Hand holding a phone showing a TikTok video advertising factory job recruitment with high pay for young workers, illustrating the online job scams targeting unemployed garment workers

အထည်ချုပ်အလုပ်သမဘဝကနေ အငှားကိုယ်ဝန်ဆောင်အလုပ်ကို 

ရှင်ငြိမ်း

မြန်မာပြည်ကို စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ နိုင်ငံခြားရင်းနှီးမြှုတ်နှံ မှုတွေ ထွက်ခွာသွားတာနဲ့ ကုန်ကြမ်းရှားပါးလာတာတွေကြောင့် အထည်ချုပ်စက်ရုံတွေ အပါအဝင် စက်ရုံ အလုပ်ရုံတွေ ပုံမှန်လည်ပတ်နိုင်မှု တဖြည်းဖြည်း နှေးကွေးလာပါတယ်။

အာဏာသိမ်းပြီး ၆နှစ်နီးပါးကြာမြင့်လာချိန်မှာ အမျိုးသမီးလုပ်သားအင်အားအများစုနဲ့ မောင်းနှင်လည်ပတ်နေ တဲ့ အထည်ချုပ်စက်ရုံတချို့  တဖြုတ်ဖြုတ်ပိတ်သိမ်းလာမှုတွေကြောင့် အထည်ချုပ်လုပ်သား ထောင်ပေါင်း များစွာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။

စက်ရုံ၊ အလုပ်ရုံတံခါးတွေ ဝုန်းခနဲ ပိတ်ကျသွားတာဟာ သံတံခါးတချပ် ပိတ်သွားတာတင် မဟုတ်ဘဲ အဲဒီ လုပ်ငန်းခွင်တွေပေါ်မှာ မှီခိုလုပ်ကိုင်နေကြရတဲ့ အမျိုးသမီးအလုပ်သမားတွေရဲ့ အနာဂတ်ပါ အမှောင်ထုထဲ ရောက်သွားရတာလည်း ဖြစ်တယ်။

ရန်ကုန်မှာ အထည်ချုပ်စက်ရုံတွေ ဆက်တိုက် ပိတ်သိမ်းလာတဲ့အခါ အလုပ်ပြုတ်သွားတဲ့ အမျိုးသမီးငယ်တွေ ဟာ အလုပ်သစ် ရှာရခက်တာ၊ လစာနည်းနည်းနဲ့ ပြန်စရတာတင်မကဘဲ အကြွေးနွံထဲ နစ်တာ၊ ပွဲစားတွေရဲ့ လိမ်လည်ခံရတာ၊ စိတ်ပိုင်းရုပ်ပိုင်းလုံခြုံမှုမရှိတဲ့ လုပ်ငန်းခွင်တွေကို လမ်းကြောင်းပြောင်းရောက်ရှိကြရတာ၊ လူကုန်ကူးခံရနိုင်တာလို လူသားဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတဲ့ အလုပ်အမျိုးအစားတွေရဲ့ ထောင်ချောက် ထဲကို ကျရောက်ရတာစတဲ့ အန္တရာယ်တွေထိ ရင်ဆိုင်လာကြရပါတယ်။

အဲဒီလို အလုပ်လက်မဲ့အမှောင်ထုထဲကို ရုတ်တရက် ရောက်ရှိသွားတဲ့ ထောင်ပေါင်းများစွာသော မြန်မာလုပ်သား တွေကြားထဲမှာ မွေးရာပါ နှလုံးအပေါက်ပါတဲ့ သမီးငယ်လေးတဦးအပါအဝင် မိသားစု ၅ ဦးရဲ့ဝန်ကို ခင်ပွန်းနဲ့ အတူတကွထမ်းပိုးနေရတဲ့ မနိုးနိုး(အမည်လွှဲ)လည်း ပါဝင်ပါတယ်။  

အသက် ၃၂ နှစ်အရွယ် မနိုးနိုးဟာ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်က H&M သိုးမွေးအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ လုပ်သက် ၅ နှစ်ကျော် ဝန်ထမ်းတယောက်ဖြစ်ပါတယ်။ တနင်္လာကနေ စနေအထိ မရပ်မနား လုပ်ကိုင်ရှာဖွေတဲ့ သူ့ရဲ့ဝင်ငွေဟာ အချိန်ပိုကြေးအပါအဝင် တလကို မြန်မာကျပ်ငွေ ၅သိန်း(အမေရိကန်ဒေါ်လာ ၁၁၀ ဝန်းကျင်)ပါ။ ခင်ပွန်းဖြစ်သူရဲ့ဝင်ငွေ ကျပ် ၄သိန်းနဲ့ပေါင်းရင် တလကို ကျပ် ၁၀သိန်းနီးပါးရရှိပေမယ့် ကလေးကျောင်းစရိတ်၊ မိသားစု စားသောက်စရိတ်၊ အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ဧည့်စာရင်းကြေးအပါအဝင် လစဉ် မဖြစ်မနေ ပေးနေရတဲ့ ပုံမှန်ကုန်ကျစရိတ်တွေကို သူတို့ ၂ယောက်ဝင်ငွေက လိုက်မမီပါဘူး။

ငွေကျပ်တသိန်းကို ကျပ် ၂သောင်းအတိုးနှုန်းနဲ့ ချေးငှားထားရတဲ့ ငွေ ၃သိန်းအတွက် အတိုးကို လစဉ်ပြန်ဆပ်ဖို့ ကြိုးစားနေရချိန်မှာ မိခင်ဖြစ်သူချော်လဲပြီး လက်ကျိုးတဲ့ ဆေးကုသစရိတ်ပါ ထပ်မံပေါင်းစပ် လိုက်တဲ့အခါ မနိုးနိုးတို့မိသားစုဟာ အကြွေးနွံမှာ နစ်သထက်နစ်နေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒီအခြေအနေမှာ မနိုးနိုးလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံဟာ အော်ဒါမရတော့တဲ့အတွက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလကုန်မှာ အပြီးပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတော့တယ်။

” စက်ရုံစူပါက လိုင်းထဲမှာရှိတဲ့ အလုပ်သမားအားလုံးကို အလုပ်ခဏရပ်ခိုင်းပြီး စုခိုင်းတယ်၊ စက်ရုံက အရှုံးပေါ် လို့ ပိတ်တော့မယ်၊ ဥပဒေအတိုင်း လျော်ကြေးပေးမယ်” ဆိုတဲ့ စကားကြားလိုက်ရတဲ့ ခဏမှာ ရင်ထဲမှာ ဗြုန်းခနဲ ဆို့တက်သွားပြီး ကမ္ဘာပျက်သွားသလိုပါပဲ” လို့ မနိုးနိုးက သူ့ခံစားချက်ကို ရင်ဖွင့်ပါတယ်။

လက်ရှိ ခုန်တက်နေတဲ့ ကုန်ဈေးနှုန်း၊ အိမ်စရိတ်နဲ့ ကျန်းမာရေးစရိတ်တွေအောက်မှာ ဒီလျော်ကြေးငွေဟာ လအနည်းငယ်အတွင်း ကုန်ဆုံးပျောက်ကွယ်သွားမယ် ဆိုတာကို မနိုးနိုးတယောက် သိရှိနေပါတယ်။

“အဆိုးဆုံးကတော့ ကျွန်မရဲ့ ၅ နှစ်တာ အလုပ်သက်တမ်း ဆုံးရှုံးသွားရတာပါပဲ၊ တခြားစက်ရုံမှာ အလုပ်သစ် ပြန်ဝင်ရင် အောက်ခြေကနေ ပြန်စရမှာမို့ လစာက အများကြီး လျော့သွားတော့မယ်”လို့ သူက ဆိုပါတယ်။

ဒီသတင်းစကားဟာ လှိုင်သာယာမြို့နယ်၊ ဆင်ခြေဖုံးရပ်ကွက်၊ အငှားအိမ်ခန်းကျဉ်းလေးထဲမှာ စုပြုံပြီး ခိုလှုံ နေကြရတဲ့ သူတို့မိသားစုအတွက်တော့ စိတ်ဓာတ်တွေ ရိုက်ချိုးခံလိုက်ရသလိုဖြစ်စေခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်သမား ၁ ဒဿမ ၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး အမျိုးသမီးအများစု လုပ်ကိုင်နေတဲ့ အထည်ချုပ် ကဏ္ဍတခုတည်းမှာတင် အလုပ်အကိုင် ဆုံးရှုံးမှု ၂၂၀,၀၀၀ ကျော် ရှိခဲ့တယ်လို့  အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့   ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်သက် အတန်အသင့်ရှိနေပြီဖြစ်တဲ့ အလုပ်ကို လက်လွှတ်ဆုံးရှုံးရတော့မယ့် မနိုးနိုးက “အဲဒီအချိန်မှာ ကျမမှာလည်း ပိုက်ဆံမရှိဘူး၊ အလုပ်ကလည်း ရပ်သွားတော့ အတော်ကို ခေါင်းကြီးသွားတယ်၊ သေချင်စိတ် တောင်ပေါက်တာပါ” လို့ ပြောပြပါတယ်။

ဒီအမျိုးသမီးအတွက်တော့ အဆိုးဆုံးတွေက ဒီလောက်နဲ့တင် ရပ်တန့်မနေပါဘူး။ မွေးရာပါနှလုံးအပေါက်ပါတဲ့  ၁၀နှစ်အရွယ်သမီးလေးရဲ့ ရောဂါအခြေအနေက ပိုပြီးသည်းထန်လာတဲ့အတွက် ဆရာဝန်က အမြန်ခွဲစိတ်ကုသဖို့ အကြံပြုလိုက်ပါတယ်။ ဒါဟာ သူ့ကို အဆုံးစွန်ဆုံးကြပ်တည်းတဲ့အခြေအနေဆီကို တွန်းပို့လိုက်သလို ဖြစ်စေခဲ့ပါ တော့တယ်။

သူ့ သမီးလေးအတွက် အရေးပေါ်ခွဲစိတ်ကုသစရိတ်က မြန်မာကျပ်ငွေ သိန်း ၁၀၀ ဝန်းကျင်လို့ဆိုပါတယ်။ ပြန်တွက်ရရင် ဒါဟာ မနိုးနိုးတို့ ဇနီးမောင်နှံ ၂ဦးပေါင်းရဲ့ တနှစ်လုံးစာ ဝင်ငွေနဲ့ ညီမျှတဲ့ပမာဏ ဖြစ်ပါတယ်။

စက်ရုံပိတ်တော့မယ့်သတင်းစကားကိုကြားရပြီးတဲ့နောက် ထမင်းစားနားချိန်မှာ လုပ်ဖော်ကိုင်ဖက်တယောက်က မနိုးနိုးတို့ကို လာအိုနယ်စပ်မှာ အငှားကိုယ်ဝန်ဆောင်ပေးရတဲ့ အလုပ်အမျိုးအစားအကြောင်း ပြောပြခဲ့ပါတယ်။  အဆက်အသွယ်လိုချင်ရင် သူ့မှာရှိကြောင်း ပြောပြခဲ့စဉ်က မနိုးနိုးတယောက် စိတ်မဝင်စားခဲ့ပါဘူး။ သူ့လိုပဲ တခြား လုပ်ဖော်ကိုင်ဖက်တွေကလည်း ထိုင်းနယ်စပ်က အထည်ချုပ်စက်ရုံတွေဆီ အလုပ်သွားလုပ်ဖို့သာ စိတ်ဝင်စားကြပါတယ်။

ဒါပေမဲ့ သမီးဖြစ်သူရဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေနဲ့ ထပ်မံရင်ဆိုင်လိုက်ရတဲ့နောက်မှာတော့  မနိုးနိုးက “ယောက်ျားလစာ ၄ သိန်းကလည်း အိမ်စရိတ်တောင်မရှိတော့ သူများဆီယူဖို့လည်း မရဲဘူး၊ ကျမ ချက်ချင်းကြီး ဘယ်လိုရှာမလဲ၊ အဲ့လောက်ငွေအမြန်ရဖို့ ဘာအလုပ်ဖြစ်ဖြစ် လုပ်ဖို့ ဆုံးဖြတ်ထားလိုက်တယ်” လို့ ဆိုပါတယ်။

သူပြောတဲ့ ဘာအလုပ်ဖြစ်ဖြစ်ဆိုတာထဲက သူရွေးချယ်လိုက်ရတဲ့ အလုပ်ဟာ “အငှားကိုယ်ဝန်ဆောင်အလုပ်” ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ သိရှိသွားချိန် မှာ လင်မယားနှစ်ယောက် အကြီးအကျယ်ရန်ပွဲဖြစ်ကြပါတော့တယ်။

“ကလေးက ဒါကို ကြားပြီး ငိုတော့ ကျမတို့ရန်ပွဲ ပြီးသွားတယ်၊ သမီးအသေခံမှာလား၊ ငါတော့ မခံနိုင်ဘူး၊ ငါ ဘာအလုပ်ဖြစ်ဖြစ် လုပ်ပြီး ငါ့သမီးကို ကယ်မှာလို့ပြောလိုက်တော့ သူ့ပါးစပ်ပိတ်သွားတယ်”လို့  မနိုးနိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံတွေ ဆက်တိုက်ပိတ်သိမ်းလိုက်ရတာဟာ ရိုးရှင်းတဲ့ စီးပွားရေးအကျပ်အတည်း မဟုတ်ဘဲ အမျိုးသမီး အလုပ်သမားတွေရဲ့ အသက်အန္တရာယ်နဲ့ လူမှုဘဝတွေကို ချောက်ကမ်းပါးထဲတွန်းပို့နေ စေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မခင်သန္တာမိုးက “စက်ရုံတရုံ ပိတ်လိုက်တာဟာ အလုပ်သမားတွေရဲ့ ဝင်ငွေတင်မကဘဲ မိသားစု စားဝတ်နေရေး၊ အိမ်ငှားခ၊ ကလေးကျောင်းစရိတ်နဲ့ လမ်းဘေးဈေးသည်တွေရဲ့ ဘဝအထိ ရိုက်ခတ်သွားတာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားအရေး လှုပ်ရှားသူ မဇွန်ကလည်း“စက်ရုံပိတ်လိုက်တာနဲ့ အလုပ်သမား ရာနဲ့ချီ ဘဝပျက် ကြရတာပါ၊ ဝင်ငွေမရှိ၊ အကြွေးတွေဝိုင်းလာတော့ နယ်စပ်ကို မဖြစ်မနေ ထွက်ကြရတယ်၊ အဲဒီမှာ ပွဲစားလိမ် တာ၊ လူကုန်ကူးခံရတာနဲ့ ခေါင်းပုံဖြတ်ခံရတဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားဘဝထဲ ဆွဲသွင်းခံရတော့တာပါပဲ”လို့ ပြောပါတယ်။

ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women)နဲ့ UNDP တို့ရဲ့ ၂၀၂၆ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စီးပွားရေးအကြပ်အတည်းနဲ့ ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေရဲ့ ၄၂ ရာခိုင်နှုန်းမှာ ဝင်ငွေလုံးဝ မရှိတဲ့အခြေအနေကို ရောက်ရှိနေပြီး၊ ဒါက အမျိုးသမီးတွေကို ပိုမို ဘေးဒုက္ခရောက်လွယ်တဲ့ အခြေအနေကို ရောက်ရှိစေတယ်လို့ ဆိုထားပါတယ်။

အမျိုးသမီးအရေး ဆောင်ရွက်နေသူ မဖြူကတော့“အလုပ်မရှိတော့တဲ့အခါ ကလေးဆေးကုစရိတ်နဲ့ ဝမ်းရေး အတွက် အငှားကိုယ်ဝန်ဆောင်တာလို အန္တရာယ်များတာကို ရွေးချယ်ရတယ်၊  ဒါဟာ အမျိုးသမီးတွေအတွက် သေတွင်းထဲ ဆင်းနေရတာနဲ့ အတူတူပဲ၊ ပြည်ပသွားကြမယ်ဆိုရင်လည်း သေချာစုံစမ်း၊ လေ့လာပြီးမှ သွားဖို့ ပြောချင်တယ်” လို့ သတိပေးစကားဆိုပါတယ်။  

ဆုံးဖြတ်ချက်ချပြီးတဲ့ မနိုးနိုးကတော့ သူ့ လုပ်ဖော်ကိုင်ဖက်ဆီကနေ အဆက်အသွယ်တောင်းယူပြီး စုံစမ်းကြည့် လိုက်ချိန်မှာ အိမ်နီးချင်းလာအိုနိုင်ငံက တရုတ်ဇနီးမောင်နှံ အတွက် အငှားကိုယ်ဝန်ဆောင်ပေးရင် မြန်မာကျပ်ငွေ သိန်း ၁၅၀ ရမယ်၊ ကိုယ်က သူ့ကို ငွေကြေးပေးစရာ မလိုဘဲ သူကအကုန်အကျခံမယ်လို့ ပွဲစားက ရှင်းပြပါ တယ်။  

 “ကိုယ်လည်း ကလေးမွေးဖူးတော့ အခက်အခဲမရှိဘူးပေါ့၊ လုပ်မယ်လို့ပြောလိုက်တယ်” လို့ မနိုးနိုးက ဆိုပါ တယ်။

ဒါပေမဲ့ နိုင်ငံကူးလက်မှတ် မရှိတဲ့သူဟာ လာအိုနိုင်ငံထဲ ပွဲစားအမျိုးသမီးတဦးနဲ့အတူ ကြမ်းတမ်းတဲ့ ခရီးလမ်း ကြောင်းကနေတဆင့် ခိုးဝင်ခဲ့ကြပါတယ်။ နိုင်ငံထဲကိုရောက်တော့ မနိုးနိုးကို တည်းခိုခန်းမှာထားခဲ့ပြီး ပွဲစားက အလုပ်အပ်မယ့် တရုတ်ဇနီးမောင်နှံနဲ့တွေ့ဆုံဖို့ဆိုကာ ထွက်သွားခဲ့ပါတယ်။

ပွဲစားပြန်လာချိန်မှာတော့ မူလကပြောထားတဲ့ သိန်း ၁၅၀ ကျပ်အစား သိန်း ၈၀ကျပ်ကို လျှော့ချလိုက်တဲ့အတွက် မလုပ်တော့ဘူးလို့ ငြင်းဆိုကာ ပြန်မယ်လုပ်တော့ လမ်းစရိတ်မရှိတော့တဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်။

အိမ်ကနေလည်း ပြန်တောင်းလို့ရတဲ့အခြေအနေမဟုတ်တဲ့အတွက် မနိုးနိုးဟာ အိမ်အပြန်လမ်းစရိတ်အတွက်  လာအိုရှိ မြန်မာစားသောက်ဆိုင်တခုမှာ ပန်းကန်ဆေးဝင်လုပ်ပြီး၊ ဆိုင်ရှင်ရဲ့ ကူညီစာနာမှုကြောင့် ၁ ပတ် အကြာ မှာ ခိုးဝင်လမ်းကတတဆင့် မြန်မာပြည်ကို ဘေးကင်းကင်းနဲ့  ပြန်လည်ရောက် ရှိလာခဲ့ပါတယ်။

ပြန်ရောက်ချိန်မှာတော့  ရောဂါသည် သမီးငယ်ကို မဖြစ်မနေ ခွဲစိတ်ရမယ့်အခြေအနေ ဖြစ်နေတဲ့အတွက် အတိုးနှုန်းမြင့်မြင့်နဲ့ ငွေချေးခဲ့ကြရပြန်ပါတော့တယ်။ ကျပ်သိန်း ၁၀၀ အတွက် အတိုးက တလကို ကျပ်သိန်း ၂၀ ပေးရမှာဖြစ်ပါတယ်။

“သမီးလေး ခွဲစိတ်ခ စုစုပေါင်း သိန်း ၁၁၀ လောက် ကုန်သွားတဲ့အပြင် နောက်ပိုင်း လိုအပ်တာတွေ ဝယ်ဖို့ အတွက် ယောက်ျားရဲ့ အမျိုးတွေဆီက သိန်း ၂၀ ထပ်ပြီး ချေးခဲ့ရသေးတယ်” လို့ မနိုးနိုးက ရင်ဖွင့်ပါတယ်။

အကြွေးပေါ် အကြွေးဆင့်လာတဲ့ အခါ မနိုးနိုးဟာ ပထမတကြိမ် မအောင်မြင်လိုက်တဲ့၊ အန္တရာယ်များလှတဲ့ အငှားကိုယ်ဝန်ဆောင် အလုပ်ကို ဒုတိယအကြိမ် ထပ်မံခြေဦးလှည့်ရပြန်ပါတော့တယ်။

မြန်မာလူထုကြား ရေပန်းစားနေတဲ့ Tiktok လူမှုကွန်ရက်ကနေတဆင့် အငှားကိုယ်ဝန်ဆောင်အလုပ် ခေါ်တာ တွေ့လို့ မေးရင်းနဲ့ ပွဲစားတယောက်နဲ့ချိတ်မိတဲ့အခါ စရံငွေအပါအဝင် စာချုပ်နဲ့ ငွေပေးချေတာ အဆင့်ဆင့် ပြုလုပ်ပြီး သွားရောက်ဖို့ ပြင်ဆင်နေပြီလို့ ပြောပြပါတယ်။ သူ့အရင်ဆက်သွယ်ဖူးသူ၊ အတွေ့အကြုံရှိဖူးသူတွေ ကို မေးမြန်းစုံစမ်းကြည့်ပြီးမှ ဒီအလုပ်ကို လက်ခံခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

“မဖြစ်မနေမို့လို့ပါ၊  လောဘလည်း မကြီးပါဘူး၊ ဒီတခါပြီးရင် မလုပ်တော့ပါဘူး” လို့ သူက  စိတ်မကောင်းတဲ့ လေသံနဲ့ စကားဆိုပါတယ်။

ဒီတကြိမ်မှာတော့ တရုတ်နယ်စပ်မှာ သွားလုပ်ရမှာဖြစ်ပြီး ငွေပေးချေတဲ့ပုံစံက အဆင့်ဆင့် သတ်မှတ်ထား တယ်လို့ သိရပါတယ်။ မသွားခင် လမ်းစရိတ်၊ ရောက်လို့ ဆေးစစ်ပြီးချိန်၊ အဆင်ပြေလို့ သုတ်ပိုးထည့်ပြီးချိန်၊ သန္ဓေအောင်လို့ ကလေး ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန် ၅လပြည့်ချိန်၊ ကလေးမီးဖွားပြီးချိန် စသဖြင့် အချိန်အပိုင်း အခြားအလိုက် သူ့ရဲ့လုပ်အားခကို ရရှိမယ်လို့ မနိုးနိုးက ရှင်းပြပါတယ်။

“ကလေးကျန်းမာတယ်ဆိုရင် မုန့်ဖိုး အနေနဲ့ အပြန်လမ်းစရိတ်အပါ သိန်း ၃၀ ထပ်ပေးမယ်ပြောတယ်” လို့ သူက ဆိုပါတယ်။

အလုပ်လက်ခံထားတဲ့ စာချုပ်မှာတော့ မြန်မာကျပ်သိန်း ၁၃၀ နဲ့ ချုပ်ဆိုထားတာဖြစ်ပြီး သမီးဖြစ်သူ ခွဲစိတ်ကုသ စရိတ်အတွက် အတိုးမပါသေးဘဲ အကြွေး အရင်းကြေရုံပမာဏဖြစ်ပါတယ်။

“အဲ့လိုမလုပ်လို့မရတော့လို့ပါ၊ ကလေးအတွက် ခွဲစိတ်ခတွေက သူများဆီမှာယူပေးထားတော့ လူလိမ်လည်း မဖြစ်ချင်ဘူး၊ ရှက်တယ်၊ ဒါကြောင့် ရအောင်ရှာနေတာပါ၊ သူများတွေဆို ကျောက်ကပ်ရောင်း၊ အသည်း ရောင်းတာ၊ ကျမအလုပ်ကတော့ အဲ့လိုထုတ်ပေးရတာမဟုတ်တာ၊ မဖြစ်လို့လုပ်ရတာပေါ့၊ ဘယ်သူက လုပ်ချင် မလဲ” လို့ မနိုးနိုးက သူ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး ရှည်ရှည်လျားလျား ရှင်းပြပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ဇာတိ မနိုးနိုးဟာ လွန်ခဲ့တဲ့ ၁၈ နှစ်က နာဂစ်မုန်တိုင်းကြောင့် ဆွေမျိုးသားချင်းတွေ ဆုံးရှုံးခဲ့ရသလို မိသားစုရဲ့ လယ်ယာမြေ၊ အိုးအိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပါ ပျက်စီးဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက  မုန်တိုင်းဘေးသင့်ပြည်သူတွေ အသက်ရှင်ရပ်တည်နိုင်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေခဲ့ပေမဲ့ စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတည်ပြုဖို့အတွက် ဆန္ဒခံယူပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ ရတဲ့ ဘဝကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားခဲ့ရတဲ့ မနိုးနိုးတို့ မိသားစုအတွက်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခုနီးပါးကတည်းက ကြုံခဲ့ရတဲ့ ဆုံးရှုံးမှုတွေဟာ ဒီနေ့အထိ အဆုံးသတ်နိုင်ခြင်း မရှိသေးပါဘူး။

အသက် ၁၄နှစ်အရွယ်မှာ နာဂစ်မုန်တိုင်းဘေးကနေ လွတ်မြောက်လာခဲ့တဲ့ မနိုးနိုးရဲ့ ဘဝဟာ နောက်ထပ် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုကြောင့် ဒီတကြိမ်မှာတော့ အိမ်ထောင်စုရဲ့ အရေးပေါ် ရပ်တည်ရေးနဲ့ ကလေးရဲ့ အသက်ဘေးအတွက် သူ့ရဲ့ခန္ဓာကိုယ်၊ ကျန်းမာရေးနဲ့ ဘဝတခုလုံးကို ရင်းနှီးပြီး အန္တရာယ်ရောပြွမ်းတဲ့ အငှားကိုယ်ဝန်ဆောင်ခရီးကို ရွေးချယ်လိုက်ရတဲ့အခြေအနေအထိ ရောက်ရှိ စေခဲ့တာပဲဖြစ်ပါတယ်။

“ဒီတခါပြီးရင် မလုပ်တော့ဘူး၊ မနက်ဖြန်သွားမှာ၊ အဆက်အသွယ်တွေတော့ အားလုံးဖြတ်သွားမယ်” လို့ ခိုင်မာတဲ့လေသံနဲ့ စကားဆိုခဲ့တဲ့ မနိုးနိုးနဲ့ အဆက်အသွယ်ပြတ်တောက်သွားတာ အခုဆိုရင်  ၃ပတ်တာကာလ ရှိခဲ့ပြီ ဖြစ်ပါတယ်။

မနိုးနိုးရဲ့ အဖြစ်အပျက်ဟာ အမျိုးသမီးတဦးရဲ့ ကိုယ်ပိုင်ရွေးချယ်မှုတခုတည်း မဟုတ်ဘဲ အလုပ်အကိုင်၊ နိုင်ငံသားတယောက်ရသင့်တဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ အသက်ရှင်ရပ်တည်ခွင့်တွေ မလုံလောက်တဲ့အခါ အမျိုးသမီးတွေကို  ဘယ်လောက်အထိ အန္တရာယ်များတဲ့ လမ်းကြောင်းတွေဆီ တွန်းပို့ခံရနိုင်သလဲ ဆိုတာကို ဖော်ပြနေပါတယ်။