Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ရပါတယ်။

  • စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအလုပ်ရရှိနှုန်း အမျိုးသားတွေထက်နှစ်ဆလျော့နည်းဟု ILO ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီးအလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်ရရှိမှုဟာ အမျိုးသားတွေထက် နှစ်ဆ လျော့နည်းနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ILO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တချို့လုပ်ငန်းကဏ္ဍတွေမှာ လက်တလောပြန်လည်ကောင်းမွန်လာတာရှိပေမယ့် အလုပ်အကိုင်အရေ အတွက်က တော့ အလုပ်လိုအပ်တဲ့လူဦးရေအတွက် လုံလောက်တဲ့ အနေအထားမဟုတ်ဘူးလို့ဆိုပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းဟာ လူဦး ရေများပြားလာတာကို အမှီမလိုက်နိုင်တဲ့အခြေအနေကြုံရပြီး အလုပ်အကိုင်နဲ့လူဦးရေအချိုးအစားကလည်း သိသိသာသာ ကျဆင်းလာနေတယ်လို့ ILOက ပြောပါတယ်။

ဒါ့အပြင်အစိုးရရဲ့ စည်းကြပ်မှုအောက်မှာမရှိတဲ့လုပ်ငန်းတွေမှာ အလုပ်သမားတွေပိုပြီးလုပ်ကိုင်ရတာကြောင့် အလုပ်အကိုင် အရည် အသွေးတွေလည်း ဆက်တိုက်ကျဆင်းလာခဲ့ရာ အာဏာသိမ်းထားတဲ့အစောပိုင်းနှစ်နှစ်ကာလအတွင်း လုပ်အားဖြစ် ထွန်းမှု (၁၀)ရာခိုင်နှုန်းဆုံးရှုံးခဲ့ပါတယ်။

Source – BBC

  • ထိုင်းရောက်မြန်မာအမျိုးသမီးတစ်ဦးကိုပရောဂဆရာက မကောင်းဆိုးဝါးရိုက်နှက်မောင်းထုတ်စဉ်သေဆုံး

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင်၊ ဘန်စဖန်းနွဲ့မြို့နယ်ထဲမှာ နေမကောင်းတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ပရောဂ ဆရာကကြိမ်လုံးနဲ့ မကောင်းဆိုးဝါးရိုက်နှက်မောင်းထုတ်ရာက သေဆုံးခဲ့တယ်လို့ထိုင်းရတ်သတင်းမှာဖော်ပြပါတယ်။

အသက်၅၉နှစ်အရွယ် ဒေါ်နှင်းနွယ်ဆိုတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ နေထိုင်မကောင်းဖြစ်တဲ့အတွက် ကျန်းမာရေးဆေးခန်း သွားပြခဲ့ပြီး မသက်သာတဲ့အတွက် မိတ်ဆွေတွေရဲ့အကြံပေးချက်အရ ဦးထွန်းစိန်ဆိုတဲ့ပရောဂဆရာဆီ သွားရောက်ကုသခဲ့ တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ပရောဂဆရာက ဒေါ်နှင်းနွယ်ရဲ့ကိုယ်ထဲမှာ  မကောင်းဆိုးရွာသရဲတွေဝင်နေတာဖြစ်ကာ ကန်တော့ပွဲပြင်ပြီး သုံးရက်အတွင်း မောင်းထုတ်ပေးမယ်လို့ပြောတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အမျိုးသမီးဟာရက်အတန်ကြာ ရိုက်နှက်ခံရပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာတော့သေဆုံးသွားခဲ့ပါတယ်။ သေဆုံး သွားပြီးတဲ့နောက် ပရောဂဆရာက မိသားစုဆီဆက်သွယ်ပြီအလောင်းကိုအမြန်ဆုံး သင်္ဂြိုဟ်ပစ်ဖို့၊ ရဲကိုမတိုင်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်ရဲတွေရောက်လာပြီး အလောင်းကိုစစ်ဆေးရာမှာတစ်ကိုယ်လုံးညိုမည်းနေတာတွေ့ရပြီး လိုအပ်သလို ဆက်လက် စစ်ဆေးဖို့ဆေးရုံပိုလိုက်ကာ ပရောဂကုဆရာကိုလည်း လူ့အသက်သေဆုံးတဲ့အထိရိုက်နှက်မှုနဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ ဆိုပါတယ်။

Source – DVB

  • မုံရွာ၊ မအူရွာကို လက်နက်ကြီးပစ်၍ မိန်းကလေးတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မအူကျေးရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီးသုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပစ်ခက်မှုကြောင့် အသက် ၁၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ တခြားနှစ်ဦး ကလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ဆိုပါတယ်။

ဒေသခံတွေကတော့ အခုလိုပစ်ခတ်တဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရွာအနီးမှာတပ်စွဲထားတာ မလိုလားကြဘူးလို့ သိရပါ တယ်။ မအူစစ်ဆေးရေးဂိတ်က အခုလိုပစ်ခတ်လို့ပြီးခဲ့တဲ့ ဇူလိုင်(၁၀)ရက်နေ့ကလည်း အသက်(၄၅)နှစ်အရွယ် အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ပါတယ်။

Source – DVB

  • ကျွန်းစုတွင် အမျိုးသမီးကိုးဦး ၊ ရင်ခွင်ပိုက်ကလေးငယ်အပါဝင် လူ ၁၇ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာပြီးခဲ့တဲ့ ဇူလိုင်လထဲက ရင်ခွင်ပိုက်ကလေးငယ်အပါအဝင် လူ၁၇ဦးကို PDFအဖွဲ့နဲ့ ဆက်စပ်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားသုံးဦး၊ အမျိုးသမီးကိုးဦး၊ နို့စို့အရွယ်ကလေးငယ်တစ်ဦးနဲ့ မူလတန်းကျောင်းသားအရွယ် ကလေး နှစ်ဦးပါဝင်ပါတယ်။ အဲ့ဒီလူတွေကို စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၇ ရက်နေ့ညက မြိတ်မြို့မှကျွန်းစုမြို့နယ် သဇင်ကျေးရွာအနီး ချောင်းဝမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးထိန်းသိမ်းခံနေရအချိန် အသက်မပြည့်သေးတဲ့ ရင်ခွင်ပိုက်ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့မိ သားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

Source – Mizzima

  • ရေဦးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် နှစ်တန်းကျောင်းသူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ရေဦးမြို့နယ် ၊ ရှော်ဖြူ ကျေး ရွာအတွင်း လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲကာ နှစ်တန်းကျောင်းသူတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီပဲယင်းအခြေစိုက် စစ်ကောင်စီတပ်ကလက်နက်ကြီးတွေပစ်ခတ်ခဲ့တာဖြစ်ပြီး ရှော်ဖြူကျေးရွာတောင်ပိုင်းမှာ လက်နက်ကြီး ကျည်တလုံး၊ဘုန်းကြီးကျောင်းအတွင်း တလုံးကျရောက်ပေါက်ကွဲခဲ့တယ် လို့သိရပါတယ်။

လက်နက်ကြီးကျည်ထိမှန်သွားတဲ့ မိန်းကလေးဟာ ပေါင်မှာဒဏ်ရာရကာ သွေးထွက်လွန်ခဲ့တာကြောင့် ဆေးရုံတင်ပို့ကုသဖို့ ကြိုးစားခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဘာကြောင့် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘဲ ဇူလိုင် ၃၀ရက် ညနေပိုင်း ကတော့ ဒီပဲယင်းမြို့အနောက်ဘက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုကို ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ် တိုက်ခိုက် ခဲ့ကြပါတယ်။

Source-Deltanewsagency

  • ရခိုင်က ကိုယ်ဝန်ဆောင်နှင့် နှစ်နှစ်အောက်ကလေးများ ထောက်ပံ့ကြေးမရတာ နှစ်ချီကြာမြင့်လာ

ရခိုင်ပြည်ကမြို့နယ်အချို့မှာ လူမှုဝန်ထမ်းဦးစီးဌာနကလစဉ်ထောက်ပံ့တဲ့ ကိုယ်ဝန်ဆောင်နှင့်အသက် နှစ်နှစ်အောက် ကလေး တွေ ထောက်ပံ့ငွေမရရှိတာ နှစ်ချီကြာလာနေပြီလို့ ကလေးမိခင်များက ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးငယ်တွေကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်အတွက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို တစ်လငွေကျပ် ၃၀,၀၀၀၊ ၂ နှစ်အောက်ကလေးတစ်ဦးကို တစ်လ ငွေကျပ် ၁၅,၀၀၀စီ ရခိုင် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက လစဉ်ထောက်ပံ့နေတာဖြစ်ပါတယ်။

ထောက်ပံ့ငွေကို သုံးလတစ်ကြိမ် (သို့မဟုတ်) တစ်လတစ်ကြိမ်စီ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနအလိုက် ထုတ်ပေးခြင်းခဲ့တာဖြစ်ပြီး ၂၀၂၂ နှစ်လယ်ပိုင်းမှစပြီး မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပေါက်တော စတဲ့မြို့နယ်တွေမှာ အဲ့ဒီအစီအစဉ်ရပ်ဆိုင်းနေတယ်လို့ဆိုပါတယ်။

ထောက်ပံ့ငွေရရှိရေးအတွက် မြောက်ဦးမြို့နယ်က ဒေသခံတွေက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနထံ ၂၀၂၂  ဩဂုတ်လမှာ တစ်ကြိမ်နှင့် ၂၀၂၃ မတ်လမှာတစ်ကြိမ် စာရင်းသွင်းထားပေမယ့်လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးဘူးလို့ပြောပါတယ်။

Source- DMG

  • ကွတ်ခိုင်မြို့နယ် ကျေးရွာတစ်ရွာမှ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်သား နှစ်ဦး မုဒိမ်းမှုကျူးလွန်

သျှမ်းပြည်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာမှာနေထိုင်တဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ တပ် သား ၂ ဦးက မုဒိမ်းမှု ကျူးလွန်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့၊ ညပိုင်း ၁၀ နာရီဝန်းကျင်က ကျေးရွာအနီး ကြံစိုက်ခင်းနဲ့ဘုန်းကြီးကျောင်းအတွင်း နေထိုင်တဲ့ စစ် ကောင်စီ တပ်သား ၂ ဦးက အိမ်တွင်းထဲသို့ ရောက်ရှိလာပြီး မုဒိမ်းကျင့်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၂ ဦးဟာပထမ နေအိမ်တစ်လုံးထဲရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ မဖွယ်မရာ ပြုလုပ်ခဲ့ပြီးနောက် ဒုတိယ နေအိမ်တစ်လုံးထဲရှိ ကလေးမိခင်တစ်ဦးကို မုဒိမ်းကျင့်ကာ ရိုက်နှိက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုဒိမ်းမှု ကျုးလွန်ခံရတဲ့အမျိုးသမီးတစ်ဦးဟာအသက် ၃၀ နှစ်ကျော်အရွယ် ကလေး နှစ်ဦးရှိမိခင်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

Source- BNI

  • သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ

ပဲခူးတိုင်း၊သာယာ၀တီအကျဉ်းထောင်မှာ အာဇာနည်နေ့အထိမ်းအမှတ် ဖဲကြိုးအနက်ရောင်ရင်ဘတ်မှာ တပ်ဆင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ဦး ဇူလိုင်လ၁၉ရက်နေ့က တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ် သူတွေက ပြောပါတယ်။

တိုက်ပိတ်ခံထားရသူတွေထဲမှာ ထောင်သုံးနှစ်ကနေ ထောင်တစ်သက်ထိ ချမှတ်ခံထားရသူတွေပါဝင်ပြီး ထောင်ရဲ့တိုက် အမှတ် (၂၀) မှာ ထောင်အာဏာပိုင်တွေက တစ်ဦးချင်းစီ တိုက်ပိတ်ထားတာလို့ ဆိုပါတယ်။

တိုက်ပိတ်ခံရသူတွေက မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့်၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့်(ခ)သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုး သန္တာထွန်းနဲ့ မမိုးမြတ်သဇင်တို့ ဖြစ်ကြပါတယ်။

သူတို့အားလုံးရဲ့ ကျန်းမာရေး အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Source – RFA

  • အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို  စစ်ကောင်စီအင်အားသုံးချိပ်ပိတ်

ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေက ဩဂုတ် လ ၃ ရက်နေ့ကလာရောက်ချိပ်ပိတ်ခဲ့ပါတယ်။

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ကြာနီကန်ရပ်ကွက်ရှိ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားက သေနတ်တွေနဲ့ချိန်ပြီးချိပ်ပိတ်သွားတာဖြစ်ပါတယ်။

ဒေါ်မြခွာညိုဦးဟာ အသက် ၅၆နှစ်အရွယ် တက္ကသိုလ်ကထိကဟောင်းဖြစ်ပြီး ၂၀၁၅နဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ  အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ နှစ်ကြိမ် ဆက် အနိုင်ရရှိခဲ့ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် မိသားစုလိုက်တိမ်းရှောင်ခဲ့ကြပြီး လက်ရှိမှာ မိသားစုဝင်အားလုံး လွတ် မြောက်နယ်မြေသို့ရောက်ရှိနေပြီလို့သိရပါတယ်။

Source- Mizzima

  • ရန်ကုန်တွင် အလှပြင်ဆိုင်၌ အမျိုးသမီးများကြိုးတုပ်ပြီး ဖုန်းများလုယူသွား

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် (၁၃)ရပ်ကွက် သစ္စာလမ်းရှိ အလှပြင်ဆိုင်တစ်ဆိုင်မှာ ဆိုင်ဝန်ထမ်းအမျိုးသမီးတွေကြိုးတုပ်ပြီး ဖုန်းသုံးလုံး လုယက်မှုသြဂုတ်(၃)ရက်မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။

မျက်နှာဖုံးစွပ် လူတစ်ဦးက သစ္စာလမ်းပေါ်ရှိ The Skin Studio အလှပြင်ဆိုင်ဝန်ထမ်း အမျိုးသမီးတွေကို သေနတ်ပြ ခြိမ်း ခြောက်ပြီး ကြိုးတုတ်ကာ ဖုန်းများ လုယူသွားတာဖြစ်တယ်လို့ ရန်ကုင်းမြို့နေပြည်သူတစ်ဦးကဆိုပါတယ်။

လုယက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်တွေရောက်ရှိလာကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူ အချို့ ကပြောပါတယ်။

စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊မန္တလေး စတဲ့မြို့ကြီးတွေမှာ မကြာခဏဆိုသလို လုယက်မှုတွေဖြစ်ပွားနေပါတယ်။

Source- People’s Spring

  • အချုပ်ကျ အမျိုးသမီးအား လုံခြုံရေးအဖွဲ့၀င် ရှစ်ဦးက အဓမ္မပြုကျင့်မှု အရေးယူထားကြောင်း ဆောပအဖထုတ်ပြန် ပြီးပြည်သူကို တောင်းပန်

မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့စောင့်နေတဲ့ အချုပ်စခန်းတခုမှာ ခိုးမှုနဲ့အချုပ်ကျခံနေရတဲ့အမျိုးသမီးကို အချုပ်ခန်းစောင့် လုံခြုံရေးအဖွဲ့၀င်ရှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို တိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံက ဒဏ်ကြေးငွေနဲ့ ကျေအေးစေပြီးအရေးယူခြင်းမရှိတာကို ဒေသခံ ပြည်သူတွေက မြို့နယ့်အဆင့်ကိုတိုင်တန်းမှုကြောင့် ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အမှုကို ‌ဆောမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်စစ်ဆေးဖော်ထုတ်ရာ ခုနစ်ဦးကို ဇွန်လ ၂၉ ရက်ကဖမ်းမိခဲ့ပြီး ကျန်တစ်ဦးကို ဇူလိုင်လ ၃၁ရက် နေ့က ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

ကျူးလွန်သူတွေကို  ပြစ်ဒဏ်မှကင်းလွတ်ခွင့်မရှိစေဘဲ ဥပဒေနဲ့အညီအရေးယူနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆောမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၃ရက်က ထုတ်ပြန်ထားပါတယ်။

ကျူးလွန်ခံရသူအမျိုးသမီးကို ဆောမြို့နယ်သို့ ခေါ်ဆောင်ထားပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်လို့ သိရပါတယ်။

  • စစ်ကောင်စီကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသေဆုံး

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၂၁ ဦး သေဆုံး ခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) ဩဂုတ်လ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ခြောက်ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးနဲ့ မီးရှို့သတ်ဖြတ်မှုကြောင့်တစ်ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအပြင် အမျိုးသမီး ၁၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက အမျိုးသမီးတွေ ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရတဲ့ အမျိုးသမီး တချို့ဆိုရင် စစ်ကောင်စီ တပ်သားတွေရဲ့ လိင်ပိုင်ဆိုင်ရာ စော်ကားတာ ခံရတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အမျိုးသမီး ၃,၆၄၇ ဦး ဖမ်းဆီးခံထားရတယ်လို့ မြန်မာအမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။

Source – RFA

Author:

Related Articles