အမျိုးသမီးတွေက နိုင်ငံရေး ဦးဆောင်မှုမှာ နေရာရဖို့အတွက်ကို သက်သေပြနေရတယ်
“မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ ဌာနကြီးမှူး၊ လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ယာယီဌာနမှူး ဒေါ်အေးမြင့်အောင်အောင်နဲ့ အင်တာဗျူး အပိုင်း – ၂”
ခင်ဘုန်းမို့ ဆက်သွယ်မေးမြန်းသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပထမဆုံးဆန္ဒပြပွဲကို ၂၀၂၁ ခု ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးဆေးကျောင်းရှေ့မှာ စတင်ခဲ့ပါတယ်။ မန္တလေးမြို့ရဲ့ နွေဦးတော်လှန်ရေးကနဦးကာလမှာ အထင်ရှားဆုံး တော်လှန်ရေး ခေါင်းဆောင်တွေထဲ ဥပဒေဘွဲ့ရ၊ မဟာတန်းကျောင်းသူမအေးမြင့်အောင်အောင်လည်း ပါဝင်ခဲ့တယ်။
လူထုသပိတ်တွေအားကောင်းစဉ်ကာလတလျှောက်လုံး မန္တလေးမြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ရှေ့တန်းကနေပါဝင်ခဲ့တဲ့အပြင် ထဘီအလံလွှင့်ထူတဲ့ အမျိုးသမီးပြောက်ကျားသပိတ်တွေ ကိုလည်း ဦးဆောင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အမျိုးသမီးမဟာမိတ်အင်အားစုမှာပါဝင်ခဲ့ ပါတယ်။
စစ်အာဏာမသိမ်းခင်ကတည်းက တက္ကသိုလ်ကျောင်းသူဘဝမှာ မန္တလေးတက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို တက်ရောက်ရင်း ကျောင်းသားအရေးတွေမှာပါဝင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ မအေးမြင့်အောင်အောင်ဟာ အာဏာရှင်တော်လှန်ရေးအင်အားစုရဲ့ တစိတ်တပိုင်းအဖြစ် ယနေ့တိုင် ပါဝင်နေဆဲဖြစ်ပါတယ်။
မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီကို ၂၀၂၅ ခုနှစ်နိုဝင်ဘာ ၂၈ရက်နေ့က ဌာနကြီး ၇ခု၊ ကောင်စီဝင် ဌာနကြီးမှူး ၉ဦးနဲ့ စတင်ဖွဲ့စည်း လိုက်ပြီး ကောင်စီရဲ့ သက်တမ်းဟာ ၂နှစ်ဖြစ်ပါတယ်။ ကောင်စီဝင်ဌာနကြီးမှူး ၉ဦးအနက် ၂ဦးက အမျိုးသမီးတွေဖြစ်ကြပြီး တဦးကတော့ ဒေါ်အေးမြင့်အောင်အောင်ပဲဖြစ်ပါတယ်။
ဒေါ်အေးမြင့်အောင်အောင်ကို လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနရဲ့ ဌာနကြီးမှူး၊ လူငယ် အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ယာယီဌာနမှူးအဖြစ် မဲစနစ်နဲ့ရွေးချယ်ခဲ့ကြပါတယ်။
လက်ရှိတော်လှန်ရေးအရွေ့၊ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေ၊ အမျိုးသမီးတဦး အနေနဲ့ အုပ်ချုပ်ရေး ကောင်စီရဲ့ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူရတဲ့အခါ ကြုံတွေ့ရတဲ့ အားသားချက်တွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အေးမြင့်အောင်အောင်ကို Honest Information-HI က ဆက်သွယ်မေးမြန်း ထားပါတယ်။
HI – စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေ အတွက် အရေးပေါ် မီးဖွားနိုင်ဖို့၊ ကလေးတွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ရရှိဖို့နဲ့ အာဟာရ ပြည့်ဝဖို့အတွက် ဘယ်လိုအစီအစဉ်တွေပြင်ဆင်ပေးထားလဲ။
ဒေါ်အေးမြင့်အောင်အောင် ကျနော်တို့ရဲ့မန္တလေးစိုးမိုးထိန်းချုပ်နယ်မြေထဲမှာ ရှောင်ရတဲ့သူတွေကျတော့ မန္တလေးဒေသမှာရှိနေတဲ့ ကျန်းမာရေးအဖွဲ့တွေက တာဝန်ယူ ဆောင်ရွက် ပေးနေတာရှိတယ်။ စစ်ကိုင်းယူနစ်ထဲမှာရှိနေတဲ့ စစ်ရှောင်စခန်းတချို့ကိုကျတော့ လက်လှမ်းမမှီခဲ့ဘူး။ စိတ်မကောင်းစရာတွေလည်းဖြစ်ခဲ့တယ်။
တချို့စခန်းလေးတွေက မြို့နယ်ရဲ့ဆေးပေးခန်းတွေနဲ့ဝေးတဲ့အခါမှာ ရှိကြတာ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ၉လ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလမ်းမှာပဲ မီးမဖွားနိုင်ပဲနဲ့ ကလေးရော မိခင်ရော ဆုံးသွားတဲ့ကိစ္စ ကြုံခဲ့ရတယ်။ ဒါက ကျနော်တို့အနေနဲ့ အချိန်မှီဆေးပေးခန်းကိုလိုက်ပို့ပေမယ့် သူနေတဲ့နေရာနဲ့ဝေးနေ တဲ့ အတွက်ကြောင့် ဖြစ်သွားရတယ်။ ကျန်းမာရေးလို့ပြောလိုက်မယ်ဆိုရင်လည်း လက်ရှိတော်လှန် စိုးမိုးထိန်းချုပ်နယ်မြေတွေမှာက ဆရာဝန်အင်အားက ရှားတယ်။ သူနာပြု၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကရှိတော့ရှိတယ်။ မလုံလောက်တာပေါ့။ မလုံလောက်တဲ့အခါ ခုနက လိုကိစ္စတွေကကြုံရပါတယ်။
HI- စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ရေကြီးတာ၊ ငလျင်လှုပ်တာ စတဲ့ ရုတ်တရက် အန္တရာယ်တွေ ကြုံတွေ့ရချိန်မှာ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးတွေအတွက် ဘာတွေ ပြင်ဆင်ထားလဲ။
ဒေါ်အေးမြင့်အောင်အောင် – ရေကြီးတဲ့ဟာအတွက်ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်ကြိုတင်ပြင်ဆင်မှုလုပ်ခဲ့တယ်။ ဒါပေမဲ့ အကုန်လုံးနီးပါးကိုတော့ လွှမ်းခြုံအောင် မလုပ်နိုင်ခဲ့ ဘူး။ ရေကြီးတော့မယ်လို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးချက်တွေပေးပြီး နောက်ပိုင်းတွေမှာ ရေကြီးမယ့်နေရာက စစ်ရှောင်တွေကို ကျနော်တို့ရဲ့ စေတနာ့ဝန်ထမ်းတွေက ရွှေ့ပြောင်းပေးတာတွေ လုပ်ခဲ့တာရှိတယ်။ ထောက်ပံ့ရေးကိစ္စတွေ နောက်ကနေလိုက်ခဲ့ကြတယ်။
ပြီးခဲ့တဲ့ဟာတွေကို အတွေ့အကြုံယူပြီးတော့ လာမယ့်နွေရာသီမှာ ပညာရှင်တွေခန့်မှန်းထားကြတဲ့ စူပါ အယ်နီညိုစနေပြီလို့သိရတယ်။ အဲ့ဒီအတွက် ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်မှု တွေလုပ်နိုင်မလဲစပြီးတော့ စဉ်းစားနေတာရှိတယ်။ စူပါအယ်နီညိုနဲ့ပတ်သက်ပြီး စိုးမိုးထိန်းချုပ် နယ်မြေတင်မကဘူး၊ မြို့ပြမှာ နေတဲ့ပြည်သူတွေရော ဘယ်လိုမျိုးကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းတွေ၊ ကြုံလာတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတွေ ကြိုတင်ကာကွယ်ဖို့တွေရော စပြီးဆွေးနွေး တာတွေရှိပါတယ်။
လေကြောင်းနဲ့ပတ်သက်ပြီးတော့က စစ်ဘေးရှောင်တွေက ကျနော်တို့ထက်တောင် လေကြောင်းအသိ ပိုများပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ တချို့နေရာတွေမှာတော့ ဗုံးခိုကျင်းတွေ၊ အလှူရှင်တွေနဲ့ တူးပေးနိုင်တာရှိသလို တချို့နေရာတွေမှာကျတော့ ကျနော်တို့ တူးပေးစရာ မလိုလောက်အောင် သူတို့ဘာသာသူတို့ ထူးထားတာလေးတွေရှိတယ်။ လေကြောင်းနဲ့ ပတ်သက် ပြီး လက်ကမ်းစာစောင် ဝေတာတွေလုပ်တယ်။ တချို့နေရာတွေမှာ လေကြောင်းသတိ ရှိပေမဲ့ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက်ဘေးဆုံးရှုံးသွားရတဲ့ သူတွေအများကြီးရှိတယ်။ စစ်အုပ်စု ကလည်း တကယ်ကို မန္တလေးဒေသစစ်ဘေးရှောင်စခန်းတွေကို ဦးတည်ပြီးတော့ လေကြောင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေက ရှိနေတယ်။ အဲ့ဒါတွေကို အသိပညာပေးတဲ့အပိုင်းတော့ သေချာလေး လုပ်ပေးနေ ပါတယ်။
HI – စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေက ဘယ်လို အခက်အခဲတွေ အများဆုံး ကြုံရတာရှိလဲ။ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေရော ကြုံနေကြရ လား။ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုစီမံချက်တွေထားထားလဲ။
ဒေါ်အေးမြင့်အောင်အောင် – စစ်ဘေးရှောင်စခန်းတွေမှာ အဓိက အမျိုးသမီးတွေ ကြုံရတာက သူတို့နဲ့အတူနေအမျိုးသားက မလွဲသာမရှောင်သာလို့အဝေးကိုသွားပြီးတော့ အလုပ်လုပ် ရတဲ့အခြေအနေမျိုးတွေမှာ ကျန်ခဲ့ပြီး ကလေးတွေနဲ့ ရုန်းကန်ရတဲ့အခြေအနေ ရှိတယ်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်ရဲ့မိသားစုဆို ပိုဆိုးတယ်။ ရဲဘော်ရဲ့ဇနီးတွေ စစ်ရှောင်စခန်းတွေမှာ ကျန်ခဲ့ တာတွေ ရှိတယ်။
အဲ့အမျိုးသမီးတွေက ကလေးတွေရဲ့ပညာရေး၊ စားဝတ်နေရေးကို ရုန်းကန်ရတဲ့ကိစ္စကို ရင်ဆိုင်ရတယ်။ နောက်တခု လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု အကြမ်းဖက်မှုတွေက တချို့နေရာတွေမှာရှိတယ်။ ဘာလို့ဆို စခန်းတွေဆိုတာလည်း Privacy(ကိုယ်ရေးကိုယ်တာ) ဆိုတာမျိုးသိပ်မရှိဘူး။ တချို့နေရာ တွေမှာ စစ်ရှောင်စခန်းတွေက အတွဲလိုက်တွေဆောက်ထားပြီး၊ အားလုံးရောနေ ဆိုတဲ့အခါ အမျိုးသမီးတွေက တချို့နေရာတွေမှာ လိင်ပိုင်းဆိုင်ရာအရအကြမ်းဖက်ခံရတာ စကားနဲ့ဖြစ်ဖြစ် ပြောခံရတာကြုံရတယ်။
ရေချိုးတဲ့နေရာဆိုရင်လည်း အမျိုးသား၊ အမျိုးသမီး မခွဲထားတဲ့နေရာတွေရှိတယ်။ ကျနော်တို့ လုပ်ပေး ချင်တယ်။ လုပ်ပေးခဲ့တဲ့စစ်ဘေးရှောင်စခန်းတွေမှာဆို အမျိုးသားရေချိုးဆောင် အမျိုးသမီး ရေချိုးဆောင် ခွဲပေးတယ်။ ခွဲမပေးနိုင်တဲ့နေရာတွေလည်းအများကြီးရှိတယ်။ ဒါကလည်း ငွေကြေး လိုအပ်ချက်အရဖြစ်တယ်။ ဒီလိုအမှုအခင်းတွေရှိလာရင်ဘယ်လို လွှဲလဲဆို အဲ့နေရာဒေသရဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို လွှဲထားတယ်။
စစ်ကိုင်းယူနစ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာဆိုရင် စစ်ရှောင်စခန်းအခြေစိုက်တဲ့နေရာမှာရှိတဲ့ ရပ်ကျေးတွေကို အပ်ထားလိုက်တယ်။ တခုခုဆို ရပ်ကျေးကိုတိုင်ကြားနိုင်တယ်။ ရပ်ကျေးကတဆင့် မြို့နယ် ယန္တရားတွေကို လွှဲပြောင်းပြီးတော့ အရေးယူဆောင်ရွက်ဖို့ပြောထားတာတွေရှိတယ်။ မန္တလေး ဒေသရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ဒီနည်းလမ်းပဲ ရပ်ကျေးတွေက တဆင့်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးအဖွဲ့တွေက ဒီကိစ္စတွေကိုကိုင်တွယ်ပေးတာတွေရှိတယ်။
HI – အမျိုးသမီးတွေကရော ဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကြုံရရင် သူတို့အနေနဲ့ထုတ်ပြောကြလား။ တိုင်တန်းကြလား။ တိုင်တန်းတဲ့အခါမှာရော သူတို့အတွက် စိန်ခေါ်မှုတွေ ရှိနိုင်လား။
ဒေါ်အေးမြင့်အောင်အောင် – တချို့ကရှက်တယ်။ တချို့က ဒါကိုချိုးဖောက်ခံနေရမှန်း မသိဘူး။ အဲ့လိုမျိုးဖြစ်တဲ့အခါမျိုးတွေမှာ မတိုင်တန်းကြဘူး။ တချို့ကျတော့ ကြောက်ကြတယ်။ ဒီလိုဟာတွေကြောင့် အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေမှာ အပြင်ကို မရောက်လာတာ၊ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေဆီကို မရောက်လာတာဖြစ်တယ်။
တချို့နေရာတွေမှာ ငွေရေးကြေးရေးနဲ့ ဖြေရှင်းလိုက်တဲ့အခါမှာ မတိုင်နဲ့တော့ အမှုမဖွင့်နဲ့တော့ ပိုက်ဆံဘယ်လောက်နဲ့ ကျေအေးမယ်ဆိုတာမျိုးတွေကြုံရတာရှိတယ်။ ပြစ်မှုကပြစ်မှုပဲဆိုပေမဲ့ တကယ်တမ်းတော့ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး PSHEA တို့ CRSV တို့ဒါတွေနဲ့ပတ်သက်ပြီး အသိပညာပေးရမယ့်ဟာတွေ အများကြီးလိုအပ်နေသေးတယ်။
HI – လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အမျိုးသမီးအခွင့်အရေး တွေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေကိုအသိပညာပေးတာတွေ ဆောင်ရွက် ဖြစ်လား။
ဒေါ်အေးမြင့်အောင်အောင် – အဲဒါနဲ့ပတ်သက်ပြီးလုပ်ပေးဖို့ရှိတယ်။ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ အစည်းအဝေးတွေလုပ်ပြီး တိုင်ပင်နေပြီ။ အရင်တုန်းကတော့ စစ်ရှောင်တွေကို သွားပြီးတော့ ပံ့ပိုးရင်းနဲ့စကားပြောဖြစ်တာ။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး သီးခြားကြီး မလုပ်ဖြစ်ဘူး။ ဒါကြောင့် သီးခြားလုပ်ဖို့၊ အသိပညာပေးဖို့၊ လက်ရှိမှာသင်တန်းတွေလုပ်ဖို့ စပြီးကြိုတင် ပြင်ဆင်နေတာတို့ရှိပါတယ်။
HI – စစ်ဘေးရှောင် စခန်းတွေမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ် တွေအတွက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကနေ ကြိုတင်ကာကွယ်ပေးနိုင်ဖို့ ဘယ်လိုမူဝါဒတွေ ချမှတ် ထားတာမျိုးရှိလဲ။
ဒေါ်အေးမြင့်အောင်အောင် – PSHEA (လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နှင့် အလွဲသုံးစားပြုခြင်းတို့မှ ကာကွယ်ခြင်း) နဲ့ပတ်သက်ပြီး ပေါ်လစီချဖို့ရှိတယ်။ အဲ့ဒါကလည်း ကြိုးစားနေတဲ့ကာလဖြစ်တယ်။ နောက်ကျနေတဲ့အကြောင်းအရင်းက တဖက်မှာလည်း အစိုးရ ယန္တရားနဲ့ပတ်သက်ပြီး တည်ဆောက်ရေးတွေလုပ်ရတယ်။ တဖက်မှာလည်း အစိုးရရဲ့ လုပ်ငန်း တာဝန်တွေကို ကျေပွန်အောင်လို့ တခုချင်းစီဆောင်ရွက်ရတဲ့အခါမှာ လိုအပ်ချက်တွေ ရှိနေဆဲပဲ ဖြစ်တယ်။ မကြာခင်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး မူဝါဒ ချမှတ်နိုင်ဖို့တွေ လွှတ်တော်နဲ့ဆွေးနွေးဖို့ရှိပါတယ်။
HI – စစ်ဘေးရှောင် ကူညီရေးအပြင် ဒေသခံတွေအတွက် ရေရှည် အသက်မွေးဝမ်းကျောင်းအတွက် ဆောင်ရွက်ပေးနေတာမျိုးရောရှိလား။
ဒေါ်အေးမြင့်အောင်အောင် -ရေရှည်အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်ပင်ပြီးတော့ လုပ်နေတဲ့ဟာတွေရှိတယ်။ စစ်ဘေးရှောင်ပြည်သူတွေ အတွက်ကို စိုက်ပျိုးရေး၊ လုပ်ပေးနိုင်ဖို့ မြေဧကတွေငှားပြီးတော့ သီးနှံဝယ်ပေးပြီး ထွန်ပေးတဲ့ဟာတွေ ရှိတယ်။ အဲ့ကရတဲ့အကျိုးအမြတ်ကို စစ်ဘေးရှောင်စခန်းတွေကို ပြန်လည်စီးဆင်းဖို့ဆိုပြီး စလုပ်နေပြီ။ ဒါပေမဲ့ ငွေကြေးလိုအပ်မှုကအင်မတန်များလို့ နေရာတိုင်း မလုပ်နိုင်ဘူးဆိုတဲ့အခါမှာ ကနဦး အစီအစဉ် အနေနဲ့စပြီး လုပ်နေတာရှိတယ်။ တချို့နေရာတွေမှာ စစ်ဘေးရှောင်တွေကို အလုပ်အကိုင်ရဖို့အတွက် သက်ဆိုင်ရာဒေသခံ စီးပွားလုပ်ငန်းရှင်တွေနဲ့ ချိတ်ပေးခဲ့တာရှိတယ်။ ဒါပေမဲ့ လူအင်အားမြောက်မြားစွာ ကိုတော့ ချိတ်ပေးနိုင်ခြင်းမရှိခဲ့ဘူး။ ဆက်ပြီးကြိုးစားရဦးမယ်။
HI – အမျိုးသမီးတွေဟာ စစ်ဖြစ်နေတဲ့တိုင်းပြည်မှာ ကယ်ဆယ် ရေးနဲ့ စောင့်ရှောက်ရေးတာဝန်တွေကို အဓိကယူနေကြရတယ်။ တိုင်းရင်းသားဒေသတွေမှာ ဆိုလည်း နှစ်ပေါင်းများစွာ ဒီလိုကယ်ဆယ်ကူညီရေး၊ စစ်ရှောင်ကယ်ဆယ်ရေး၊ တာဝန်တွေယူထားကြရတဲ့ အမျိုးသမီးခေါင်းဆောင်တွေဟာ နိုင်ငံရေးခေါင်းဆောင်၊ ဗဟိုကော်မတီဝင်တွေဖြစ်လာဖို့ နှစ်ပေါင်း များစွာ အချိန်ယူကြရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ လက်ရှိအခင်းအကျင်းအပေါ်မှာရော ဘယ်လိုသုံးသပ်ချင်လဲ။
ဒေါ်အေးမြင့်အောင်အောင် – ဒါကတော့နေရာဒေသအလိုက် မတူညီမှုတွေဖြစ်မယ်နဲ့ တူတယ်။ ဥပမာ ကျနော့်ကိုတာဝန်စပေးတဲ့အချိန်မှာလည်း အသက်အားဖြင့်က ၂၇ နှစ်ပဲ ရှိသေးတယ်။ ဒါကို မန္တလေးဘက်က အင်အားစုတွေက ယုံယုံကြည်ကြည်နဲ့ ၂၇ နှစ်အရွယ် အမျိုးသမီး တယောက်ကို ဌာနကြီးမှူးနေရာကို ပေးတဲ့အခါမှာ အားလုံးကဝိုင်းပြီးစဉ်းစားကြတဲ့ အခါအမှာ သူတို့ဘက်မှာလည်း သေချာပေါက်တွေးတာတွေ ရှိကောင်းရှိမယ်။ ဒီတာဝန်အပေါ်မှာ ကျနော့်ကိုပေးခြင်း မပေးခြင်း အပေါ်မှာလည်း သူတို့လည်းတချို့တွေ ဒွိဟတွေဖြစ်ကောင်းဖြစ်မယ်။ အရွယ်အားဖြင့်လည်း အင်မတန် ငယ်သေးတယ်၊ အမျိုးသမီးဖြစ်နေတဲ့အခါ လုပ်နိုင်ပါ့မလားဆိုတာမျိုး။ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီ မှာ အမျိုးသမီး ၂ ဦးပါတယ်။ တဦးက ရှေ့နေချုပ်ဖြစ်တယ်။ အမျိုးသမီး ပါဝင်မှုက ၂၅ ရာခိုင်နှုန်းရှိတယ်လို့ ယူဆလို့ ရတယ်။
အမျိုးသမီးတယောက်ကို ဒီလိုမျိုးတာဝန်ပေးတယ်ဆိုတာက ကောင်းတဲ့အရွေ့ဖြစ်တယ်လို့ရှုမြင်တယ်။ တခြားနေရာတွေမှာဆိုရင်တော့ ဒီလိုမဟုတ်ဘူး၊ ရုန်းကန်ရတယ်။ ဖိုဝါဒကြီးစိုးမှုက မြန်မာ့ လူ့အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာ မြုပ်နေတဲ့ဟာ ဖြစ်တဲ့အတွက် တကယ့်လူ့အဖွဲ့အစည်းထဲမှာ ရှိနေသလို တော်လှန်ရေးဦးဆောင်နေတဲ့ အစုအဖွဲ့မှာလည်း ရှိနေတယ်။ ကျနော် မရှိဘူးလို့မငြင်းဘူး။ ရှိတယ်ဆိုတာ လုံးလုံးလျားလျားလက်ခံတယ်။
နိုင်ငံရေးအရ၊ တကယ့်ဆုံးဖြတ်ချက်ချတဲ့ နေရာမှာရှိနေတဲ့ အမျိုးသားတွေကိုယ်တိုင်က ဖိုဝါဒ အနည်းအကျဉ်းရှိတာ၊ တချို့ဆိုလည်း အများကြီးရှိတာရှိတယ်။ စစ်ရေးဘက်မှာ ပိုဆိုးတယ်။ အမျိုးသမီးတွေက နိုင်ငံရေး ဦးဆောင်မှုမှာ နေရာရဖို့အတွက်ကို သက်သေပြနေရတယ်။ အမျိုးသားတွေဆိုရင် လုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့အတွက် အလုပ်ပဲလုပ်ပြရုံပဲ၊ အမျိုးသမီးတွေ က အဲ့လိုမဟုတ်ဘူး။ အမျိုးသမီးတွေရင်ဆိုင်ရတဲ့ စာမျက်နှာတွေက များတယ်။ ငါတို့လုပ်နိုင်တယ် ဆိုတာကို ပြရုံတင်မကတော့ဘူး။ ငါတို့က အမျိုးသားတွေနဲ့ ရင်ဘောင် တန်းနိုင်ပါတယ် ဆိုတာကို လည်းပြရတယ်။ အမျိုးသမီးဖြစ်ခြင်းကြောင့်၊ ဖိုဝါဒကြောင့် နောက်ဆက်တွဲ လူမှုကိစ္စတွေမှာပါ ဆက်ဆံခံရတဲ့ဟာတွေကို အမျိုးသမီးတွေကရင်ဆိုင်ရတယ်။ လုပ်ငန်းခွင်အတွင်းမှာတောင်မှ တချို့အခြေအနေတွေမှာဆို သိသိသာသာဖယ်ကြဉ်တဲ့ ချိုးနှိမ်တဲ့ကိစ္စတွေကို ရင်ဆိုင်ရတယ်။ ဆိုလိုချင်တာက ရုပ်ပိုင်းဆိုင်ရာတင်မကဘူး။ စိတ်ပိုင်းဆိုင်ရာမှာပါ ရုန်းကန်ရတယ်။
အမျိုးသမီးတွေက ပင်ကိုယ်သဘာဝကိုက မိခင်ဆန်တယ်လို့သုံးနှုန်းချင်တယ်။ မိခင်ဆန်တယ်ဆိုတာ ဖိုဝါဒရဲ့ ချိုးနှိမ်တဲ့စကားလုံးမဟုတ်ဘူး။ အမျိုးသမီးတွေက Soft Power ပိုပြီးကဲတယ်လို့ ပြောချင်တာ။ တချို့နေရာတွေမှာ အရမ်းရုန်းကန်ရတယ်။ ဒါလည်း ကျနော်တို့ အပြောင်းအလဲတခု လုပ်တဲ့အခါမှာ မန္တလေးဒေသတင်မဟုတ်ဘူး။ နေရာတိုင်းနီးပါးမှာဖြစ်နေတဲ့ ကိစ္စဖြစ်တဲ့အခါ တကယ် ပြောင်းလဲမယ်ဆိုရင် တော်လှန်ရေးခေါင်းဆောင်ကြီးများကစပြီး ပြောင်းလဲ ဖို့တော့လိုမယ်၊ ဆက်ပြီး ရုန်းကန်နေရဦးမယ်။
အခုနောက်ပိုင်း မြင်လာရတာက အမျိုးသမီးအဖွဲ့အစည်းတွေ အားကောင်းလို့လားမသိဘူး။ အမျိုးသမီး အဖွဲ့တွေက အသံပေးဆိုတော့ ခေါင်းဆောင်ကြီးတွေကမနေသာတော့ဘူး။ အမျိုးသမီးဆို နိုင်ငံရေး ရာထူးမှာ အမျိုးသမီးတွေနေရာရလာခြင်းကို သူတို့ဖယ်ကြဉ်လို့မရတော့တဲ့ အခင်းအကျင်းမျိုးတော့ ဖြေးဖြေးချင်းဖြစ်လာပြီ။ နောက်ပိုင်းတွေမှာ ဒီထက်ပိုပြီးအလားအလာတွေပို ကောင်းလာလိမ့်မယ်လို့ မြင်တယ်။ ဒါပေမဲ့ ရုန်းကန်ရဦးမယ်။
HI – လက်ရှိလှုပ်ရှားနေတဲ့အဝန်းအဝိုင်းမှာ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုအပေါ်မှာပါဝင်နေတဲ့အပေါ် အမျိုးသားတွေရဲ့ အမြင်သဘောထားကရော ဘယ်လိုရှိပါသလဲ။
ဒေါ်အေးမြင့်အောင်အောင် – ကျနော်တွေ့ကြုံခဲ့ရတဲ့ဖြတ်သန်းမှုဆိုရင်တော့ ရုန်းကန်နေရဆဲပဲ လို့ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိနိုင်ငံရေးအဝန်းအဝိုင်း၊ ထိပ်ပိုင်း ခေါင်းဆောင်မှုတွေ တကယ့်ကို ဆုံးဖြတ်ချက်ပေးနိုင်တဲ့နေရာတွေမှာက အမျိုးသားတွေရှိတယ်။ တကယ့်စိတ်ရင်းနဲ့မေးခွန်းထုတ်ချင်တာက အမျိုးသမီးတွေကို တကယ်ပဲ နိုင်ငံရေးဦးဆောင်မှုတွေမှာ ဦးဆောင်စေလိုတဲ့ ဆန္ဒကြောင့်လား။ အမျိုးသမီးအဖွဲ့တွေကဝိုင်းအော်လို့၊ Gender Equality (ကျား၊ မတန်းတူညီမျှမှု)ဝိုင်းအော်လို့၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်းဝိုင်းအော်လို့ မဖြစ်မနေ နေရာပေးရတာမျိုးလားဆိုတာ နည်းနည်းသံသယဝင်မိတယ်။ မေးခွန်းလည်း ထုတ်ချင်တယ်။
ဒီအပိုင်းမှာလည်း အများကြီးဆွေးနွေးရဦးမယ်ထင်တယ်။ ကျနော့်ဖြတ်သန်းမှုအရဆို တချို့သော နိုင်ငံရေးအရ ဆုံးဖြတ်ရမယ့်ကိစ္စရပ်တွေရှိတယ်။ ဒီကိစ္စတွေက တကယ့် အစည်းအဝေးတွေမှာ ဆွေးနွေးကြတာမဟုတ်ဘူး။ အစည်းအဝေးတွေရဲ့နောက်မှာ Informal အစည်းအဝေးတွေ ဆိုတာ ခဏခဏထိုင်ရတယ်။ များသောအားဖြင့် Informal အစည်းအဝေးတွေက အရက်ဝိုင်းတွေလည်း ဖြစ်နိုင်သလို လက်ဖက်ရည်ဝိုင်းလည်းဖြစ်နိုင်တယ်။ အဲ့မှာအမျိုးသမီးနဲ့အမျိုးသား ဖြစ်တည်မှုမှာ ပိုပြီး ရင်းနှီးတာက အမျိုးသားချင်းကပိုရင်းနှီးတာရှိတယ်။ အဲ့ဒီ Informal အစည်းအဝေးမှာ အမျိုးသမီးတွေက ကျန်ခဲ့တာမျိုးတွေ ရှိကြတယ်။ တကယ့်တကယ် နိုင်ငံရေးအရ ဆုံးဖြတ်မှု ပေးရမယ့်နေရာမှာ သူတို့က Informal အစည်းအဝေးတွေကတဆင့် ဒါတွေကိုသယ်လာကြတယ်။ တကယ့် Formal အစည်းအဝေးတွေမှာ မဲတွေပေးကြတဲ့အခါ အမျိုးသမီးတွေရဲ့အသံက ဒီနေရာမှာ ထိန်ချန်ထားခံရတယ်လို့ ကျနော်ကမြင်တယ်။ ဒါကကျနော့်အမြင်သက်သက်ဖြစ်ပါတယ်။
HI – အမျိုးသမီးတွေဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ မပါနိုင်သေး တာ၊ ခေါင်းဆောင်ပိုင်းတွေမှာ ဖိုဝါဒကြီးစိုးမှုတွေလျော့ကျအောင် လူမှုအသိုင်းအဝိုင်းအနေနဲ့ရော ခေါင်းဆောင်ပိုင်းတွေကရော ဘာတွေလုပ်ဖို့လိုမလဲ။
ဒေါ်အေးမြင့်အောင်အောင် – အဓိကက လူ့အဖွဲ့အစည်းမှာ အရိုးစွဲနေတဲ့ အမျိုးသား ကြီးစိုး တဲ့ ဖိုဝါဒအတွေးအခေါ်ကို ယတိပြတ်ပြောင်းလဲနိုင်မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့နေရာ အသီးသီးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုနဲ့ ဦးဆောင်မှု၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပါဝင်မှုဆိုတာ အစစ်အမှန်ဖြစ်လာမယ်လို့ထင်တယ်။ အဲ့အတွေးအခေါ်တရပ်ကို မတိုက်ထုတ်နိုင်ဘဲနဲ့ မပြောင်းလဲနိုင်ဘဲနဲ့ ခုနပြောတဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်နေတယ် ဆိုတာက ပါဝင်မှု သက်သက်ပဲရှိမယ်။ အဓိပ္ပာယ်ရှိတဲ့ပါဝင်မှုတော့ ဖြစ်မှာမဟုတ်ဘူး။
အတွေးအခေါ်ကစပြီးတော့ ပြောင်းလဲနိုင်ရမယ်။ အဲ့လိုပြောင်းလဲဖို့အတွက်ကလည်း အချိန်တခု စောင့်ရမယ်လို့မြင်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းဖြစ်နေတဲ့အခါမှာ ဝုန်းဒိုင်းဆိုပြီးတော့ ၅နှစ်အတွင်း လည်းဖြစ်လာမှာမဟုတ်ဘူး။ ၁၀နှစ်အတွင်းလည်းဖြစ်လာမှာမဟုတ်ဘူး။ အဲ့လို ပြောင်းလဲမှုလုပ်နေတဲ့ ဖြစ်စဉ်အတွင်းမှာ အမျိုးသမီးတွေကို နိုင်ငံရေး၊ လူမှုရေး၊စီးပွားရေးတွေမှာပိုပြီးပါဝင်လာဖို့ လမ်းဖွင့် ပေးထားတဲ့ ပလက်ဖောင်းလိုဟာတွေ< ကြားကာလနိုင်ငံရေး အစီအမံလိုဟာတွေမှာ ဥပဒေကြောင်းအရကိုက အာမခံပေးထားတာတွေက လိုအပ်တယ်။ ဒါမှသာ ကျနော်တို့လိုလားတဲ့ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှု၊ အဓိပ္ပါယ်ရှိတဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုဆိုတာဖြစ်လာမယ်လို့ထင်ပါတယ်။
HI – တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဒေါ်အေးမြင့်အောင်အောင် – လက်ရှိ စစ်ပွဲကာလမှာ အမျိုးသမီးတွေက အမျိုးသားတွေ ထက်ပိုပြီး ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာရော ကြုံရတယ်။ ခံစားကြရတဲ့အခါမှာ ဒီ အရေးကြီး ဆုံးကကြံကြံခံနိုင်မှုပဲ ကာလတခုကို အတူတူကျော်ဖြတ်ကြရုံပဲ။ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ တခုကြောင့် ပျော့ညံ့တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့တွေမှာလည်း လုပ်နိုင်စွမ်းတွေ အများကြီး ရှိကြတယ်။ လုပ်နိုင်စွမ်းတွေကို ရှာဖွေပြီး၊ လုပ်နိုင်တဲ့ဟာပေါ်မှာ မူတည်ပြီးတော့ တော်လှန်ရေးအလုပ်တွေကို ဒီထက်ပိုပြီးတော့ လုပ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။











