တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ – နိုဝင်ဘာလ ၇ ရက်ကနေ ၁၃ ရက်အထိ
နိုဝင်ဘာလ ၇ ရက်ကနေ ၁၃ ရက်အထိ တပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲက ထူးခြားတဲ့အကြောင်း အရာတွေ ကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်မှာတော့ လူထုအကြား စိတ်ဝင်စားဖွယ်ရာ သတင်းတွေ၊ ဝေဖန်ရှုတ်ချတဲ့သတင်းတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြားက သတင်း ၃ ပုဒ်အပေါ် လူထုရဲ့ တုံ့ပြန်မှုနဲ့ သုံးသပ်ချက်တွေကို စုစည်းတင်ပြပေး ချင်ပါတယ်။
ပထမဆုံးသတင်းက “ဝိုင်းမော်မြို့နယ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ လီဆူးပြည်သူ့စစ်ရဲဘော်တဦးက အမျိုးသမီးတွေ အပေါ် အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့”တဲ့ သတင်းပါ။ ဒီသတင်းက လူထုကြား စိတ်ဝင်စား မှု လွန်စွာ မြင့်တက်ခဲ့သလို ဝေဖန်သံတွေလည်း ဆူညံသွားခဲ့တယ်။
လက်နက်ကိုင်အဖွဲ့ အစည်းတခုခုကို မှီခိုပြီး အခုလို အမျိုးသမီးတွေရဲ့ ကိုယ်ရေး ကိုယ်တာလုံခြုံမှုနဲ့ စိတ်ပိုင်း ဆိုင်ရာကို ထိခိုက်အောင် လုပ်နေတဲ့အပေါ် ဥပဒေအရ ထိထိရောက်ရောက် အရေးမယူဘဲ ခံဝန်ကတိလောက်နဲ့ လွှတ်ပေးလိုက်တာဟာ တရားမျှတမှု လုံးဝမရှိဘူးလို့ ဒေသခံတွေနဲ့ ဥပဒေပညာရှင်တွေက ထောက်ပြဝေဖန်ထား ကြပါတယ်။
ဒုတိယသတင်းက“ရခိုင်မှာ သားဖွားမိခင်နဲ့ ကလေး သေဆုံးမှုဖြစ်စဉ်တွေ ဆက်တိုက်ရှိနေ” ဆိုတဲ့သတင်းပါ။
တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ၃နှစ်တိတိကြာမြင့်လာပြီးဖြစ်တဲ့ ရခိုင်ပြည်မှာ ဆေးဝါးနဲ့ အာဟာရ မလုံလောက်တာ၊ ငွေကြေး မတတ်နိုင်တာ တွေကြောင့် ကိုယ်ဝန်ဆောင်တွေ ကလေးမွေးဖွားချိန် သေဆုံးတာနဲ့ မွေးကင်းစ ကလေးငယ် သေဆုံးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတာဟာ ရခိုင်လူထုရဲ့ အရေးပေါ် အခြေအနေထက်ကျော်လွန်နေတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။
စစ်ပွဲတွေကြားမှာ ကိုယ်ဝန်စဆောင်ချိန်ကတည်းက အာဟာရပြည့်ဝအောင် မစားသောက်နိုင်တာ၊ ဖောလစ်အက်စစ်လို အခြေခံအားဆေးတောင် မသောက်နိုင်တာတွေကြောင့် မွေးဖွားချိန်မှာ မမွေးနိုင်မဖွားနိုင် ဖြစ်ကြရသလို မွေးလာတဲ့ ကလေးတွေမှာလည်း မသန်မစွမ်းဖြစ်တာနဲ့ အသက်သေဆုံးတာတွေ ကြုံနေကြရ ပါတယ်။
ဆေးရုံဆေးခန်းနဲ့ ဝေးလံတာ၊ အရေးပေါ်ကားနဲ့ သွေးလိုအပ်ချက် ရှိနေတာတွေကြောင့် အိမ်မှာပဲ မီးဖွားရင်း သွေးလွန်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေရှိသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်က စစ်ကောင်စီက သားဖွားဆေးရုံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ စတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်လူထုရဲ့ အကြပ်တည်းတွေ က ပိုမိုကြီးထွားလာနေတာကို လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
နောက်ဆုံး သတင်းကတော့“စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ညောင်ပင်လယ်ရွာက စာသင်ကျောင်း ဗုံးကြဲခံရလို့ ဆရာ၊ ဆရာမတွေနဲ့ ကလေးငယ်တွေ အပါအဝင် ၁၁ ဦး သေဆုံးခဲ့ရတဲ့” သတင်းပါ။
အပြစ်မဲ့ ကလေးငယ်တွေရဲ့ ပညာသင် ကြားခွင့်နဲ့ အသက်အိုးအိမ်တွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်နေ တာဟာ စစ်ရာဇဝတ်မှု မြောက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စိုးရိမ်ကြောင်း ထုတ်ပြန်နေရုံနဲ့ မရတော့ဘဲ လက်တွေ့ကျကျ ထိရောက်တဲ့ အရေးယူမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးဖို့ ပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၉ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
- အမျိုးသမီးတွေကို အွန်လိုင်းကနေ ထိပါးနှောင့်ယှက်တဲ့ လီဆူးပြည်သူ့စစ်ရဲဘော်ကို ခံဝန်ကတိနဲ့သာ အရေးယူ
- သီပေါလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ ကာမလိမ်လည်မှု ကျူးလွန်မှုနဲ့ တိုင်ကြားခံရ
- ရခိုင်မှာ သားဖွားမိခင်နဲ့ ကလေး သေဆုံးမှုဖြစ်စဉ်တွေ ဆက်တိုက်ရှိနေ
- အမျိုးသမီးတွေ သေဆုံးထိခိုက်မှုတွေအတွက် နိုင်ငံတကာက စုံစမ်းဖော်ထုတ်ပြီး လက်တွေ့အရေးယူဖို့ တိုက်တွန်း
- စစ်ကိုင်းမှာ မင်္ဂလာဆောင်ကို စစ်တပ် ဝင်စီးပြီး သတို့သမီးနဲ့အမျိုးသမီးတချို့ကို ဖမ်းသွား
- လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၁လအတွင်း အသက်မပြည့်သေးသူတွေအပါအဝင် အမျိုးသမီး ၄၉ ဦး သေဆုံး၊ ရခိုင်က အများဆုံးဖြစ်
- မြန်မာနိုင်ငံ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ M-WPS ဖိုရမ်မှာ ဆွေးနွေး
- ကနီမှာ စာသင်ကျောင်း ဗုံးကြဲခံရလို့ ကလေးတွေနဲ့ ဆရာတွေအပါ ၁၁ ဦး သေဆုံး
- ဝက်လက်မှာ အဘွားအိုတဦး လည်လှီးသတ်ခံရ
အမျိုးသမီးတွေကို အွန်လိုင်းကနေ ထိပါးနှောင့်ယှက်တဲ့ လီဆူးပြည်သူ့စစ်ရဲဘော်ကို ခံဝန်ကတိနဲ့သာ အရေးယူ
Source – Kachin News Group
ဝိုင်းမော်မြို့နယ်မှာ လီဆူပြည်သူ့စစ်ရဲဘော်တစ်ဦးက အမျိုးသမီးအများအပြားကို Messenger ကနေ လိင်ပိုင်း ဆိုင်ရာ ညစ် ညမ်းပုံ၊ ဗီဒီယိုနဲ့ စာသားတွေ ပေးပို့ပြီး ထိပါးနှောင့်ယှက်နေတယ်လို့ ညစ်ညမ်းစာပို့ခံရတဲ့ အမျိုး သမီးတွေက ပြောပါတယ်။
ဒီဖြစ်စဉ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ တိုင်ကြားခဲ့ပေမဲ့ ကျူးလွန်သူကို နောက်ထပ်မလုပ်ဖို့ ခံဝန်ကတိ ထိုးခိုင်းတာနဲ့ သာ အရေးယူခဲ့တယ်လို့ တိုင်ကြားသူတွေက ပြောပါတယ်။
“လူကြီးတွေကိုတော့ တိုင်ပြီလို့ပြောတယ်။ ဒါပေမယ့်နောက်ကျရင် မလုပ်ဖို့ခံဝန်ကတိပဲထိုးခိုင်းတယ်တဲ့”လို့ ဖြစ်စဉ်ကိုသိ တဲ့ ဝိုင်းမော်မြို့ခံအမျိုးသားတဦးပြောပါတယ်။
အဆိုပါ လီဆူပြည်သူ့စစ်ရဲဘော်ဟာ အမျိုးသမီးတွေရဲ့ Messenger အကောင့်တွေကို ဆက်သွယ်ပြီး မလိုလား အပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပေးပို့တာ၊ ညစ်ညမ်းတဲ့ စာသားတွေနဲ့ စကားပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ သိရ ပါတယ်။
အမျိုးသမီးတွေအနေနဲ့ အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှု ကို ထိခိုက်စေသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ဖြစ်စေနိုင်တာကြောင့် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင် ပေးဖို့ လိုအပ်တယ်လို့ ပြည်သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။
လက်ရှိမှာ မိန်းကလေးတွေကို နှောင့်ယှက်နေသူဟာ အမျိုးသားတစ်ဦးတည်းလား၊ မတူညီတဲ့သူတွေက သီးခြား ကျူးလွန် နေတာလားဆိုတာကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်။
ဥပဒေအရလည်း အခုလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေဟာ ရာဇဝတ်မှုမြောက်နိုင်ပြီး အရေးယူနိုင်တယ်လို့ ရှေ့နေ သက်တမ်း ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
“လိင်ပိုင်းဆိုင်ရာ နှောက်ယှက်တာတွေက ရာဇသတ်ကြီးပုဒ်မနဲ့မှာလည်း အတိအကျပါတယ်။ ပြီးတော့ ဆက် သွယ်ရေး ဥပဒေပုဒ်မနဲ့လည်း တရားဆွဲလို့ရတယ်။ ဒါပေမယ့်လည်း လက်ရှိတရားရုံးမှာ များသောအားဖြင့် အဲလိုမျိုး ဖြစ်စဉ်တွေ ကိုတော့ ရာဇသတ်ကြီး ပုဒ်မနဲ့ဘဲဆွဲတာ ပိုများတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ရာဇသတ်ကြီး ပုဒ်မ ၂၉၂ မှာလည်း ညစ်ညမ်းတဲ့ ပစ္စည်းတွေကို ဖြန့်ဝေတာနဲ့ လူအများကြား ပျံ့နှံ့အောင် လုပ်တာ တွေအတွက် အများဆုံး ထောင်ဒဏ် ၃ လ၊ ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အွန်လိုင်းကနေ မလိုလားအပ်တဲ့ လိင်ပိုင်းဆိုင်ရာ စာ၊ ပုံနဲ့ ဗီဒီယိုတွေ ပေးပို့ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ပေးပို့သူ အကောင့်၊ စာပို့ထားတဲ့ မှတ်တမ်း၊ ရက်စွဲနဲ့ အချိန်တွေကို Screenshot ရိုက်ပြီး သက်သေအဖြစ် သိမ်းဆည်းကာ သက်ဆိုင်ရာကို တိုင်ကြားဖို့ နောက်ထပ်ရှေ့နေတစ်ဦးကလည်း အကြံပြုထားပါတယ်။
သီပေါလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ ကာမလိမ်လည်မှု ကျူးလွန်မှုနဲ့ တိုင်ကြားခံရ
Source – ရွှေဖီမြေ
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ ရှမ်းမြောက် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့ ဦးကောင်း သက်စံဟာ အမျိုးသမီးတစ်ဦးကို ကာမလိမ်လည်မှု ကျူးလွန်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးကောင်းသက်စံဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း သီပေါမြို့မှာ ဆိုင်လာဖွင့်တဲ့ အသက် ၃၀ ဝန်းကျင် နန်းဟွမ် (အမည်လွှဲ) ဆိုသူနဲ့ စတင်သိကျွမ်းရာကနေ ချစ်သူရည်းစား ဖြစ်ခဲ့ကြပါတယ်။
အဲဒီနောက် ဦးကောင်းသက်စံဟာ နန်းဟွမ်ရဲ့ ဆွေမျိုးတွေရှေ့မှာ လက်ထပ်မယ်လို့ ကတိပေးခဲ့ပြီးနောက် နှစ်ဦး အတူ နေထိုင်ခဲ့ကြတယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီနောက် သီတင်းကျွတ်မှာ လက်ထပ်မယ်လို့ ကတိပေးခဲ့ပေမဲ့ ဦးကောင်းသက်စံဘက်က အဲဒီအမျိုးသမီးကို လက်ထပ်တာ မရှိဘဲ ဖိအားပေးခြိမ်းခြောက်တဲ့အပြင် မိသားစုဝင်ကို ရဲစခန်းအထိ ခေါ်ယူပြီး ဖိအားပေး နေတယ်လို့ ဆိုပါတယ်။
“မဲဆွယ်စည်းရုံးရေးကတည်းက သိကြတာ၊ အဲဒီနောက်ပိုင်းကျတော့ ဖုန်းကနေ စာတွေ အပြန်အလှန် ပို့ကြ တာ၊အဲဒီကနေ ဦးကောင်းသက်စံက အဲဒီအမျိုးသမီးကို ချစ်ရေးဆိုတယ်။ အဲဒီအချိန်ကတည်းက အဲဒီအမျိုး သမီးမှာ အိမ်ထောင်ကွဲဖြစ်ပြီး ကလေးရှိတယ်ဆိုတာ သူသိတယ်။ သူက လက်ထပ်မယ်ဆိုပြီး လက်ခံခဲ့တာ” လို့ နန်းဟွမ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဦးကောင်းသက်စံဟာ သီပေါမြို့နယ် နမ့်လန်မြို့က အမျိုးသမီးတစ်ဦးအပြင် သီပေါမြို့နယ်ထဲက အမျိုး သမီး တစ်ဦးနဲ့ ထပ်တွဲနေပြီး အရင်က လက်ထပ်ယူမယ်လို့ ကတိပေးထားတဲ့ အမျိုးသမီးကိုတော့ အာဏာအလွှဲ သုံးစားလုပ်ပြီး ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဦးကောင်းသက်စံ ကျူးလွန်ခဲ့တဲ့အမှုကို စစ်ကောင်စီရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီထံ စာပို့တိုင်ကြားခဲ့ပေမဲ့ စာရောက်ရှိခြင်း ရှိမရှိကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ကျူးလွန်ခံရတဲ့ အမျိုးသမီးဟာ သီပေါမြို့ကနေ တိမ်းရှောင်နေရပြီး အဲဒီအမျိုးသမီးရဲ့ မိသားစုကို ဦးကောင်း သက်စံက သီပေါရဲစခန်းမှာ မကြာခဏ ခေါ်ယူပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဦးကောင်းသက်စံကတော့ ၎င်းအနေနဲ့ ကျူးလွန်တာ မရှိကြောင်း ငြင်းဆိုထားပြီး စီးပွားရေးလုပ်ငန်းတချို့ရဲ့ ပံ့ပိုးမှုနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာဖြစ်တယ်လို့ ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
၎င်းကို တိုင်ကြားတဲ့ အမျိုးသမီးကိုလည်း သီပေါရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း ဦးကောင်းသက်စံက ပြောပါတယ်။
ရခိုင်မှာ သားဖွားမိခင်နဲ့ ကလေး သေဆုံးမှုဖြစ်စဉ်တွေ ဆက်တိုက်ရှိနေ
Source – DMG
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဆေးဝါးနဲ့ အာဟာရ မလုံလောက်တာ၊ ငွေကြေး မတတ်နိုင်တာ တွေကြောင့် ကိုယ်ဝန်ဆောင်တွေ ကလေးမွေးဖွားချိန် သေဆုံးတာနဲ့ မွေးကင်းစ ကလေးငယ် သေဆုံးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ရှိလာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြောက်ဦးမြို့နယ်၊ ကျောက်တော်၊ ရသေ့တောင်၊ ဂွနဲ့ ကျောက်ဖြူမြို့နယ် တွေမှာ ကိုယ်ဝန်ဆောင်တွေ ကလေးမွေးဖွားချိန်နဲ့ မွေးပြီးစ ကာလတွေမှာ သေဆုံးသွားရတဲ့ ဖြစ်စဉ် ၅ ခုထက် မနည်း ရှိခဲ့တာပါ။
ကိုယ်ဝန်စဆောင်ချိန်ကတည်းက အာဟာရပြည့်ဝအောင် မစားသောက်နိုင်တာ၊ ဖောလစ်အက်စစ်လို အခြေခံ အားဆေး တောင် မသောက်နိုင်တာတွေကြောင့် မွေးဖွားချိန်မှာ မမွေးနိုင်မဖွားနိုင် ဖြစ်ကြရသလို မွေးလာတဲ့ ကလေးတွေမှာလည်း မသန်မစွမ်းဖြစ်တာနဲ့ အသက်သေဆုံးတာတွေ ကြုံနေရတယ်လို့ ကျောက်ဖြူမြို့နယ်က ပရဟိတသမား ကိုနိုင်လင်းထွန်း က ပြောပါတယ်။
ဒါ့အပြင် ဆေးရုံဆေးခန်းနဲ့ ဝေးလံတာ၊ အရေးပေါ်ကားနဲ့ သွေးလိုအပ်ချက် ရှိနေတာတွေကြောင့် အိမ်မှာပဲ မီးဖွားရင်း သွေးလွန်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်တပ်က ဆေးရုံဆေးခန်းတွေနဲ့ ဈေးတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာ ကြောင့် အကျပ်အတည်းတွေ ပိုမိုကြီးထွားလာနေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့ သားဖွား ဆေးရုံ ဗုံးကြဲခံရလို့ မွေးကင်းစကလေးအပါအဝင် ၅ ဦး သေဆုံးခဲ့ရတယ်။
လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီစောင့်ရှောက်မှု အားနည်းနေသလို မြေပြင်ပရဟိတအဖွဲ့တွေရဲ့ အကူအညီကလည်း လက်လှမ်းမမီ ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်က ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ် တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် အလွန်ကြီးမားနေဆဲ ဖြစ်တယ်။
အမျိုးသမီးတွေ သေဆုံးထိခိုက်မှုတွေအတွက် နိုင်ငံတကာက စုံစမ်းဖော်ထုတ်ပြီး လက်တွေ့အရေးယူဖို့ တိုက်တွန်း
Source – ကန္တာရဝတီတိုင်း (မ်)
မြန်မာနိုင်ငံတဝှမ်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ အရပ် သားပြည်သူ တွေ သေဆုံးထိခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စုံစမ်းဖော်ထုတ်ပြီး လက်တွေ့အရေးယူဖို့ လိုအပ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက တိုက်တွန်းပါတယ်။
အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စိုးရိမ်ကြောင်းနဲ့ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ရုံ သာမက ဖြစ်စဉ်တွေကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်တာ၊ သက်သေအထောက်အထားတွေ ထိန်းသိမ်းတာနဲ့ တာဝန်ရှိ သူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ တာဝန်ခံစေတာတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ပြောပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိုးရိမ်ကြောင်းထုတ်ပြန်တာ၊ ရှုတ်ချကြောင်းပြောဆိုတာတွေနဲ့သာ ရပ်တန့် မနေဘဲ ဖြစ်စဉ်တွေကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ခြင်း၊ သက်သေအထောက်အထားတွေကို ထိန်းသိမ်းခြင်း၊ တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ တာဝန်ခံစေခြင်းနဲ့ ထိခိုက်ခံစားရတဲ့ မိသားစုတွေအတွက် ပြန်လည် ကုစားရေးတွေကို လက်တွေ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” လို့ မော်ဖရေမြာက ပြောပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့အတွက် အားကောင်းပြီး တိကျသေချာတဲ့ အကူအညီတွေ၊ လက်တွေ့ လုပ် ဆောင် ချက်တွေကို မြန်မာပြည်သူတွေက အရေးတကြီးလိုအပ်လျက်ရှိတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU) က ပြောထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးထိခိုက်မှုတွေ ဆက်လက် ရှိနေဆဲဖြစ်တယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ စာရင်းအရ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုး သမီး ၄၇ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ ဦးနဲ့ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁ ဦး စုစုပေါင်း အမျိုးသမီး ၄၉ ဦး သေဆုံးခဲ့ တယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၉ ဦးနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ ဦး စုစုပေါင်း ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ ၄၉ ဦးထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၉ ဦးလည်း ပါဝင်တယ်လို့ BWU ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လစဉ် အရပ်သားထိခိုက်သေဆုံးမှုတွေရှိ နေပြီး အမျိုးသမီးသေဆုံးတာ၊ ထိခိုက်မှုတွေလည်း ရှိနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကရင်နီပြည် မှာ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးသူ ၈ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၈ ဦးရှိခဲ့ တယ်လို့ ကရင်နီလူ့အခွင့် အရေးအဖွဲ့ ( KnHRG) က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်နှစ်ဦးအပါဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် တရားမျှတမှု ရရှိရေး အပြင် နစ်နာဆုံးရှုံးမှုတွေအတွက် ပြန်လည်ကုစားရေးအကူအညီတွေကိုလည်း လက်တွေ့အကောင် အထည်ဖော်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမှာ မင်္ဂလာဆောင်ကို စစ်တပ် ဝင်စီးပြီး သတို့သမီးနဲ့အမျိုးသမီးတချို့ကို ဖမ်းသွား
Source – People’s Spring
စစ်ကိုင်းမြို့နယ်၊ ငါးထပ်ကြီးဘုရားရဲ့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ မင်္ဂလာ ဆောင်ကို ဝင်စီးကာ သတို့သမီးအပါအဝင် ဒေသခံတွေကိုဖမ်းဆီးခဲ့ပြီး တဲကြီးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ရက်က စစ်ကိုင်းမြို့နယ်မှာ အမှတ်(၇၂)သံချပ်ကာတပ်ရင်းမှ ဒုတိယ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို လင်းယုန်ညီနောင်ပြောက်ကျားတပ်က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အပြီး အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်ကြောင်းတွေ ထိုးနေတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ နိုဝင်ဘာ ၇ရက်မှာ ကျွဲလူးရွာ မင်္ဂလာဆောင်ကို ဝင်ရောက်စီးနင်းချိန်မှာ သတို့သားက ထွက်ပြေး လွတ်မြောက်သွားပြီး သတို့သမီး အပါအဝင် အမျိုးသမီးတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၁လအတွင်း အသက်မပြည့်သေးသူတွေအပါအဝင် အမျိုးသမီး ၄၉ ဦး သေဆုံး၊ ရခိုင်က အများဆုံးဖြစ်
Source – HI
ယခုနှစ် အောက်တိုဘာလအတွင်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ တဝှမ်း အမျိုးသမီး ၄၉ ဦး အသက် ဆုံးရှုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ ၄၅ ဦးရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) က နိုဝင်ဘာ ၁၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၆ ခု၊ အောက်တိုဘာ ၁ရက်ကနေ ၃၁ရက် အတွင်း BWU က သတင်းမီဒီယာတွေထဲ အချက်အလက်စောင့် ကြည့် လေ့လာမှတ်တမ်းတင်မှုအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူ ၄၇ ဦးရှိခဲ့ပြီး၊ လက်နက်ကြီး ပစ်ခတ်ခံရမှု ကြောင့် ၁ဦး နဲ့ မတရားသတ်ဖြတ်ခံရသူ ၁ဦးရှိခဲ့ပါတယ်။ ဒီအထဲ အသက် ၁၈နှစ်အောက် အမျိုး သမီးငယ် ၉ ဦး ပါဝင် နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၃၉ဦး ၊လက်နက်ကြီးပစ်ခတ်မှု ကြောင့် ၆ဦး ရှိခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး ၄၀ကျော်ထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းတို့ ပါဝင်နေပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ဖို့အတွက် အားကောင်းပြီး တိကျသေချာတဲ့ အကူ အညီနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို မြန်မာပြည်သူတွေအရေးတကြီး လိုအပ်လျက်ရှိတယ်လို့ BWU က ဆိုပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) ရဲ့ စာရင်းဇယားတွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာအထိ အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်း အမျိုးသမီး ၄၇၁ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၄၆၈ဦးရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ M-WPS ဖိုရမ်မှာ ဆွေးနွေး
Source – DVB
မြန်မာနိုင်ငံ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအဖွဲ့ (M-WPS) က ဦးဆောင်ပြီး “မြန်မာနိုင်ငံ အမျိုးသမီး၊ ငြိမ်း ချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေများ” ဆိုတဲ့ ဖိုရမ်တစ်ခုကို နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေ က ကျင်းပခဲ့ပါတယ်။
မဟာမိတ်အဖွဲ့အစည်းပေါင်း ၂၃ ဖွဲ့က ကိုယ်စားလှယ် ၇၀ နီးပါး တက်ရောက်ခဲ့တဲ့ ဒီဖိုရမ်မှာ ပဋိပက္ခကာလ အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး တရားမဝင် စီးပွားရေးလုပ်ငန်းတွေ၊ အွန်လိုင်း ငွေလိမ်စင်တာ တွေ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန် နေတာကို ထိရောက်စွာ တားဆီးဖို့ ထောက်ပြဆွေးနွေးခဲ့ကြတယ်။
စစ်အာဏာရှင်တွေဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို အမျိုးသမီး၊ LGBTQIA+ နဲ့ မသန်စွမ်း သူတွေရဲ့ လုံခြုံရေးကိုလည်း အာမခံနိုင်မှာ မဟုတ်ဘူးလို့ ဖိုရမ်က ဆိုပါတယ်။
ဒါ့ကြောင့် အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ငြိမ်းချမ်းရေး၊ ရာသီဥတုပြောင်းလဲမှု ဒါမှမဟုတ် အွန်လိုင်း ငွေလိမ်မှု တိုက်ဖျက်ရေး စတဲ့ ခေါင်းစဉ်တွေအောက်ကနေ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တရားဝင်မှုပေးတာမျိုး လုံးဝမလုပ်ဖို့နဲ့ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ အရေးယူနိုင်ဖို့ အချက် ၇ ချက်ပါ သဘောထားထုတ်ပြန်ချက်နဲ့ တောင်းဆိုထားပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ဖက်ဒရယ်ယူနစ်တွေအနေနဲ့ စစ်အာဏာရှင်တွေလို ပဋိပက္ခကနေ ကိုယ်ကျိုးစီးပွား ရှာဖွေတာမျိုး မဖြစ်စေဖို့ သတိပြုရမှာဖြစ်သလို မူဝါဒတွေ ရေးဆွဲရာမှာ လူသားလုံခြုံရေးနဲ့ အမျိုးသမီး၊ လူငယ်၊ လူနည်းစု၊ LGBTQIA+ နဲ့ မသန်စွမ်းသူတွေရဲ့ ပါဝင်မှုကို မဖြစ်မနေ ထည့်သွင်းဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်ပကို တိမ်းရှောင်နေရတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကို သက်ဆိုင်ရာနိုင်ငံတွေက တရားဝင် အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့လည်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍအတွက် ဘတ်ဂျက်ပံ့ပိုးမှုတွေ တိုးမြှင့်ပေးဖို့ M-WPS က တောင်းဆိုလိုက်ပါတယ်။
ကနီမှာ စာသင်ကျောင်း ဗုံးကြဲခံရလို့ ကလေးတွေနဲ့ ဆရာတွေအပါ ၁၁ ဦး သေဆုံး
Source – ဧရာဝတီ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ညောင်ပင်လယ်ရွာက စာသင်ကျောင်းနဲ့ အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကလေး ငယ်တွေအပါအဝင် ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ညောင်ပင်လယ်ရွာမှာ မြေပြင်တိုက်ပွဲ ဖြစ်ပွားတာမျိုး လုံးဝမရှိဘဲ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ မနက် ၁၁ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် ၅ လုံးလောက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါ တယ်။
ကနီမြို့နယ် အနောက်တောင်ဘက်မှာရှိတဲ့ ညောင်ပင်လယ်ရွာက အဲဒီစာသင်ကျောင်းကို NUG ပညာရေးဌာနက ဦးစီး ဖွင့်လှစ်ပြီး စာသင်ကြားပေးနေတာပါ။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက စာသင်ကျောင်းတွေနဲ့ ဆေးကုသရာနေရာတွေကို စစ်တပ်က ပစ်မှတ်ထား ဗုံးကြဲနေတာ ဖြစ်တယ်။
ဝက်လက်မှာ အဘွားအိုတဦး လည်လှီးသတ်ခံရ
Source – မြေလတ်အသံ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာမှာ အသက် ၆၀ ကျော်အရွယ် အဘွားအိုတဦး လည်ပင်းလှီး သတ်ဖြတ်ခံ ရပြီး ရွှေငွေ ကျပ်သိန်း ၃၀၀ ကျော်ပါသွား တရားခံတွေလွတ်မြောက်နေတယ်လို့ ဝက်လက်မြို့နယ် ပကဖ တာဝန်ရှိသူတွေ ထံမှ သိရပါတယ်။
သတ်ဖြတ်ခံရသူဟာ ကျေးရွာနေ အသက် ၆၀ ကျော်အရွယ်ရှိ ဒေါ်ဌေးမှီဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ခန့်က နေအိမ်မှာ ရှိနေချိန် လူတစု နေအိမ်ပေါ်တက် ဓားပြတိုက်ပြီး သတ်ဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။
“တရားခံတွေ မမိသေးတော့ ဘယ်နှစ်ယောက်ပါတယ်ဆိုတာ မသိရသေးဘူး။ လည်လှီးသတ်သွားတာ။ အခြေနေကတော့ စုံစမ်းနေတုန်း။ မိသားစုဝင်တွေ မရှိချိန် ဖြစ်တာလို့တော့ သိရတယ်။ ရွှေနဲ့ ငွေတွေတော့ ပါသွားတယ်”လို့ ဝက်လက်မြို့ နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဓားပြအုပ်စုရဲ့ လည်လှီးသတ်ဖြတ်မှုကြောင့် ဒေါ်ဌေးမှီမှာ နေရာမှာတင် သေဆုံးသွားပြီး သူအိတ်ထဲက ငွေကျပ် ၂၇၀၀၀၀ နဲ့ သူဝတ်ဆင်ထားတဲ့ ရွှေသုံးကျပ်သားကိုပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လူသတ်ဓားပြမှုကျူးလွန်ထားသူ တရားခံတွေကတော့ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ လွတ်မြောက်နေပြီး သက်ဆိုင်ရ မြို့နယ် ပကဖ၊ ပလဖတွေက တရားခံတွေ ဖမ်းဆီးရမိရေး စုံစမ်းနေကြတယ်လို့ သိရပါတယ်။
လူသတ်ဓားပြမှုဖြစ်ခဲ့တဲ့ အုတ်ပုံကျေးရွာဟာ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က ကျေးရွာဖြစ်ပြီး ရွှေဘိုမြို့နယ် ပလိုင်းပျူစောထီး ကျေးရွာနဲ့ တမိုင်ကျော်ခန့်သာ ဝေးတဲ့ ကျေးရွာဖြစ်လို့ ပျူစောထီးအဖွဲ့တွေ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းနေကြတယ်လို့ သိရပါတယ်။










