ဧပြီလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၄ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရ

ရှင်ငြိမ်း

၂၀၂၆ ခုနှစ် ဧပြီလအတွင်း နိုင်ငံတဝှမ်း စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ကြောင့် အမျိုးသမီး ၄၄ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ယနေ့ (မေလ ၈ ရက်)နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

BWU ၏ သတင်းအချက်အလက် စောင့်ကြည့်လေ့လာမှု မှတ်တမ်းများအရ သေဆုံးခဲ့ရသည့် အမျိုးသမီး ၄၄ ဦးအနက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၆ ဦး အထိရှိနေပြီး အများဆုံးဖြစ်သည်။

ထို့အပြင် မတရားသတ်ဖြတ်ခံရမှုကြောင့် ၄ ဦး၊ လက်နက်ကြီးနှင့် ကျည်ဆန်ထိမှန်မှုတို့ကြောင့် ၄ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီး ၈ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးလည်း ပါဝင်နေသည်။

အလားတူ ဧပြီလအတွင်း အမျိုးသမီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၄၅ ဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒေသအလိုက် သေဆုံးမှုများတွင် မန္တလေးတိုင်းက ၁၁ ဦး ဖြင့် အများဆုံးဖြစ်ပြီး၊ စစ်ကိုင်းတိုင်းက ၈ ဦးနှင့် ကရင်ပြည်နယ်က ၆ ဦးတို့ ဖြစ်ကြသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်ကိုင်းတိုင်းမှ မယမင်းက “ဘာအချက်ပေး သံမှ မကြားရဘဲ ရုတ်တရက်ကြီး ဝေါခနဲ မြည်ပြီး ဗုံးကျလာတာ၊ အိမ်ထဲမှာပဲ ပုန်းနေတာတောင် အိမ်ပေါ်ကို တည့်တည့်ကျတော့ ဘာမှမတတ်နိုင်ခဲ့ဘူး၊ ကျောက်စိုင်တွေ၊ သစ်သားစတွေ မှန်ကုန်တာ၊ ကိုယ့်မျက်စိရှေ့တင် ဘေးအိမ်က အဒေါ်ကြီး သေသွားတာ မြင်နေရပေမဲ့ ဘာမှမကူညီ နိုင်ခဲ့ဘူး၊ အခုထိလည်း အသံကြားရင် တုန်နေတုန်းပဲ”ဟု အတွေ့ အကြုံကို ပြောပြသည်။

စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပပြီးနောက် ၎င်းတို့ကိုယ်ကိုယ် အစိုးရတရပ်ကဲ့သို့ ပုံဖော်နေသော် လည်း လက်တွေ့တွင်မူ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက် ကျူးလွန်နေကြောင်း BWU က ဝေဖန်ထောက်ပြသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က “စစ်အုပ်စုဟာ အဘက်ဘက်မှာ အစိုးရတရပ်ပုံစံ ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ နိုင်ငံတဝှမ်း လေကြောင်း တိုက်ခိုက်တာ၊ အစုအလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှင်းပန်း နှိပ်စက်တာတွေကိုပဲ စဉ်ဆက်မပြတ် လုပ်နေတာပါ၊ သူတို့ရဲ့ သရုပ်မှန်ဟာ အကြမ်းဖက်သမား ပုံဆောင်နေတာကြောင့် သူတို့ကို အစိုးရ တရပ်အနေနဲ့ ဘယ်လိုနည်းနဲ့မှ အသိအမှတ်ပြု လက်ခံလို့ မရပါဘူး”ဟု မှတ်ချက်ပြုသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၁နှစ်တာအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၇၉၂ ဦး သေဆုံးကာ ၈၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြေပြင်အခြေအနေတွင် သတင်းအချက်အလက် ရရှိရန် ခက်ခဲမှုများကြောင့် လက်တွေ့သေဆုံး၊ ဒဏ်ရာရသည့် ကိန်းဂဏန်းများသည် ယခုထက် ပိုမိုများပြားနိုင်ကြောင်းလည်း BWU က သတိပေး ထားသည်။