ခေတ်ဆိုးခေတ်ကြပ်ထဲက မိခင်တွေရဲ့ အာဟာရတိုက်ပွဲ

ဒေဝီ

အချိန်က ည ၉နာရီကျော်။

အိပ်ချိန် ဖြစ်ပေမယ့် မရတနာ မအိပ်နိုင်သေး။ မီးလာတုန်း ညနေကဝယ်ထားတဲ့ ကြက်သားတွေကို ဆေးကြောပြီး အသားများတဲ့အပိုင်းကို သမီးကျောင်း ထမင်းဘူးအတွက် သပ်သပ်ခွဲထားလိုက်တယ်။ ကျန်တဲ့အရိုးနဲ့ အပိုင်းအစတွေကိုတော့ အသင့်လှီးထားတဲ့ ကျောက်ဖရုံသီးနဲ့ မနက်ဖြန်အတွက် ဟင်းရည်သောက်ချက်ဖို့ ပြင်ဆင်နေပါတယ်။

အသက် ၁၂ နှစ်အရွယ်သမီးဖြစ်သူ ရွယ်တူတွေထက် ပိုသေးကွေးနေတာကို မြင်တိုင်း၊ “အဟာရ မပြည့်လို့ များလား” ဆိုတဲ့ စိုးရိမ်မှုက မရတနာကို မကြာခဏ ဖိစီးနေတယ်။

“ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ယှဉ်လိုက်ရင် သူအသေးဆုံးပဲ ၊ ကြည့်ပြီး စိတ်မကောင်းဘူး၊ ဖွံ့ဖြိုးဆဲအရွယ်မှာ သေချာမကျွေးမိတာ စိတ်မကောင်းဆုံးဘဲ”လို့ မရတနာက ပြောပါတယ်။

စစ်ဖြစ်မနေတဲ့ မြို့ပြ ဒေသအချို့က ကလေးငယ်တွေဟာ စစ်ဘေးသင့်ဒေသတွေက ကလေးသူငယ်တွေ လောက် မခက်ခဲပေမယ့် လက်ရှိကြုံနေရတဲ့ စီးပွားရေးအခြေအနေတွေအရ မိဘတွေမှာ သားသမီးတွေ အဟာရ ပြည့်ပြည့်ဝဝဖြစ်အောင် ကျွေးမွေးဖို့ ရုန်းကန်နေကြရပါတယ်။

အဓိကကတော့ ဆင်းရဲမွဲတေမှုမြင့်တက်လာတာ၊ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်တာ၊ အဟာရပြည့်ဝအောင် ကျွေးဖို့ဗဟုသုတမရှိတာ၊ အသင့်စားအစားစာတွေ ကျွေးမိနေတာတွေကြောင့် မြို့ပြက ကလေးအချို့မှာ အဟာရချို့တဲ့ပြီး ကျန်းမာရေး ထိခိုက်မှုတွေ ကြုံနေရပါတယ်။

ကလေးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်စုံလင်အောင် အသား ဥ၊ နို့နဲ့ ဟင်းသီးဟင်းရွက် အသီးအနှံကို ညီမျှအောင်ကျွေးရမယ်ဆိုပေမယ့် ခေတ်ကာလအရ ကုန်စျေးနှုန်းကြောင့်ရော၊ အချိန်မပေးနိုင်မှု ကြောင့်ရော ကလေးတယောက်ကို အဟာရ ပြည့်ဝအောင်ကျွေးမွေးဖို့ဆိုတာ မိခင်တွေအတွက် စိတ်ဖိစီးရတဲ့ ကိစ္စလို့ မရတနာကပြောပါတယ်။

သူဆိုရင်လည်း မွေးစကနေ တနှစ်ကျော်အထိ မိခင်နို့တိုက်ပြီး ဖြည့်စွက်စာကျွေးချိန်မှာလည်း ဆရာဝန်တွေ ညွှန်ကြားချက်အတိုင်း ဝါ၊ စိမ်း၊ နီ ပါဝင်အောင် စနစ်တကျကျွေးမွေးခဲ့ပေမယ့်၊ မိသားစု စီးပွားရေးအတွက် လုံးပန်းနေရချိန် သမီးဖြစ်သူရဲ့ စားသောက်မှုကို ဂရုစိုက်ဖို့  လစ်ဟာခဲ့ရတယ်လို့ သူကပြောတယ်။

စီးပွားရေးအတွက် ငွေကြေးရှာဖွေတာရော၊ အိမ်ကိစ္စစီမံတာရော  သူတဦးတည်း ဦးဆောင်ပြီး လုပ်ရတဲ့နောက် မိသားစုဝင်တွေ  စားရေးသောက်ရေးအတွက်လည်း တကူးတက မစီမံနိုင်တော့သလို၊ ဟင်းအတွဲအစပ်တွေ၊ ကလေးတွေ ဖွံ့ဖြိုးစေမယ့် အစားသောက်တွေလည်း တကူးတက ချက်မကျွေးဖြစ်ဘဲ အလျဉ်းသင့်သလို ချက်ပြုတ်စား‌သောက်ရတယ်။

“ကိုယ်တိုင်က အလုပ်များနေတော့ ဗိုက်ထဲဝင်ရင်ပြီးရောပဲ၊ ဘာတွေက အဟာရဖြစ်စေလဲဆိုတာလည်း သိပေမယ့်  အလုပ်ရှုပ်သက်သာအောင် ကြက်သားဆိုလည်း ကြက်သားကြော် ၊ အရွက်ဆိုလည်း အရွက်ကြော် တမယ်ကောင်းပဲ၊ လူကြီးက ထမင်းနဲ့ အသုတ်စားရင် သူ့ လည်း ဒါပဲကျွေးရတယ်” လို့ မရတနာကပြောတယ်။

ဒီအတွက်ကြောင့်လည်း ကလေးဖြစ်သူ ကျောင်းနေအရွယ်မှာ အစားအသောက်နဲ့ အိပ်စက်ချိန်တွေ လိုအပ်ချက် ရှိခဲ့သလိုဖြစ်ပြီး ဖွံ့ဖြိုးမှုနှေးကွေးတာ၊ ပိန်တာ၊ ဖျားနာလွယ်တာလို ကျန်းမာရေး ပြသနာတွေ ကြုံခဲ့ရတယ်။

ကိုယ့်ကလေးတွေ အဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်စုံလင်အောင်စားသောက်နိုင်ဖို့က မိဘတွေ အတွက် စိန်ခေါ်မှု တခုဖြစ်ပါတယ် ကလေးစားတဲ့  အစားအသောက်မှာ အဟာရဓာတ်မျှမျှတတ မပါဝင်မှာ စိုးကြသလို၊ မျှတအောင် ကျွေးဖို့ ငွေကြေးမတက်နိုင်တဲ့ မိခင်တွေ အများအပြားလည်း ရှိနေတယ်လို့ သူကဆက်ပြောတယ်။

“ကလေးတွေ အဟာရချို့တဲ့လား၊ မချို့တဲ့လားဆိုတာထိ သေချာမသိပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာကို ပိုက်ဆံ မရှိလို့ အသားဟင်းနေ့တိုင်းမစားနိုင်တဲ့ အိမ်ထောင်စုတွေများတယ်၊ အဲ့ဒီကလေးတွေကြည့်လိုက်ရင်လည်း မဲမဲပိန်ပိန်နဲ့ဗိုက်လေးတွေက ပူနေတာ” လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်းက ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေမှာ အာဟာရချို့တဲ့မှု ပိုမိုများပြားလာနေပြီး ကလေးငယ် သိန်းကျော်က အဟာရချို့တဲ့မှုကြုံနေရတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတိပေး ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ ထုတ်ပြန်ချက်တွေအရ မူကြိုကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ အသက်အရွယ်နဲ့ နှိုင်းယှဉ်ရင် အလွန်ပုလွန်းသော (ပုညှက်ခြင်း) လက္ခဏာတွေရှိနေကြပြီး၊ ကလေးငယ် ၈သိန်းဟာ သူတို့ရဲ့ အရပ်နဲ့ယှဉ်ရင် ကိုယ်အလေးချိန် အလွန်အမင်းနည်းနေ (ကြုံလှီနေတယ်) လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး ၂ ဒဿမ ၂သန်းလောက်ဟာ  မရှိမဖြစ် လိုအပ်တဲ့ အဟာရဆိုင်ရာ ဝန်ဆောင်မှုတွေကို အရေးတကြီးလိုအပ်လျက်ရှိတယ်လို့ဆိုတယ်။

စစ်ဘေးဒဏ်ကို တိုက်ရိုက်မကြုံရသေးတဲ့ မြို့ပြဒေသတွေဟာ ပဋိပက္ခဒေသတွေလောက် မခက်ခဲပေမယ့် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းနဲ့အတူ လုပ်ခလစာ နည်းပါးမှု၊ အလုပ်အကိုင်ရှားပါမှု၊ ကုန်စျေးနှုန်းကြီးမြင့် မှု စတာတွေဟာ မိဘတွေအတွက် စိတ်ဖိစီးစရာ အခြေအနေဖြစ်ပါတယ်။ မိခင်တွေမှာ ကလေးငယ်တွေ အဟာရပြည့်ဝသလား၊ ကျန်းမာရေးနဲ့ ညီညွတ်သလားဆိုတာ မစဉ်းစားနိုင်ဘဲ နေ့စဉ်ဝမ်းဝရုံသာ လုံးပမ်းနေရ ပါတယ်။

ခေတ်အခြေအနေအရ မိသားစုတွေ တကွဲတပြားနဲ့ အိုးအိမ်စွန့်ခွာ နေထိုင်ရသလို အိမ်ထောင်ဦးစီး တာဝန်ထမ်းရ တဲ့ မိခင်တွေလည်းများ လာပါတယ်။ ဒီတော့ လက်ရှိကြုံနေရတဲ့ စီးပွား‌ရေး အကြပ်အတည်း‌တွေက အိမ်ထောင် စီမံခန့်ခွဲ့နေရတဲ့ မိခင်တွေအတွက် ကလေးတွေကို အဟာရပြည့်အောင်ကျန်းမာအောင် ကျွေးဖို့ဆိုတာ ခေါင်းခဲစရာ ဖြစ်လာပါတယ်။

“အသားစျေး ငါးစျေးက အနည်းဆုံး ၅ထောင်၊ တသောင်း မရှိရင် ဝယ်မရဘူး၊ စားကောင်းတာတွေ ကျွေးချင် ပေမယ့် အလုပ်ကနေ့တိုင်းမရတော့ မရှိတဲ့နေ့ဆို စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ” လို့ ဒဂုံဆိပ်ကမ်းမြို့ နယ်က ကလေး ၂ဦးမိခင် မမြင့်အေးကပြောပါတယ်။

ဆန်၊ ဆီ၊ ဆားလို အခြေခံစားသောက်ကုန်တွေနဲ့ အသားငါးစျေးတွေကလည်း အဆမတန် မြင့်တက်လာတာ ကြောင့် နေ့စဉ်ထမင်းဝိုင်းကို  ရှိတဲ့ငွေကြေးနဲ့သာ ကိုက်အောင်ကျွေးမွေးရတယ်လို့ သူကဆိုပါတယ်။

ကြက်ဥစျေးကတင် တလုံး ၆၀၀ကျော်ဖြစ်နေတော့ မိသားစုငါးယောက်ရှိတဲ့ သူတို့အိမ်အတွက်ဆို နေ့လည်စာ၊ ညစာတနပ်စီမှာ  တလုံးစီခွဲတမ်းချရင် ကြက်ဥ ၁၀လုံး ဝယ်ခြမ်းရမှာပါ။ ကြက်ဥတမျိုးတည်းနဲ့တင်  စျေးဖိုး ၆ထောင်ကျော် ကျသင့်နေပြီ ဖြစ်ပါတယ်။ ဆန်၊ ဆီနဲ့ တခြားဗာဟီရ  ဝယ်ချမ်းရသေးတဲ့အတွက် စျေးဖိုးကို တနေ့ ၈ထောင်၊ ၁သောင်းထက် ပိုမသုံးနိုင်ဘူးလို့ သူက အသေးစိတ် ရှင်းပြပါတယ်။

ဒီတော့လည်း ကြက်ဥ၊ ဘဲဥ ၅လုံးလောက်ကို အာလူး၊ ဘူးသီးလို အသီးအနှံတခုခုရောပြီး စားကြရတယ်၊ အသားဟင်းဆိုရင်လည်း အရွတ်အကြောလို စျေးသက်သက်သာသာရတဲ့ အသားစတွေနဲ့ မျှဝယ်ပြီး  ချက်ပြုတ် တာ၊ ဟင်းအနှစ်ထုတ်ကို ငါးပိရည်နဲ့ရောနယ်ပြီး ကလေးရော၊ လူကြီးပါ စားကြရတာလို့ မမြင့်အေးက ပြောတယ်။

ကလေးတွေအတွက် အသားဟင်းဖွယ်ဖွယ်ရာရာစားရတဲ့ နေ့လည်းရှိပါတယ်။ အဲ့ဒါက သူတို့ရပ်ကွက်နားကို တပတ်ကို ၂ကြိမ်လောက် ပရဟိတအဖွဲ့တခုက ထမင်း၊ အသားဟင်းဆီပြန်၊ အရွက်ကြော်၊ ဟင်းချို၊ ငါးပိရည်၊ တို့စရာအစုံအလင်ကို မိသားစု တစုစာလောက်ငှတဲ့ ပမာဏ ဝေခြမ်းလေ့ရှိတဲ့အတွက် အဲ့ဒီအချိန်ဆိုရင် ကလေးတွေမှာ ပျော်ပျော်ပါးပါး စားသောက်ရလေ့ရှိတယ် လို့သူကဆိုတယ်။

ကလေးတွေနေ့စဉ်စားနေတဲ့ အစားအသောက်မှာ ပါဝင်ရမယ့် အဟာရဓာတ်တွေကိုသိရှိပြီး စနစ်တကျ ကျွေးမွေးတဲ့ မိခင်တွေရှိသလို၊ မသိရှိတဲ့ မိခင်တွေလည်းအများအပြားရှိနေပေမယ့် မိခင်တိုင်း ရည်ရွယ်ချက် ကတော့ ကိုယ့်ကလေး အသားငါး အသီးအနှံကစလို့ သရေစာမုန့်အထိ ဝဝလင်လင် ကျွေးချင်တဲ့ စိတ်စေတနာ ကိုယ်စီရှိကြပါတယ်။

 ဒီလိုအခြေအနေမှာ ဝင်ငွေနည်းပါးတဲ့ မိခင်တွေကလည်း ကောင်းကောင်းမွန်မွန် မကျွေးနိုင်လို့ စိတ်ဖိစီးရသလို၊ ငွေကြေးတတ်နိုင်တဲ့ မိခင်တွေကလည်း တတ်နိုင်တဲ့ အလျောက် ကျွေးမွေးကြချင်ပေမယ့် ခေတ်အခြေအနေရ စျေးကွက်မှာ ပစ္စည်းပြတ်လပ်တာတွေကြောင့် မကျွေးနိုင်တာတွေလည်းရှိတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေတဲ့ ကလေးတဦးမိခင် မငြိမ်းက ပြောပြပါတယ်။

“စီးတီးမတ်မှာတောင်  ချိစ်တို့၊ နွားနို့တို့ဆို နိုင်ငံခြားကလာတာတွေ မရှိတော့တာကြာပြီ၊ အိမ်ကကလေးဆို UHT ဗူးပဲ တိုက်လို့ရတာ အခုအဲ့ဒါတွေမရှိတော့ တခြားဟာပြောင်းတိုက်လည်းမသောက်ဘူး” လို့ သူကပြောပါတယ်။

ပြည်ပက တင်သွင်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဘီစကစ်၊ ကွတ်ကီးလို အဆာပြေ မုန့်တွေကအစ စျေးကွက်မှာ မတွေ့ရတော့ဘဲ ဆင်တူတဲ့အခြားတံဆိပ်တွေ ဝင်ရောက်လာပေမယ့် အရည်အသွေး စိတ်ချရဲ့လားဆိုတာ မိခင်တွေမှာ ချင့်ချိန်ကျွေးနေရတာလည်းရှိတယ်လို့ မငြိမ်းကဆက်ပြောတယ်။

“ကွတ်ကီး၊ ဝေဖာတွေဆို တကယ်ပစ္စည်းကောင်းပြီး အရသာလည်း ကလေးတွေအတွက် သင့်တော်တာမျိုးတွေ ဆိုရှာမရတော့ဘူး၊ ဒါတွေက အဟာရတန်ဖိုး အရမ်းမြင့်မားတာတော့မဟုတ်ပေမယ့် ကလေးတွေအတွက်  အဆင်ပြေတယ်၊ အခုတင်ရောင်းနေတဲ့ တံဆိပ်တချို့ဆို  စားပြီးရင် ချွဲကြပ်တယ်”လို့ သူကပြောတယ်။

မြန်မာနိုင်ငံက အသက် ၅နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၄ သိန်းတသောင်းကျော်က ပြင်းထန်အဟာရ ချို့တဲ့မှု ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၂၀၂၇ နိုဝင်ဘာမှာ သတိပေးထုတ်ပြန်ထားပါတယ်။ တနိုင်ငံလုံးအနေနဲ့လည်း မြန်မာနိုင်ငံဟာ ဆာလောင်မွတ် သိပ်မှု အခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းတဲ့အဆင့်သတ်မှတ်ချက်ဝင် ၆ နိုင်ငံထဲက တနိုင်ငံဖြစ်လာ ပါတယ်။

ကလေးတွေ အဟာရမပြည့်ဝရင် ဖွံ့ဖြိုးမှု နောက်ကျပြီး အရပ်ပုတာ၊ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးမှုထိခိုက်တာ၊ မကြာခဏ ဖျားနာလွယ်တာ၊ ဥာဏ်ရည်ဖွံဖြိုးမှုနည်းတာ စတဲ့ ကိုယ်ခံအားနဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ကြုံရမှာ ဖြစ်တယ်လို့ ကျန်းမာရေးမူဝါဒဆိုင်ရာ ဒေါက်တာဖြူဖြူသင်းဇော်က HI – Honest Information ကို ပြောပါတယ်။

ဒါက မြန်မာနိုင်ငံက မိခင်တွေအတွက် စိုးရိမ်ပူပန်နေရတဲ့ အခြေအနေတခုလည်းဖြစ်ပါတယ်။ အဟာရချို့တဲ့မှုက ပဋိပက္ခဒေသမှာသာကမ မြို့ပြဒေသက မိခင်တွေ အတွက်ပါ ဖြေရှင်းဖို့ကြိုးစားနေရတဲ့ စိတ်ဖိစီးစရာ ပြဿနာ တခု ဖြစ်နေပါတယ်။

ဒါပေမယ့် ပဋိပက္ခဒေသဖြစ်စေ စစ်ဘေး ဝေးနေသေးတဲ့နေရာ ဒေသဖြစ်စေ မိခင်တွေကတော့ နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်းတွေကြား ခက်ခဲနေပေမယ့်လည်း ကိုယ့်သားသမီးတွေကို အဟာရပြည့်ပြည့်စုံစုံနဲ ကျွေးမွေးပြီး ကျန်းမာပျော်ရွှင်ဖို့ အတွက်  ရသလောက်ကြိုးစား ဖြည့်ဆည်းပေးနေကြပါတယ်။

ညနက်တဲ့အထိ မအိပ်ဘဲ သမီးထမင်းဘူးအတွက် ကြက်သားခွဲထားတဲ့ မရတနာလို မိခင်တွေဟာ၊ ခေတ်အကြပ် အတည်းတွေ ကြားမှာတောင် ကိုယ့်သားသမီးတွေ အဟာရပြည့်ပြည့်ဝဝ ကြီးပြင်းလာဖို့ တတ်နိုင်သလောက် ကြိုးစားနေကြဆဲရဖြစ်ပါတယ်။