Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

 မြို့ပေါ်တိုက်ပွဲကြောင့် အချုပ်ခန်းသော့ဖျက် လွတ်မြောက်လာသူ အဆိုတော် တသသ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေချိန် စဉ့်ကူးရဲစခန်းထဲမှာ အချုပ်ကျနေတဲ့ မြန်မာအမျိုးသမီး စတူရီယို တေးသံရှင် တသသဟာ အချုပ်ခန်းထဲကနေလွတ်မြောက်ခဲ့ပါတယ်။

“ကျွန်မတို့အချုပ်သားတွေကို သော့ခတ်ပြီး ပစ်ထားခဲ့ပါတယ်။ ထမင်း၂ရက်မစားရဘူး။ လေယာဉ်တွေ ဒုံးတွေနဲ့ဗုံးကျဲတယ် ကျွန်မတို့အသက်ကို ကျွန်မ မန်နေဂျာနဲ့ အဖွဲစည်းတချို့က ပစ်ခတ်ကြားကနေ အချုပ်ခန်းသော့ကိုရိုက်ဖျက်ပြီး လာကယ်ပေးတယ်။”လို့ အဆိုတော်တသသက သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် အဆိုတော်တသသဟာ အချုပ်ဖောက်ပြီး ပြေးတာမဟုတ်ဘဲ  စဉ့်ကူးရဲစခန်းကရဲတွေက အချုပ်သားတွေကို သော့ခတ်ထွတ်ပြေးသွားတာကြောင့် အသက်ရှင်သန်ရေးအတွက် ဗုံးကြဲနေတဲ့ကြားက ထွက်လာခဲ့တာဖြစ်ပါတယ်။

တသသတို့တွေ အချုပ်အပြင်ရောက်တဲ့အချိန်မှာလည်း စစ်ကောင်စီက ဒရုန်းနဲ့ရော လေယာဉ်နဲ့ပါ လိုက်အပစ်ခံရလို့ အဖွဲ့ သားတစ်ယောက် ခြေထောက်ထိသွားခဲ့ပါသေးတယ်။ တကယ်လို့ လမ်းကြောင်းပြန်ပွင့်ပါက တရားဥပဒေအရ ရင်ဆိုင်မယ်လို့ သူက ဆိုပါတယ်။

Source – People’s Spring                          

လက်နက်ကြီးကျလို့ မိုးကုတ်မြို့ခံသုံးဦး သေဆုံးပြီး သီလရှင်ဆယ်ပါး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကုန်းမြင့်သာယာရပ်ကွက်ကို ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီ ကျရောက် ပေါက်ကွဲလို့ အရပ်သား သုံးဦးသေဆုံးပြီး သီလရှင်ဆယ်ပါး ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးကျည်တွေက ဥတ္တမနန္ဒာသီလရှင်ကျောင်းတိုက်အနီး ကျရောက်ခဲ့တာကြောင့် အသက် ၁၀ နှစ်နဲ့ ၂၀ ကျော် အတွင်းသီလရှင်ဆယ်ပါး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

မိုးကုတ်မြို့နယ်အတွင်း စစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာပါ။ မိုးကုတ်မြို့ အနောက်ခြမ်း ရွှေမြဝင်း၊ ဒေါ်နန်းကြည်တောင်၊ ပန်းသပြေတောင်နဲ့ ရွှေသာယာစတဲ့ တပ်စခန်း ခြောက်ခုကို TNLA က သိမ်းယူထားတာဖြစ်ပါတယ်။

Source – RFA  

စစ်မီးလျှံတွေကြားက စစ်ဘေးရှောင် ချင်းအဘိုးအဘွားတွေရဲ့မျှော်လင့်ချက်

ချင်းပြည်နယ်မှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့စစ်ဘေးရှောင်ဘိုးဘွားတွေဟာ နေရပ်ပြန်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိနေကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေအကြား ထိခိုက်ပျက်ဆီးသွားတဲ့ ထန်တလန်မြို့ကိုစွန့်ခွါပြီး နယ်စပ်မှာစစ်ဘေးရှောင်နေရတာကြာပြီဖြစ်တဲ့ အဘွားအို တစ်ဦးက“ငါအသက်ကြီးနေပြီဆိုတော့ ထန်တလန်မြို့ကို ပြန်မြင်ခွင့်ရအုံးမလား“လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်တကျော့ပြန် စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်ဆန့်ကျင်ရေးနဲ့အတူ တိုက်ပွဲတွေပြင်းထန်နေတာ အခုဆိုရင် ၄ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ထုတ်ပြန်ချက်အရ ၂၀၂၁ စစ် အာဏာသိမ်းပြီးနောက် ၃ နှစ်ခွဲခန့်အတွင်း ချင်းပြည်နယ်လူဦးရေ ၅ သိန်းဝန်းကျင်ရဲ့ထက်ဝက်ခန့်ဖြစ်တဲ့ လူဦးရေ ၂ သိန်းခွဲဝန်းကျင်ဟာနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတာပါ။

စစ်တပ်ကို တူမီးတွေနဲ့ စတင်တော်လှန်ခဲ့တဲ့ ချင်းပြည်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ချင်းလူမျိုးတွေဟာလေးနှစ်ခန့်ကာလအတွင်း တိုက်ပွဲပေါင်းများစွာဖြစ်ပေါ်ခဲ့သလို ချင်းပြည်သူတွေဟာလည်း စစ်လွတ်ရာတောရွာငယ်တွေနဲ့ တဖက်နိုင်ငံထဲကို စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

Source – Chin World

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဥက္ကဋ္ဌနဲ့ အမျိုးသမီးအရာရှိတချို့ ဖမ်းဆီးစစ်ဆေးခံနေရ

နိုင်ငံခြားသုံးငွေနဲ့ နိုင်ငံတကာငွေပေးချေမှုတွေအတွက် အခရာအကျဆုံး နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုမှ ဦးဆောင်ညွှန်ကြားရေးမှူးအပါအဝင် ဘဏ်အရာရှိ ၄ ဦးထက်မနည်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်တပ်ကဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ဆေးခံနေရသူတွေဟာ ဘဏ်ဥက္ကဋ္ဌနဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီ၊ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်ကိုဦး၊ လက်ထောက်မန်နေဂျာ ဒေါ်အေးအေးခိုင်နဲ့ ဦးဆောင်ညွှန်ကြားရေးမှူးရဲ့ ကိုယ်ရေးအရာရှိ ဒေါ်မြတ်ဆုတို့ဖြစ်ပါတယ်။

လက်ရှိတွင် MFTB ဘဏ်လုပ်ငန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်ဝင်းဝင်းမော်က ဦးဆောင်ကိုင်တွယ်နေကြောင်း သိရပါတယ်။

အသေးစိတ်အခြေအနေမသိရသေးသော်လည်း MFTB ဘဏ်အရာရှိများ ဖမ်းဆီးစစ်ဆေးခံရနေတယ်လို့ကြားသိရကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Source – Myanmar Now

မြိတ်မြို့ တံတား‌အောက်နေရတဲ့သားအမိတွေကို ပရဟိတအသင်းက ကယ်တင်ထား

မြိတ်မြို့မှာ နေထိုင်ဖို့ နေရာမရှိဘဲ တံတားအောက်မှာနေထိုင်ရတဲ့ သားအမိလေးဦးကို ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအသင်း-မြိတ်မြို့က ခေါ်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ရက်ပိုင်းမျှသာရှိသေးသည့် မွေးကင်းစကလေးတစ်ဦး၊ အသက် ၇ နှစ်ရွယ်တစ်ဦးအပါအဝင် မိသားစုဝင်လေးဦးဟာ အိမ်ဌားနေထိုင်ရာမှ အလုပ်အကိုင်မယ်မယ်ရရ မရှိ၊ ဝင်ငွေမရှိလို့ ဌားခမပေးနိုင်တော့တဲ့အတွက် အိမ်ပေါ်မှဆင်းလာကာ တံတားအောက်မှာ နေထိုင်နေတာဖြစ်ပါတယ်။

အိမ်ပေါ်မှ ဆင်းလာစဉ် အမျိုးသမီးဖြစ်သူမှာ ကိုယ်ဝန်နေ့စေ့လ‌စေ့ဖြစ်နေတဲ့အတွက် အသိမိတ်ဆွေရဲ့နေအိမ်မှာ ကလေးသွားမွေးခဲ့ရတာပါ။ အသိအိမ်တွင် ကလေးမွေးဖွားပြီး သုံးရက်မြောက်နေ့တွင် တံတားအောက်သို့ ပြန်လာပြီးနေထိုင်တာဖြစ်ပါတယ်။

သံကူကွန်ကရစ်နဲ့ ဆောက်လုပ်ထားတဲ့ထားဝယ်ကမ်းတံတားအောက်မှာ သစ်သားအဟောင်းတွေ၊ အဝတ်ဟောင်းတွေကို အသုံးပြုကာရံပြီး နေထိုင်ကြပါတယ်။ က‌လေးမီးဖွားပြီး တံတားအောက်တွင်နေထိုင်နေတာကို ဒေသခံတစ်ဦးကတွေ့ပြီး Facebook လူမှုကွန်ရက် ပေါ်တင်လိုက်လို့ လူမှုအထောက်အကူပြုအသင်းက ဇူလိုင်လ ၁၇ ရက်မှာ သွားရောက်ကယ်ဆယ်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Source – Dawei Watch

မြိုင်မှာ အမျိုးသမီးတစ်ဦးကို စစ်သားတွေ မုဒိမ်းကျင့်သတ်ဖြတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ အိုရင်းကျေးရွာထဲ စစ်သားတွေဝင်ရောက်လာပြီး ဇူလိုင်လ ၁၈ ရက်နေ့က အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်သားတွေက ရုတ်တရက်ဝင်ရောက်လာတာဖြစ်တဲ့အတွက် ဒေသခံအများစုက ထွက်ပြေးခွင့်မသာခဲ့ကြပါဘူး။ သူတို့ဟာ ရွာထဲဝင်လာပြီး ပြည်သူပိုင်ဆိတ်၊ နွားနဲ့ စားသောက်ကုန် ပစ္စည်းတွေကို ခိုးယူကာလူနေအိမ် ၂၉ လုံးနဲ့ ဓမ္မာရုံကို မီးရှို့ ဖျက်စီးခဲ့ပြီး ပြည်သူ ၃၀ ဦးကိုလည်း ဖမ်းသွားတာဖြစ်ပါတယ်။

“ဖမ်းဆီးခံ ပြည်သူ ၃၀ က အိုရင်းရွာသားတွေပါ။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကို အခုထိမသိရသေးဘူး”လို့ အလင်းတန်းပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်မဖြစ်ပွားမှီ မြိုင်ကို ရိက္ခာလာပို့တဲ့စစ်ကြောင်းကို အလင်းတန်းပြောက်ကျားတပ်ဖွဲ့ -မြိုင်မှ မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း သေဆုံးထားတာဖြစ်ပါတယ်။

Source – Khit Thit       

ချင်းမှာ အမျိုးသမီးတစ်ဦးရဲ့နောက်မှာ အမျိုးသားလိုက်ပါစီးနင်းတာတွေကို အရေးယူမယ်လို့ ထုတ်ပြန်

ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းမြို့မှာ မော်တော်ဆိုင်ကယ်တစ်စီးမှာ အမျိုးသား နှစ်ဦး စီးနင်းတာဖြစ်ဖြစ်၊ အမျိုးသမီးတစ်ဦးနောက်မှာ အမျိုးသားတစ်ဦး လိုက်ပါစီးနင်းတာတွေကို  အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ခြိမ်းခြောက်ခြင်း၊ လက်နက်ပြပြီး ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဌာနပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်များအား လုယက်ယူဆောင်ခြင်း၊ တာဝန်နဲ့ သွားလာသော မော်တော်ယာဉ်တွေကို ချောင်းမြောင်းပစ်ခတ်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ အမျိုးသားနှစ်ဦးဆိုင်ကယ်စီးလာပြီး တစ်ဦးကတိုက်ခိုက်တာတွေလုပ်ဆောင်တဲ့အတွက် အခုလိုဒေသန္တရအမိန့်ထုတ်ပြန်တာလို့ ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သို့ပေမဲ့ အမျိုးသားတစ်ဦးနောက်မှာ အမျိုးသမီးတစ်ဦးစီးနင်းခွင့်ရှိပြီး၊  မော်တော်ဆိုင်ကယ်တစ်စီးမှာ အမျိုးသမီးနှစ်ဦးစီးနင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Source – Chin World           

မတ္တရာမြို့ပေါ်ကို လက်နက်ကြီးကျလို့ ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံး

မန္တလေးတိုင်း မတ္တရာမြို့ အမှတ် (၂) ရပ်ကွက်ထဲ ဇူလိုင်လ ၁၆ ရက်၊ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး နေရာမှာတင်သေဆုံးခဲ့ပါတယ်။

“မနက် ၈ နာရီလောက်က ဖြစ်တာ။ လက်နက်ကြီးက ဘယ်လိုကျမှန်းတော့မသိဘူး။ လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက်သေတယ်။ ၄၄ နှစ် တစ်ယောက်၊ ၃၀ တစ်ယောက်နဲ့ နှစ်နှစ်အရွယ်တစ်ယောက်”လို့ပြောပါတယ်။

လက်နက်ကြီးကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်တယ်ဆိုတာတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာဟာ မတ္တရာမြို့ မြို့မဈေး၊ ဘူတာရုံတို့နဲ့နီးပြီး အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

Source – RFA

နွားထိုးကြီးမှာ ရွာမီးရှို့ခံရလို့ အမျိုးသမီးတစ်ဦးအပါအဝင် သက်ကြီးရွယ်အို ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာကို စစ်တပ်က ဇူလိုင် ၁၀ ရက်မှာ ဝင်ရောက်စီးနင်းမီးရှို့ရာ ရွာထဲပိတ်မိ ကျန်တဲ့သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးအပါအဝင်ဒေသခံ ၆ ဦး သေဆုံးခဲ့ရပါတယ်။

သေဆုံးသွားသူတွေမှာ လေဖြတ်ထားတဲ့ အသက် ၈၀ ကျော်အရွယ်တွေဖြစ်တဲ့ ဦးဟန်ငြိမ်း၊ ဦးကျော်အေး၊ ဒေါ်သန်းမြ၊ ကျန်းမာရေးမကောင်းတဲ့အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၊ သစ်ပင်ပေါ်မှ ပြုတ်ကျထားလို့ လမ်းမလျှောက်နိုင်ဘဲ အိပ်ယာပေါ်လဲနေတဲ့အသက် ၃၀ ကျော် အရွယ် လူငယ်တစ်ဦး၊ လေဖြတ်ထားတဲ့အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်။

အင်အား ၅၀ ခန့်ပါဝင်တဲ့စစ်သားတွေက နံနက်အရုဏ်မတက်ခင် ရွာထဲဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒီဖြစ်ရပ်ပေါ်ပေါက်ခဲ့တာပါ။ အဲ့ဒီရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်နီးပါးရှိပြီး တော်လှန်ရေးအားကောင်းတဲ့ကျေးရွာဖြစ်ပါတယ်။

Source – Myanmar Now              

ပခုက္ကူမြို့ အောင်သာရွာတိုက်ပွဲမှာ မူလတန်းကျောင်အုပ်ဆရာမတစ်ဦးအပါအဝင် ဒေသခံသုံးဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာမှာ ဇူလိုင်လ ၁၇ ရက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

အောင်သာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ဆယ်ဦးခန့်နဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ငါးဆယ်လောက်ကို မြိုင်၊ ပေါက်နဲ့ ပခုက္ကူ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ပွဲကြား အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ အရပ်သားတွေ သေဆုံးခဲ့တာလို့ ပခုက္ကူအခြေစိုက် ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ PDF တွေက လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးပြီး ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဇူလိုင်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

Source – RFA            

တနင်္သာရီမှာ လက်နက်ကြီးထိလို့ အမျိုးသမီး တစ်ဦး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စုမှာ အမြောက်တပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက် ၄၂ နှစ်အရွယ် မမီးငယ် ဒဏ်ရာရသေဆုံးခဲ့ရပါတယ်။

ဇူလိုင် ၁၅ ရက် နေ့လယ် ၁ နာရီလောက်က  အရှေ့မော်တုန်းရွာအုပ်စု၊ ကမ်းရိုးတန်း ၂ ရွာမှာ နေထိုင်တဲ့မမီးငယ်ဟာ  ကျွန်းထိပ်ကျေးရွာက နာရေးအိမ်ကိုသွားဖို့အတွက် အရှေ့မော်တုန်းရွာက ဖခင်ဖြစ်သူအိမ်မှာ ခေတ္တဝင်နားစဉ် လက်နက်ကြီးထိ မှန်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

Source – DVB

အမျိုးသားရေးတက်ကြွလှုပ်ရှားနေတဲ့ စစ်တပ်ထောက်ခံသူအမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားနေတဲ့ စစ်တပ်ထောက်ခံသူ မရီရီ လွင်ကို ဇူလိုင် ၁၆ ရက် နေ့လယ် ၂ နာရီကျော် မိဘတွေရဲ့နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ မရီရီလွင်မှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးခဲ့ပြီး ဘယ်လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မရီရီလွင်ဟာ နေပြည်တော်၊ ပျဉ်းမနားမြို့မှာနေထိုင်သူတဦးဖြစ်ပြီး ရွာတော်ရွာကို တခါတရံမှ ပြန်လာတတ်သူဖြစ်တယ်။

Source – မြေလတ်အသံ

ဆောမြို့နယ်မှာ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကြန်တောရွာထဲ ဇူလိုင်လ ၁၇ ရက် ညပိုင်း ၈ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောက်ထုအမြှောက်တပ် (အမတ – ၃၆၈) ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့  ၁၇ ချက် ပစ်ခတ်ခဲ့ပြီး ကြန်တောရွာက နေအိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ အသက် ၅၅ နှစ်အရွယ် ဦးဝင်းအောင်မှာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

အသက် ၆၃ နှစ်အရွယ် ဦးသိန်းဝင်းနဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်သန်းအေးတို့ကတော့ ကျောကုန်းနဲ့ ခန္ဓာကိုယ်အနှံ့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေရခဲ့တာဖြစ်ပါတယ်။ အခုလိုပစ်ခတ်နေတာကြောင့် ကြန်တောရွာနဲ့ အနီးအနား ရွာဆယ်ရွာက အရပ်သားတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Source – RFA        

Author:

Related Articles