စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသော တန့်ဆည်မြို့နယ်ရှိ ကျောင်းအဆောင်

ဒီမြေကို ဘယ်သူအုပ်ချုပ် အုပ်ချုပ်၊ လုံလုံခြုံခြုံနဲ့ စာသင်ခွင့်ရရင် ရပြီ

မူအေးမူ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ပိုင် ကျေးရွာတရွာက  သက်တမ်းရင့် သရက်ပင်ကြီးတပင်ရဲ့ အရိပ်အောက်မှာ အမျိုးသမီး ၅ ဦး မြေပဲခွာရင်း စကားစမြည်ပြောနေကြပါတယ်။

စကားဝိုင်းထဲက ကျောင်းဆရာမတဦးက သက်ပြင်းကိုချလိုက်ရင်း  ဒီမြေကို ဘယ်သူပဲအုပ်ချုပ် အုပ်ချုပ်၊ တို့ကတော့ လုံလုံခြုံခြုံနဲ့ ကလေးတွေ စာသင်ခွင့်ရရင် ရပြီ လို့ ပြောပါတယ်။

ဘေးနားက ရွာခံအမျိုးသမီးတဦးကလည်း “ဟုတ်ပါ့ကွယ်၊  ကိုယ့်ရွာနဲ့ ကိုယ်တောင် လုံလုံခြုံခြုံ မနေရဘူး” လို့ မချိတင်ကဲ လေသံနဲ့  ချက်ချင်း ထောက်ခံလိုက်တယ်။

ရိုးရှင်းတဲ့ ဒီစကားတခွန်းနောက်မှာတော့ စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြားက ကျောင်းဖွင့် ရတဲ့ တန့်ဆည်မြို့နယ်ရဲ့ ပညာရေးအခြေအနေ၊ ကျောင်းသားမိဘတွေရဲ့ စိုးရိမ်မှုနဲ့ ဆရာ၊ ဆရာမတွေရဲ့ ရုန်းကန်မှု တွေ ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တန့်ဆည်မြို့နယ်မှာ စာသင်ကျောင်းတွေ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု တွေကြောင့် ထိခိုက်ပျက်စီးခဲ့သလို ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာလည်း စစ်ကြောင်း ထိုးလာနိုင်ခြေနဲ့ လေကြောင်းတိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်တွေကြားမှာ ပညာသင်ကြားနေရပါတယ်။

အမည်မဖော်လိုတဲ့ ဆရာမတဦးကတော့ ကိုယ့်ဒေသက ကလေးတွေကို လုံခြုံစွာ ပညာသင်ခွင့်ရစေချင်ပေမယ့် အဲဒီအတွက် အသက်နဲ့ရင်းရတဲ့အခြေအနေမျိုး မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

“ကိုယ်ကလေ အဲ့လိုတွေးမိတယ်၊ ကိုယ့်ဒေသက ကလေးတွေကို ပညာတတ်စေချင်တယ်၊ လုံလုံခြုံခြုံနဲ့ ပညာသင်ခွင့်ရစေချင်တယ်၊ ပညာလိုချင်လို့ အသက်နဲ့ ရင်းရတာမျိုး မဖြစ်စေချင်တာပါ”

တန့်ဆည်မြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးချိန်အတွင်း စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲတာတွေ ရှိခဲ့ပြီး စစ်ကြောင်းပြန်ထွက်သွားပြီးနောက် မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက် ခဲယမ်းတွေ ကျန်ရစ်ခဲ့တာတွေလည်း ရှိတယ်လို့ မြေပြင်က ဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဝင်လာချိန်မှာ စာသင်နေရာကနေ ကလေးတွေကို ခေါ်ပြီး ထွက်ပြေးခဲ့ရတဲ့ အတွေ့အကြုံလည်း ဆရာ၊ ဆရာမတွေအတွက် မမေ့နိုင်တဲ့ အဖြစ်အပျက်တခု ဖြစ်နေပါတယ်။

အဲဒီလို ကိုယ်တိုင်ကြုံခဲ့ရတဲ့ CDM ဆရာမ ဒေါ်လှိုင်လှိုင် (အမည်လွှဲ) က  “အဲ့ဒီတုန်းက စာသင်နေရင်း ရွာက လူတွေ ပြေးကြတော့ ကိုယ်လည်း ပြေးရတာပေါ့၊ ကြောက်လည်း ကြောက်တယ်၊ စစ်ကြောင်းက ရွာထဲ ရောက်နေပြီလေ၊ ကျမတို့လည်း ကလေးတွေကို ကျောင်းပိတ်ပြီး ပြေးကြရတာပဲ” လို့ ပြန်ပြောပြပါတယ်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့်ကျောင်းဆောင်

ဒေသခံ ဦးမိုး (အမည်လွှဲ) ကလည်း စစ်ကြောင်းထိုးမှုတွေကြောင့် ရွာသားတွေ မကြာခဏ ထွက်ပြေးနေရတယ် လို့ ဆိုပါတယ်။

“ဒီဘက်က မကြာမကြာဆိုသလို စစ်ကြောင်းထိုးလာတတ်တော့ အမြဲတမ်း ကြောက်စိတ်နဲ့၊ သတိနဲ့ နေရတယ်၊ သိပ်မပြေးရတဲ့ ရွာတွေတောင် အနည်းဆုံး ၁၃ ခေါက်တော့ ပြေးရပြီးသားပဲလေ၊ ဒါတောင် စစ်ကြောင်းထိုးပြီးလို့ ကိုယ့်ရွာကို ပြေးလွှားပြန်လာရင် ကိုယ့်အိမ်လေး ရှိနေသေးတာကိုပဲ ကံကောင်းတယ်လို့ တွေးနေမိသေးတယ်”

ဒီလို အခြေအနေတွေကြားကပဲ ဒေါ်လှိုင်လှိုင်ဟာ မြို့ပေါ်မှာ ပိုမိုလုံခြုံတဲ့နေရာကို သွားရောက် လုပ်ကိုင်နိုင် ပေမယ့် မိမိဒေသက ကလေးတွေ ပညာမပြတ်စေဖို့ မြေပြင်မှာ ဆရာမအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ် ပါတယ်။

ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်တင် (အမည်လွှဲ) ကတော့ ကျောင်းတက်နေတဲ့ ကလေး ၂ ဦးအတွက် လေယာဉ်သံကြားတိုင်း စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“လေယာဉ်သံကြားရင် ‘ဘာမှမဖြစ်ပါစေနဲ့’ လို့ အကြိမ်ကြိမ် ဆုတောင်းမိတယ်၊ ကိုယ့်ကလေး ၂ ယောက် ကျောင်းမှာဆိုတော့ သူတို့အတွက် စိတ်ပူတာပေါ့၊ သတင်းတွေမှာလည်း ဘယ်နားက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကလေးဘယ်နှစ်ဦး သေဆုံးတယ်လို့ ခဏခဏ ကြားနေရတော့ စိတ်က လုံးဝမလုံခြုံဘူး”လို့ သူက ဆိုပါတယ်။

တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ရိုက်ပျက်စီးခဲ့ ရတဲ့ စာသင်ကျောင်း ၁၃ ကျောင်းရှိခဲ့တယ်လို့ မြို့နယ်ပညာရေးတာဝန်ခံက ပြောပါတယ်။

အစိုးရဆောက်လုပ်ခဲ့တဲ့ ကျောင်းဆောင်ဟောင်းတွေကို ဆက်လက်အသုံးပြုနေရတဲ့ ကျောင်းတွေလည်း ရှိနေတဲ့အတွက် ကျောင်းသားမိဘတွေမှာ လုံခြုံရေးအပေါ် စိုးရိမ်မှု ပိုများနေပါတယ်။

အလယ်တန်းကျောင်းသူ သဇင်ထွေး (အမည်လွှဲ) ကလည်း ကျောင်းမှာ လေယာဉ်သံကြားတိုင်း စာသင်ခန်းထဲမှာ မနေနိုင်တော့ဘူးလို့ ပြောပါတယ်။

“သမီးက ကျောင်းမှာ လေယာဉ်သံကြားရင် အိမ်ကိုပဲ ပြေးပြန်ချင်တာ၊ ဆရာမက အရှေ့မှာ ဘာပြောနေမှန်းလည်း အာရုံမစိုက်နိုင်တော့ဘူး၊ တအားကြောက်တယ်”

အဲဒီလို ကြောက်ရွံ့မှုတွေဟာ ကလေးတွေရဲ့ စာသင်ကြားနိုင်မှုအပေါ်လည်း သက်ရောက်နေတယ်လို့ ဆရာမ ဒေါ်လှိုင်လှိုင်က ပြောပါတယ်။

“ကလေးတွေဆို ကြောက်စိတ်ကြောင့် လာမပြောတတ်ဘူး၊ တချို့က စာကို အာရုံမစိုက်နိုင်ဘူး၊ လေယာဉ်သံကြားရင် ထိန်းဖို့ခက်ခဲတာမျိုး ရှိတယ်၊ သူတို့ကိုလည်း စိတ်ကုစားမှု (Mental Support) ပေးဖို့ လိုမယ်ထင်တယ်”

ဒါပေမဲ့ မြေပြင်မှာတော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးမှုတွေ လုံလောက်စွာ မရရှိသေးဘူးလို့ သူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် တန့်ဆည်မြို့နယ်က ကျောင်းအများအပြားဟာ ရပ်ရွာလူထုရဲ့ အကူအညီနဲ့ ပိုမိုလုံခြုံမယ်လို့ ယူဆတဲ့နေရာတွေမှာ ယာယီစာသင်ဆောင်တွေ ဆောက်လုပ်ပြီး ပညာသင်ကြား နေကြပါတယ်။

ဝါးတိုင်တွေပေါ်မှာ ထန်းရွက်မိုးထားတဲ့ ယာယီစာသင်ဆောင်တွေနဲ့အတူ လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းတွေကိုလည်း တူးထားကြရပါတယ်။

တန့်ဆည်မြို့နယ်က ယာယီကျောင်းဆောင်

မြို့နယ်ပညာရေးတာဝန်ခံရဲ့ အဆိုအရ တန့်ဆည်မြို့နယ်မှာ ကျောင်းပေါင်း ၁၈၁ ကျောင်းရှိပြီး လေကြောင်း အန္တရာယ်ကြောင့် ယာယီဆောင်တွေကို ပြောင်းရွှေ့သင်ကြားနေရတဲ့ ကျောင်းက ၉၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။

ဗုံးခိုကျင်း ဒါမှမဟုတ် ဘန်ကာတွေ ဆောက်လုပ်ထားပြီး လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ထားတဲ့ ကျောင်း ၁၅၀ ရှိသလို၊ လေကြောင်းရန် သတိပေးချက်တွေ ရရှိနိုင်ဖို့ အိုင်ကွန်စက် ၂၃ လုံးကိုလည်း ကျောင်း ၂၃ ကျောင်းမှာ ထောက်ပံ့ပေးထားတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကျောင်းတိုင်းမှာ အိုင်ကွန်စက် မရှိသေးပါဘူး။

ဆရာမ ဒေါ်သင်းနွယ် (အမည်လွှဲ) ကတော့ သူတို့ကျောင်းမှာ အိုင်ကွန်စက် မရှိတဲ့အတွက် လေကြောင်းရန် အတွက် ပိုမိုစိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“ကျမတို့ ကျောင်းမှာက အိုင်ကွန်စက် မရှိသေးဘူးလေ၊ အဲ့ဒါကြောင့် ရွာဘေးမှာ ဂိတ်ချထားတဲ့ ရဲဘော်တွေကိုပဲ အိုင်ကွန်စက်တလုံး လှူပေးဖို့ ပြောရတယ်၊ ‘သေရင်လည်း သေကြပါစေပေါ့၊ နောက်လည်း သေရမှာပဲ’ လို့ အရွှန်းဖောက်ပြီး ပြောကြတယ်၊   ကျမတို့မှာ ကလေးတွေ အများကြီးလေ၊ ကိုယ်သေရင်တောင် သူတို့ကို လုံခြုံစေချင်တာ” လို့ ဆရာမက ဆိုပါတယ်။

အိုင်ကွန်စက်တလုံးရဲ့ တန်ဖိုးက မြန်မာငွေ ၃ သိန်းကျော်ရှိတာကြောင့် ကျောင်းငယ်တွေအတွက် ဝယ်ယူဖို့ ခက်ခဲနေပါတယ်။

လုံခြုံရေးအန္တရာယ်တွေနဲ့အတူ ဆရာ၊ ဆရာမတွေအတွက် နေ့စဉ်စားဝတ်နေရေးကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။

ဆရာမ ဒေါ်မြမြခိုင် (အမည်လွှဲ) က ကျောင်းသားမိဘတွေဆီက ကောက်ခံရတဲ့ငွေကို ဆရာ၊ ဆရာမတွေ ပြန်လည်မျှဝေယူကြရတာကြောင့် တဦးချင်းရရှိတဲ့ငွေက မလောက်ငှဘူးလို့ ပြောပါတယ်။

“ကျောင်းသားမိဘတွေဆီကပဲ တယောက် ၅ ထောင်တောင်းရတာ၊ ဒါတောင် မပြေလည်လို့ မပေးနိုင်တဲ့သူတွေ ရှိသေးတယ်၊ ကိုယ်လည်း တောင်းရတာ မျက်နှာပူရတယ်လေ၊ အဲ့ဒီကရတဲ့ငွေကို ဆရာ၊ ဆရာမတွေ ပြန်မျှကြတော့ တယောက်ကို ၁ သိန်းဝန်းကျင်ပဲ ရတယ်လေ၊ ဘာနဲ့စားကြမလဲ၊ ဆိုင်ကယ်ဆီဖိုးတောင် မလောက်ဘူး”

ဆရာမ ဒေါ်ခင်ခင် (အမည်လွှဲ) ကတော့ စာသင်ကြားရတဲ့ ဝင်ငွေနဲ့ မိသားစုစားဝတ်နေရေး မလုံလောက်တဲ့ အတွက် အခြားအလုပ်တွေပါ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

“ကိုယ်က စာပဲသင်တတ်တာ၊ အမှန်တော့ တခြားဘာမှ မလုပ်တတ်ဘူးလေ၊ အာဏာသိမ်းလိုက်လို့ CDM လုပ်ရင်းကနေ ဘဝက စတာပဲ၊ နေ့ခင်းစာသင်တယ်၊ ကျောင်းဆင်းရင် ချဲရောင်းတယ်၊ စာသင်လို့ရတဲ့ ပိုက်ဆံနဲ့ဆို ကလေးအတွက် မုန့်ဖိုး တလတောင်မခံဘူး၊ အိမ်သုံးဖို့တောင် မရှိဘူး”

တန့်ဆည်မြို့နယ်မှာ လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၉,၉၀၀ ကျော်ရှိပြီး သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမ ၁,၀၀၀ ကျော်ရှိတယ်လို့ မြို့နယ်ပညာရေးတာဝန်ခံက ပြောပါတယ်။ အဲဒီအနက် ၇၉၈ ဦးဟာ CDM မှာ ပါဝင်ထားတဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။

မလုံခြုံမှုနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် ဆရာ၊ ဆရာမအချို့ဟာ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြ သလို၊ သားသမီးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်တဲ့ မိဘအချို့ကလည်း ကလေးတွေကို မြို့ပေါ်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ကျောင်းတွေကို ပြောင်းရွှေ့အပ်နှံတာတွေ ရှိလာတယ်လို့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။

ဆရာ ဦးကိုကို (အမည်လွှဲ) ကတော့ ဒီလိုအခြေအနေတွေကြောင့် ကျေးရွာအခြေပြု ပညာရေးအတွက် အခက်အခဲတွေ ပိုများလာတယ်လို့ ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေးစတုန်းက CDM မဝင်တဲ့သူတွေကို ရွာကနှင်ထုတ်ဖို့အထိ ကြိုးစားကြတာကြောင့်လည်း တချို့ဆို ပင်စင်ယူရမယ့်အချိန်တောင်မယူဘဲ CDM လုပ်ခဲ့ရတယ်၊ ကြာလာတော့ ဆရာသင်တဲ့နေရာမှာ မလုံခြုံ တာရယ်၊ ပိုက်ဆံကောက်ခံတာတွေကြောင့် မိဘတွေက ကလေးတွေကို မြို့က စစ်တပ်ကျောင်းတွေမှာ သွားအပ် ကြတယ်၊ ကျနော်တို့က ကြည့်နေရုံပဲ၊ ဘာမှ မတတ်နိုင်ဘူးလေ”

ပညာရေးပြတ်တောက်မှုကြောင့် ကလေးအချို့ဟာ ကျောင်းကနေ အလုပ်ခွင်ထဲ ရောက်သွားတာ၊ ကျောင်းပြင်ပ ရောက်သွားတာတွေ ရှိလာတယ်လို့ ဒေသခံဆရာ၊ ဆရာမတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်ရဲ့ ပညာရေးအခြေအနေဟာ လုံခြုံရေး၊ စားဝတ်နေရေးနဲ့ ပညာရေးအခွင့်အရေးတွေ တပြိုင်နက် ထိခိုက်နေတဲ့ အခြေအနေဖြစ်လာပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ ပျက်စီးခဲ့တာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ သလို စစ်တပ်က သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို သူတို့ကိုယ်တိုင်လိုက်ကောက်ခဲ့ကြရတဲ့ မြို့နယ် ပညာရေးတာဝန်ခံကတော့ “ကျနော်တို့ မျက်စိရှေ့တင်ပဲ စာသင်ကျောင်းတွေ ဗုံးကြဲဖျက်ဆီးခံလိုက်ရတာ၊ ကျောင်းခေါင်မိုးတွေ လန်ထွက်၊ ကျောင်းအုတ်နံရံတွေ ပြိုကျပျက်စီးပြီး ကျောင်းဆောင်တခုလုံး သေနတ်ကျည် ဆန်ရာ အပေါက်တွေနဲ့ ဗွက်ပေါက်နေတာကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်”လို့ဆိုပါတယ်။

ဒါပေမဲ့ ဒီလိုအခက်အခဲတွေကြားမှာပဲ တချို့ဆရာ၊ ဆရာမတွေက မိမိတို့ဒေသက ကလေးတွေအတွက် ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

ဆရာမ ဒေါ်လင်း (အမည်လွှဲ) က မြို့ပေါ်က ပိုမိုလုံခြုံတဲ့နေရာမှာ အလုပ်လုပ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် မိမိဒေသက ကလေးတွေကို မထားခဲ့ချင်ဘူးလို့ ပြောပါတယ်။

“ကျမက ကလေးတွေရဲ့ ပညာရေးပဲ ပံ့ပိုးချင်တယ်၊ ကျမကိုယ်တိုင်လည်း တတ်နိုင်သလောက် ပံ့ပိုးမယ်၊ ကျမသိတဲ့ အရင်က ဆရာမတချို့ဆို မြို့ပေါ်လာခဲ့၊ ကိုယ်ပိုင်ကျောင်းတွေမှာ စာသင်လို့ရအောင် လုပ်ပေးမယ် ပြောကြတယ်၊ ဒါပေမဲ့ ကိုယ်က ဒီတော်လှန်ရေးကို ရွေးချယ်ပြီးသား၊ ဒီကလေးတွေကို ရွေးချယ်ပြီးသားမို့ မသွားနိုင်ဘူး”

တန့်ဆည်မြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ မြန်မာနိုင်ငံတဝန်း ပဋိပက္ခကြားက ပညာရေး အကျပ်အတည်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

GCPEA ရဲ့ Education under Attack အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေ လေကြောင်းတိုက်ခိုက်ခံရတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာနဲ့ စစ်တပ်က တပ်စွဲအသုံးပြုတာတွေ အပါအဝင် ပညာရေးဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှု စုစုပေါင်း ၅၀၀ ကျော် ရှိခဲ့ပြီး၊ ယင်းအနက် တိုက်ရိုက်ထိမှန် ပျက်စီးခဲ့ရတဲ့ ကျောင်းပေါင်း အနည်းဆုံး ၂၀၀ နီးပါး ရှိခဲ့တယ်လို သိရပါတယ်။

တန့်ဆည်မြို့နယ်မှာတော့ လေယာဉ်သံကြားရင် စာသင်ခန်းထဲကနေ ထွက်ပြေးဖို့ အသင့်ပြင်ထားရတဲ့ ကလေးတွေ၊ ယာယီထန်းရွက်မိုး ကျောင်းဆောင်တွေအောက်မှာ စာသင်နေရတဲ့ ဆရာ၊ ဆရာမတွေနဲ့ အိုင်ကွန်စက် မရှိလို့ လေကြောင်းရန်အတွက် စိုးရိမ်နေရတဲ့ ကျောင်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အဲဒီအခြေအနေတွေကြားမှာပဲ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေက သူတို့ကလေးတွေအတွက် ပညာရေးကို ဆက်လက်ရှင်သန်အောင် ကြိုးစားနေကြပါတယ်။

(မှတ်ချက် မြေပြင်ရှိ သတင်းရင်းမြစ်များ၏ လုံခြုံရေးအခြေအနေအရ ဆောင်းပါးပါ အရပ်သားပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကလေးငယ်များ၏ အမည်များကို အမည်လွှဲများဖြင့် အသုံးပြုထားသည်။)