မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိ
ခင်ဘုန်းမို့
မြန်မာနိုင်ငံမှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ ကျား၊ မ ရေးရာစံနှုန်းတွေက အမျိုးသမီးတွေရဲ့ စီးပွားရေးဆိုင်ရာ စွမ်းပကားမြှင့်တင်မှုကို ဟန့်တားနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရဲ့ မနေ့က (ဇူလိုင် ၁၃) ထုတ်ပြန်ခဲ့တဲ့ “ ညီမျှမှု မရှိသော ဝန်ထုပ်ဝန်ပိုးများ – မြန်မာ့စီးပွားရေး အကြပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” ဆိုတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ အမျိုးသား ၁၀ဦးမှာ ၁ ဦးက အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်ပြင်ပမှာ အလုပ်မလုပ်သင့်ဘူးလို့ ယုံကြည်ထားကြပါတယ်။
တူညီတဲ့အလုပ်ဖြစ်စေ၊ အမျိုးသားတွေက လုပ်အားခ ပိုမိုရရှိသင့်တယ်လို့ အမျိုးသား ၃၅ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၃ ရာခိုင်နှုန်းက ယုံကြည်ထားကြတဲ့အတွက် ဒီအချက်ကလည်း အမျိုးသမီးနဲ့ အမျိုးသားကြား စီးပွားရေးမညီမျှမှုကို ပုံမှန်ကိစ္စရပ်တခုလို ရှုမြင်မှုတခုဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိမှာ မြန်မာနိုင်ငံအတွင်းက အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ဝင်ငွေလုံးဝမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဝင်ငွေမရှိသူ အမျိုးသမီးရာခိုင်နှုန်းက ၅၇ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတွေဟာ ပျမ်းမျှလစဉ်ဝင်ငွေ ၂၇၅,၀၀၀ ကျပ် (၆၃ ဒေါ်လာခန့်) ရရှိပြီး အလုပ်လုပ်ကိုင်နေသူ အမျိုးသားတွေက ၃၅၀,၀၀၀ ကျပ် (၈၀ ဒေါ်လာခန့်)ရရှိကာ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ လစဉ်ဝင်ငွေ ၇၉ ရာခိုင်နှုန်းကိုသာ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့ခံ ကုမ္မဏီဝန်ထမ်းအမျိုးသမီးတဦးက “အလုပ်အကိုင်အခွင့်အလမ်းက ရှားပါးတဲ့အပြင် အမျိုးသမီးတွေ အားထားရတဲ့ တနိုင်တပိုင်လုပ်တဲ့ အိမ်တွင်းစီးပွါးရေးတွေလည်း မကောင်းတဲ့အတွက် ကြပ်တည်း လာတာတော့အမှန်ပဲ”လို့ မြေပြင်က လက်တွေ့အခြေအနေကို ပြောပါတယ်။
- နာရီမရှိသော စက်ရုပ်များ
- အနာဂတ်ကလေးငယ်တွေအတွက် မိခင်တို့ထမ်းပိုးနေရတဲ့ အာဟာရနဲ့ကျန်းမာရေး
- ခေတ်ဆိုးခေတ်ကြပ်ထဲက မိခင်တွေရဲ့ အာဟာရတိုက်ပွဲ
ပဋိပက္ခပြင်းထန်တဲ့ဒေသတွေမှာ အမျိုးသမီးတွေအလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်းနှုန်းထိ ကျဆင်းသွားပြီး အမျိုးသားတွေက ၈၂ရာခိုင်နှုန်းရှိကာ အမျိုးသမီးနဲ့ အမျိုးသားတို့ကြား ၂၀ရာခိုင်နှုန်း ကွာဟချက်ရှိနေတယ်လို့ အစီရင်ခံစာကဆိုထားပါတယ်။
ပဋိပက္ခနည်းတဲ့ဒေသတွေမှာတော့ အမျိုးသမီးအလုပ်အကိုင်ရရှိမှုနှုန်း ၇၆ ရာခိုင်နှုန်းနဲ့ အမျိုးသား ၇၃ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။
အသိမိတ်ဆွေတွေထဲမှာလည်း အလုပ်မရှိတဲ့ အမျိုးသမီးတွေများပြီး၊ အများစုက ရတဲ့လစာနဲ့ သုံးရတဲ့ဝင်ငွေ မလောက်ငှတာ စတဲ့အကြောင်းအရင်းတွေကြောင့် နိုင်ငံခြားသွားဖို့ပြင်ဆင်ကြတယ်လို့ တောင်ငူမြို့မှာနေထိုင်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးကဆိုပါတယ်။
ဒီအစီရင်ခံစာကို UNDP နဲ့ UN Women တို့က ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လူပေါင်း (၅၄၀၅) ဦးပါဝင်တဲ့ တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ စစ်တမ်းအပေါ်မှာအခြေခံပြီး ပြုစုထားတာဖြစ်ပါတယ်။











