ရတက်မအေးနိုင်တဲ့ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ
နန်းဆိုင်နွမ်
“အချိန်တိုင်း ထိတ်လန့်မှုတွေနဲ့ပါပဲ။ အလုပ်သွားချိန်နဲ့ အလုပ်ကနေပြန်ချိန်ဆိုရင် ကျမတို့ စကားမပြောမိအောင် ခပ်မြန်မြန် သွားရတယ်” လို့ မစုနန္ဒာကပြောလာပါတယ်။
မစုနန္ဒာဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိလာတာ တစ်နှစ်ကျော်သာရှိပြီး လက်ရှိမှာဘတ်(အလုပ်သမားကတ်) အတွက် လက်ဗွေနှိပ်ပြီးတဲ့ အဆင့်သာရှိပြီး၊ အလုပ်လုပ်ခွင့်ကတ်မရရှိသေးတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိုင်းနိုင်ငံ တဝှမ်းမှာ ကျားဖြန့်အွန်လိုင်းလောင်းကစားစစ်ဆေးဖမ်းဆီးမှုအကြောင်းပြ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို စီစစ် ဖမ်းဆီးမှုတွေပြုလုပ်လာပါတယ်။
“အခုသတင်းတွေကြည့်လိုက်ရင် ထိုင်းရဲတွေက အဖမ်းအဆီးကြမ်းတော့ ကျမတို့ အပြင်ထွက်တာ၊ အလုပ်သွားလုပ်တာဆို ရင် ကြောက်နေရတာ။ အလုပ်ရုံမှာလည်း လာမစစ်ဖို့ ဆုတောင်းနေရတာ”လို့ သူကဆိုပြန်ပါတယ်။
မစုနန္ဒာက အသက် ၂၃ နှစ် အရွယ်သာရှိပြီး ပျော်ဘွယ်မြို့ ဇာတိတွင် နေထိုင်သူဖြစ်ပါတယ်။ အရင်က တောင်ယာလုပ်ငန်းကို လုပ်ကိုင်သူဖြစ်ပါတယ်။
၂၀၂၁ ခုနစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းမှုကြောင့် မစုနန္ဒာတို့ နေထိုင်ရာပျော်ဘွယ်မြို့မှာ အလုပ်အကိုင်ရှားပါးလာ တဲ့အတွက် သူတို့ပိုင်အိမ်ဝိုင်းကို အပေါင်ထားပြီး ထိုင်းနိုင်ငံကိုရွှေ့ပြောင်းအလုပ်သမားအဖြစ် ခိုးဝင်လာခဲ့သူဖြစ်ပါတယ်။
“ကျမအခုထိပေါင်ထားတဲ့ အိမ်ဝိုင်းပြန်မရွေးနိုင်သေးဘူး။ ဒီရောက်တော့ဘတ် (အလုပ်သမားကတ်) ရဖို့နဲ့နေဖို့၊ စားဖို့နဲ့ပဲ သံ သယာလည်နေတာ။ ဘာမှမစုမိသေးဘူး” လို့ ဝမ်းနည်းတဲ့လေသံနဲ့ ပြောလာပါတယ်။
မစုနန္ဒာ တစ်ယောက် ထိုင်းနိုင်ငံသို့ စတင်ရောက်လာချိန် ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်သော်လည်း လစာပုံမှန် မရရှိတဲ့ အတွက် ၄ လခန့်အလုပ်လုပ်ကာ အလုပ်ထွက်လိုက်ရပါတယ်။ လက်ရှိမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေ့စားခ တရက်လျှင် ဘတ် ၂၈၀ နဲ့ လုပ်နေရပေမယ့် အလုပ်မရှိတဲ့ရက်၊ အလုပ်မသွားနိုင်တဲ့ရက်တွေမှာ ဝင်ငွေမရရှိဘူးလို့ဆိုပါတယ်။
“ကိုယ့်မှာ အထောက်အထားမပြည့်စုံ ထိုင်းစကားမတက်တော့ အလုပ်ခေါင်းဆောင်ပြောသမျှခံရတာ၊ သူတို့ လိမ်ရင် လည်း ခံ၊ သူတို့ပေးသလောက်ယူရတာလေ။ သူတို့နဲ့လည်း စကားမများရဲဘူး” လို့ သူက လက်ရှိ ကြုံတွေ့ နေရတာကိုပြောလာပါ တယ်။
၂၀၂၅ ခုနစ်အတွက် တစ်ရက်လျှင် လုပ်အားခအနိမ့်ဆုံး ၃၃၇ ဘတ်မှ အမြင့်ဆုံး ၄၀၀ ဘတ်အထိသတ်မှတ်ထားကြောင်း ထိုင်းအာဏာပိုင်းတွေက ၂၀၂၄ ခုနစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့်ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ တရားဝင်အထောက်အထားမရရှိ သေးချိန်မှာ နေထိုင်စားသောက်ရေးအတွက် အလုပ်ရှင်ပေးတဲ့ နှုန်းဖြင့်သာနဲ့ လုပ်ကိုင်နေကြရပါတယ်။
မစုနန္ဒာ နည်းတူ ထိုင်းနိုင်ငံသို့ ရောက်ရှိလာတာ ၁နှစ်ကျော် ကာလသာရှိသေးတဲ့ မဖြူပြာတစ်ယောက်လည်း ဘတ်(အလုပ် သမားကတ်ဒ်) မရှိဘဲအလုပ်လုပ်ရတဲ့အတွက် စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေတာကို ရင်ဖွင့်ပြောလာပါတယ်။
“ကျမ အခုစျေးရောင်းနေရတာ ဘယ်နေ့ကိုယ့်ကိုလာစစ်မှာလဲ။ ကိုယ်ဖမ်းခံရရင် မြန်မာပြည်ပြန်ပို့ခံရမှာလေ။ သတင်း တခါ တက်လာတိုင်း စိတ်ပူစိုးရိမ်ရတယ်။ ထိုင်းရဲမြင်ရင် အလိုလိုကြောက်နေရတယ်”လို့ မဖြူပြာ က လက်ရှိခံစားနေရတာကို ပြောလာပါတယ်။
မဖြူပြာဟာ လက်ရှိမှာတော့ ဘန်ကောက်မြို့ရှိ စျေးရုံတစ်ခုမှာကုန်စိမ်းရောင်းနေပြီး တစ်ရက်လျှင် လုပ်အားခ ၂၈၀ ဘတ် သာရရှိကာအလုပ်ရှင်ကို လစာတိုးတောင်းပေမယ့် မရရှိခဲ့ဘူးလို့ဆိုပါတယ်။
သူမဟာ တနင်္သာရီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းလုပ်သားအနေဖြင့် ရောက်ရှိလာသူဖြစ်ပါတယ်။
လွန်ခဲ့တဲ့လပိုင်းတွင် ဘတ်အသစ်ဖွင့်တဲ့ အချိန်ရိုက်ထားသူဖြစ်ပြီး၊ ဘတ်ရိုက်ခကိုလည်း မိမိကိုယ်ပိုင် ငွေဖြင့်သာလုပ်ဆောင် ရတဲ့အတွက် အလွန်အခက်အခဲရှိကြောင်း သူကဆိုပြန်ပါတယ်။
ဘတ်ဆိုတာလူအသစ် အလုပ်သမားမှတ်ပုံတင်ခြင်း၊ တရားမဝင်ရွှေ့ပြောင်းရောက်လာသူများကို တရားဝင်ဖြစ်အောင် ထိုင်း အာဏာပိုင်က နှစ်စဉ်ထုတ်ပေးလေ့ရှိတဲ့ အလုပ်လုပ်ခွင့်အသိအမှတ်ပြုကတ်ဖြစ်ပါတယ်။ ပန်းရောင်ကဒ်(ဘတ်)လို့ လူသိ များပါတယ်။
ပန်းရောင်ကတ် “ဘတ်” မရှိပါက အလုပ်ရှာရန်ခက်ခဲပြီး အထောက်အထားမရှိဘဲအလုပ်သွားလုပ်ကိုင်ပါက ထိုင်းအာဏာ ပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံရနိုင်ပါတယ်။
ဒီဘတ်ရိုက်မှုကို မြန်မာအပါအဝင်ကမ္ဘောဒီးယား၊ လားအို နဲ့ ဗီယက်နမ် စတဲ့ (၄) နိုင်ငံ မှ နိုင်ငံသားတွေကို ၂၀၂၄ ခုနစ်စက် တင်ဘာ ၂၄ ရက်မှာ ထိုင်းအာဏာပိုင်က လူသစ်အလုပ်သမားမှတ်ပုံတင်ခွင့်ပြုထားပါတယ်။
လက်ရှိမှာတော့ တရားမဝင်လုပ်သားတွေဟာမှတ်ပုံတင်ခြင်း လက်ဗွေနှိပ်ခြင်း အဆင့်သာရှိပြီး ပန်းရောင်ကတ် “ဘတ်” မရ ရှိသေးတဲ့အတွက် အလုပ်သွားလုပ်ရာတွင် ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှုကိုခံရနိုင်ပါတယ်။
“မရသေးတော့ စိတ်တော့ပူတာပေါ့။ ကိုယ်က ထိုင်းလိုလဲမတက်တော့ပိုဆိုးတယ်။ သတိနဲ့နေရတာပေါ့။ ကျမဆိုရင် အခန်းနဲ့ အလုပ်ပဲဘယ်မှမသွားရဲဘူး။ တခါတလေ ရဲတွေ စျေးလာဝယ်ရင်တောင် လန့်နေတာ။ စိတ်ဒုက္ခတမျိုးပဲ” လို့ မဖြူပြာကဆို ပြန်ပါတယ်။
လက်မှတ်အထောက်အထားမပြည်စုံတဲ့ မဖြူပြာအနေနဲ့ ထိုင်းအာဏာပိုင်တွေ သတ်မှတ်ထားတဲ့နေ့စားခ တစ်ရက်အနိမ့်ဆုံး ၃၃၇ ဘတ်မရဘဲတစ်ရက် ဘတ် ၂၅၀ နဲ့သာ အလုပ်ကိုပူပင်သောကတွေနဲ့ ဆက်လုပ်နေရပါတယ်။
ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်သူတွေဟာ မြန်မာပြည်ရဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေမှာ အမျိုးသမီးတွေကိုပါ ခေါ်ဆောင်မယ်ဆိုတာကြောင့် ၂၀၂၄ ခုနှစ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြ သူတွေ ဖြစ်ပါတယ်။
ဒါ့အပြင် လက်မှတ်အထောက်အထား မပြည့်စုံတဲ့သူတွေကို ထိုင်းအာဏာပိုင်က ဖမ်းဆီးပြီး မြန်မာပြည်သို့ ပြန်ပို့ကာစစ် ကောင်စီလက်ထဲသို့ အပ်လိုက်တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ လက်ရှိမှာတော့ နေ့စဉ်ဓူဝ ရင်တထိတ်ထိတ် နဲ့ အလုပ်လုပ်နေရပါတယ်။
“ကိုယ်က ပြည်သူ့စစ်မလုပ်ချင်လို့ ပြေးလာပါတယ်ဆိုမှ ဖမ်းမိရင်လည်း ထိုင်းက မြန်မာပြည်ကိုပြန်ပို့မယ် ပြီးတော့ စစ်တပ် ကိုအပ်တာဆိုတော့ဒါလည်းအပူတစ်ခုပဲ။ နောက် ထိုင်းအလုပ်ရှင်တွေ စိတ်ကြည်အောင်ပေါင်းရတယ်။ ကျမတို့ အရာရာ ကြောက်နေရတဲ့အချိန်”လို့ မဖြူပြာ က စိုးရိမ်မှုကို ပြောပြလာခြင်းဖြစ်ပါတယ်။
အလားတူ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမအရေးတွေ အမြဲကူညီပေးနေတဲ့ သူများကိုထိုင်းအာဏာပိုင်တွေက စစ် ဆေးတင်းကြပ်မှုတွေ ပြုလုပ်လာတယ်လို့ ကြားသိရပါတယ်။
“ကျမရဲ့ အိမ်ကို ဧပြီလဆန်းတုန်းက ရဲတွေဝင်စစ်သေးတယ်။ အခန်းတွေ အိမ်သာထဲအားလုံးစစ်တယ်။ ကျမက ဒီကအမျိုး သမီးအရေးကိုကူတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတာသိရက်နဲ့ လာစစ်တာ” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငမြို့နယ်မှာ နေထိုင်ပြီး ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးအရေးကို လုပ်ဆောင်သူ မခင်မာစိုးက ပြောပါတယ်။
ယခုနောက်ပိုင်း ထိုင်းအာဏာပိုင်တွေက အထောက်အထားမဲ့ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီး မှု ပိုကြမ်းလာပြီး၊ အရင်ကလိုပြန်ရွေးတာမျိုးလုပ်လို့မရကြောင်း၊ ကယ်ထုတ်လို့မရကြောင်း မခင်မာစိုးကရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ ဖန်ငမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ အထောက်အထားမဲ့ အမျိုးသမီး (၇)ဦးနဲ့ စျေးရုံရှိကုန်စိမ်းဆိုင်မှာ အကူလုပ်နေတဲ့ အမျိုးသမီး (၂)ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။
“ သူတို့က အထောက်အထားမရှိလို့၊ နောက်ဘတ်လုပ်ထားတာက လက်ရှိမှာ အလုပ်လုပ်လို့မရသေးဘူး။ ဒါကြောင့် ဖမ်း သွားတာ။ နောက် ဆိုင်အကူ (၂) ယောက်က ထိုင်းလူမျိုးတွေကိုပဲ ခွင့်ပြုထားတဲ့အလုပ်မှာဝင်လုပ်လို့ ဆိုပြီးခေါ်သွားကြတာ။ ကျမတို့ ဘယ်လိုမှ ကူလို့မရဘူး။ ကယ်ထုတ်လို့မရသလို သွားပြီးစကားပြောလို့တောင်မရဘူး။ အခုနောက်ပိုင်း အရမ်းကို ဆိုး လာတယ်” လို့ မခင်မာစိုး က လက်ရှိထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုတင်းကြပ်မှုကို ပြောလာပါတယ်။
ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားတွေ နေထိုင်ခွင့်အထောက်အထား အချိန်မီရရှိရန် နှင့် အလုပ်သမားအခွင့်အရေး ကို တန်းတူခံစားခွင့်ရရှိရန် သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူဆောင်ရွက်ပေးဖို့ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမား အမှုတွေကို ကူညီပေးနေတဲ့ အမျိုးသမီး တစ်ဦးကပြောပါတယ်။
“ကျမ အနေနဲ့ အလုပ်သမားတွေအထောက်အထားအမြန်ဆုံးရဖို့ အာဏာပိုင်ကို တိုက်တွန်းချင်ပါတယ်။ နောက်သတ်မှတ် ထားတဲ့ လစာပေးစေချင်ပါတယ်။ ကျမတို့ ရွှေ့ပြောင်းအလုပ်သမားတွေကို စာနာပေးစေချင်တယ်” ဟု ၎င်းကပြောပါတယ်။
ဆက်လက်ပြီး ထိုင်းအာဏာပိုင်များအနေနဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုဦး တည်ဖမ်းဆီးတာ မြန်မာပြည်ပြန်ပို့တာတွေကို မလုပ်ဖို့လည်း တောင်းဆိုချင်ကြောင်း သူကဆက်ပြောပါတယ်။
“ကျမတို့ ရွှေ့ပြောင်းအလုပ်သမားတွေ အဓိကအမျိုးသမီးတွေဘဝလုံခြုံမှုက ပိုဝေးလာတယ်။ မြန်မာပြည်မှာနေထိုင်ရင် လည်း မလုံခြုံ ၊ ဒီဘက်လာတော့လည်း ဖိနှိပ်မှုကို ကြောက်ရ၊ နောက်ထိုင်း အာဏာပိုင်ဖမ်းဆီးခံရမှာလည်း ကြောက်ရ စိုးရိမ် နေရတယ်” လို့ မခင်မာစိုးက ထပ်လောင်းပြောလာပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသို့အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခုနစ်သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ သုံးပုံ တစ်ပုံ ကျော်ဟာ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် မတ် ၂၈ရက်တွင် မြန်မာနိုင်ငံတဝှမ်းနည်းတူ ထိုင်းနိုင်ငံမှာလည်း လှုပ်ခတ်ခဲ့တဲ့ ပြင်းအားကြီး ငလျင်ကြောင့် ဆောက် လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မစုနန္ဒာတစ်ယောက် အပူတစ်ခုထပ်မံတိုးလာပါတော့တယ်။
“ကျမက ဆောက်လုပ်ရေးမှာလုပ်တော့ ငလျင်ကြောင့် တိုက်ပြိုကျသွားတာမြင်တော့ ထပ်လန့်ရပြန်တယ်။ နောက်ကျမ နေထိုင်တဲ့ ပျော်ဘွယ်ကတော့ ထိခိုက်မှုနည်းပေမယ် ပျက်စီးတာတော့ရှိတယ်။ စိတ်ဓာတ်ကတော့ ကျပြီးရင်းကျပဲ။ အိမ်ကို လည်း ဒီဘက်က မပို့နိုင်သေးတော့ ပိုဆိုးတယ်” လို့ မစုနန္ဒာက ဝမ်းနည်းတဲ့လေသံဖြင့် ပြောလာပါတယ်။
လက်ရှိ သဘာဝဘေးဒဏ်ကြောင့် အဘက်ဘက်မှ ဝမ်းနည်းနေရချိန်မှာ ထိုင်းအာဏာပိုင်များအနေဖြင့် ရွှေ့ပြောင်း အလုပ် သမားတွေကို ငဲ့ညာတဲ့အနေဖြင့် ဖမ်းဆီးမှုတွေ စစ်ဆေးမှုတွေကို လျော့ပေးချင်ကြောင်း၊ အလုပ်သမားကတ်ကိုလည်း အမြန်ဆုံးအပြီးအစီးလုပ်ပေးရန် မစုနန္ဒာက တောင်းဆိုလိုက်ပါတယ်။
- ရဲရင့်သောရခိုင်အမျိုးသမီး၏တရားမျှတမှုရှာပုံတော် - 18/09/2020
- သေနတ်သံကြား သားကိုပိုက်၍ ပြေးခဲ့သည် - 01/09/2020