တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
အောက်တိုဘာလ ၃ ရက်နေကနေ ၉ ရက်နေ့အထိ တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက် ပါတယ်။
ဒီတပတ်အတွင်း စစ်ကောင်စီတပ်တွေရဲ့အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ အမျိုးသမီးတွေကိုပါ ပေါ်တာဆွဲမှု၊ လေကြောင်း တိုက်ခိုက်မှုနဲ့ ရာသီဥတုကြောင့် အမျိုးသမီးတွေအသက်သေဆုံးမှု စတဲ့အခြေအနေတွေဟာ သတင်းမီဒီယာတွေရဲ့ စာမျက်နှာမှာ နေရာယူထားပါတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းက အသက်မပြည့် သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေ အပါအဝင်၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ သတင်းက စစ်ပဋိပက္ခအတွင်းအမျိုးသမီးတွေရဲ့ မလုံခြုံမှုအခြေအနေကို အထင်အရှားပြသ နေပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ မန္တလေးဆေးတက္ကသိုလ်၊ ရောဂါဗေဒဌာနမှ CDM ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရချိန် ဆေးဝါးကုသခွင့် မရဘဲ ကွယ်လွန်ခဲ့တဲ့ သတင်းနဲ့ မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရာဇဝတ်မှုထောင်ကျနေတဲ့ အကျဉ်းသားနဲ့ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတဦးကို ဝိုင်းဝန်းရိုက်နှက်ကာ ထောင်စည်းကမ်း ဖောက်တယ်ဆိုပြီး တိုက်ပိတ်ထားတဲ့သတင်းက အမျိုးသမီးနိုင်ငံရေး အကျဉ်းသူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို ဖော်ပြနေပါတယ်။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၉ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
- CDM ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာ အိုးဘိုထောင်တွင်း ဆေးကုခွင့်မရသဖြင့် ကွယ်လွန်
- လှိုင်သာယာတွင် အမျိုးသမီး ၂ ဦးက ငရုတ်ကျည်ပွေ့ဖြင့် ထုရိုက်ပြီး ရွှေထည်နှင့်ဖုန်း လုယက်
- အင်းစိန် အောင်ဇေယျကြိုးတံတားအောက်တွင် အမျိုးသမီး ၁ ဦးကို သတ်ပြီး စွန့်ပစ်ထား
- နွားထိုးကြီးမှာ စစ်အုပ်စုကအသက်မပြည့် သေးတဲ့မိန်းကလေးငယ်အပါအဝင် အမျိုးသမီးငယ်တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်
- ရေဘေးသင့်သရက်ချောင်းမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
- အမျိုးသမီးလုပ်သား ပေါ်တာဆွဲခံရလို့ အချိန်ပို စောလွှတ်ပေးဖို့ တောင်းဆိုရာ WHN စက်ရုံက အောနိုက် ဆင်းခိုင်း
- ပန်းနီလာစစ်ဘေးရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး
- သထုံမှာ အပူရှိန်ကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦး လဲကျသေဆုံး
- မန္တလေးအိုးဘိုထောင်မှာ အကျဉ်းသားနဲ့ ထောင်ဝန်ထမ်းတွေပေါင်းပြီး နိုင်ကျဉ်းအမျိုးသမီးကို ဝိုင်းရိုက်တိုက်ပိတ်ထား
CDM ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာ အိုးဘိုထောင်တွင်း ဆေးကုခွင့်မရသဖြင့် ကွယ်လွန်
Source – DVB
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ မန္တလေးဆေးတက္ကသိုလ်၊ ရောဂါဗေဒဌာနမှ CDM ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရချိန် ဆေးဝါးကုသခွင့်မရဘဲ စက်တင်ဘာ ၂၈ ရက်က ကွယ်လွန်ခဲ့တယ်လို့ CDM အင်အားစုတွေက ထုတ်ပြန်ပါတယ်။
ဒေါ်ခင်သီတာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကာ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီတာနဲ့ နွေဦးတော်လှန်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် ထောင်တွင်း ကျန်းမာရေးချို့တဲ့လာခဲ့တာလို့ ဆိုပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ ချိုးဖောက်ခြင်းဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ တော်လှန်ရေး အဖွဲ့အစည်းတွေက ရှုတ်ချပါတယ်။
လှိုင်သာယာတွင် အမျိုးသမီး ၂ ဦးက ငရုတ်ကျည်ပွေ့ဖြင့် ထုရိုက်ပြီး ရွှေထည်နှင့်ဖုန်း လုယက်
Source – DVB
ရန်ကုန်တိုင်း၊အင်းစိန်ခရိုင်၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊၁၉ရပ်ကွက်၊ဓညဝတီလမ်းက နေအိမ်မှာ တယောက်တည်းရှိနေတဲ့ အမျိုးသမီးတယောက်ကို အောက်တိုဘာ ၆ ရက်နေ့က အမျိုးသမီး ၂ ယောက်က ငရုတ်ကျည်ပွေ့နဲ့ ထုရိုက်ပြီး ရွှေထည်နဲ့ လက်ကိုင်ဖုန်းတွေ လုယက်ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါအမျိုးသမီး ၂ ယောက်က အိမ်ရှင်အမျိုးသမီးကို ငရုတ်ကျည်ပွေ့နဲ့ ဝင်ရောက်ထုရိုက်ပြီး ဝတ်ဆင်ထားတဲ့ ကျပ် ၅ သိန်းခန့်တန်ဖိုးရှိ လက်စွပ်မောင်းကွင်း ၁ ကွင်း၊ ကျပ် ၆ သိန်းခန့်တန်ဖိုးရှိ နားကွင်း ၁ ရံနဲ့ ကျပ် ၃ သိန်းခန့်တန်ဖိုးရှိ Redmi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးကို အတင်းအဓမ္မ ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။လုယက်သူတွေကို လှိုင်သာယာ(အနောက်ပိုင်း) သောင်ကြီးနယ်မြေစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
အင်းစိန် အောင်ဇေယျကြိုးတံတားအောက်တွင် အမျိုးသမီး ၁ ဦးကို သတ်ပြီး စွန့်ပစ်ထား
Source – DVB
အင်းစိန်မြို့နယ် အောင်ဇေယျကြိုးတံတားအောက်မှာ အောက်တိုဘာ ၅ ရက်နေ့က အမျိုးသမီးတယောက်ကို သတ်ပြီး စွန့်ပစ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ည ၁၁ နာရီအချိန် ကားတစီးက လာစွန့်ပစ်ခဲ့တာဖြစ်ပြီး အသတ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၂၅ နှစ်ဝန်းကျင်ရှိ မျက်နှာဖူးရောင် ဒဏ်ရာတွေနဲ့ လည်ပင်းကို ကြိုးကွင်းစွပ် သတ်ထားတဲ့ပုံစံ အနေအထားမျိုး ဖြစ်တယ်လို့ ဖြစ်စဥ်ကိုသိသူတယောက်က ပြောပါတယ်။
ရဲတွေက အသတ်ခံရတဲ့မိန်းကလေး ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို ဘေးပတ်ဝန်းကျင်ကို မေးမြန်းခဲ့ရာ မသိရှိတာကြောင့် အင်းစိန်ဆေးရုံကို PR အမှတ် ၂၈ နဲ့ ပို့ဆောင်ခဲ့ပြီး ပိုင်ရှင်မဲ့အနေနဲ့ သတ်မှတ်လိုက်တယ်လို့ သူက ပြောပါတယ်။
နွားထိုးကြီးမှာ စစ်အုပ်စုကအသက်မပြည့် သေးတဲ့မိန်းကလေးငယ်အပါအဝင်အမျိုးသမီးငယ်တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်
Source – People’s Spring
မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင်၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နွားထိုးကြီးမြို့တွင်းက တပ်မ(၄၄)လက်အောက်ခံ စစ်သားတွေ၊ ပြည်သူ့စစ်၊ပျူစောထီးတွေနဲ့ရဲတွေပါဝင်တဲ့ အင်အား၂၀၀ ပါ စစ်ကြောင်းဟာ အောက်တိုဘာလ၅ ရက်နေ့၊ည၇နာရီမှာ မူးရူးပြီး ပတ်ကင်းလှည့်ချိန် ရွာထိပ်အစွန်ကတောထဲတိုက်မှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကိုတွေ့သွားပြီး အဲဒီအထဲကအိမ်ထောင်သည်အမျိုးသမီး ၁ဦး၊ အသက် ၁၄နှစ်အရွယ်မိန်းကလေးငယ်၁ဦး၊အသက်၁၈နှစ်အရွယ် မိန်းကလေး၁ဦးနဲ့အသက်၂၀နှစ်အရွယ် မိန်းကလေး၂ ဦး စုစုပေါင်းအမျိုးသမီး၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညပိုင်းမှာဖမ်းဆီးခံထားရတဲ့ အိမ်ထောင်ရှိအမျိုးသမီးတဦးရဲ့ ခင်ပွန်းက ပြန်လိုက်ခေါ်တာကြောင့် အဲဒီအမျိုးသမီးတဦးကိုသာ ပြန်လွှတ်ပြီးကျန်မိန်းကလေးငယ် ၄ ဦးကို ပြန်မလွှတ်ပေးခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။ အသက်မပြည့်သေးတဲ့ကလေးငယ်အပါအဝင် မိန်းကလေးငယ် ၄ ဦးကိုစစ်အုပ်စုက အုပ်စုဖွဲ့ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့ပြီး မနက်မိုးလင်းချိန်မှ ပြန်လွှတ် ပေးခဲ့တာလို့ ဒေသခံ တွေကပြောပါတယ်။
ပြန်လွှတ်ချိန်မှာ အမျိုးသမီးငယ်၃ဦးသာပါပြီး အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရေဘေးသင့်သရက်ချောင်းမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
Source – People’s Spring
ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ သရက်ချောင်းမြို့နယ်၊ပြင်းဖြူကြီးရွာကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၅ရက် နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာလို့ မြို့ခံတွေကပြောပါတယ်။ ဒေါ်မဲတူလို့ လူသိများတဲ့ အမျိုးသမီးနေထိုင်တဲ့အိမ်ကိုလက်နက်ကြီးထိမှန်တာဖြစ်ပါတယ်။ ပြင်းဖြူကြီးရွာထဲကို စစ်တပ်စစ်ကြောင်းတွေအောက်တိုဘာလ ၃ရက်နေ့မှာဝင်လာပြီး ရမ်းသမ်းပစ်ခတ်နေလို့ ဒေသခံအများစု ထွက်ပြေးနေရတယ်လို့ သတင်းရရှိပါတယ်။
အမျိုးသမီးလုပ်သား ပေါ်တာဆွဲခံရလို့ အချိန်ပို စောလွှတ်ပေးဖို့ တောင်းဆိုရာ WHN စက်ရုံက အောနိုက် ဆင်းခိုင်း
Source – Myanmar Labour News
လှိုင်သာယာ ဗိုလ်ချုပ်မှတ်တိုင်မှာ WHN အထည်ချုပ် စက်ရုံက အမျိုးသမီးအလုပ်သမားတဦး ပေါ်တာဆွဲခံရတဲ့အတွက် အချိန်ပိုကို စောလွှတ်ပေးဖို့ တောင်းဆိုရာမှာ စက်ရုံဘက်က အောနိုက်ဆင်းကြဖို့ ပြောဆိုတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် MICS- TUsF ကို အလုပ်သမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ WHN စက်ရုံ က QC အမျိုးသမီးကို တက်စ်စီး ကားနဲ ပေါ်တာဆွဲခဲ့တာ ဖြစ်ပြီး ပတ်ဝန်းကျင်က ဝိုင်းဝန်းအောင်ဟစ်လို့ လွှတ်မြောက်ခဲ့တယ်လို့လည်း MICS ရဲ့ ပြန်ကြားရေးဌာန က ထုတ်ပြန်ထားပါတယ်။ စက်ရုံဘက်က အောက်နိုက် (ည ၁၂ နာရီ) ဆင်းရမယ်လို့ ပြောဆိုတာက ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ အချိန်ပို လုပ်ကိုင်ခိုင်းနိုင်တဲ့ အချိန်ကာလကို ဥပဒေမှာ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ အချိန်ပို ခိုင်းစေဖို့ အလုပ်သမားတွေရဲ့ သဘောတူချက်ပါ ကြိုတင် ခွင့်ပြုချက်တင်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် အချိန်ပို တပတ် နာရီ ၂၀ နဲ့ တစ်လ နာရီ ၈၀ ထက် ကျော်လွန် ခိုင်းစေခွင့် မပြုထားပါဘူး။
စက်မှုဇုန် ဝန်းကျင်မှာ အမျိုးသမီးတွေကို ဦးတည်ပြီး ဖမ်းဆီး ပေါ်တာဆွဲမှုတွေ ပေါ်ပေါက်လာတာက အံဩ တုန်လှုပ်ရပြီး ဒီကိစ္စကို ကန့်ကွက် ရှုတ်ချတယ်လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။
ပန်းနီလာစစ်ဘေးရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး
Source – Border News Agency
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာစစ်ဘေးရှောင်စခန်းကို အောက်တိုဘာလ ၅ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပရဟိတဆေးခန်းမှ စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားအမျိုးသမီးသေဆုံးသွားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်လေယာဥ်သုံးစီးနဲ့ လေကြောင်းကနေဗုံးခြောက်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အာရက္ခဆေးခန်းပေါ်သို့ တိုက်ရိုက်တလုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အဲဒီနေရာတွေမှာ Y-12 ကင်းထောက်လေယာဉ်တွေထပ်ဝဲပျံနေတာကြောင့် စစ်ဘေးရှောင်တွေဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သထုံမှာ အပူရှိန်ကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦး လဲကျသေဆုံး
Source – CJ Platform
မွန်ပြည် သထုံမြို့နယ် လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းလမ်းမှာ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက အပူရှိန်ပြင်းနေချိန် ဆိုင်ကယ်စီးလာတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး လဲကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါအမျိုးသမီးဟာ မနက် ၁၁ နာရီခန့်မှာ ဆိုင်ကယ်နဲ့ အိမ်ပြန်လာစဉ် လေယာဉ်ကွင်းလမ်း IC ဆီဆိုင်အနီးမှာ ခေါင်းမူးလာတာကြောင့် ဆိုင်ကယ်ရပ်လိုက်ပြီး လဲကျသွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။သေဆုံးသူဟာ ပေါ်တော်မူကျေးရွာ ဘုရားလမ်းမှာ နေထိုင်သူဖြစ်ပြီး ရုပ်အလောင်းကို သထုံမြို့နယ်ဆေးရုံမှာ ထားရှိတယ်လို့ သိရပါတယ်။
မန္တလေးအိုးဘိုထောင်မှာ အကျဉ်းသားနဲ့ ထောင်ဝန်ထမ်းတွေပေါင်းပြီး နိုင်ကျဉ်းအမျိုးသမီးကို ဝိုင်းရိုက်တိုက်ပိတ်ထား
Source – People’s Spring
မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရာဇဝတ်မှုထောင်ကျနေတဲ့အကျဉ်းသားနဲ့ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ကာ ထောင်စည်းကမ်း ဖောက်တယ်ဆိုပြီးတိုက်ပိတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အိုးဘိုပြင်ပယာယီထောင်၊ အိပ်ဆောင် (၄)မှာ စက်တင်ဘာ ၁၆ ရက် ညနေ၃နာရီခွဲမှာ ထမင်းယူရန် တန်းစီ စောင့်နေကြစဉ် သော့ကိုင်ဘာရာ(အိပ်ချိန်ကင်းစောင့်)၊ လိင်စိတ်ပြောင်းလဲခံယူထားသူ ငြိမ်းမောင်(ခ)အိအိငြိမ်း ဆိုသူနဲ့ နိုင်ငံရေးအကျဉ်းသူ မမြတ်သီရိတို့ စကားများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် ဘာရာငြိမ်းမောင်နဲ့ တန်းစီး ခင်လှိုင်လှိုင်ဌေးတို့က နိုင်ကျဉ်း မမြတ်သီရိကို ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြဿနာဖြစ်ပြီးနောက် အဆောင်မှူး သွယ်သွယ်ဦးက ထောင်ပိုင်ထံသွားကာ မမြတ်သီရိက ပြဿနာရှာခြင်းသာ ဖြစ်တယ်လို့ လိမ်လည်ထွက်ဆိုခဲ့ပြီး မမြတ်သီရိကို တိုက်ပိတ်လိုက်တယ်လို့ သိရပါတယ်။
မမြတ်သီရိဟာ လက်ရှိအချိန်အထိ တိုက်ပိတ်ခံထားရပြီး အကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းနဲ့ ရာဇဝတ်အမှုနဲ့ ထောင်ကျနေသူတွေ ပေါင်းကာ နိုင်ကျဉ်းတွေကို ဖိနှိပ်နေမှုကို ပြင်ပမှာရှိသူ တွေအနေနဲ့ ဝိုင်းဝန်းကူညီ ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။









