honest informationtရဲ့တပတ်တာအမျိုးသမီးဖြစ်ရပ်များ သတင်းစုစည်းမှုပုံ

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ – ဇူလိုင်လ ၂၅ ရက်ကနေ ၃၁ ရက်အထိ

ဇူလိုင်လ ၂၅ ရက်ကနေ ၃၁ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ် အမျိုးသမီးနဲ့ ဂျဲန်ဒါဆိုင်ရာ သတင်းတွေထဲကနေ ဒေသအသီးသီးမှာ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လုံခြုံရေး၊ တရားမျှတမှု၊ ကျန်းမာရေးနဲ့ လူထုငွေကြေးကြပ်တည်းမှုဆိုင်ရာ စိန်ခေါ်မှုတွေကို အဓိကမီးမောင်းထိုးပြထားတဲ့ သတင်း ၃ ပုဒ်အပေါ် လူထုရဲ့ တုံ့ပြန်မှု နဲ့ သုံးသပ်ချက်တွေကို စုစည်းတင်ပြပေးချင်ပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အဓမ္မပြုကျင့်ခံရမှု သတင်းကတော့ စိတ်ဝင်စားမှုနဲ့ စိတ်မသက်သာမှု ကို ဖြစ်ခဲ့တဲ့ ထူးခြားတဲ့ သတင်းတပုဒ်ပါ။

ဒီ သတင်းဟာ ရခိုင်ပြည်က  အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေကို ထင်ဟပ်နေတဲ့ သတင်း ဖြစ်တယ်။ ကိုယ်ဝန် ၉ လ လောက်ရှိတဲ့ အမျိုးသမီးတဦးကို အကြမ်းဖက်ခဲ့တဲ့ တရားခံဟာ ခဏလေးနဲ့ ပြန်လွတ်လာပြီး ရွာမှာ ပုံမှန်အတိုင်း ပြန်နေ နေတယ်ဆိုတဲ့ သတင်းပါအချက်ကိုကြည့်ရင် ဒေသတွင်း တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု ဖော်ဆောင်ရေးယန္တရား အတော်လေး ယိုယွင်းနေပြီ ဆိုတာကို ထိတ်လန့်ဖွယ်တွေ့မြင်ရပါတယ်။

ဒေသတွင်း အုပ်ချုပ်ရေးကဏ္ဍကို ထောက်ပြနေတဲ့ နောက်သတင်းတခုကတော့  ULA/AA အုပ်ချုပ်ရေးမှာ အမျိုးသမီး ပါဝင်မှု နည်းပါးနေကြောင်း ISP-Myanmar ထောက်ပြတဲ့ သတင်းပါ။ အုပ်ချုပ်ရေးယန္တရားသစ်တွေ ဖော်ဆောင်နေချိန်မှာ အမျိုးသမီးတွေကို ရုံးလုပ်ငန်းအဆင့်လောက်မှာပဲ သုံးပြီး အဓိက ဆုံးဖြတ်ချက်ချတဲ့ ခေါင်းဆောင်မှုနေရာတွေမှာ မထား တာဟာ ကျား-မ တန်းတူညီမျှရေးကို အဟန့်အတားဖြစ်စေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်နဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေရှိနေတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားတာဖြစ်လို့ ရေရှည်မှာ တန်းတူ ညီမျှတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်လာဖို့ဆိုရင် အမျိုးသမီးတွေကို ခေါင်းဆောင်မှုနဲ့ အာဏာပိုင်ခွင့်ပါ တိုးမြှင့်ပေးဖို့ လိုအပ်နေပြီ ဆိုတာ ထောက်ပြထားတာဖြစ်ပါတယ်။

နောက်ထပ် တပုဒ်ကတော့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေချိန်မှာ တနေ့ လုပ်အားခ ၇,၈၀၀ ကျပ်လောက်နဲ့ ရပ်တည်ရ ခက်နေတဲ့ အထည်ချုပ် စက်ရုံအလုပ်သမားတွေရဲ့အခြေအနေကိုထင်ဟပ်နေတဲ့  “ရန်ကုန်စက်ရုံအလုပ်သမားများ အနိမ့်ဆုံးလုပ်ခတိုးပေးရန် တောင်းဆို” ဆို တဲ့သတင်းပါ။ အထူးသဖြင့် အမျိုးသမီးအလုပ်သမား အများစုဟာ မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ တောင်းဆို နေကြရတာဖြစ်ပေမဲ့ စက်ရုံဘက်က လျစ်လျူရှုတာ၊ အာဏာပိုင်တွေက ခြိမ်းခြောက်တာမျိုးတွေ ကြုံနေရပါတယ်။

အနိမ့်ဆုံး လုပ်ခလစာကို ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့အညီ ပြန်လည်ပြင်ဆင်မပေးသရွေ့ အခြေခံအလုပ်သမားတွေရဲ့ လူမှုစီးပွား ဒုက္ခဟာ ပြေလည်သွားမှာ မဟုတ်ဘဲ လုပ်ခတိုးပေးရေး တောင်းဆိုမှုတွေ ဆက်လက်ဖြစ်ပွားနေဦးမှာပဲ ဖြစ်တယ်။

အလားတူ ရက်သတ္တပတ်တိုင်းမှာ မဖြစ်မနေ ပါဝင်နေဆဲဖြစ်သတင်းတွေကတော့  မြန်မာပြည်အနှံ့က ပဋိပက္ခဒေသတွေ အပေါ်  စစ်တပ်က ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက်သေဆုံးတဲ့ သတင်းတွေဖြစ်ပါတယ်။ ဒါတွေအပါအဝင် သတင်းမီဒီယာအသီးသီးမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးနဲ့ ဆက်စပ်သတင်း သတင်း ၁၈ ပုဒ်ကို ပြန်လည် စုစည်းဖော်ပြလိုက်ပါတယ်။

–        မြောက်ဦးမှာ ကိုယ်ဝန် ၉ လရှိတဲ့ အမျိုးသမီးတဦးကို အကြမ်းဖက်အဓမ္မပြုကျင့်မှုဖြစ်ပွား

–        ပွဲစားနဲ့ မူဆယ်မှာ အလုပ်သွားလုပ်တဲ့ ကွတ်ခိုင်က ကျောင်းသူ ၃ ဦးနဲ့ ဆက်သွယ်မရလို့ မိသားစုဝင်တွေ စိုးရိမ်

–        ULA/AA အုပ်ချုပ်ရေးမှာ အမျိုးသမီးပါဝင်မှု နည်းပါးနေကြောင်း ISP-Myanmar ထောက်ပြ

–        ဒိုက်ဦးထောင်မှာ အမျိုးသမီးအကျဉ်းသူတွေရဲ့ထောင်ဝင်စာတွေကို ဖြတ်ယူနေ

–        နမ့်ခမ်းမှ အမျိုးသမီးတဦး မူဆယ်ရှိ ပြည့်တန်ဆာရုံတခုမှာ ရောင်းစားခံရ

–            ထိုင်းမှာ မြန်မာအမျိုးသမီးတဦး ခုနစ်လကိုယ်ဝန်ကို ဖျက်ချခဲ့လို့ ထိုင်းရဲက အရေးယူဖို့ပြင်ဆင်

–            ရွှေကူမှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၄ ဦး ဒဏ်ရာရ

–            ရခိုင်မှာ စစ်ဘေးရှောင် အမျိုးသမီး ၆၀ ရာခိုင်နှုန်းခန့် ရှိနေ

–        ဘုရင်ခရီးသည်တင်ယာဉ်လိုင်းမှ ဂိတ်မှူးနဲ့ စာရေးမ ၂ ဦးကို စစ်တပ်က ဖမ်းဆီး

–        တောင်းတဲ့ပိုက်ဆံ မပေးလို့ အမျိုးသမီးတဦးကို ရိုက်နှက်လို့ ပြင်းထန်ဒဏ်ရာရ

–        ဆားလင်းကြီးမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံး

–        အနိမ့်ဆုံးလုပ်ခ ကျပ် ၁၀,၀၀၀ အောက် စက်ရုံတွေမှာ လုပ်ခတိုး တောင်းဆိုမှု ဆက်ရှိနေ

–        ရသေ့တောင်မှာ စစ်တပ် ဗုံးကြဲလို့ အမျိုးသမီးထိခိုက်ဒဏ်ရာရ

–        အမရပူရမှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေးသင့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရ

–        သံတွဲမှာ စစ်အုပ်စု လေကြောင်းတိုက်ခိုက်တာကြောင့် သားအဖ ၂ ဦး သေဆုံး

–        ရေဘေးသင့်ဝက်လက်ကို လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး တဦးသေဆုံး

–        သာပေါင်းမှာ တောဆင်ရိုင်းတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

–        စစ်ရှောင်တွေ ရွာပြန်စပါးယူချိန် စစ်တပ်ရဲ့ ဒရုန်းဗုံးထိမှန်လို့ အမျိုးသမီး နှစ်ဦးအပါအဝင် ၃ ဦးသေဆုံး

မြောက်ဦးမှာ ကိုယ်ဝန် ၉ လရှိတဲ့ အမျိုးသမီးတဦးကို အကြမ်းဖက်အဓမ္မပြုကျင့်မှုဖြစ်ပွား

Source – Western News

ရခိုင်ပြည် မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာမှာ သြဂုတ်လ ၁၇ ရက် ညပိုင်းက ကိုယ်ဝန် ၉ လလောက်ရှိတဲ့အသက် ၂၀ ကျော်အမျိုးသမီးတဦးကို တရွာတည်းနေ အသက် ၃၀ ကျော်အရွယ်အမျိုးသားတဦးက ရိုက်နှက်ကာ အဓမ္မပြုကျင့်ဖြစ် ပွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

“အဲ့နေ့က ည ၉ နာရီဝန်းကျင်မှာဖြစ်တာ၊ ကလေးမမှာက ယောက်ကျားရှိတယ်၊ သူ့ယောက်ကျားက ဇော်မင်းထွန်းကို အရက်သောက်ဖို့ သူ့အိမ်ကိုခေါ်လာတယ်၊ အိမ်ရောက်တော့ ယောက်ကျားက လူမှန်းသူမှန်းမသိ မူးသွားတဲ့အချိန် ဇော်မင်းထွန်းက ကလေးမလေးကို ကြံစည်တာပေါ့၊ ပါးတွေနားတွေရိုက်၊ ဗိုက်ပေါ်တက်ဖိနဲ့ ဆိုတော့ အခုဆေးရုံတင်ထား ရတယ်”လို့ ပေါက်ပင်ကွင်းကျေးရွာသားတဦးက ပြောပါတယ်။

ပြုကျင့်ခံရသူ အမျိုးသမီးငယ်ဟာ ဗိုက်ထဲက ကလေးငယ် ပျက်ကျနိုင်ခြေရှိတာကြောင့် လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ပြစ်မှုကျူးလွန်သူ ကိုဇော်မင်းထွန်းဆိုသူကို မိသားစုဝင်တွေက ရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့တာကြောင့် အဲဒီနေ့မှာပဲ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ဩဂုတ် ၁၈ ရက်မှာတော့ ဘာကြောင့်မှန်းမသိဘဲ ပြန်လွတ်လာပြီး ရွာမှာ ပြန်လည်ရောက်ရှိနေထိုင်နေ တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒီပေါက်ပင်ကွင်းကျေးရွာမှာပဲ ပြီးခဲ့တဲ့ ဧပြီလနဲ့ ဇွန်လတွေတုန်းကလည်း အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တွေ အပေါ် အဓမ္မပြုကျင့်မှုနဲ့ ပြုကျင့်ရန် ကြံစည်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ဖူးပြီး ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်နိုင်ခြင်း မရှိသေးပါဘူး။

ပွဲစားနဲ့ မူဆယ်မှာ အလုပ်သွားလုပ်တဲ့ ကွတ်ခိုင်က ကျောင်းသူ ၃ ဦးနဲ့ အဆက်အသွယ်မရလို့ မိသားစုဝင်တွေ စိုးရိမ်

Source – ရွှေဖီမြေ

ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၁၊ ၆ နဲ့ ၇ တွေမှာ နေထိုင်တဲ့ ကျောင်းနေအရွယ် အမျိုးသမီးငယ် ၃ ဦးဟာ မိသားစုဝင် တွေနဲ့ အဆက်အသွယ်ဖြတ်ပြီး မူဆယ်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ ထွက်သွားခဲ့တာကြောင့် မိသားစုဝင်တွေက လူကုန် ကူးခံရမှာကို စိုးရိမ်နေကြောင်း မိခင်ဖြစ်သူတွေက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ်ဝန်းကျင်သာ ရှိသေးတဲ့ ဒီအမျိုးသမီးငယ် ၃ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက် ညပိုင်းက မိသားစုဝင် တွေ မသိအောင် ခိုးပြီးထွက်သွားကြတာလို့ ဆိုပါတယ်။

မိခင်ဖြစ်သူ တစ်ဦးက “အကုန်လုံးက ၁၅ နှစ်တွေဘဲ၊ ကျောင်းတက်နေတုန်း၊ သူ့ကို လာခါ်တဲ့အချိန်က ညဆိုတော့ အထဲ မှာ အိပ်နေတာထင်တာ၊ သူ့သူငယ်ချင်းတွေက သူ့ဆီကို လာလည်တာလားပေါ့၊ ဘယ်ဟုတ်မလဲ ပြတင်းပေါက်ကနေ ခိုးပြီး ထွက်တာ၊ သူတို့ကို လာခေါ်တဲ့ အမျိုးသမီးလည်း သူရဲ့ ဆိုင်လိပ်စာတွေ မေးလည်း ဘာမှ မပြောပြဘူး၊ ကလေးတွေဆီ ဖုန်းဆက်လည်း တယောက်မှမကိုင်ကြဘူး” လို့ ပြောပါတယ်။

ဒီအမျိုးသမီးငယ် ၃ ဦးက လိမ်လည်ခေါ်ဆောင်ခံရတာကြောင့် လူကုန်ကူးခံရမှာကို စိုးရိမ်နေကြတယ်လို့ မိသားစုဝင်တွေ က ဆိုပါတယ်။

အလုပ်ရမယ်ဆိုပြီး ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် မူဆယ်ဖက်ကို ရောက်ရှိလာကြတဲ့ အနယ်နယ် အရပ်ရပ်က အမျိုး သမီးငယ်တွေ အများအပြားရှိနေပြီး အဆက်အသွယ်မရေတာ့ပဲ ပျောက်ဆုံးနေသူတွေလည်း ရှိကြောင်း သိရပါတယ်။

ULA/AA အုပ်ချုပ်ရေးမှာ အမျိုးသမီးပါဝင်မှု နည်းပါးနေကြောင်း ISP-Myanmar ထောက်ပြ

Source – DMG

ရခိုင်ပြည်နယ်မှာ နယ်မြေစိုးမိုး ထိန်းချုပ်ထားတဲ့ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ အမျိုးသမီးတွေ ပါဝင်ခွင့် နည်းပါး နေသေးတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထောက်ပြလိုက်ပါတယ်။

ISP-Myanmar ရဲ့သုတေသန စာစောင်မှာ ULA/AA အနေနဲ့ အုပ်ချုပ်ရေးစနစ် ခိုင်မာလာပေမဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေး လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့် အာဏာတွေမှာတော့ စိန်ခေါ်မှုများစွာ ရှိနေသေးတယ်လို့ ဖော်ပြထားတာပါ။

အထူးသဖြင့် အုပ်ချုပ်ရေးစနစ်ကို ဝေဖန်ထောက်ပြတဲ့ အမျိုးသမီးတွေကို ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ရှိနေတာ ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတဲ့အပြင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ခွင့်ကိုလည်း နောက်ကြောင်းပြန်ဆွဲသလို ဖြစ်နေရပါတယ်။

မြေပြင်မှာလည်း အမျိုးသမီးတွေကို စာရင်းကိုင်၊ ငွေကိုင်လို ရုံးလုပ်ငန်းအဆင့်တွေမှာပဲ သုံးပြီး အဓိက ဆုံးဖြတ်ချက်ချရတဲ့ ခေါင်းဆောင်မှုနေရာတွေမှာ မထားတာ၊ ကျား-မ ရေးရာ ခွဲခြားမှုတွေကြောင့် အမျိုးသမီးတွေ ရှေ့မထွက်ရဲတာတွေ ရှိနေတယ်လို့ ဒေသခံ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဒါကြောင့် တိုင်းပြည်တည်ဆောက်ရေးမှာ ကျား၊မ တန်းတူညီမျှတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာဖို့အတွက် အမျိုးသမီးတွေကို ခေါင်းဆောင်မှုနေရာတွေ ပေးရုံတင် မဟုတ်ဘဲ လုပ်ပိုင်ခွင့် အာဏာတွေကိုပါ အပြည့်အဝပေးသင့်တယ်လို့ တောင်းဆို ထားကြပါတယ်။

ဒိုက်ဦးထောင်မှာ အမျိုးသမီးအကျဉ်းသူတွေရဲ့ထောင်ဝင်စာတွေကို ဖြတ်ယူနေ

Source – DVB

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်းက ထောင်အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေဆီ ပို့တဲ့ ထောင်ဝင်စာ အစားအသောက်နဲ့ ပစ္စည်းတွေကို ဖြတ်ယူလဲလှယ်တဲ့ အကျင့်ပျက် ခြစားတာတွေ ပိုဆိုးလာတယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေဆီက သိရပါတယ်။

ဒိုက်ဦး ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဆီ ထောင်ဝင်စာ စားသောက်စရာတွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေကို မိသားစုဝင်တွေက လာရောက်ပို့တဲ့အခါမှာ ထောင်အာဏာပိုင်တွေဘက်က စားစရာတွေကို ဖြတ်ယူထားတာ၊ ပစ္စည်းတွေကို လဲလှယ်ယူထားတာတွေ ပြုလုပ်ခဲ့ကြောင်း၊ အရင်က တချို့တဝက်သာ ဖြတ်ယူတာမျိုး ရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ ပိုဆိုးလာကြောင်း နိုင်ငံရေးအကျဉ်းသူရဲ့ မိသားစုဝင်တယောက် ပြောပါတယ်။

ဒါ့အပြင် နိုင်ကျဉ်းတွေအတွက် မိသားစုတွေကပေးတဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကိုလည်း အရည်အသွေး မမီတာတွေနဲ့ လဲယူထားတာတွေ ရှိတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

ထောင်ဝင်စာ ပါဆယ်က နိုင်ကျဉ်းသူတွေရဲ့ အခြေခံစားရေးသောက်ရေးဖြစ်တဲ့အတွက် အခုလို မတရားသိမ်းယူထားတာ၊ လဲယူထားတာတွေက ဆိုးရွားတဲ့ကိစ္စဖြစ်ပြီး အရေးကြီးတဲ့ကိစ္စ ဖြစ်တာကြောင့် အာဏာပိုင်တွေအနေနဲ့လည်း ထိထိရောက် ရောက် စုံစမ်းအရေးယူသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ပြောပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေအပေါ် အဆိုးဝါးဆုံး ဆက် ဆံတဲ့ အကျဉ်းထောင်တခု ဖြစ်တယ်လို့ ဒိုက်ဦးထောင်မှာ အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ကို တည်ထောင်သူ မဇူးဇူးမေယွန်းက ပြောပါတယ်။

ဒိုက်ဦးထောင်မှာ အကျဉ်းသူတွေအတွက် ချိုးရေတွေက မသန့်ရှင်းဘဲ ကြေးနီရောင်ဖြစ်နေတဲ့ ရေတွေကို ချိုးရတာကြောင့် အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး အမျိုးသမီးဆောင်ဘက်မှာ ဆေးရုံဆေးခန်းတွေ မရှိတဲ့အတွက်ကြောင့်လည်း နိုင်ငံရေး အကျဉ်းသူတွေဟာ အရေးပေါ် ဆေးဝါး ကုသခွင့် လုံလုံလောက်လောက် မရတာတွေကိုလည်း တွေ့ကြုံခံစားနေကြရပါ တယ်။

နမ့်ခမ်းမှ အမျိုးသမီးတဦး မူဆယ်ရှိ ပြည့်တန်ဆာရုံတခုမှာ ရောင်းစားခံရ

Source – ရွှေဖီမြေ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က အမျိုးသမီးတဦးဟာ မူဆယ်မြို့မှာ အလုပ်သွား လုပ်ရာကနေ ပြည့်တန်ဆာရုံတစ်ခုမှာ ရောင်းစားခံခဲ့ရပြီး သူငယ်ချင်းတဦးရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာ ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ့်ခမ်းမြို့နယ် မန်စပ်အုပ်စုက အမျိုးသမီးတဦးဟာ မူဆယ်မှာ အလုပ်လုပ်ဖို့ သွားရာကနေ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် ညနေပိုင်းမှာ လိမ်လည်ခေါ်ဆောင်ခံရပြီး ဆင်ဖြူဂိတ်အနီးမှာရှိတဲ့ ပြည့်တန်ဆာရုံမှာ ရောင်းစားခံခဲ့ရတယ်လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။

“၁၄ ရက်နေ့က ကျမ နမ့်ခမ်းကနေ မူဆယ်မှာရှိတဲ့ ဂိမ်းဆိုင်မှာ အလုပ်လုပ်ဖို့သွားတာ။ ဟိုမှာရောက်တော့ အလုပ်ရှင်က လူမလိုတော့ဘူးလို့ဆိုပြီး နောက်ထပ်တစ်နေရာကို ယောက်ျားလေးနှစ်ယောက် လာကြိုခိုင်းတာ။ ဟိုမှာရောက်တော့ သူတို့က ရေမိုးချိုးခိုင်းပြီး အလှပြင်ခိုင်းတယ်။ အဲအချိန်မှ ဒီမှာ ပြည့်တန်ဆာရုံမှန်းသိတယ်”

ပြည့်တန်ဆာရုံမှန်း သိရှိပြီးနောက် မူဆယ်မှာရှိတဲ့ အသိတစ်ဦးထံ ဆက်သွယ်အကူအညီ တောင်းခံကာ လွတ်မြောက်လာ ခဲ့တာလို့ ဆိုပါတယ်။

“ပြည့်တန်ဆာရုံမှန်းသိတော့ ကျမကလည်း သူများဖုန်းငှားပြီး မူဆယ်မှာရှိတဲ့ သူငယ်ချင်းယောက်ျားလေးတယောက်ဆီ အကူအညီ တောင်းလိုက်တာ၊ သူလည်းလာပြီး လူခေါ်ချင်ယောင်ဆောင်နဲ့ ကျမကို ခေါ်ထွက်လိုက်တာ။ အဲဒါမှ လွတ်လာ တာ” လို့ သူမက ဆက်ပြောပါတယ်။

သူမ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ဖုန်းနဲ့ ငွေကြေးတချို့အပါအဝင် ကိုယ်ပိုင်ပစ္စည်းအားလုံး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းမှာ မြန်မာအမျိုးသမီးတဦး ခုနစ်လကိုယ်ဝန်ကို ဖျက်ချခဲ့လို့ ထိုင်းရဲက အရေးယူဖို့ပြင်ဆင်

Source – Dawei Watch

ထိုင်းနိုင်ငံ၊ ရယွန်ခရိုင်က ဆောက်လုပ်ရေးအဆောင်တစ်ခုမှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ ၇ လ အရွယ် ကိုယ်ဝန်ကို အွန်လိုင်းကဝယ်တဲ့ ဆေးတွေသောက်ပြီး ကိုယ်တိုင်ဖျက်ချခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က အရေးယူဖို့ ပြင်ဆင်နေပါတယ်။

သူတို့ဇနီးမောင်နှံဟာ ထိုင်းကို အလုပ်လုပ်ဖို့ ရောက်လာကြပေမဲ့ အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့အပြင် မြန်မာပြည်မှာလည်း ၅ နှစ် အရွယ် ကလေးတစ်ဦး ကျန်ခဲ့သေးတာကြောင့် နောက်ထပ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ အခက်အခဲရှိလို့ ခုလိုလုပ်ခဲ့တာလို့ သိရပါတယ်။

အမျိုးသမီးဟာ ထိုင်းဥပဒေကို မသိဘဲ ဆေး ၃ ရက်ဆက်သောက်ပြီး မွေးထုတ်ခဲ့ကာ၊ အချင်းကို ကိုယ်တိုင်ဖြတ်ပြီး ကလေး အလောင်းကို အဆောင်အနီးမှာ မြေမြှုပ်ခဲ့တာပါ။

ဒါပေမဲ့ အမျိုးသမီးဟာ သွေးထွက်လွန်ပြီး အခြေအနေဆိုးလာတာကြောင့် ဆေးရုံတက်ရချိန် ဆရာဝန်ကို ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့တာကနေတစ်ဆင့် ရဲတပ်ဖွဲ့ထံ သတင်းရောက်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့က သက်သေတွေ စုဆောင်းပြီး ဥပဒေအတိုင်း ဆက်လက်အရေးယူဖို့ စုံစမ်းစစ်ဆေးနေပါတယ်။

ရွှေကူမှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၄ ဦး ဒဏ်ရာရ

Source – Kachin News Group

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး စိုးရိမ်ရဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးနဲ့ မော်တော်ဘုတ်တစ်စီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၈ ရက်ကနေ ဒီနေ့ ဩဂုတ်လ ၂၁ ရက်အထိ ရွှေကူမြို့နယ်တွင်းရှိ ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁၈ ရက်ကလည်း ဆေးရုံတစ်ခု ထိခိုက်ပျက်စီးခဲ့သလိုဩဂုတ်လ ၂၀ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ရွှေကူမြို့၊ အမှတ် ၂ မော်လမြိုင်ရပ်ကွက် ကမ်းနားဘက်ရှိ စက်လှေဆိပ်ကို ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားတွေ ထိခိုက်ခဲ့သလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးနဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦး စိုးရိမ်ရဒဏ်ရာရခဲ့ပြီး မော်တော်ဘုတ်တစ်စီး ပျက်စီးသွားသလို နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူ မြို့ခံတစ်ဦးက ပြောပါတယ်။

ရခိုင်မှာ စစ်ဘေးရှောင် အမျိုးသမီး ၆၀ ရာခိုင်နှုန်းခန့် ရှိနေ

Source – DMG

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်ရှိလာတဲ့အထဲမှာ ၅၇ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်နေပါတယ်။ ဒီအမျိုးသမီးတွေဟာ လုံခြုံရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးစတဲ့ ကဏ္ဍတွေမှာ စိန်ခေါ်မှုများစွာရှိနေတာပါ။

စခန်းတွင်း မလုံခြုံတဲ့ အိမ်သာနဲ့ ရေချိုးခန်းတွေကြောင့် မိန်းကလေးတွေ တယောက်တည်းအိမ်သာမသွားရဲကြသလို လစဉ်သုံးပစ္စည်းတွေ ဈေးကြီးလွန်းလို့ မဝယ်နိုင်ဘဲ အပြင်ပင် မထွက်ရဲ၊ လူရှေ့မသွားရဲတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြရကြောင်း ယခုလထုတ် ISP-Myanmar ရဲ့ သုတေသန စာစောင်က ဖော်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အာဟာရမမျှတမှု ကြုံနေရသလို၊ တောင်ကုတ်၊ သံတွဲ၊ ဂွနဲ့ ရမ်းဗြဲဒေသတွေမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်နိုင်ခြင်း မရှိသလောက် နည်းပါးနေတာပါ။

ဒါကြောင့် စစ်ဘေးရှောင် အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ မလုံမလဲဖြစ်နေတဲ့ အိမ်သာတွေနဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို လုံလုံလောက်လောက် အရေးပေါ် ကူညီပေးဖို့ စစ်ရှောင်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက တောင်းဆိုထားကြပါတယ်။

ဘုရင်ခရီးသည်တင်ယာဉ်လိုင်းမှ ဂိတ်မှူးနဲ့ စာရေးမ ၂ ဦးကို စစ်တပ်က ဖမ်းဆီး

Source – DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာရှိတဲ့  ဘုရင်ခရီးသည်တင်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးမ ၂ ယောက်ကို စစ်အာဏာရှင်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲဆီ ဖုန်းဆက်သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ် ၂၀ ရက်၊ မနက် ၁၀ နာရီမှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရသူ ၃ ယောက်မှာ ဘုရင်ခရီးသည်တင်မော်တော်ယာဉ်လိုင်းမှ ဂိတ်မှူး ဇေယျာဝင်း၊ လက်မှတ်အရောင်းစာရေး မအေးမြင့်ဆွေ နဲ့ မသိမ့်သိမ့်သူတို့ဖြစ်တယ်လို့ ယာဉ်လိုင်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်အာဏာရှင်ရဲ့လုပ်ရပ်ကြောင့် လတ်တလောမှာ ရွှေဘိုအဝေးပြေး ကားကြီးဝင်းအတွင်းမှာရှိတဲ့ ခရီးသည်တင်ယာဉ်လိုင်း တွေဟာ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဘိုမြို့နယ်မှာ တရားဥပဒေစိုးမိုးမှုအားနည်းပြီး ဓားပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်သလို နေ့စဉ်နဲ့အမျှ ပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် လူငယ်တွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တောင်းတဲ့ပိုက်ဆံ မပေးလို့ အမျိုးသမီးတဦးကို ရိုက်နှက်လို့ ပြင်းထန်ဒဏ်ရာရ

Source – မြေလတ်အသံ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်အရှေ့ဘက်က ကျေးရွာတွေကို စစ်ကောင်စီက နေ့စဉ်ဆိုသလို မီးရှို့ကာ ပြည်သူတွေရဲ့ပစ္စည်းတွေကို သိမ်းယူနေပြီး၊ အမျိုးသမီးတဦးကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘုန်းကြီးက အိမ်တွေကို မီးမရှို့ဖို့တားတာ စစ်သားက မီးမရှို့လို့မရဘူးဆိုပြီး ပြောတာ၊ နောက်ဆုံးမှ မီးမရှို့ပဲနဲ့ ရွာထဲက ပစ္စည်းတွေကိုယူသွားတာ၊ မီးဖွားထားတဲ့ အမျိုးသမီးဆီက ပိုက်ဆံ သုံးသိန်းကိုလည်း ယူသွားတယ်၊ မီးဖွားသူကို ကူလုပ် ပေးနေတဲ့ အမျိုးသမီးငယ်လေးကိုလည်း ငွေတောင်းတာကို ပေးတာနည်းလို့ဆိုပြီး ရိုက်လို့ခြောက်ချက် ချုပ်လိုက်ရတယ်၊ အမျိုးသမီး ၂ ဦးဆီက ငွေ ၄ သိန်းရယ် ဖုန်း ၁ လုံးရယ် ယူသွားတာ” လို့  ဒေသခံတဦးက ပြောပါတယ်။

ရွာစဉ်ပတ် မီးလိုက်ရှို့နေ့တဲ့ စစ်ကြောင်းဟာ ဒီဒုတ်ကုန်းရွာမှာ ညအိပ်ရပ်နားခဲ့ပြီး သြဂုတ် ၁၆ ရက် မနေ့ မနက်ပိုင်းမှာ တော့ အဲ့ဒီကနေ ၁ မိုင်ခန့်ဝေးတဲ့ လေးပင်ရွာမှတဆင့် ဒေသအခေါ်  ဖလံကျင်းတောတိုက် (လယ်တော) ထဲက နေအိမ် ၃ လုံးနဲ့ ကမ္ဘားတဲရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ပြောပါတယ်။

ဆားလင်းကြီးမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံး

Source – မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၈ ရက်၊ ညနေ ၄ နာရီခန့်က စစ်ကောင်စီ ဂျက်ဖိုက်တာနှစ်စီးက ကျေးရွာထဲကို ဗုံး ၂ လုံးကြဲချပြီး၊ ရောကတ် တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲခံရမှုအတွင်း ရေခါးကျေးရွာနဲ့ လယ်တီကျေးရွာက အသက် ၃၀ ကနေ ၄၀ ကြားရှိ အမျိုးသမီး ၂ ဦးနေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခ ကျပ် ၁၀,၀၀၀ အောက် စက်ရုံတွေမှာ လုပ်ခတိုး တောင်းဆိုမှု ဆက်ရှိနေ

Source – DVB

အနိမ့်ဆုံးလုပ်ခ ကျပ် ၁၀,၀၀၀ အောက်သာရတဲ့ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေ ရာနဲ့ချီ လုပ်ခလစာ တိုးပေးဖို့ စုပေါင်း တောင်းဆိုနေကြပါတယ်။

လက်ရှိ ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့ တရက်လုပ်အားခ ၇,၈၀၀ ဝန်းကျင်ဟာ လောက်ငမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုနေကြပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အရှေ့ဒဂုံစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်က လုပ်ခလစာနဲ့ ခံစားခွင့်တွေ တိုးမြှင့်ပေးဖို့ ဩဂုတ် ၁၃ ရက်ကစပြီး စုပေါင်းတောင်းဆိုနေကြ ပါတယ်။

အလုပ်သမားတွေဟာ လက်ရှိ တရက်လုပ်ခ ၇,၈၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၁,၉၅၀ ကနေ ၂,၅၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၂၀,၀၀၀ ကနေ ၅၀,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာပါ။

အလုပ်သမားတွေက လုပ်ခလစာ နည်းပါးမှုကြောင့် ဇွန်လကတည်းက အလုပ်ထွက်သူတွေ ရှိခဲ့ပြီး ခေါင်းဆောင်တွေက တဆင့် လုပ်ခတိုးမြှင့်ပေးဖို့ စက်ရုံဘက်ကို အသိပေး တောင်းဆိုခဲ့ပေမဲ့ တိုးမြှင့်ပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၁၃ ရက်မှာ အလုပ်သမားရုံး တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းခဲ့ပေမဲ့ လုပ်ခတိုးမြှင့်ရေးအတွက် ပြေလည်မှုမရ သေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအလုပ်သမတယောက်က “အခုလက်ရှိ စားစရိတ်တွေဆိုတာ တနေ့ကိုတောင် ၂၀,၀၀၀ လောက် အောက်ထစ်ရှိ တယ်လေ။ ဒီ ဆန်ဈေး၊ ဆီဈေးက အစပေါ့နော်။ အဲဒါကြောင့်မို့လို့လည်း နည်းနည်းပါးပါး ထပ်ပြီးတော့ တောင်းဆိုတာပေါ့” လို့ ပြောပါတယ်။

စက်ရုံဝင်းအတွင်း ကြွေးကြော်ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ကြွေးကြော်တာမလုပ်ဖို့ လာရောက် ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ လက်ရှိသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခဟာ လက်တွေ့ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ကုန်ကျစရိတ်နဲ့ မကိုက်ညီတော့တာကြောင့် စက်ရုံတရုံနဲ့တရုံ လုပ်ခနှုန်းထား ကွာဟမှုတွေက စုပေါင်း တောင်းဆိုမှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ ပြောပါတယ်။

ရသေ့တောင်မှာ စစ်တပ် ဗုံးကြဲလို့ အမျိုးသမီးထိခိုက်ဒဏ်ရာရ

Source – People’s Spring

ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်  အောက်ဇီးကိုင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီး တဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရသေ့တောင်မြို့နယ်ကိုပါ လေကြောင်း တိုက်ခိုက်လာတာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ဩဂုတ် ၁၇ရက် နေ့လည် ၁၂နာရီခန့်မှာ  တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပြီး ပြည်သူ လူထုနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

အမရပူရမှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေးသင့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရ

Source – People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၁၇ ရက် ညနေပိုင်းက အမရပူရမြို့နယ်၊တောင်ကြီးတိုက်နယ်၊ တောင်ကြီးရပ်ကွက်မှာ ရေတိုးရေဝင်နေ တဲ့ကြားက သစ်ပင်အိုကြီး ပြိုလဲကျခဲ့ကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းက အသိပေးပါတယ်။

အဲဒီသစ်ပင်လဲကျမှုကြောင့် နေအိမ်ထိခိုက်မှုမရှိပေမဲ့ သစ်ပင်အနီးရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေဖြစ်တဲ့ အသက် (၂၅)နှစ်အရွယ်သမီးဖြစ်သူ နဲ့ (၅၄) နှစ်အရွယ် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သံတွဲမှာ စစ်အုပ်စု လေကြောင်းတိုက်ခိုက်တာကြောင့် သားအဖ ၂ ဦး သေဆုံး

Source – မဇ္ဈိမ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ မြို့နယ်အတွင်း စစ်အုပ်စုတပ်က ဩဂုတ် ၁၆ ရက်၊ နံနက်ပိုင်းတွင် ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရာ ဒေသခံ သားအဖ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းနှင့် ပြန်ကြားရေး အာရက္ခတပ်တော်ရဲ့သတင်းအရ သိရပါတယ်။

နံနက် ၆ နာရီ ၄၀ မိနစ်ခန့်မှာ သံတွဲမြို့ အမှတ် (၈)(က) ရပ်ကွက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၀ အရွယ် ဦးမင်းနောင်နဲ့ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူ မချွန်းလဲ့ရွှေရည်တို့ သေဆုံးခဲ့ကြောင်း ဖော်ပြထား ပါတယ်။

ဦးဇေယျာမင်းလွင်၊ အသက် ၂ နှစ်အရွယ် မောင်ရွှေမိုးယံဇော်နဲ့ ဒေါ်ဌေးဌေးမော်တို့ သုံးဦးမှာ ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီး လူနေအိမ်နဲ့ အဆောက်အအုံ ခုနစ်လုံး ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ရေဘေးသင့်ဝက်လက်ကို လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး တဦးသေဆုံး

Source – BBC

သဖန်းဆိပ်ဆည်ရေပိုလွှဲဖောက်ချလို့ ရေဘေးဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရဲ့ အရှေ့တောင်ခြမ်းနေရာကို စစ်တပ်က သြဂုတ်လ ၁၈ ရက်၊ မနက်ပိုင်းမှာ လေကြောင်းကနေ သုံးကြိမ်တိုင်တိုင် ဗုံးကြဲလို့ အမျိုးသမီးတဦးသေဆုံးခဲ့ ကြောင်း ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်တပ်‌ရေယာဉ်တွေဟာလည်း ဧရာဝတီမြစ်ကြောင်း တလျှောက်ကနေ ဆန်တက်လာပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း မတ္တရာမြို့နယ်က အေးကျွန်းရွာကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖက ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

သာပေါင်းမှာ တောဆင်ရိုင်းတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

Source – DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ တောဆင်ရိုင်း တိုက်ခိုက်ခံရပြီး အမျိုးသမီး တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို နေအိမ်နဲ့သီးနှံစိုက်ခင်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ် ၁၃ ရက်က သာပေါင်းမြို့နယ်၊ ကဇင်းတောကျေးရွာမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တယောက်ဟာ တောဆင်ရိုင်းဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် လက်ကျိုး၊ နံရိုးကျိုးပြီး ခြေထောက်တွေပါ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ လယ်ယာလုပ်ငန်းခွင်ကိုမသွားရဲဘဲ ဆင်ရိုင်းတွေကို ရှောင်ရှား နေရတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေ ရွာပြန်စပါးယူချိန် စစ်တပ်ရဲ့ ဒရုန်းဗုံးထိမှန်လို့ အမျိုးသမီး နှစ်ဦးအပါအဝင် ၃ ဦးသေဆုံး

Source – မြေလတ်အသံ

မကွေးတိုင်း၊ ဆောမြို့နယ်၊ သီကုန်းကျေးရွာ တောစပ်မှာ စစ်တပ်ကကြဲချတဲ့ ဒရုန်းဗုံးထိမှန်လို့ စစ်ရှောင်နေရတဲ့ အမျိုး သမီး ၂ ဦးအပါအဝင် ၃ ဦသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်၊ နေ့လယ် ၂ နာရီခန့်က ဆောမြို့ပေါ်ကိုရောက်ရှိနေတဲ့  စစ်ကောင်စီ စစ်ကြောင်းဟာ သီးကုန်း ကျေးရွာတောစပ်ကို ဒရုန်းနဲ့ ဗုံး ၁၀ လုံးနီးပါး ကြဲချသွားခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲခံရလို့ အသက် ၆၆ နှစ်အရွယ် ဒေါ်မြဝင်း၊ အသက် ၅၀ နှစ်အရွယ် ဦးနန်းမြိုင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ဌေးဌေးတို့ မှာ နေရာမှာပင် သေဆုံးသွားပြီး နောက်ထပ်အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရသွားပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ သီးကုန်းရွာခံတွေဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းတွေ မကြာခဏ စစ်ကြောင်းထိုးနေတာ ကြောင့် ရွာထဲမှာမနေရဲလို့ ကျေးရွာအနီး တောထဲမှာ ပုန်းရှောင်နေကြတာလို့ သိရပါတယ်။