ် နှစ် ၈၀ ချမှတ်ခံခဲ့ရသူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ်ထက်ဝက် လျှော့ပေါ့ပေးခဲ့တာကြောင့် လက်ရှိမှာ ထောင်ဒဏ် နှစ် ၄၀ ကို ဘားအံအကျဉ်းထောင်မှာ ကျခံခဲ့ရသူ ဖြစ်ပါတယ်။
ပေါက်တော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို နှစ်လနီးပါးကြာသည့်တိုင် ဒီလပ်က မဖမ်းနိုင်သေး
Source – DMG
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ သက်ငယ် မုဒိမ်းမှုမှာ ပြစ်မှုကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေတာ နှစ်လနီးပါးကြာမြင့်လာသည့်တိုင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က မဖမ်းနိုင်သေးကြောင်း ဒေသခံတွေထံမှ သိရပါတယ်။
ကျူးလွန်သူမှာ ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာမှ အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေ ဖြစ်ပြီး သူ့ကို ပြစ်မှုဖြစ်ပွားပြီး နောက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့ပေမယ့် ဒီလပ်အဖွဲ့ရဲ့ ပေါ့ဆမှုကြောင့် လွတ်မြောက်သွားကာ ယနေ့ထိ ပြန်လည် ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီကျော်မှာ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူချေ ကျေးရွာမှ အသက် (၈) နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဆိုသူက အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်။
ကျူးလွန်သူဟာ ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာဇာတိဖြစ်ပြီး ဘုရားချောင်း ကျေးရွာမှာ ငါးဖမ်းဘုတ် အငှား လိုက်နေတာဖြစ်တယ်လို့ ဒေသခံများ ပြောကြားချက်အရ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မင်းပြားခရိုင်တရားရုံးမှာ အမှုဖွင့်အရေးယူထားပြီး ဘယ်လိုပုဒ်မတွေနဲ့ အရေးယူ ထားတယ်ဆိုတာ မသိရပါ။ နစ်နာသူမိသားစုဝင်တွေက ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးဖို့နဲ့ တရားမျှတမှုရှိအောင် ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
သက်ငယ်မုဒိမ်းမှု လျှော့ချနိုင်ရေး လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ်
Source – DMG
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသတွေမှာ အခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုတွေ မြင့်တက်လာပြီး ဒီကိစ္စရပ်တွေ လျော့နည်းနိုင်ဖို့ လူထုအတွင်း လိင်ပိုင်းဆိုင်ရာ အသိပညာပေး သင်တန်းတွေကို ကျယ်ကျယ်ပြန့်ပြန်လုပ်ဖို့ လိုအပ်နေကြောင်း ကလေးသူငယ်အရေးလှုပ်ရှားသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ထောက်ပြနေပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်အများစုမှာ ကျူးလွန်သူတွေက ကလေးငယ်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အိမ်နီးချင်းတွေဖြစ်နေပြီး အုပ်ထိန်းသူတေါရဲ့ဂရုစိုက်အားနည်းတာ၊ ကလေး တွေက ကိုယ့်ကိုကိုယ် ကာကွယ်ရမှာကို မသိ ရှိတာနဲ့ လိင်ပိုင်းဆိုင်ရာ ဗဟုသုတနည်းပါးတာကြောင့် ဖြစ်တယ်။
ဒါ့ကြောင့် သက်ငယ်မုဒိမ်းမှုလျှော့ချနိုင်ဖို့အတွက် ရပ်ရွာတွေ၊ လူကြီး၊ မိဘတွေ၊ လူငယ်တွေနဲ့ သိတတ်စအရွယ် မကျန် အသက်အရွယ်အလိုက် လိင်ပိုင်းဆိုင်ရာ အသိပညာပေးတာတွေကို ဆောင်ရွက်သင့်တယ်လို့ ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
“ကလေးတွေကို သူတို့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ဘယ်သူမှ ကိုင်ခွင့်မရှိဘူးဆိုတဲ့ (Body Safety) အကြောင်းကို သင်ပေးထားရမယ်။ အဲဒါမှ ကလေးတွေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာ။ နောက်ပြီး အဲလိုမျိုး သင်ပေးနိုင်ဖို့အတွက် ရပ်ရွာတိုင်းက မိဘတွေ၊ အကြီးအကဲတွေနဲ့ လူငယ်တွေ၊ သိတတ်စ အရွယ်တွေကို အသက်အရွယ်အလိုက် လိင်မှုရေးရာ အသိပညာပေးသင်တန်းတွေ ပို့ချပေးဖို့ လိုအပ်နေတယ်”လို့ ကလေးသူငယ်အရေးလှုပ်ရှားနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လူကြီး၊ မိဘတွေက လိင်မှုရေးရာနဲ့ အသိပညာပေးသင်တန်းတွေရရှိမှု နည်းပါးတဲ့အတွက် မိသားစုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ ဖြစ်ပွားလာရင်လည်း ထုတ်ဖော်မပြရဲဘဲ ဖြစ်နေပါတယ်။
ဒီအတွက် နစ်နာသူအမျိုးသမီးတွေမှာ အဓမ္မပြုကျင့်ခံရတဲ့အပြင် တရားမျှတမှုအတွက်လည်း ထုတ်ဖော်ပြောဆိုခွင့် မရ တာကြောင့် နှစ်ခါ နစ်နာမှုတွေဖြစ်ပေါ်နေရတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ရခိုင်မှာ အရပ်ဖက်အဖွဲ့အစည်းအချို့က လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အသိပညာပေး သင်တန်းတွေ နေရာအချို့မှာ လုပ်ဆောင်နေကြပေမယ့် အခက်အခဲအမျိုးမျိုးတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ကြပါ။
အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတို့ပူးပေါင်းပြီး လိင်ပိုင်းဆိုင်ရာ အသိပညာပေး သင်တန်းတွေကို အရှိန်အဟုန်မြှင့်လုပ် ဆောင်တာက ထိရောက်မှုအားကြီးလာနိုင်ကြောင်း လူမှုကူညီရေး ဆောင်ရွက်နေ တွေက ထောက်ပြပါတယ်။
တဖက်မှာလည်း စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူ သိန်းနဲ့ချီ ရှိနေပြီး စခန်းအသီးသီး၊ နေရာအသီးသီးမှာ ခိုလှုံ နေရတယ်။ ဒီနေရာတွေမှာ လူပေါင်းစုံနေထိုင်ကြတဲ့အတွက် ကလေးငယ်တွေ လုံခြုံရေး ကြိုတင်ကာကွယ်အနေနဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးသင်တန်းတွေ ပေးသင့်ကြောင်း လည်း ပြောဆိုနေပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ဒေသမှာ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ သက်ငယ်မုဒိမ်းမှု ၅ ကြိမ် အထိဖြစ်ပွားခဲ့တယ်။
သက်ငယ်မုဒိမ်းမှုကျူးလွန်တာတွေကို လူ့အဖွဲ့အစည်းတစ်ခုလုံးက လက်မခံတာကြောင့် ဒီလို လုပ်ရပ်တွေ ထပ်မဖြစ်လာ စေဖို့အတွက် ဥပဒေအရ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်သင့်ကြောင်း ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။
ဆယ်ကျော်သက် အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ရေးအတွက် ၇လတာ ကြာမြှင့်တဲ့ “Girl Shine” သင်တန်းပြီးစီး
Source – ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်က စစ်ရှောင်စခန်းတစ်ခုမှာ ဆယ်ကျော်သက်အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ရေး အတွက် ၇ လတာ ကြာမြှင့်တဲ့ “Girl Shine” သင်တန်းကို သင်ကြားပို့ချ ပြီးစီးခဲ့တယ်လို့ ကရင်နီ အမျိုးသမီးအစည်းအရုံး (KNWO) အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
” “Girl Shine” ဆိုတဲ့ သင်တန်းနာမည် အဓိပ္ပာယ်ပြောရမယ်ဆိုလို့ရှိရင် အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ စွမ်းရည်မြှင့်တင်ရေးနဲ့ ကိုယ့်ကိုယ်ကို သူတို့ယုံကြည်မှုရှိလာဖို့အတွက်လုပ်တဲ့ သင်တန်းတစ်ခုလို့ ပြောရင်လည်းမမှားဘူးပေါ့နော။”လို့ KNWO ဥက္ကဌ မော်ဖရေမြာက ပြောပါတယ်။
“Girl shine” သင်တန်းကို KNWO က ပို့ချပေးခဲ့တာဖြစ်ပြီး ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မိန်းကလေးငယ်တွေ စွမ်းအားနဲ့ အရင်းအမြစ်တွေ ပြည့်စုံပြီး ထိခိုက်မှုတွေ နလန် ပြန်ထနိုင်စွမ်းနဲ့ မိမိအနာဂတ်ကိုဆုံးဖြတ်ရာမှာ ကျွမ်းကျင်မှုရှိစေဖို့၊ ဘဝအတွက်စွမ်းရည် ရပိုင်ခွင့်တွေကို အရေးပေါ် အခြေနေတွေမှာ မိန်းကလေးငယ်တွေရဲ့လုံခြုံဘေးကင်းရေး၊ အရွယ်ရောက်ရေးအတွက် အရေးကြီး တာကြောင့် ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“Girl shine” သင်တန်းအတွင်းမှာတော့ ယုံကြည်မှု၊ လူမှုရေးနဲ့ စိတ်ခံစားမှုစွမ်းရည်၊ ကျန်းမာရေး နဲ့ တကိုယ်ရည်သန့်ရှင်းမှု၊ လုံခြုံဘေးကင်းမှု၊ စည်းလုံးညီညွတ်မှု၊ ရည်မှန်းချက်ထားရှိမှု စတဲ့ ခေါင်းစဉ် တွေနဲ့ ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။
“ကျမတို့ ဒီအရှေ့ကိုထွက်ပြီးတော့မှ တစ်ခုခုကိုပြောနိုင်ဖို့ တစ်ခုခုကို အသံထွက်နိုင်ဖို့ လုပ်နိုင်ဖို့ဆိုလို့ ရှိရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက ပထမဖြစ်တယ်ပေါ့နော။ဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည် ပြီးတော့မှ ကိုယ့်ရဲ့ဗဟုသုတတွေ အတွေ့အကြုံတွေ နောက်မှာပါလာပြီ ဆိုလို့ရှိရင်တော့ ပြောရဲဆိုရဲ မှုတွေ အရှက်ကြောက်မရှိပဲနဲ့ တခြားသူရဲ့လိုအပ်ချက်ကို ပြောထွက်နိုင်ဖို့ တစ်ခြားသူရဲ့အခက်ခဲကို ကူညီနိုင်ဖို့၊ တင်ပြနိုင်ဖို့ဆိုလို့ရှိရင် အဲ့ဒီ ယုံကြည်မှုနဲ့ လိုအပ်တဲ့စွမ်းရည်တွေကို ရှိလာမှပဲ ပိုပြီးတော့ တိုးလာမှာ ဖြစ်တယ်ပေါ့နော။ အဲ့ကြောင့်မို့လို့ အဲ့ဒီ အပေါ်မှာမြင်တွေ့ရတာ အများကြီးအဲ့လို ရှိနေတော့ ကျမတို့အဲ့ဒီ သင်တန်းကို စတင်ဖြစ်ခဲ့တာလည်း ပါတယ်ပေါ့နော်။”လို့ မော်ဖရေမြာက ဆိုပါတယ်။
အမျိုးသမီးငယ်တွေအတွက် ရည်ရွယ်ပြီး အခုလို သင်တန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစ ပထမဆုံး အကြိမ် စတင် ပို့ချပေးခဲ့တာပါ။ လက်ရှိ သင်တန်းကိုတော့ ၂၀၂၅ ခုနှစ်၊ အောက်ဆိုဘာလ ကနေ၂၀၂၆ ဧပြီလအထိ ၇ လကြာ ပို့ချခဲ့ပါတယ်။။ သင်တန်းကို အမျိုးသမီးငယ် ၁၄ ဦး တက်ရောက်ခဲ့ပြီး မေလ ၂ ရက်နေ့မှာတော့ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
တီးတိန်မှာ ဒရုန်းဗုံးကြောင့် PDF-Zoland ရဲဘော်အမျိုးသမီး ၄ ဦး အပါအဝင် ၇ ဦး ကျဆုံးခဲ့
Source – Chin World
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖူနွမ်ကျေးရွာမှာ စစ်ကောင်စီရဲ့ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နောက်တန်း ထောက်ပို့ စခန်းက PDF – Zoland ရဲဘော်အမျိုးသမီး ၄ ဦးအပါအဝင် အမျိုးသား ၃ နဲ့ စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ရေးအရှိန်မြင့်နေတဲ့ တီးတိန်မြို့နယ် ဖူနွမ်ကျေးရွာကို မေလ ၆ ရက်နေ့ ညနေပိုင်းမှာ နှစ်ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး ပထမအကြိမ် ညနေ ၄ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချခဲ့ပြီး ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
သတင်းရင်းမြစ်တစ်ဦးက “ ရဲဘော်တွေ ညနေစာအတွက် ချက်ပြုတ်နေကြတုန်း ချက်ပြုတ်တဲ့နေရာကို ဒရုန်းနဲ့ ဗုံး ၃ လုံး ကြဲသွား အတိအကျ ကြဲသွားတာလို့ သိရတယ် ၊ လောလောဆယ်မှာတော့ အသေးစိတ်တော့ ပြောလို့မရသေးဘူး သဂြိုလ်ပြီးမှ ပြောလို့ ရမယ်လို့ တာဝန်ရှိသူတွေဘက်က ပြောတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဒရုန်းဗုံးကြဲခဲ့လို့ သေဆုံးသူတွေထဲမှာ ထမင်းချက်ပြုတ်ပေးနေတဲ့ အရပ်သား ၃ ဦးလည်း ပါဝင်ပြီး PDF – Zoland ရဲဘော်အမျိုးသမီး ၄ ဦး၊ အအမျိုးသား ၃ ဦး တို့ သေဆုံးခဲ့ရတာ လို့လည်း သိရပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုအပါအဝင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုစတဲ့ စစ်ရာဇဝတ်မှုနဲ့ တီမောပထမတန်း တရားရုံးမှာတင်သွင်း
Source – Zalen
အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တီမောလက်စ်တေ နိုင်ငံမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က တရားသွားစွဲဆိုထားတဲ့ အမှုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ တီမောပထမတန်း တရားရုံးဆီ တင်သွင်းလိုက်နိုင်ပြီလို့ CHRO က မေလ ၄ ရက် မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၁၄ ဦးကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အရေးယူဖို့ CHRO က တီမောလက်စ်တေနိုင်ငံ ဒီလီမြို့က ခရိုင်တရားရုံးထံ အမှုတင်သွင်းလိုက်တာလို့ ဆိုပါတယ်။
အခုလိုတင်သွင်းခွင့်ရရှိတာဟာ အမှုရဲ့နောက်တစ်ဆင့်ကို တက်ရောက်လာခဲ့တာလို့ CHRO ဘက်က ပြောပါတယ်။
ချင်းပြည်နယ်မှာ စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်အာဏာသိမ်းခေါင်းဆောင် အပါအဝင် စစ်တပ်အရာရှိ ၁၄ ဦးကို တာဝန်ရှိသူတွေအဖြစ် အရေးယူဖို့ CHRO က တီမောမှာ အမှုဖွင့်ထားတာပါ။
စစ်ကောင်စီတပ်တွေရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ သတင်းထောက် ၁ဦးနဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်အပါအဝင် လူ ၁၀ဦးကို သတ်ဖြတ်ခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ခရစ်ယာန် ဘုန်းတော်ကြီး ၁ပါးနဲ့ သင်းထောက်ဆရာ ၃ပါးကို ရည်ရွယ်ချက် ရှိရှိ သတ်ဖြတ်မှု၊ ခရစ်ယာန်ဘုရားကျောင်းတွေအပေါ် ဆက်တိုက်တိုက်ခိုက်မှုတွေကို CHRO က သက်သေတင်သွင်းထားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ တီမောနိုင်ငံက ဒီအမှုကို လက်ခံလိုက်တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ရန်ကုန်မြို့မှာရှိတဲ့ တီမောသံရုံးတာဝန်ခံကို မြန်မာပြည်တွင်းကနေ အပြီးတိုင်ထွက်ခွာဖို့ သတိပေးခဲ့ပါတယ်။
သီလရှင်ဝတ်စုံဖြင့် ပြိုင်ပွဲဝင်တဲ့ ၂၀၂၆ Miss Grand တာချီလိတ် အလှမယ်ကို ပြိုင်ပွဲမှ ထုတ်ပယ်
Source – DVB
သီလရှင်ဝတ်စုံနဲ့ အလှမယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၂၆ Miss Grand တာချီလိတ် အလှမယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တယ်လို့ မေ ၅ ရက်မှာ Miss Grand Myanmar Organization က ကြေညာလိုက်ပါတယ်။
တာချီလိတ်မြို့ကိုယ်စားပြု အလှမယ်ဟာ National Costume Competition မှာ ဗုဒ္ဓဘာသာဝင် မိန်းမပျိုတယောက်ရဲ့ နားသအလှူတော်မင်္ဂလာ ပြုလုပ်တဲ့ ရိုးရာဓလေ့ကို အခြေခံပြီး အသွင်ယူ ဖန်တီးထားတဲ့ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီးနောက် သီလရှင်ပုံစံပြောင်းကာ သီလရှင် ဝတ်စုံနဲ့ ထပ်မံ ပုံဖော်ခဲ့တာဖြစ်ပါတယ်။
Miss Grand Myanmar Organization ကတော့ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director တွေက အလှမယ်တွေကို မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့၊ ကိုးကွယ်ရာ ဘာသာတရာကို အကြည်ညိုပျက်စေတဲ့ ပြင်ဆင်မှုတွေ မပြုလုပ်လာဖို့ အသေးစိတ် မှာကြားတယ်လို့ ဆိုပါတယ်။
တာချီလိတ်အလှမယ်ဟာ ဝတ်စုံပြည့် အစမ်းလေ့ကျင့်တဲ့ ၂ ကြိမ်လုံးမှာ ဒီလိုတင်ဆင်မှုကို ကြိုတင် ပြသထားခြင်း မရှိတာ၊ မြန်မာပြည် လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်တာစတဲ့ ပြိုင်ပွဲစည်းကမ်း ချိုးဖောက်မှုတွေကြောင့် စာချုပ်ပါစည်းကမ်းအရ ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထားဝယ်မှာ ပွဲလမ်းသဘင်နဲ့ အလှူအတန်းများလာလို့ အထည်ချုပ်အပ်သူ ပြန်များလာ
Source – Dawei Watch
ထားဝယ်ခရိုင်မှာ ပွဲလမ်းသဘင်နဲ့ အလှူအတန်းတွေ ပြန်လည်ပြုလုပ်လာခြင်းကြောင့် အထည်ချုပ်ရန်အပ်သူ ပြန်လည် များပြားလာကြောင်း စက်ချုပ်သမားအချို့က ပြောပါတယ်။
“သူ့ဖောက်သည်နဲ့သူပေါ့နော်၊ စက်ချုပ်သမားတွေလည်း အရင်ကထက် ပိုများလာတယ်။ ချုပ်ခဈေးတွေလည်း အရင်ထက် ၃ ဆ ၄ ဆလောက် တက်လာတယ်၊ ဒါပေမဲ့ ထားဝယ်မြို့ပေါ်မှာတော့ အထည်လာအပ်တဲ့ အရေအတွက် လျော့မသွားဘူး”လို့ ထားဝယ်မြို့ပေါ်ရပ်ကွက်မှ စက်ချုပ်သူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ကိုဗစ်မတိုင်ခင်ကာလက ထားဝယ်ခရိုင်မှာ အလှူအတန်း၊ မင်္ဂလာပွဲတွေ၊ ဧည့်ခံပွဲတွေနဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်တွေ မပြတ်စည်ကားခဲ့တဲ့အတွက် အပ်ထည်များကြောင်း၊ အထည်အပ်လိုသူများမှာ ၁၅ ရက်၊ တစ်လ သို့မဟုတ် နှစ်လခန့် ကြိုတင်ရက်ချိန်းယူကာ အပ်ရကြောင်း စက်ချုပ်သူတွေက ပြောပါတယ်။
ကိုဗစ်-၁၉ အပါအဝင် စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၀ ခန့်မှစကာ အလှူအတန်းနဲ့ ပွဲလမ်းသဘင်များ မရှိသလောက် နည်းပါးသွားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထိ အပ်ထည်ချုပ်ရတဲ့အရေအတွက်မှာ ကိုဗစ်မတိုင်ခင်ကထက် ထက်ဝက်ခန့် သာ ရှိပေမယ့် ၂၀၂၅ ခုနှစ်မှ စတင်ကာ အပ်ထည်အရေအတွက် ပြန်လည်မြင့်တက်လာတယ်လို့ စက်ချုပ်သမားတွေက ဆိုပါတယ်။
စစ်ကော်မရှင်ဒရုန်းဗုံးကြောင့် ဖလမ်း ဒေသခံ အသက် (၁၇) နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရ
Source – Chin World
ချုင်းပြည်နယ် ၊ဖလမ်းမြို့နယ်၊ Thlanrawn ကျေးရွာနေ အသက် (၁၇)နှစ်အရွယ် ဒေသခံအမျိုးသမီး မငွန်နှမ်တီလ် ( Mai Ngun Hnen Tial ) ဟာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
Lungrang ကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဒရုန်းတွေ အသုံးပြုကာ Thlanrawn ကျးရွာ တောင်ယာဘက်ရှိ စစ်ဘေးရှောင်တဲတွေပေါ် မနေ့မနက်ပိုငး ၁၀ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးကျရောက်ပေါက်မှုကြောင့် Thlanrawn ဒေသခံ အမျိုးသမီး မငွန်နှမ်တီလ် ( Mai Ngun Hnen Tial ) ဟာ သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။
မင်းကင်း CDM ဆေးရုံအုပ် ၅ လကျော်တဲ့အထိ မလွတ်မြောက်သေး
Source – DVB
မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးခံထားရတာ ၅ လကျော် ကြာပြီဖြစ်ပြီး သူ့ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတဲ့ ဒေသက ပြည်သူတွေကတော့ ပြန်လွှတ်ပေးဖို့ လိုလား နေကြပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဟောင်း CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်သူသူ လွင်ကို နိုဝင်ဘာ ၃၀ ရက်က သင်တောရွာမှာရှိတဲ့ သူ့ရဲ့ဆေးခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရတာ ၅ လကျော် ရှိလာပြီဖြစ်ပေမဲ့ သူ့ရဲ့အမှုကို စစ်ဆေးနေဆဲဖြစ်လို့ ပြန်လည်လွတ်မြောက်လာ တာမရှိသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင် စဉ်က ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက ငှားရမ်းခဲ့တဲ့ လက်နက်ကိစ္စနဲ့ အခွန်ငွေ ကျပ်သိန်း ၃,၃၀၀ ကျော် အလွဲသုံးစားမှုစတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံထားရတာပါ။ ဒါပေမဲ့ အမှုစစ်ဆေးမှုတွေ ကြန့်ကြာနေတဲ့အပေါ်မိသားစုနဲ့ နီးစပ်သူက ဝေဖန် ပြောပါတယ်။
လက်ရှိမှာ ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ရေဦးမြို့နယ်မှာ ထိန်းသိမ်းထားပြီး ရေဦးမြို့နယ် တရားရေးဌာနက အမှုကို တာဝန်ယူ စစ်ဆေးနေပါတယ်။
မိသားစုနဲ့ နီးစပ်သူတွေကတော့ သူ့ကို လူချင်းတွေ့ခွင့်မရဘူးလို့ ဆိုပေမဲ့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကတော့ ဆက်သွယ်ခွင့် ကန့်သတ်မထားဘူးလို့ ပြောပါတယ်။
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ အာဏာမသိမ်းခင်က မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး၊ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ CDM ပြုလုပ်ကာ တော်လှန်ရေးနယ်မြေအတွင်း ဆေးကုသမှုလုပ်ငန်း တွေကို ဆက်လက် လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။
လားရှိုးမှာ အမျိုးသား ၄ ဦးက အလှကုန်ဆိုင်ရှင် အမျိုးသမီးတစ်ဦးကို ဓားပြတိုက် ပြန်ပေးဆွဲရန် ကြိုးစားမှု ဖြစ်ပွား
Source – ရွှေဖီမြေ
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မေလ ၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် ၁ ရှိ အလှကုန်ဆိုင်တစ်ခုမှာ အမျိုးသား ၄ ဦးက ဝင်ရောက်လာပြီး အလှကုန်ဆိုင်ဖြစ်တဲ့ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို ဓားပြတိုက် ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တယ်လို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အမျိုးသား ၄ ယောက်က ကားနဲ့လာတယ်။ သေနတ်တွေပါတယ်။ လက်ထိပ်တွေလည်းပါတယ်။ ဆိုင်ကဖုန်းတစ်လုံး ယူသွားတယ်။ ဆိုင်ကဝန်ထမ်းတစ်ယောက်ကို သေနတ်ထောက်ပြီး မေးတယ်။ မင်းတို့သူဌေးမဘယ်မှာလဲတဲ့ အနောက် မှာသွားခေါ်ခိုင်းတယ်။ သူတို့ကအနောက်ပေါက်ကနေလာတာ ဆိုင်ရှင်က သူတို့ကိုတွေ့သွားတော့ ဆိုင်ကနေ ချက်ချင်း ထွက်လာပြီး ကားမောင်းပြေးသွားတယ်။ သူတစ်လမ်းလုံး ကားဟွန်းတီးသွားလို့ သူလွှတ်မြောက်ခဲ့တာ”
လားရှိုးမြို့မှာ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေပေမယ့် စစ်ကောင်စီတပ်ဘက်က တရားခံတွေကို ဖမ်းဆီးမိတာမျိုး မရှိဖူးဘူးလို့ နောက်ထပ်လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကျောက်ကြီးမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ မျက်လုံးတစ်ဖက်နဲ့ ခြေတစ်ဖက် ဆုံးရှုံး
Source – BBC
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး မေ ၃ ရက် မနက်ပိုင်းက မြေမြုပ် မိုင်းနင်းမိလို့ မျက်လုံးတစ်ဖက်နဲ့ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့တဲ့ Save The Trees အဖွဲ့က ပြောပါတယ်။
လက်ရှိမှာ သူ့ကို တောင်ငူဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့ဆိုပြီး ခွဲစိတ်ကုသမှုတွေဆက်လုပ်ရမယ်လို့ ဆိုပါတယ်။
“ဥယျာဉ်ခြံမှာ ပိန္နဲသီးခူးချိန်နင်းမိတာ။ မြေမြှုပ်မိုင်းတွေ ရှိမှန်းတော့ သူတို့လည်းသိတယ်။ ဒါပေမဲ့ နွမ်းပါးကြတော့ တောထဲ အရွက်ခူး ဘာခူးနဲ့ပဲ ကျပန်းလုပ်ကိုင်ကြတာ။ အခုထိ သူစကားမပြောနိုင်သေးဘူး။ ခွဲစိတ်တာတွေကလည်း ထပ်လုပ်ရဦး မှာလို့ ဆရာဝန်ကပြောတယ်”လို့ Save The Trees အဖွဲ့ခေါင်းဆောင် ကိုကျော်သူရက ပြောပါတယ်။
မိန်းကလေးရဲ့ ဖခင်ကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က မြေမြှုပ်မိုင်းနင်းမိခဲ့လို့ ခြေထောက်တစ်ဖက်နဲ့ မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့တာကြောင့် မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို့က ကျပန်းလုပ်ကိုင်ရင်း အသက်မွေးကြရတာလို့ ပြောပါတယ်။
KNU တပ်မဟာ(၃)နဲ့ (၄)ကို ဗုံးကြဲလို့ အမျိုးသမီး၊ ကလေးငယ်အပါအဝင် အရပ်သား ၆ဦး ဒဏ်ရာရ
Source – People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်နဲ့ တပ်မဟာ(၄) နယ်မြေ မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေ ပျက်စီး တာထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
လယ်ဒိုမြို့နယ် ကြိတ်ကွင်းကျေးရွာကို မေလ ၂ရက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်ပျက်စီးမှုရှိခဲ့ပါတယ်။ မေလ ၁ရက်မှာလည်း လိန်ပင်ဝိုင်းရွာကို စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး ၂ဦး အပါအဝင် အရပ်သား ၃ဦး ဒဏ်ရာရခဲ့ပါတယ်။
KNU တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ် မောတောင်မြို့ကိုလည်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ကလေးငယ် အပါအဝင် အရပ်သား ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မေလ (၂)ရက် မှာ ဗုံးကြဲခဲ့လို့ ၂လသားအရွယ် ကလေးငယ်ပါ ဒဏ်ရာရခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ စစ်ကိုင်း စစ်ရှောင်တွေ တောင်းဆို
Source – People’s Spring
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို မေ ၃ရက်က ပြုလုပ်ခဲ့ပါတယ်။
အညာမြေမှ စစ်ရှောင်ပြည်သူတွေက “အမေစုကို ဓာတ်ပုံမဟုတ်ဘဲနဲ့ အသံတွေ အရုပ်တွေ လှုပ်ရှားမှုတွေနဲ့ သက်သေပြ ပေးပါ” ၊ “အမေစုကို သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးပါ” လို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် စစ်ရှောင်ပြည်သူတွေက “အမေစု ကျန်းမာပါစေ”လို့ ကြွေးကြော်ကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေစေဖို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်းသက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။
မြန်အောင်မှာ လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူကို ဓားနဲ့ခုတ်သတ်
Source – CJ Platform
မြန်အောင်မြို့နယ် ညောင်ဝိုင်းအုပ်စု ထုံးဝိုင်းကုန်းကျေးရွာတွင် ဧပြီလ ၃ ရက် မနက် ၆ နာရီက လင်မယားချင်း စကားများ ရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနက် ၅ နာရီက ညောင်ဝိုင်းအုပ်စု ထုံးဝိုင်းကျေးရွာမှာ လူမှုရေးကိစ္စနဲ့ လင်မယားချင်း စကားများရာမှ ကိုအောင်ထွန်းလင်း ဆိုသူက မသန်းသန်းစိုးကို လည်ပင်းကို ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အကြွေးကိစ္စလို့လည်း ပြောတယ်၊ အခြားလူမှုရေးကိစ္စလို့လည်း ကြားတယ်။ လင်မယားချင်း စကားများပြီး သူ့မိန်းမကို ဓားနဲ့ ခုတ်သတ်သွားတာ။ သတ်သွားတဲ့သူကို မမိသေးဘူး” လို့ ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေက သေဆုံးသူ မသန်းသန်းစိုးရဲ့ ရုပ်အလောင်းကို ရွှေကျင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝက်လက် စားသောက်ဆိုင်ပေါ် လေယာဉ်နဲ့ဗုံးကြဲလို့ ပိုင်ရှင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး
Source – မြေလတ်အသံ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ချက်ပြဲကျေးရွာ (ဒေသအခေါ်စခန်းသာ) ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူတွေထံမှ သိရပါတယ်။
မေလ ၆ ရက် ဒီကနေ့ မနက် ၁ နာရီခန့်မှာ လေတပ်သုံးတိုက်လေယာဉ် ၃ စီးက ကျေးရွာနဲ့အနီးဝန်းကျင်ကို ဗုံး ၅ လုံး ထက် မနည်းကြဲချခဲ့ရာ ကျေးရွာအတွင်းစားသောက်ဆိုင်နဲ့ ကျေးရွာနံဘေးနေရာတွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးထိမှန်တာကြောင့် စားသောက်ဆိုင်ပိုင်ရှင်လင်မယားတွေဖြစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသားနဲ့ အသက် ၄၈ နှစ် အမျိုးသမီး၊ သမက်ဖြစ်သူ အသက် ၃၀ အရွယ်အမျိုးသားတို့ သေဆုံးခဲ့ကာ ဆိုင်အတွင်းရှိနေတဲ့ ချက်ပြဲရွာနေ ၁၈ နှစ် ယောက်ျားလေး ၁ ဦး၊ အသက် ၇ နှစ်နဲ့ ၂၈ နှစ် မိန်းကလေး ၂ ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဧပြီလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၄ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရ
Source – HI – Honest Information
၂၀၂၆ ခုနှစ် ဧပြီလအတွင်း နိုင်ငံတဝှမ်း စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ကြောင့် အမျိုးသမီး ၄၄ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ယနေ့ (မေလ ၈ ရက်)နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
BWU ၏ သတင်းအချက်အလက် စောင့်ကြည့်လေ့လာမှု မှတ်တမ်းများအရ သေဆုံးခဲ့ရသည့် အမျိုးသမီး ၄၄ ဦးအနက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၆ ဦး အထိရှိနေပြီး အများဆုံးဖြစ်သည်။
ထို့အပြင် မတရားသတ်ဖြတ်ခံရမှုကြောင့် ၄ ဦး၊ လက်နက်ကြီးနှင့် ကျည်ဆန်ထိမှန်မှုတို့ကြောင့် ၄ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီး ၈ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးလည်း ပါဝင်နေသည်။
အလားတူ ဧပြီလအတွင်း အမျိုးသမီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၄၅ ဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒေသအလိုက် သေဆုံးမှုများတွင် မန္တလေးတိုင်းက ၁၁ ဦး ဖြင့် အများဆုံးဖြစ်ပြီး၊ စစ်ကိုင်းတိုင်းက ၈ ဦးနှင့် ကရင်ပြည်နယ်က ၆ ဦးတို့ ဖြစ်ကြသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်ကိုင်းတိုင်းမှ မယမင်းက “ဘာအချက်ပေး သံမှ မကြားရဘဲ ရုတ်တရက်ကြီး ဝေါခနဲ မြည်ပြီး ဗုံးကျလာတာ၊ အိမ်ထဲမှာပဲ ပုန်းနေတာတောင် အိမ်ပေါ်ကို တည့်တည့်ကျတော့ ဘာမှမတတ်နိုင်ခဲ့ဘူး၊ ကျောက်စိုင်တွေ၊ သစ်သားစတွေ မှန်ကုန်တာ၊ ကိုယ့်မျက်စိရှေ့တင် ဘေးအိမ်က အဒေါ်ကြီး သေသွားတာ မြင်နေရပေမဲ့ ဘာမှမကူညီ နိုင်ခဲ့ဘူး၊ အခုထိလည်း အသံကြားရင် တုန်နေတုန်းပဲ”ဟု အတွေ့ အကြုံကို ပြောပြသည်။
စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပပြီးနောက် ၎င်းတို့ကိုယ်ကိုယ် အစိုးရတရပ်ကဲ့သို့ ပုံဖော်နေသော် လည်း လက်တွေ့တွင်မူ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက် ကျူးလွန်နေကြောင်း BWU က ဝေဖန်ထောက်ပြသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က “စစ်အုပ်စုဟာ အဘက်ဘက်မှာ အစိုးရတရပ်ပုံစံ ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ နိုင်ငံတဝှမ်း လေကြောင်း တိုက်ခိုက်တာ၊ အစုအလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှင်းပန်း နှိပ်စက်တာတွေကိုပဲ စဉ်ဆက်မပြတ် လုပ်နေတာပါ၊ သူတို့ရဲ့ သရုပ်မှန်ဟာ အကြမ်းဖက်သမား ပုံဆောင်နေတာကြောင့် သူတို့ကို အစိုးရ တရပ်အနေနဲ့ ဘယ်လိုနည်းနဲ့မှ အသိအမှတ်ပြု လက်ခံလို့ မရပါဘူး”ဟု မှတ်ချက်ပြုသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၁နှစ်တာအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၇၉၂ ဦး သေဆုံးကာ ၈၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြေပြင်အခြေအနေတွင် သတင်းအချက်အလက် ရရှိရန် ခက်ခဲမှုများကြောင့် လက်တွေ့သေဆုံး၊ ဒဏ်ရာရသည့် ကိန်းဂဏန်းများသည် ယခုထက် ပိုမိုများပြားနိုင်ကြောင်းလည်း BWU က သတိပေး ထားသည်။






