တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
အောက်တိုဘာ ၁၀ရက်ကနေ ၁၆ရက် အထိတပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေ သေဆုံးရတဲ့သတင်းတွေနဲ့ ပဋိပက္ခဒေသတွေက မုဒိမ်းမှုသတင်းတွေက သတင်းစာမျက်နှာတွေမှာ နေရာယူထားမြဲဖြစ်ပါတယ်။
ဒီသတင်းတွေထဲ ထူးထူးခြားခြားအနေနဲ့ “ချင်းမိုင်တွင် ကရင်တိုင်းရင်းသူတဦးမှ လေးမြွှာပူးကလေးအောင်မြင်စွာမွေးဖွားခဲ့တယ်” ဆိုတဲ့ သတင်းနဲ့ “နာဂဒေသတွင် ဆရာဝန်မရှိ၍ ၂ လအတွင်း မီးဖွားမိခင် ၅ ဦးသေဆုံး” ဆိုတဲ့သတင်း ၂ပုဒ်ကတော့ ဝမ်းမြောက်ဖွယ်နဲ့ ဝမ်းနည်းဖွယ်ဖြစ်စေတဲ့ သတင်းတွေလို့ဆိုရမှာပါ။
နည်းပညာနဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုတွေကြောင့် အလွန်ရှားပါးပြီး အန္တရာယ်များတဲ့ ၄ မြွှာပူးကိုယ်ဝန်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့သလို ကလေးတွေကျန်းကျန်းမာမာကြီးပြင်းလာတယ်လို့ဆိုတဲ့အတွက် ဝမ်းမြောက်ရတဲ့ သတင်းတခုပါ။
ဒီသတင်းရဲ့ဆန့်ကျင်ဖက်အဖြစ် “နာဂဒေသတွင် ဆရာဝန်မရှိ၍ ၂ လအတွင်း မီးဖွားမိခင် ၅ ဦးသေဆုံး” ဆိုတဲ့ သတင်းကတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် မိခင်တွေသေဆုံးနေရတဲ့ မြန်မာပြည် ဝေးလံခေါင်ဖျားဒေတွေက အခြေအနေကတော့ ဝမ်းနည်းဖွယ်လို့ဆိုရမှာပါ။
တဖက်မှာ အန္တရာယ်များတဲ့ ကိုယ်ဝန်ကိုစောင့်ရှောက်ပြီး ကလေး ၄ ဦးကိုမွေးဖွားပေးနိုင်ချိန် တဖက်မှာတော့ အရေးပေါ် ကုသမှုရရှိဖို့ ခက်ခဲတာကြောင့် မိခင်တွေမှာအသက်ဆုံးရှုံးနေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစနစ်ပြိုလဲတာတွေကြောင့် ကိုယ်ဝန်ဆောင်နဲ့ကလေးတွေမှာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေပါ မရတာတွေက အမြဲတစေကြုံနေရသလို၊ စနစ်တကျကုသမှုရရင် သေဆုံးမှုအန္တရာယ်ကနေ လွတ်ကင်းနိုင်မှာဖြစ်ပေမယ့် မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်နဲ့ မိခင်တွေမှာ မသေဆုံးသင့်ဘဲ သေဆုံးနေရတာက စိတ်မကောင်းဖွယ်ဖြစ်ရပ်ပဲဖြစ်ပါတယ်။
ဒီသတင်းတွေ အပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း ၁၀ ပုဒ်ကို စုစည်းဖော်ပြ လိုက်ပါတယ်။
- ဘန်ကောက်မှာ အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးကို ဘတ် ၃ သောင်းနဲ့ မိခင်ကိုယ်တိုင်ရောင်းချထား
- ဖားပြို သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို သေဒဏ်ပေး
- မင်းဘူးတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် အသတ်ခံရ
- ဝီရဌာနီ ဆင်အိုင်ရွာဗုံးကြဲခံရမှုမှာ အမျိုးသမီးနှစ်ယောက် ထပ်ပြီးသေဆုံးသွားလို့ သေဆုံးသူ ကိုးယောက်ဖြစ်
- ချင်းမိုင်တွင် ကရင်တိုင်းရင်းသူတဦးမှ လေးမြွှာပူးကလေးအောင်မြင်စွာမွေးဖွားခဲ့
- KNU ဒူးပလာယာခရိုင်၌ ရှမ်းလူမျိုး အမျိုးသမီး ကွန်ရက်ဖွဲ့စည်း
- ပေါက်တောတွင် ၁၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့်သူအား ဖမ်းမမိသေး
- ၂၀၂၆ IBA နိုင်ငံတကာလူ့အခွင့်အရေးဆု မြန်မာအမျိုးသမီးရှေ့နေ ရရှိ
- နာဂဒေသတွင် ဆရာဝန်မရှိ၍ ၂ လအတွင်း မီးဖွားမိခင် ၅ ဦးသေဆုံး
- တရုတ်ဇနီးမယားအဖြစ်ရောင်းစားသူကို အလုပ်နဲ့ထောင်ဒဏ် ၁၀နှစ်ချ
ဘန်ကောက်မှာ အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးကို ဘတ် ၃ သောင်းနဲ့ မိခင်ကိုယ်တိုင်ရောင်းချထား
Source – Migrant Times
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုတို့နဲ့ မြန်မာသံသယရှိသူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးငယ် ၁ ဦးကို ဘတ် ၃ သောင်းနဲ့ မိခင်ကိုယ်တိုင်ကရောင်းချထားတာကို စုံစမ်းသိရှိခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန ၊ အထူးလုပ်ငန်းအဖွဲ့ (DOPA S.W.A.T) ကထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းမှာ DOPA – S.W.A.T အရာရှိတွေက သတင်းအရ ဘန်ကောက်မြို့ ၊ Saphan Sung မြို့နယ်ရှိ Ramkhamhaeng ၁၂၀ လမ်းနဲ့ ၁၂၂ ရှိနေအိမ်နှစ်အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြရာ Ramkhamhaeng ၁၂၂ လမ်းရှိ နေအိမ်တစ်လုံးတွင် လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုတို့နဲ့ သံသယရှိသူ မြန်မာ ၂ဦးကို ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ ၆ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်၊
DOPA အဖွဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ထိုဂိုဏ်းမှာ ထိုင်း-မြန်မာနယ်စပ်မှ ကလေးတွေကို ရှာဖွေပေးတဲ့ ပွဲစားတွေဖြစ်ပြီး၊ ယင်းတို့က မဲဆောက်ခရိုင်၊ တာ့ခ်ခရိုင်တို့မှ ကလေးများကို သွားရောက်ခေါ်ဆောင်ကာ အိမ်ဖော်အလုပ် ပေးမည်၊ သမီးဖြစ်သူကို ကျောင်းထားပေးမည်၊ တရားဝင် နိုင်ငံခြားသား စိစစ်ရေးကတ်ပြား ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ အာမခံကာ လိမ်လည်လှည့်ဖြားခဲ့ကြတာဖြစ်ပါတယ်။
ယင်းကလေးတွေကို ဆွိုင်နွမ်းချန် နဲ့ ခေါက်ဆာန်လမ်း ဝန်းကျင်တွေမှာ ညနေ ၅နာရီခွဲမှ နံနက် ၄ နာရီအထိ ပန်းကုံး၊ ပန်းနဲ့ သစ်သီးရည်တို့ကို ကုန်တဲ့အထိ လှည့်လည်ရောင်းချခိုင်းခဲ့သလို ကုန်အောင် မရောင်းချနိုင်ပါက ဇွန်းပူတွေနဲ့ တို့ခြင်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတို့ ရင်ဆိုင်ခဲ့ရပြီး ထွက်မပြေးနိုင်ရန် ယင်းတို့ရဲ့ သက်သေခံစာရွက် စာတမ်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
ဒါ့အပြင်မြန်မာကလေး ၁ ဦးရဲ့ မိခင်ဖြစ်သူမှာ ၆ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခံခဲ့ရပြီး မည်သူ့ကိုမျှ မပြောရန် ခြိမ်းခြောက် ခံခဲ့ရကာ ပစ္စည်း ရောင်းချရရှိသော ငွေကြေးအားလုံးကို သံသယရှိသူတွေရဲ့ ဘဏ်အကောင့်သို လွှဲပြောင်းပေးခဲ့ ရတယ်လို့ဆိုပါတယ်။
ဖားပြို သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို သေဒဏ်ပေး
Source – DMG
ရခိုင်ပြည်၊ အဉ္ဇနပူရ(မင်းပြား)မြို့နယ်၊ ဖားပြိုကျေးရွာတွင် ဖြစ်ပွားခဲ့တဲ့ ကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူကို ပြစ်မှုထင်ရှား၍ ခရိုင်တရားရုံးကနေ အောက်တိုဘာ ၉ ရက် နေ့က သေဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
သေဒဏ်ကျခံရသူမှာ ဖားပြိုကျေးရွာက အသက် ၃၈ နှစ်အရွယ် ဦးမောင်လှသန်းဖြစ်ပြီး ၉ နှစ်အရွယ် ကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ ရုပ်အလောင်းကို သစ်ပင်ပေါ်တွင် ကြိုးဆွဲချထားခဲ့သူဖြစ်ပြီး သံသယနဲ့ စွပ်စွဲခံထားရတဲ့ ဖားပြို ဒေသခံ ၇ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ရခိုင်တွင် သက်ငယ်မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူသတ်မှုကဲ့သို့ ပြစ်မှုကြီးတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရန် အာရက္ခတပ်တော်က အထူးတရားရုံးများဖွဲ့စည်းကာ ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့ ၂၀၂၆ ဩဂုတ်လ ၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှာ ဖြစ်ပွားခဲ့ တဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှုတွင် ပြစ်မှုထင်ရှားတဲ့ တရားခံ ၃ ဦးကို စစ်တွေခရိုင်တရားရုံးက သေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ ရခိုင်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ၁၇ ခုထက်မနည်းရှိခဲ့ပြီး တရားခံ လွတ်မြောက်နေဆဲ အမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။
မင်းဘူးတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် အသတ်ခံရ
Source – မဇ္ဈိမ
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကူရွာမှာ နေထိုင်တဲ့ အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တဦး အောက်တိုဘာ ၇ ရက်နေ့မှာ ပျောက်ဆုံးသွားပြီး ၎င်း၏ ရုပ်အလောင်းကို အောက်တိုဘာ ၁၂ ရက်နေ့တွင် ရွှေကြောင်းရွာအနီးရှိ ရေမြောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
အဆိုပါ ကလေးငယ်ရဲ့ ရုပ်အလောင်းအား ဆာလာအိတ်အဖြူရောင်အတွင်း လက်များ ကြိုးတုပ်ခံထားရခြင်း၊ ပါးစပ်ထဲသို့ အဝတ်စများထိုးထည့်ခံထားရခြင်း၊ ရွှေနားကပ်များ ချွတ်ယူခံထားရခြင်း စတဲ့အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ် ကျူးလွန်သူအဖြစ် ယူဆခံထားရတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ ဖြူကုန်းရွာစာသင်ကျောင်းအနီး နေထိုင်သူများဖြစ်ကာ ယင်းတို့ရဲ့ ကလေးနဲ့ သတ်ဖြတ်ခံရတဲ့ ကလေးတို့မှာ ကစားဖော်ကစားဖက်များဖြစ်တယ် လို့သိရပါတယ်။
ယင်းဖြစ်စဉ်မှာ ကျူးလွန်သူအဖြစ် ယူဆ(စွပ်စွဲ)ခံထားရသူများဖြစ်တဲ့ သတ်လတ်ပိုင်းအရွယ် ဦးအောင်လင်းထွန်း နဲ့ ၎င်းရဲ့ ဇနီးဒေါ်အေးယုခိုင်တို့မှာ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေကာအမျိုးသားဖြစ်သူ ဦးအောင်လင်းထွန်းမှာ စစ်အုပ်စုထံ စစ်မှုထမ်းစုဆောင်းခံရပြီးနောက် ထွက်ပြေးလာသူဖြစ်ပြီး မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းထံ ခိုလှုံနေခြင်းဖြစ်တယ်လို့သိရပါတယ်။
ဝီရဌာနီ ဆင်အိုင်ရွာဗုံးကြဲခံရမှုမှာ အမျိုးသမီးနှစ်ယောက် ထပ်ပြီးသေဆုံးသွားလို့ သေဆုံးသူ ကိုးယောက်ဖြစ်
Source – နိရဉ္စရာ
အာရက္ခပြည်၊ ဝီရဌာနီမြို့နယ်၊ ဆင်အိုင်ရွာကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာ အမျိုးသမီးနှစ်ယောက် ထပ်မံသေဆုံးသွားခဲ့တဲ့အတွက် သေဆုံးသူစုစုပေါင်း ကိုးယောက်အထိမြင့်တက်လာတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက်၊ ညနေ ၆ နာရီ မိနစ် ၂ဝ မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဆင်အိုင်ရွာကို လေကြောင်းကနေဗုံးကြဲပြီးနောက် သေဆုံးသူ ခုနစ်ယောက်အထိရှိခဲ့ရာကနေ အောက်တိုဘာ ၁၁ရက်မှာ နောက်ထပ်နှစ်ယောက်ထပ်တိုးသွားခဲ့တဲ့အတွက် သေဆုံးသူ ကိုးယောက်အထိဖြစ်လာခဲ့တာပါ။
ထပ်ပြီးသေဆုံးသွားတဲ့အမျိုးသမီးနှစ်ယောက်ကတော့ ဆင်အိုင်ရွာက မယီယီသန်း(၃၁)နှစ်နဲ့ ဒေါ်ကြာညို (၈၃)နှစ်တို့ဖြစ်ပြီးအဲဒီအမျိုးသမီးနှစ်ယောက်ထဲက မယီယီသန်းဟာ ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှုခံယူနေစဉ် အောက်တိုဘာလ ၁၁ ရက်၊ အရုဏ် ၄ နာရီလောက်မှာ သေဆုံးသွားကာ ဒေါ်ကြာညိုက သူ့ရဲ့နေအိမ်အတွင်း ဗုံးစထိမှန်သေဆုံးနေတာဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ရခိုင်အမျိုးသမီး ခြောက်ယောက်၊ မွတ်ဆလင်အမျိုးသား တစ်ယောက်နဲ့ မွတ်ဆလင်အမျိုးသမီးနှစ်ယောက်တို့ဖြစ်ပြီးဒဏ်ရာရသူလည်း ၁၂ ယောက်ရှိခဲ့ပါတယ်။
ချင်းမိုင်တွင် ကရင်တိုင်းရင်းသူတဦးမှ လေးမြွှာပူးကလေးအောင်မြင်စွာမွေးဖွားခဲ့
Source – သျှမ်းသံတော်ဆင့်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Maharaj Narkorn ဆေးရုံတွင် လေးမြွှာပူးကလေးကိုယ်ဝန်ဆောင်ထားတဲ့ ကရင်တိုင်းရင်းသူတဦးကို ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနမှ ဆေးဘက်ဆိုင်ရာအဖွဲ့များမှ သဘာဝအတိုင်းအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
မဲဟောင်ဆောင်ခရိုင်၊ မဲဆာရိယန်းဒေသမှ အသက် ၃၃ နှစ်အရွယ် ကရင် တိုင်းရင်းသူ မသီတိကန် စီနီရက်ဆပ်သည် ကိုယ်ဝန် ၂၃ ပတ်ရှိချိန်တွင် မဲဆာရိယန်းဆေးရုံမှတဆင့် မဟာရတ်နခွန်ချင်းမိုင်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ရပြီး မူလဆေးရုံမှာ သုံးမြွှာပူးကိုယ်ဝန်ဟု သတ်မှတ်ခဲ့သော်လည်း ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနမှ မိခင်နှင့် သန္ဓေသားဆေးပညာအဖွဲ့က အာထရာဆောင်းဖြင့် အသေးစိတ်စစ်ဆေးရာ လေးမြွှာပူးကိုယ်ဝန်ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
ကလေးလေးဦးစလုံးသည် သီးခြားရေမြွှာအိတ်များအတွင်း ရှိနေသော်လည်း အချင်းတခုတည်းဖြစ်မွေးဖွားလာတာဖြစ်ပြီး ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနဌာနမှူး တွဲဖက်ပါမောက္ခ ဒေါက်တာ Naren Chotirotsanarmit က သတင်းစာရှင်းလင်းပွဲမှာ ယခုကဲ့သို့ လေးမြွှာပူးကိုယ်ဝန်ကို စောင့်ရှောက်နိုင်ခဲ့ခြင်းက အလွန်ရှားပါးတဲ့ ဆေးဘက်ဆိုင်ရာ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သဘာဝအတိုင်း သန္ဓေတည်ခဲ့ပြီး တူညီသော လေးမြွှာပူးကိုယ်ဝန်က အလွန်ရှားပါးပြီး မိခင်နှင့် ကလေးအတွက် အန္တရာယ်များတာကြောင့် ဆေးအဖွဲ့က ကိုယ်ဝန်ဆောင်ကာလတလျှောက် အနီးကပ်စောင့်ကြည့်ကုသခဲ့ကာမိခင်ကို ကိုယ်ဝန် ၂၇ ပတ်တွင် ဆေးရုံတင်ထားခဲ့ပြီး ၂၉ ပတ်နှင့် ၅ ရက်တွင် ခွဲစိတ်မွေးဖွားခဲ့တာဖြစ်ပါတယ်။
မွေးဖွားလာတဲ့ ကလေးလေးဦးရဲ့ ကိုယ်အလေးချိန်မှာ ၈၀၀ ဂရမ်မှ ၁,၂၉၅ ဂရမ်အထိရှိပြီး လမစေ့တဲ့ အတွက် မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင် (NICU) တွင် စောင့်ရှောက်ကုသခဲ့ရသလို မိခင်နို့နှင့် အလှူရှင်နို့များ တိုက်ကျွေးကာ စောင့်ရှောက်ခဲ့ပြီး နောက်ပိုင်းတွင် ကလေးလေးဦးစလုံး အကူအညီမပါဘဲ အသက်ရှူနိုင်လာကာ ကျန်းမာစွာ ကြီးထွားလာခဲ့တယ်လို့ သိရပါတယ်.
KNU ဒူးပလာယာခရိုင်၌ ရှမ်းလူမျိုး အမျိုးသမီး ကွန်ရက်ဖွဲ့စည်း
Source – သံလွင်ခက်
KNU ဒူးပလာယာခရိုင်အတွင်း အမျိုးသမီးများရဲ့ ခေါင်းဆောင်မှု၊ နိုင်ငံရေးနှင့် လူမှုစီးပွားရေး ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ကော်သူးလေ အမျိုးသမီးများကွန်ရက် (K.W.N) က ဦးဆောင်ပြီး “ရှမ်းအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ” ကို နို့တကောမြို့နယ်တွင် ကျင်းပခဲ့ကာ ယင်းဆွေးနွေးပွဲမှတစ်ဆင့် “ရှမ်းလူမျိုး အမျိုးသမီးကွန်ရက်” ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့သိရပါတယ်။
ဒူးပလာယာခရိုင်အတွင်း အတူယှဉ်တွဲနေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသူအမျိုးသမီးများရဲံ အခန်းကဏ္ဍနဲ့ ခေါင်းဆောင်မှုကို တိုးမြှင့်ရန်၊ စည်းလုံးညီညွတ်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုများ ခိုင်မာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီးဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ် တာဝန်ရှိခေါင်းဆောင်များ၊ ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) နှင့် ကော်သူးလေ အမျိုးသမီးများကွန်ရက် (K.W.N) မှ အမျိုးသမီးခေါင်းဆောင်များ၊ ကျေးရွာအုပ်စု တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသူအမျိုးသမီးများနှင့် လူငယ်ကိုယ်စားလှယ်များ အပါအဝင် အမျိုးသားများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးမှုတွေမှာ ရှမ်းအမျိုးသမီးများ နေထိုင်ရာဒေသရှိ လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် စိန်ခေါ်ချက်များ၊ အမျိုးသမီးများရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် တွေ့ကြုံနေရတဲ့ အဟန့်အတားတွေနဲ့ ယင်းစိန်ခေါ်ချက်တွေကို မည်သို့ကျော်ဖြတ်မည်ဆိုတာကို ထည့်သွင်းဆွေးနွေးခဲ့ကြသလိုဆွေးနွေးပွဲအပြီးတွင် ရှေ့လုပ်ငန်းစဉ်များ အတည်ပြုချမှတ်ကာ ကော်သူးလေဒေသအတွင်းရှိ ရှမ်းတိုင်းရင်းသူများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် “ရှမ်းလူမျိုး အမျိုးသမီးကွန်ယက်” ကို ဖွဲ့စည်းခဲ့ပါတယ်။
ပေါက်တောတွင် ၁၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့်သူအား ဖမ်းမမိသေး
Source – သံလွင်ခက်
ရခိုင်ပြည်နယ်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်၊ ယင်ရဲကန်ကျေးရွာတွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး ၈ လသား ကိုယ်ဝန်လွယ်ထားရသော်လည်း ကျူးလွန်သူမှာ လများစွာ ကြာသည်အထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ မတ်လ ၂၉ ရက်၊ ညပိုင်းက အမျိုးသမီးငယ်မှာ သူငယ်ချင်းများနှင့်အတူ မုန့်လုပ်စားပြီး အပြန်လမ်း၌ တရွာတည်းနေ အသက် ၅၅ နှစ်အရွယ် ဦးမောင်ကျော်သိန်းဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကာဇွန်လ ၁၄ ရက်နေ့တွင်မှ မိဘဆွေမျိုးများက စတင်သိရှိခဲ့ရပြီး ဇွန်လ ၁၈ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြား ခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်တွင် ဝီရဌာနီမြို့နယ်ရှိ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ တာဝန်ရှိ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့သော်လည်း တရားခံဖြစ်သူ ဦးမောင်ကျော်သိန်းမှာ ကြိုတင်ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။လက်ရှိတွင် ကျူးလွန်ခံရသူ မိန်းကလေးငယ်မှာ ကိုယ်ဝန် ၈ လခန့် ရှိလာပြီဖြစ်၍ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တဲ့ အနေအထားသို့ ရောက်ရှိနေပြီး မိသားစုဝင်များက တရားမျှတမှု ရရှိရန်နဲ့ တရားခံအား အမြန်ဆုံး ဖမ်းဆီးအရေးယူပေးရန် တာဝန်ရှိသူများထံ ဆက်လက်တောင်းဆိုနေကြပါတယ်။
အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားအရ ရခိုင်ဒေသအတွင်း ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် အတွင်း သက်ငယ်မုဒိမ်းမှု ဖြစ်စဉ် အနည်းဆုံး ၇ မှုထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
၂၀၂၆ IBA နိုင်ငံတကာလူ့အခွင့်အရေးဆု မြန်မာအမျိုးသမီးရှေ့နေ ရရှိ
Source – DVB
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (International Bar Association – IBA) ရဲ့ နှစ်ပတ်လည်ညီလာခံမှာ မြန်မာနိုင်ငံက လူအခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ဒေါ်ဇာလီအေးဟာ IBA Human Rights Award 2026 ဆုကို လက်ခံရရှိခဲ့ပါတယ်
အဆိုပါဆုဟာ ဥပဒေပညာရှင်တယောက်အနေနဲ့ လူ့အခွင့်အရေးအတွက် ထူးချွန်စွာ ပါ၀င်ကူညီဆောင်ရွက်ခဲ့မှုအတွက် ပေးအပ်တဲ့ ဂုဏ်ပြုဆု ဖြစ်ပြီးနိုင်ငံပေါင်း ၁၃၀ က ရှေ့နေနဲ့ ဥပဒေပညာရှင်ပေါင်း ၅,၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ အဲဒီညီလာခံမှာ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက ရှေ့နေတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ ဖိနှိပ်မှုတွေကို နိုင်ငံတကာ အသိုက်အဝန်းထံ အသိပေး မျှဝေခွင့်ရခဲ့တယ်လို့ သိရပါတယ်။
နာဂဒေသတွင် ဆရာဝန်မရှိ၍ ၂ လအတွင်း မီးဖွားမိခင် ၅ ဦးသေဆုံး
Source – HI-Honesr Information
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနဲ့ နန်းယွန်းမြို့နယ်ရှိ ကျေးရွာတွေမှာ ကျန်းမာရေး ဝန်ထမ်းနဲ့ ဆရာဝန် လုံးဝမရှိတဲ့အတွက် လွန်ခဲ့တဲ့ ၂ လအတွင်း မီးဖွားစဉ် အချင်းမကျတာနဲ့ သွေးလွန်တာတွေကြောင့် မိခင် ၅ ဦး မသေသင့်ဘဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ယင်းဒေသမှာ အာဏာမသိမ်းမီကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ ဝေးလံခေါင်ဖျားတဲ့ ဒေသ စည်းမျဉ်းတွေကြောင့် ဆရာဝန် လိုအပ်ချက်ကြီးမားစွာ ရှိခဲ့သော်လည်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း တာဝန်ကျ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း အများစုက စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှု ပါဝင်သွားကြတဲ့အတွက် ဆေးရုံဆေးပေးခန်းတွေမှာ ဆရာ၊ ဆရာမ လုံးဝမရှိတော့ခြင်း ဖြစ်ပါတယ်။
နာဂဒေသမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှ ဆရာဝန်များမှာ လာရောက်တာဝန်ထမ်းဆောင်ရန် ငြင်းဆန်တာ၊ အလုပ်မှ နှုတ်ထွက်တာနဲ့ အခြားဒေသကို ပြောင်းရွှေ့မှုတွေ အစဉ်အဆက် ရှိခဲ့တယ်လို့ လေရှီးမြို့နယ်အတွင်းမှ ဒေသအုပ်ချုပ်ရေးမှူးတဦးက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နာဂဒေသအတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းများ ဖြတ်တောက် ခံထား ရတဲ့အတွက် ကျေးရွာအသီးသီးရှိ မီးဖွားမိခင်တွေနဲ့ အရေးပေါ် လူနာတွေအတွက် အကူအညီတောင်းခံရန် ပိုမိုခက်ခဲလာတာပဲဖြစ်ပါတယ်။
လူဦးရေ ၁ သိန်း ၃ သောင်းကျော် မှီတင်းနေထိုင်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနဲ့ ကျန်းမာရေးဌာနခွဲများစွာ ရှိသော်လည်း ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့် ကိုယ်ဝန်ဆောင်များ အသက်ဆုံးရှုံးနေရခြင်းဖြစ်ပါတယ်။
တရုတ်ဇနီးမယားအဖြစ်ရောင်းစားသူကို အလုပ်နဲ့ထောင်ဒဏ် ၁၀နှစ်ချ
Source- BBC
ရန်ကုန်နဲ့ ဧရာဝတီတိုင်းက မိန်းကလေး ၂ ဦးကို တရုတ်မယားအဖြစ်ရောင်းစားဖို့ လုပ်တဲ့ မခိုင်သဇင်ထွန်း(ခ)မခိုင် ဆိုသူကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းတွေအရ သိရှိရပါတယ်။
မန္တလေး လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့က အမှုဖွင့်တဲ့ ဒီအမှုကိုအောက်တိုဘာ ၁၆ ရက်က မဟာအောင်မြေခရိုင်တရားရုံးမှာ အမိန့်ချမှတ်ခဲ့တာပါ။
သူဟာ တရုတ်မယားအဖြစ် ၆ လကနေ ၁ နှစ်လုပ်ပေးရင် ယွမ် ၃၀,၀၀၀(သိန်း ၂၀၀ကျော်ဝန်းကျင်) ရမှာဖြစ်သလိုလစဥ်မုန့်ဖိုးသိန်း ကျပ် သိန်း ၂၀ ကနေ ၃၀ ကြားပေးမယ်လို့ TikTok ကနေ မက်လုံးပေး ခေါ်ယူခဲ့တာဖြစ်ပြီး ရန်ကုန်- တွံတေးနဲ့ ဧရာဝတီ- ဝါးခယ်မမြို့တွေက မိန်းကလေး ၂ ဦးကို ရန်ကုန် မြောက်ဥက္ကလာက တည်းခိုခန်းတစ်ခုကိုခေါ်ဆောင်လာခဲ့တာ ကနေ စိစစ်ပေါ်ပေါက်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
တရုတ်မယားအဖြစ်ခေါ်ဆောင်သူတွေကို မကြာခဏဖမ်းဆီးတာ၊ ထောင်ဒဏ်ချမှတ်တာတွေရှိပေမဲ့ TikTok မှာတော့ အလုပ်အကိုင်တစ်ခုအဖြစ် ခေါ်ယူနေတဲ့ ရုပ်သံတွေ အများအပြား ရှိနေဆဲဖြစ်ပြီးအများစုက တရုတ်နိုင်ငံထဲကို တရားမဝင်ပို့ဆောင်ကြတာဖြစ်ပါတယ်။










