Watercolor illustration of a woman’s silhouette decorated with stars, flowers, eyes, lips, a crescent moon, and leaves, symbolizing the many facets of a woman’s identity and fulfillment

အမျိုးသမီးတယောက်ရဲ့ ဘဝပြည့်စုံမှုဆိုတာ ဘာလဲ

ဒီဇင်ဘာခိုင်

အမျိုးသမီးတယောက် အသက်အရွယ်တခုကို ရောက်လာတဲ့အခါ လူတွေက ဒီလိုမေးခွန်းတွေ မေးတတ်ကြပါတယ်။

 “ဘယ်တော့ အိမ်ထောင်ပြုမှာလဲ”

 “ဘယ်တော့ ကလေးယူမှာလဲ”

“အသက်ကြီးလာရင် ကိုယ့်ကို ဘယ်သူစောင့်ရှောက်ပေးမှာလဲ”

 “အပျိုကြီးပဲ လုပ်တော့မှာလား”

တချို့အမျိုးသမီးတွေက ကလေးမယူချင်ဘူးလို့ ပြောတဲ့အခါ “အခုတော့ ဒီလိုပြောတာပေါ့၊ အသက်ကြီး လာရင် စိတ်ပြောင်းသွားမှာပါ” ဆိုပြီး ပြန်ပြောတတ်ကြပါတယ်။ တချို့ကတော့ ကလေးမယူချင်တာဟာ တကိုယ်ကောင်းဆန်တာမျိုးလို့တောင် ထင်မြင်တတ်ကြပါတယ်။

 ဒီလိုပြောကြတဲ့သူတွေဟာ မကောင်းတဲ့စိတ်နဲ့ ပြောဆိုနေကြတာမျိုး မဟုတ်နိုင်ပါဘူး။ သူတို့အတွက် မိသားစုဘဝတည်ဆောက်ခြင်းနဲ့ ကလေးမွေးဖွားပြုစုပျိုးထောင်ခြင်းဟာ ဘဝရဲ့ အရေးအကြီးဆုံး ပျော်ရွှင်မှုတွေထဲက တခု ဖြစ်နေနိုင်ပါတယ်။

တကယ်လည်း မိခင်ဖြစ်ရခြင်းဟာ အမျိုးသမီးတချို့အတွက် အဓိပ္ပာယ်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတခု ဖြစ်နိုင်ပါတယ်။

မိခင်ဖြစ်ခြင်းဟာ ဘဝကို အဓိပ္ပာယ်ရှိစေတဲ့ နည်းလမ်းတခု ဖြစ်နိုင်ပေမဲ့ အမျိုးသမီးတိုင်းအတွက် တခုတည်းသာရှိတဲ့ နည်းလမ်းတော့ မဟုတ်နိုင်ပါဘူး။ ဒါဆို အမျိုးသမီးတယောက်ရဲ့ ဘဝဟာ ဘာကြောင့် အိမ်ထောင်ပြုခြင်းနဲ့ ကလေးယူခြင်းတို့အပေါ် မူတည်ပြီး ပြည့်စုံမှုရှိခြင်း၊ မရှိခြင်းကို တိုင်းတာခံနေရတာလဲ။

အမျိုးသမီးတယောက်ရဲ့ ဘဝဟာ ကလေးမယူတာနဲ့ အိမ်ထောင်ဖက်မရှိရင် မပြည့်စုံတော့ဘူးလား။

တကယ်တော့ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေဆိုတာ အမြဲတမ်း မှန်ကန်နေတဲ့ စည်းမျဉ်း တွေ မဟုတ်ပါဘူး။

လူ့အဖွဲ့အစည်းတခုက လက်ခံထားတယ်၊ ရိုးရာတခုဖြစ်နေတယ်ဆိုတာနဲ့ ဒီအရာဟာ လူတိုင်းအတွက် မဖြစ်မနေ လိုက်နာရမယ့် အမှန်တရားတခု ဖြစ်သွားတာ မဟုတ်ပါဘူး။ ယဉ်ကျေးမှုနဲ့ လူမှုစံနှုန်းတွေ ဆိုတာလည်း ခေတ်ကာလ၊ လူမှုအခြေအနေနဲ့ လူတွေရဲ့ အယူအဆတွေအလိုက် ပြောင်းလဲလာတတ်တဲ့ အရာတွေပါပဲ။

 နေရာဒေသအများအပြားမှာ ဒီအခွင့်အရေးတွေ ရရှိလာခဲ့တာဟာ မျိုးဆက်အနည်းငယ်လောက်ပဲ ရှိပါသေး တယ်။ ဒါကြောင့် အရင်ခေတ်ကတည်းက လက်ခံလာခဲ့ကြတဲ့ အယူအဆတခုဖြစ်နေတာနဲ့ပဲ ဒီနေ့ခေတ်မှာ လည်း မေးခွန်းမထုတ်ဘဲ လိုက်နာရမယ်လို့ မဆိုလိုပါဘူး။ တချိန်က အမျိုးသမီးတွေအတွက် ရွေးချယ်ခွင့် မရှိခဲ့တဲ့ အရာတွေကို ဒီနေ့ခေတ်မှာ ကိုယ်တိုင် ဆုံးဖြတ်နိုင်လာပြီဆိုရင် ကိုယ်ဘယ်လိုဘဝမျိုးကို လိုချင်သလဲ ဆိုတာကိုလည်း ပြန်လည်စဉ်းစားပိုင်ခွင့် ရှိသင့်ပါတယ်။

လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေကို ပိုပြီးစဉ်းစားကြည့်မယ်ဆိုရင် အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို တူညီတဲ့ရွေးချယ်မှုတွေအတွက်တောင် မတူညီတဲ့စံနှုန်းတွေနဲ့ တိုင်းတာတတ်ကြတာကို တွေ့နိုင်ပါတယ်။ အိမ်ထောင်မပြုသေးတဲ့ အမျိုးသားတယောက်ကို ကိုယ့်ဘဝကိုယ် လွတ်လပ်စွာ ဖြတ်သန်းနေသူ၊ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေကို အာရုံစိုက်နေသူလို့ မြင်နိုင်ကြပေမဲ့ အမျိုးသမီးတယောက် အိမ်ထောင်မပြုဘဲ နေထိုင်တဲ့အခါမှာတော့ သူမရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်တာ၊ သူ့မှာ တခုခု လိုအပ်နေသလို သတ်မှတ်တာမျိုးတွေ ရှိတတ်ပါတယ်။

အမျိုးသားတယောက်ရဲ့ အောင်မြင်မှုကို သူ့ရဲ့အလုပ်အကိုင်နဲ့ ကိုယ်ပိုင်အောင်မြင်မှုတွေအပေါ် အခြေခံပြီး အသိအမှတ်ပြုတတ်ကြပေမဲ့ အမျိုးသမီးတယောက်အတွက်တော့ အဲဒီအရာတွေအပြင် ဇနီးကောင်း တယောက်၊ မိခင်ကောင်းတယောက် ဖြစ်နေသလားဆိုတာကိုပါ ထပ်မံတိုင်းတာတတ်ကြပါတယ်။

ဒီလိုကွဲပြားတဲ့စံနှုန်းတွေကြောင့် အမျိုးသမီးတယောက်ဟာ ကိုယ်တကယ်လိုချင်တဲ့ဘဝကို ရွေးချယ်နေ တာလား၊ ဒါမှမဟုတ် လူအများရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီဖို့ ကြိုးစားနေတာလားဆိုတာကို ပြန်လည် စဉ်းစားဖို့ လိုအပ်လာပါတယ်။

စာရေးဆရာ Eliot Schrefer ရဲ့ အဆိုတခုကို ပြန်လည်ကိုးကားရမယ်ဆိုရင်

 “Traditions are just peer pressure from dead people.”  ဒီစကားရဲ့ ဆိုလိုရင်းကတော့ ရိုးရာဓလေ့တခု ဖြစ်နေလို့၊ လူအများက လက်ခံထားလို့ဆိုတာနဲ့ပဲ မှန်ကန်တယ်လို့ အလိုအလျောက် ယူဆလို့မရဘူး ဆိုတာပါပဲ။ တခါတလေမှာ ကိုယ်တိုင်ယုံကြည်လို့ လိုက်နာနေတာထက် လူ့အဖွဲ့အစည်းက ဒီလိုပဲ နေထိုင် သင့်တယ်လို့ သတ်မှတ်ထားတာကြောင့် လိုက်နာနေကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရိုးရာကို တန်ဖိုးထားသလို၊ အဲဒီရိုးရာတွေက ဒီနေ့ခေတ်မှာ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကန့်သတ်နေသလားဆိုတာကိုလည်း ပြန်လည်စဉ်းစားဖို့ လိုအပ်ပါတယ်။

 “မိန်းမဖြစ်ခြင်း” ရဲ့ တန်ဖိုးဟာလည်း မိခင်ဖြစ်ခြင်း၊ ဇနီးဖြစ်ခြင်းတို့အပေါ် မှာပဲမူတည်နေတာ မဟုတ်ပါဘူး။ အမျိုးသမီးတယောက်က ကိုယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်ရွေးချယ်ပြီး နေထိုင်နိုင်ဖို့လည်း အရေးကြီး ပါတယ်။ ခရီးတွေထွက်ခြင်း၊ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ခြင်း၊ ကိုယ့်အလုပ်အကိုင်မှာ တိုးတက်အောင် ကြိုးစားခြင်း၊ ကိုယ်နှစ်သက်တဲ့ ဝါသနာတွေကို လိုက်စားခြင်း စတဲ့အရာတွေကလည်း ဘဝတခုကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်တဲ့ နည်းလမ်းတွေပဲဖြစ်နိုင်ပါတယ်။ တကယ်တော့ ဘဝပြည့်စုံမှု ဆိုတာ လူအများက ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့ ပုံစံတခုနဲ့ ကိုက်ညီနေခြင်းထက် ကိုယ်တိုင် တန်ဖိုးထားတဲ့အရာတွေနဲ့အညီ နေထိုင်နိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကိုယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ဆိုတာ အရေးကြီးသလို အဲဒီရွေးချယ်မှုတွေရဲ့ အကျိုးဆက်နဲ့ တာဝန်ယူရမယ့်အရာတွေကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ပြုခြင်းနဲ့ ကလေးယူခြင်းဆိုတာ သေးငယ်တဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အချိန်၊ ငွေကြေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုပါ သက်ရောက်မှုရှိစေတဲ့ ကြီးမားတဲ့တာဝန်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးယူဖို့ဆိုတာ လူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် လုပ်သင့်တဲ့အရာ မဟုတ်ပါဘူး။ ကိုယ်တကယ် လိုချင်သလား၊ ဒီတာဝန်ကို ယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ ကိုယ်တိုင်စဉ်းစားပြီး ဆုံးဖြတ်သင့်တဲ့အရာပါ။ ကလေးတယောက်ဟာလည်း လိုချင်လို့ မွေးဖွားလာပြီး ချစ်ခြင်းမေတ္တာနဲ့ ပြုစုပျိုးထောင်ခံရဖို့ ထိုက်တန်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာက စာရေးသူဟာ အမျိုးသမီးတွေကို မိခင်မဖြစ်ဖို့ တိုက်တွန်းနေတာ မဟုတ်ဘဲ မိခင်ဖြစ်ခြင်းနဲ့ မဖြစ်ခြင်း ၂မျိုးစလုံးကို ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိသင့်တယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ မိခင်ဖြစ်ချင်တဲ့ အမျိုးသမီးတယောက်ရဲ့ ဆန္ဒနဲ့ ကလေးမယူချင်တဲ့ အမျိုးသမီးတယောက်ရဲ့ ဆုံးဖြတ်ချက်တို့ဟာ တူညီစွာ လေးစားခံရသင့်ပါတယ်။

 တကယ်တမ်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်ဆိုတာ ကိုယ်မိခင်ဖြစ်ချင်တဲ့အခါ မိခင်ဖြစ်ခွင့်ရှိခြင်းသာမက မိခင်မဖြစ်ချင်တဲ့အခါမှာလည်း ကိုယ့်ဆုံးဖြတ်ချက်အတွက် အပြစ်ရှိသလို ခံစားနေရခြင်း၊ လူအများကို အကြောင်းပြချက်ပေးနေရခြင်းတွေ မရှိဘဲ နေထိုင်နိုင်ခြင်းကိုပါ ဆိုလိုပါတယ်။ အမျိုးသမီးတယောက်ရဲ့ လွတ်လပ်ခွင့်ဆိုတာ ရိုးရာအယူအဆတခုကို ဆန့်ကျင်ဖို့အတွက် အခြားရွေးချယ်မှုတခုကို မဖြစ်မနေ လက်ခံရမယ်ဆိုတာ မဟုတ်ပါဘူး။ ကိုယ်တကယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် မိခင်ဖြစ်လာရမယ့် တာဝန်ရှိသူတွေ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေးလိုချင်ပေမဲ့ မရနိုင်တဲ့ အမျိုးသမီးတွေလည်း ရှိနေတတ် ပါတယ်။ ကျန်းမာရေးအခြေအနေတွေ၊ မျိုးပွားနိုင်မှုဆိုင်ရာ ပြဿနာတွေ၊ ကိုယ်ဝန်ပျက်ကျမှုတွေ၊ ကိုယ်မထိန်းချုပ်နိုင်တဲ့ ဘဝအခြေအနေတွေကြောင့် မိခင်မဖြစ်နိုင်ခဲ့တဲ့သူတွေလည်း ရှိနိုင်ပါတယ်။

တခါတလေမှာ လူတွေက မေးလိုက်တဲ့ မေးခွန်းတခုဟာ တခြားသူတယောက်အတွက် ဘယ်လောက် နာကျင်စရာကောင်းနိုင်တယ်ဆိုတာ မသိနိုင်ကြပါဘူး။ အမျိုးသမီးတယောက်မှာ ကလေးမရှိတာကို မြင်တာနဲ့ သူက မလိုချင်လို့ မယူတာပဲလို့ ယူဆလို့မရပါဘူး။ သူ့ရဲ့ ဘဝနောက်ခံ၊ ကိုယ်ရေးကိုယ်တာအခြေအနေတွေနဲ့ သူ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ကျမတို့ မသိနိုင်ပါဘူး။

တကယ်တော့ ပြန်လည်စဉ်းစားရမယ့် မေးခွန်းက အိမ်ထောင်ပြုသင့်သလား၊ ကလေးယူသင့်သလားဆိုတာ မဟုတ်ပါဘူး။ ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဘဝတခုကို လွတ်လပ်စွာ နေထိုင်ခွင့်ရှိရဲ့လားဆိုတာပါပဲ။ မိခင်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ဇနီးဖြစ်သည်ဖြစ်စေ၊ တကိုယ်တည်းနေထိုင်သည်ဖြစ်စေ မိန်းမတယောက်ရဲ့ တန်ဖိုးဟာ လျော့နည်းသွားမှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဘဝဟာ တခြားသူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တည်ရှိ နေတာ မဟုတ်လို့ပါပဲ။