Mu Angela, newly elected chairperson of the Karenni State Consultative Council (KSCC), standing in a traditional red Karenni jacket at a building atrium

အမျိုးသမီးဦးဆောင်မှုကို လက်ခံဖို့ခက်ခဲနေဆဲ အစဉ်အလာ အမြင်တွေကြားက မူအန်းဂျလာ

(ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဌအဖြစ် မဲပေးရွေးကောက်ခံရတဲ့ မူအန်းဂျလာနဲ့ ဆက်သွယ်မေးမြန်းချက်)

ခင်ဘုန်းမို့ ဆက်သွယ်မေးမြန်းသည်။

စက်တင်ဘာ ၁၉ ရက်နေ့ကပြုလုပ်တဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့  ၂၇ ကြိမ်မြောက် အပတ်စဉ်ပုံမှန်အစည်းအဝေးမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ဥက္ကဌနေရာအတွက်  မူအန်းဂျလာကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ် သွားတဲ့ ဥက္ကဌနေရာအတွက် အမျိုးသမီးခေါင်းဆောင် မူအန်းဂျလာ ကို အမှုဆောင်အဖွဲ့ဝင်တွေက အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ မဲပေးခန့်အပ်လိုက်ပြီး  အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

KSCC ဟာ ကရင်နီပြည်နယ်အတွင်း  ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ် လည်ပတ်နိုင်စေဖို့အတွက် မူဝါဒရေးဆွဲခြင်းနဲ့ ပြဋ္ဌာန်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။  

ဥက္ကဌအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ မူအန်းဂျလာဟာ အမျိုးသမီးနဲ့ လူငယ်သမဂ္ဂအဖွဲ့အစည်းကနေတဆင့် တော်လှန်ရေးနယ်ပယ်ကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ ကယန်းအမျိုးသမီးအစည်းအရုံး(KYWO)ရဲ့ အမျိုးသမီးစွမ်းရည် မြှင့်တင် ရေးအစီအစဉ်မှာ စတင်ပါဝင် ခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်၊ ၂၀၂၂ကနေ ၂၀၂၄ ခုနှစ် အထိ ကယန်းအမျိုးသမီး အစည်းအရုံးရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်တာဝန်ယူခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကယန်းအမျိုးသမီးအစည်းအရုံးကို ကိုယ်စားပြုပြီးတော့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB မှာမူဝါဒရေးရာဦးဆောင်အဖွဲ့မှာ ပါဝင်ခဲ့သလို ကရင်နီပြည်လူငယ်များသမဂ္ဂမှာလည်း အထွေထွေ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့ပါတယ်။

၂၀၂၁ ဧပြီမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ကို စတင်ဖွဲ့စည်းတဲ့အချိန်ကနေ ကောင်စီဝင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး စတဲ့တာဝန်တွေကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ KSCC ရဲ့ ဥက္ကဌအဖြစ်ခန့်အပ်ခံရတာနဲ့ပတ်သက်ပြီး အမျိုးသမီးခေါင်းဆောင် တဦးအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေ၊ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်ချက်တွေနဲ့ ပတ်သက်ပြီး HI – Honest Information က ဆက်သွယ်မေးမြန်းထားပါတယ်။ 

HI – Honest Information  – KSCCရဲ့ဥက္ကဌအဖြစ်   ခန့်အပ်ခံရတာနဲ့ပတ်သက်ပြီး ခံစားချက်လေးပြောပြပေးပါဦး။  

မူအန်းဂျလာ – ပထမဆုံးခံစားချက်က မထင်မှတ်တဲ့တာဝန်ကို ပေးအပ်ခံရ တော့ အံ့ဩတုန်လှုပ်မိသလိုလည်းဖြစ်တယ်။ တဖက်မှာလည်း အလွန်လေးနက်ပြီးတော့မှ အရေးကြီးတဲ့ တာဝန်သိစိတ်နဲ့ဖိအားကို တပြိုင်နက်ထဲခံစားရတယ်။ ဘာလို့လဲဆိုတော့ အခုချိန်က သာမန်ကာလမဟုတ်ဘဲ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ရတဲ့ တော်လှန်ရေးကာလ ဖြစ်နေတယ်။

ဒီလိုအကြပ်အတည်းမှာ ကရင်နီပြည်ရဲ့ အမြင့်ဆုံးနိုင်ငံရေးအတိုင်ပင်ခံယန္တရားကြီးကို အမျိုးသမီး တဦးတယောက်အနေနဲ့ ဦးဆောင်ခွင့်မှာ ပါဝင်ခွင့်ရတာလည်း ကျမအမျိုးသမီးတဦးထဲအတွက် ဂုဏ်ပုဒ်တခုထဲမဟုတ်ဘူး။ ဒါကကရင်နီတပြည်နယ်လုံးမှာရှိတဲ့ အမျိုးသမီးထုအားလုံးရဲ့ စွမ်းဆောင်ရည်၊ ခံနိုင်ရည်နဲ့ပေးဆပ်မှုတွေကို တော်လှန်ရေးအင်အားစုတွေက အသိအမှတ်ပြုပြီး တော့မှ ယုံကြည်မှုပေးတယ်လို့ ယူဆတယ်။

HI –  KSCC ကိုဥက္ကဌအနေနဲ့ဦးဆောင်ရမယ့်အပေါ်မှာ ဘယ်လို စိန်ခေါ်မှု တွေရှိနေမလဲ။ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ဖို့ ပြင်ဆင်ထားပါသလဲ။

မူအန်းဂျလာ – စိန်ခေါ်မှုကတော့ကဏ္ဍအစုံမှာရှိတယ်။ အဓိကစိန်ခေါ်မှုက ၂ခုရှိတယ်။ ပထမတခုက တော်လှန်ရေးကာလမှာ နိုင်ငံရေးအရ၊ အင်အားစုအားလုံးပါဝင်စုစည်းနိုင်ဖို့နဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေကို မြေပြင်မှာ ဟန်ချက်ညီညီလည်ပတ်နိုင်ဖို့ဖြစ်တယ်။

ဒုတိယစိန်ခေါ်မှုကတော့ အမျိုးသမီးအင်အားစုကို ကိုယ်စားပြုတဲ့ အမျိုးသမီးခေါင်းဆောင် တယောက် ဖြစ်တဲ့အတွက်  ဖိုဝါဒတွေ၊ ရှေးရိုးစွဲအမြင်တွေကြားကနေ ယုံကြည်မှုရအောင် လုပ်ဆောင်ရမယ့် စိန်ခေါ်မှုပဲဖြစ်တယ်။

အဓိကစိန်ခေါ်မှု ၂ရပ်ကို ကျော်လွှားဖို့အတွက် စဉ်းစားတဲ့နေရာမှာ ပထမတချက်က အဖွဲ့အစည်း အားလုံးလက်ခံတဲ့ ဘုံရပ်တည်ချက်ကို အခြေခံပြီး ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးညှိနှိုင်းမှုနဲ့အတူ စုပေါင်းခေါင်းဆောင်မှုစနစ်ကို ပိုမိုခိုင်မာဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒုတိယအချက် ကတော့ ကျမရဲ့ဦးဆောင်မှုကို ယုံကြည်မှု၊ လက်ခံမှု အားနည်းနေတဲ့သူတွေကို ကိုယ့်ရဲ့ လုပ်နိုင် စွမ်းရည်တွေ၊ မူဝါဒခိုင်မာမှုနဲ့ လက်တွေ့တာဝန်ယူ ဆောင်ရွက်ချက်တွေကိုပဲ ပြသပြီး  ဒီသံသယတွေကို ကျော်လွှားသွားမှာဖြစ်တယ်။

ဒါ့အပြင် သဘောထားကြီးမှုနဲ့ လိုက်လျောညီထွေမှုကို အရင်းခံမှာဖြစ်သလို အရေးကြီးတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်မှာလည်း တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ အင်အားစုအားလုံး ညီညွတ်အောင် ပေါင်းကူး တံတားအဖြစ် အကောင်းဆုံးဦးဆောင်သွားဖို့ ကျော်ဖြတ်နိုင်မယ့်နည်းလမ်းအဖြစ် ထည့်သွင်းစဉ်းစား ထားပါတယ်။

HI – အမျိုးသမီးတဦးအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာကိုရောက်ဖို့၊ ခေါင်းဆောင်မှု နေရာတွေမှာ တာဝန်ပေးအပ်ခြင်းခံရဖို့အတွက် အရှေ့ပိုင်းမှာဘယ်လိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရလဲ၊ လက်ရှိအခြေအနေအပေါ်မှာရော ကိုယ့်ကိုယ်ကိုယ်အားရကျေနပ်မှုရှိလား။

မူအန်းဂျလာ – ဖိုဝါဒီအမြင်တွေ လွှမ်းမိုးမှုရှိနေဆဲဖြစ်တဲ့နိုင်ငံရေးစင်မြင့်ထက်မှာ အမျိုးသမီး တယောက် နေရာရဖို့၊ အသိအမှတ်ပြုခံရဖို့ကတော့ တကယ်မလွယ်ပါဘူး။ အမျိုးသားတွေထက် ၂ဆပို ကြိုးစားပြီးတော့မှ ဒီအရည်အချင်းတွေနဲ့အလုပ်လုပ်နိုင်မှုကို သက်သေပြခဲ့ရတာတွေရှိတယ်။

အရင်ကဆိုရင်တော့ အရေးကြီးတဲ့၊ ဆုံးဖြတ်ချက်ချတဲ့ စားပွဲဝိုင်းတွေမှာ အမျိုးသမီးတွေ ဘေးဖယ်ခံ ထားရတာတွေ၊ ကျမတို့အတုယူစရာ၊ စံနမူနာပြစရာ အမျိုးသမီးခေါင်းဆောင်လည်း ရှားပါးတာ မျိုးတွေ၊ ဒါကတော့ တကယ့်စိန်ခေါ်မှုတွေဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့တော်လှန်ရေးကတော့ ဖိုဝါဒ ကြီးစိုးတဲ့စနစ်ဟောင်းတွေကိုဖျက်ပြီးတော့ စနစ်သစ်ကို တည်ဆောက်နေတာဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေဟာ အမျိုးသမီးတွေရဲ့ဦးဆောင်မှုကို ပိုပြီးလိုလားလာ ကြတယ်။ အလေးထားလာကြတယ်လို့ ယုံကြည်တယ်။

လက်ရှိအခြေအနေပေါ်မှာတော့ ကိုယ့်ကိုကိုယ်အားရကျေနပ်တဲ့ အတိုင်းအတာတခုအထိတော့ရှိတယ်။ ဒါကလည်း ကျမတယောက်ထဲ ဒီရာထူးတာဝန်ကို ရလို့ကျေနပ်တာမျိုး မဟုတ်ဘူး။ အဓိက ဒီရလာဒ်က နောက်လာမယ့် အမျိုးသမီးငယ်တွေ၊ မျိုးဆက်သစ်ခေါင်းဆောင်တွေအတွက် နိုင်ငံရေးဆုံးဖြတ်ချက် ချတဲ့နေရာမှာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ဖို့အတွက် လမ်းပွင့်သွားပြီဆိုတဲ့ ယုံကြည်ချက်အတွက် အားရကျေနပ်မှုရှိပါတယ်။

HI  – အမျိုးသားတွေဦးဆောင်တဲ့ တခြားသော နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ လက်တွဲလုပ်ကိုင်ရမှာဖြစ်တဲ့အခါ ဘယ်လိုစိန်ခေါ်မှုတွေရှိနိုင်မလဲ။ ဘယ်လို ကျော်လွှားမယ်လို့ စဉ်းစားထားလဲ။

မူအန်းဂျလာ – လက်ရှိစစ်ရေးနဲ့ တော်လှန်ရေးအင်အားစုမှာကတော့ အမျိုးသား ခေါင်းဆောင်တွေက ထိပ်ပိုင်းကနေ အများဆုံးဦးဆောင်နေဆဲဖြစ်တယ်။ ဒါကြောင့် အမျိုးသမီးရဲ့ ဦးဆောင်မှုအပေါ်မှာ အစဉ်အလာအမြင်တွေက အနည်းအများတော့ အသားမကျသေးတာမျိုးလည်း ရှိနိုင်တာကတော့ ပကတိအရှိတရားပါပဲ။

အဲ့ဒါကို ကျမအနေနဲ့အပြုသဘောဆောင်တဲ့ အပြန်အလှန်လေးစားမှုကိုပဲ အခြေခံပြီး ကျော်လွှား သွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ အမျိုးသားခေါင်းဆောင်တွေရဲ့ အတွေ့အကြုံနဲ့ အားသာချက် တွေကို လေးစားအသိအမှတ်ပြုသလို၊ ကျမတို့ဘက်ကလည်း  တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အလုပ်လုပ်ပြပြီးတော့ ယုံကြည်မှုကို တည်ဆောက်သွားမယ်။ ပြီးရင်တော့ အတိုက်အခံလုပ်တာမျိုး မဟုတ်ဘဲနဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက်ကို အားလုံးတန်းတူရည်တူ တူညီတဲ့ဦးတည်ချက်နဲ့ ညှိညှိနှိုင်းနှိုင်း လက်တွဲသွားနိုင်မယ့်အလုပ်ဖြစ်တဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ ပူးပေါင်းမှုမျိုးနဲ့ပဲ ရိုးရိုးရှင်းရှင်း ကျော်လွှားသွားပါမယ်။

HI – ကရင်နီမှာ အမျိုးသမီးတွေက ဦးဆောင်မှုနေရာမှာ များလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

မူအန်းဂျလာ – ကရင်နီပြည်က တခြားပြည်နယ်ဒေသနဲ့မတူတာ နယ်မြေကျဉ်းတယ်။ နယ်မြေ ကျဉ်းတဲ့အတွက် ကျမတို့အင်အားစုတွေကြားမှာ ဆက်သွယ်ဆောင်ရွက်မှုတွေက အရမ်းမခက်ခဲဘူး။ ကရင်နီက အာဏာသိမ်းမှ မဟုတ်ဘူး၊ အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ပြည်နယ်ရဲ့နိုင်ငံရေးတွေ၊ ပြည်နယ်မှာရှိတဲ့အင်အားစုတွေ စုစည်းညီညွတ်ရေး၊ ပြည်နယ်ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွန်းဖို့ ရေးဆွဲတာတွေကို အင်အားစုအချင်းချင်းကြားမှာက ဆက်သွယ်ချိတ်ဆက်မှုနဲ့ ညှိနှိုင်းမှုတွေရှိထား တယ်။

အဲဒါကြောင့် တော်လှန်ရေးကာလမှာလည်း ကျမတို့ရဲ့ချိတ်ဆက်မှုက အစကနေ အစပျိုးတဲ့ အခြေအနေ မဟုတ်ဘဲ၊ နဂိုကတည်းက ရှိနှင့်ထားပြီးသား ဆက်သွယ်ချိတ်ဆက်မှုတွေကို ပိုမို အားကောင်းတဲ့ ချိတ်ဆက်မှုတွေနဲ့ ဆက်သွားနိုင်ခဲ့တယ်။ တဆက်ထဲမှာပဲ ကျမတို့ပြည်နယ်မှာက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက အားကောင်းတဲ့အတွက်ကြောင့် နောက်ပိုင်း ဦးဆောင်မှု အပိုင်းမှာ လူငယ် အမျိုးသမီးတွေကလည်းအများကြီးပါဝင်လာတယ်။

တဖက်မှာလည်း အရင်ကတည်းက ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင် ခုခံတော်လှန်ရေးထဲက ခေါင်းဆောင်ကြီးတွေကလည်း သဘောထားကြီးတာပါတယ်။ သူတို့သဘောထားကြီးမှုနဲ့ ကျမတို့ လူငယ်တွေအမျိုးသမီးတွေရဲ့ စိတ်အားထက်သန်မှုတွေနဲ့ပေါင်းစပ်ပြီးတော့ တော်လှန်ရေးအရွေ့ကို သွားတယ်။ ပြည်နယ်ကိုတည်ဆောက်သွားတာဖြစ်တယ်။ အဲအတွက်ကြောင့်နိုင်ငံရေးအရပဲပြောပြော၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေလူငယ်တွေက တခြားပြည်နယ်ထက်စာရင်တော့ ပိုမိုပါဝင်လာတယ်လို့ပြောလို့ရတယ်။

HI – ရှေ့ဆက်ပြီး ကရင်နီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကနေ မြေပြင်အဆင့် အထိ အမျိုးသမီးတွေပါဝင်မှုအားကောင်းလာအောင် ဘယ်လိုမူဝါဒတွေ၊ လုပ်ငန်းစဉ်တွေနဲ့ ပံ့ပိုးပေးသွားဖို့ရှိလဲ။

မူအန်းဂျလာ – KSCC အနေနဲ့က ထိပ်ပိုင်းခေါင်းဆောင်မကဘဲ ကြားကာလအစီအမံမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဆင့်ဆင့်သော မဏ္ဍိုင်တွေမှာ အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်စေရမယ်ဆိုတဲ့ အခြေခံမူချမှတ်ထားတာရှိတယ်။ ဒီအခြေခံမူအတိုင်းပဲ လိုအပ်တဲ့ နည်းဥပဒေတွေ ရေးဆွဲပြင်ဆင်တာရှိတယ်။ အထူးစီမံဆောင်ရွက်ချက်တွေလုပ်တာတွေရှိတယ်။ ဒီအပေါ်မှာပြည့်မှီဖို့အတွက်တော့ ကြိုးစားဖော်ဆောင်နေတာတွေရှိတယ်။

KSCC အနေနဲ့ ချမှတ်ထားတဲ့ ကြားကာလအခြေခံမူအပေါ်မှာ အခြေခံပြီးတော့ ဥပဒေအတိုင်း လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းမှာ အားကောင်းကောင်းနဲ့ဖော်ဆောင်ဖို့အတွက် လမ်းညွှန်တိုက်တွန်းသွားမှာဖြစ်တယ်။ လက်ရှိမှာလည်း ပြည်နယ်အဆင့်မှာလည်း အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို သေချာဖော်ဆောင်သလို ဒေသန္တအဆင့် မြို့နယ်ကျေးရွာအုပ်စု တွေမှာလည်း အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်းအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်လာနိုင်အောင် ယာယီအထူးစီမံချက်တွေကို ကျင့်သုံးပြီး ဖော်ဆောင်နေတာရှိတယ်။ KSCC အနေနဲ့ မူဝါဒအရလမ်းညွှန် သလိုမြေပြင်မှာလည်း ဥပဒေအရ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကတော့ ဆောင်ရွက်နေတာရှိတယ်။

HI – KSCC အနေနဲ့လက်ရှိမှာဘယ်လို မူဝါဒတွေရေးဆွဲပြဌာန်းထားလဲ၊ ဘယ်လိုမူဝါဒတွေ ထပ်ပြီးပြဌာန်းထားဖို့လိုနေသေးလဲ။ ပြဌာန်းပြီး၊ အတည်ပြုပြီးသား မူဝါဒတွေထဲ က ဘယ်အရာတွေက အကောင်အထည်ဖော်လို့ရနေပြီလဲ။

မူအန်းဂျလာ – လက်ရှိမှာတော့ KSCC က မူဝါဒ ၁၂ ခုနဲ့ ဂျဲန်ဒါမူဝါဒမူဘောင် အပါအဝင် ၁၃ ခု အတည်ပြုပြီးသွားပြီ ဖြစ်တယ်။ လက်ရှိမှာလည်း ဆက်လက်ရေးဆွဲနေတဲ့ မူဝါဒ မူကြမ်း ၄ခု ရှိတယ်။ မူဝါဒတွေပြင်ဆင်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့အနည်းဆုံးပါဝင်မှု၊ ဂျဲန်ဒါ တန်းတူညီမျှမှုခွဲခြားဆက်ဆံမှု မရှိဖို့ရယ်၊  ဖယ်ကြဉ်ခံရတဲ့ လူနည်းစုတွေရဲ့ပါဝင်မှုကို အလေးထားဖို့ အတွက်က အမြဲတမ်းထည့်သွင်းတယ်။

အကောင်အထည်ဖော်မှုအခြေအနေကို တိုင်းတာတဲ့နေရာမှာ KSCC အတည်ပြုလိုက်တဲ့ မူဝါဒအပေါ်မှာ ဘယ်လောက်အထိအကောင်အထည်ဖော်လဲဆိုတာ ပြန်လည်ဆန်းစစ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်တာတွေရှိတယ်။ တွေ့ရှိတဲ့ တွေ့ရှိချက်ရလာဒ်တွေကို အခြေခံပြီးတော့မှ မူဝါဒ လိုက်နာကျင့်သုံးမှုအပိုင်းမှာ အားနည်းချက်ရှိတဲ့အပေါ်မှာ သက်ဆိုင်ရာ မဏ္ဍိုင်မှာရှိတဲ့ လက်တွေ့ အကောင်အထည်ဖော်နေတဲ့ အင်အားစုတွေနဲ့ တွေ့စုံပြီး  လမ်းညွှန်တိုက်တွန်း တာရှိတယ်။ ဒီမူဝါဒကတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်နေတဲ့အတွက် ဒါကို အလေးထားဆောင်ရွက် ဖို့ရယ်၊ နောက်တခုက ကြားကာလမှာ ဖော်ဆောင်ဖို့က အရမ်းအခက်အခဲ ဖြစ်တဲ့ဟာတွေရှိတယ်။ ဒီအပေါ်မှာလည်း ဘယ်လိုမျိုးပြုပြင်ပြောင်းလဲမှုတွေနဲ့ ဆောင်ရွက် သွားကြမလဲဆိုတာ KSCC အနေနဲ့က အကောင်အထည်ဖော်မှုအပိုင်းမှာ  Monitoring and Evaluation (စောင့်ကြည့်စစ်ဆေး ခြင်းနဲ့ အကဲဖြတ်ခြင်း) လုပ်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းနေတာတွေ ရှိတယ်။

HI – ကရင်နီဒေသတွင်းမှာ အတည်ပြုထားတဲ့ ကြားကာလ မူဝါဒတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကြားလက်လှမ်းမှီအောင် ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ။

မူအန်းဂျလာ – အတည်ပြုပြီးသွားတဲ့မူဝါဒတွေဆို KSCC ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပေးတယ်။ ဖြန့်ဝေထားပေးတယ်။ ပြီးရင်တော့ ကျေးရွာတွေသွားတဲ့အချိန်မှာ သက်ဆိုင်ရာ ကျေးရွာအုပ်စုတွေဆီမှာ မူဝါဒတွေကို ဖြန့်ဝေပေးတာရှိတယ်။ မြေပြင်အဆင့်သိရှိအောင် KSCC ဦးဆောင်ပြီးခေါ်တဲ့ လူထုဆွေးနွေးပွဲတွေ၊ အခြား မဏ္ဍိုင် (IEC,KSIP) တို့နဲ့ ပူးပေါင်းပြီးခေါ်ယူတဲ့ လူထုဆွေးနွေးပွဲတွေ၊ KSCC အဖွဲ့ဝင်တွေ စီစဉ်တဲ့ ဆွေးနွေးပွဲတွေမှာ ဝေမျှပေးပါတယ်။ လူထု လက်လှမ်းမီမှုရှိ၊ မရှိကိုတော့ မူဝါဒ ပြန်လည်သုံးသပ်ဆန်းစစ်တဲ့ (M&E) မှာ လူထုအသံကို ရယူနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပါတယ်။

HI – အခြားဖက်ဒရယ်ယူနစ်အသီးသီးက အမျိုးသမီးခေါင်းဆောင်တွေကို ဘယ်လို သတင်းစကားတွေ မျှဝေချင်သလဲ။

မူအန်းဂျလာ – ကျမတို့ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သစ်ကို တည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့အသံနဲ့ ခေါင်းဆောင်မှုကို ချန်လှပ်ထားလို့လုံးဝ မရဘူးဆိုတဲ့အချက်ပါပဲ။ အမျိုးသမီးထုရဲ့ပါဝင်မှုကို တော်လှန်ရေးပြီးမှ တိုင်းပြည်အေးချမ်းမှ ဖော်ဆောင်ရမယ်ဆိုတဲ့ ဒုတိယဦးစားပေးအဆင့်အနေနဲ့မရှုမြင်ကြဖို့ကိုလည်းတိုက်တွန်းချင်တယ်။ စနစ်သစ်တိုင်းပြည်သစ်ကို သွားမယ့်ခရီးမှာအခုကတည်းက တည်ဆောက်နေတဲ့ ကြားကာလမှာ နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍတွေမှာ အမျိုးသမီးတွေကိုထိထိရောက်ရောက် ပါဝင်ခွင့်ရဖို့အတွက် အခုကာလကတည်းက အခြေခံအုတ်မြစ်ချပြီးတော့ လက်တွေ့ဖော်ဆောင်ဖို့က အလွန်ပဲအရေးကြီး တယ်။ အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ တိုင်းပြည်သစ်၊ ပြည်ထောင်စုသစ်ကို ပိုမိုအေးချမ်းစေပြီးတော့ လူထုဗဟိုပြုတဲ့လူ့အဖွဲ့အစည်းဖြစ်အောင် ပိုပြီးခိုင်မာစေပါတယ်။ အဲ့အတွက်ကြောင့် အနာဂတ် ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ်တွေ ရေရှည်ခိုင်မာတိုးတက်ဖို့ဆိုရင် အခုကြားကာလကတည်းက ဂျဲန်ဒါ တန်းတူညီမျှမှုကို မူဝါဒအဆင့်သာမကပဲ မြေပြင်အုပ်ချုပ်ရေးအထိပါ ထိရောက်စွာ အကောင်အထည် ဖော်ပြီးတော့ ပံ့ပိုးပေးကြဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်။

HI  – အမျိုးသမီးထုအားလုံးကို ဘယ်လိုသတင်းစကားပါးချင်လဲ။

မူအန်းဂျလာ – အမျိုးသမီးထုတွေကိုအားပေးချင်တဲ့ သတင်းစကားကတော့ ကိုယ့်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကို ဘယ်တော့မှ သံသယမဝင်ဖို့ဆိုတဲ့အချက်ပါပဲ။ ကျမတို့ ရှေ့ဆက်ရမယ့်လမ်းတွေမှာ ရှေးရိုးစွဲအမြင်တွေ အတားအဆီးတွေနဲ့စိန်ခေါ်မှုတွေအမြဲတမ်း ရှိနေဦးမှာဖြစ်တယ်။ ဒါပေမယ့် ကျမတို့ရဲ့စိတ်ဓာတ်နဲ့ကြိုးစားမှုအရည်အချင်းကိုတော့ ဘယ်သူ့မှ လာပြီးကန့်သတ်လို့တော့မရဘူး။ အခွင့်အရေးဆိုတာ ထိုင်စောင့်နေရင်လည်း လာမှာမဟုတ်ဘူး။

ကျမတို့ အမျိုးသမီးတွေက နောက်ကွယ်ကနေ ပံ့ပိုးသူသပ်သပ်မဟုတ်ပဲနဲ့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ အဲ့အတွက် ရှေ့ကိုရဲရဲဝံ့ဝံ့တက်လှမ်းကြဖို့လိုအပ်တယ်။ ကျမတို့ကို နေရာပေါင်းစုံကနေ ပံ့ပိုးဝန်းရံပေး ကြတဲ့ မိတ်ဆွေတွေ၊လုပ်ဖော်ကိုင်ဖက်တွေ၊အင်အားစုတွေလည်း အများကြီးရှိနေကြသေးတယ်ဆိုတာ အလေးအနက်ထားပြီးတော့ အားပေးစကားပြောချင်တယ်။

HI – တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

မူအန်းဂျလာ – ကျမတို့ကရင်နီပြည်ရဲ့တော်လှန်ရေးဟာ အာဏာရှင်စနစ်ပြုတ်ချရေးတခု မကဘဲ ကရင်နီပြည်သူလူထုတရပ်လုံးမျှော်မှန်းတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရေးနဲ့ ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မာတဲ့ နိုင်ငံရေးမျှော်မှန်းချက် ဆီကို သွားဖို့ဖြစ်ပါတယ်။ ဒီနိုင်ငံရေး မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်လာဖို့ဆိုရင် စစ်ရေး တခုတည်းနဲ့လည်း မလုံလောက်ဘူး။ ပြည်သူကိုဗဟိုပြုပြီးတော့ ဂျဲန်ဒါတန်းတူညီမျှတဲ့  ကြားကာလ နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ် အခြေခံကောင်းတွေကို အခုကတည်းက စနစ်တကျ တည်ဆောက် သွားရမှာ ဖြစ်တယ်။

ဒီခရီးလမ်းက စိန်ခေါ်မှုတွေများပေမယ့် ကျမတို့အားလုံးရဲ့ စုစည်းညီညွှတ်မှုကို အရင်းခံရမှာ ဖြစ်ပါ တယ်။ အဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်နီသွေးချင်းတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုအားလုံးအနေနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီနဲ့အတူ         အနာဂတ်ပန်းတိုင်ရောက်တဲ့အထိ တူညီတဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်တခုထဲအောက်မှာ အားသွန်ခွန်စိုက် ဆက်လက်ဝန်းရံပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံပါတယ်။