လိင်အကြမ်းဖက်မှုတွေဟာ လိင်စိတ်တခုတည်းကြောင့် ဖြစ်ပေါ် လာတာ မဟုတ်ဘူး
ဒီဇင်ဘာခိုင်
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာတဝန်းမှာပါ မုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို နေ့စဉ်လိုလို မြင်တွေ့နေရပါတယ်။
သတင်းမီဒီယာတွေမှာ၊ လူမှုကွန်ရက်တွေမှာ၊ လူ့အခွင့်အရေးအစီရင်ခံစာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေသာမက မတိုင်ကြားဘဲ တိတ်တိတ်ဆိတ်ဆိတ် ကျန်ရစ်နေတဲ့ ဖြစ်ရပ်တွေထဲမှာလည်း ဒီလိုအကြမ်းဖက်မှုတွေက ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်ဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေအပေါ် နှစ်ပေါင်းများစွာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်တခုသဖွယ် အသုံးပြုခဲ့တာကို အများ သိကြပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို အပြင်းအထန် ချိုးဖောက်တဲ့ လုပ်ရပ်တွေ ဖြစ်ရုံသာမက စစ်ရာဇဝတ်မှုတွေရဲ့ အစိတ်အပိုင်းတခုအဖြစ်လည်း မှတ်တမ်းတင်ခံထားရပါတယ်။
ဒီလိုအကြမ်းဖက်မှုတွေကို တွန်းလှန်ပြီး တရားမျှတမှုကို တောင်းဆိုနေတဲ့ တော်လှန်ရေး အသိုင်းအဝိုင်း အတွင်းက လူအချို့ကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေကို ကျူးလွန်ခဲ့ကြတဲ့ ဖြစ်ရပ် တွေ ပေါ်ပေါက်လာနေပါတယ်။
ဒီအချက်ကို ထောက်ပြခြင်းဟာ တော်လှန်ရေးတခုလုံးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။
အကြမ်းဖက်မှု ကို ဆန့်ကျင်တယ်လို့ ဆိုတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်အသိုင်းအဝိုင်းမဆို ကိုယ့်အတွင်း မှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဖုံးကွယ်မထားဘဲ တာဝန်ယူမှုနဲ့ တရားမျှတမှု ရှိရှိ ကိုင်တွယ်နိုင်မှသာ ကိုယ်တိုင်တောင်းဆိုနေတဲ့ တန်ဖိုးတွေကို အမှန်တကယ် ကာကွယ်ရာရောက်မှာ ဖြစ်ပါတယ်။
တရားမျှတမှုဟာ ဘက်မလိုက်တဲ့ စံနှုန်းတခု ဖြစ်ရပြီး ကျူးလွန်သူက ဘယ်သူပဲဖြစ်ဖြစ် ကျူးလွန်မှုဟာ ကျူးလွန်မှုပဲ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်တဲ့ အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ အသိုင်းအဝိုင်း၊ ကိုယ်လေးစားတဲ့ လူပုဂ္ဂိုလ်ဖြစ်နေလို့ မျက်ကွယ်ပြုထားလို့ မရပါဘူး။
တဖက်မှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ စစ်ပဋိပက္ခရှိတဲ့ နေရာတွေမှာသာ ဖြစ်ပေါ်တာ မဟုတ်ပါဘူး။ မြို့ပြဒေသတွေမှာတောင် ကလေးသူငယ်တွေအပေါ် ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပွား နေဆဲဖြစ်တာက လူ့အသိုင်းအဝိုင်းတခုလုံး ရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်ကြောင်း ပြသနေပါတယ်။
လူအများစုက မုဒိန်းမှုကို “လိင်စိတ် မထိန်းချုပ်နိုင်လို့ ဖြစ်တာ” လို့သာ ထင်မြင်တတ်ကြပါတယ်။
လက်ရှိ သုတေသနအများစုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သူတွေ (Survivor) ရဲ့ ပြောဆိုချက်တွေကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လိင်စိတ်တခုတည်း ကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။
အများအားဖြင့် မုဒိန်းမှုကျူးလွန်သူဟာ လူတယောက်ရဲ့ စိတ်နဲ့ခန္ဓာကို အာဏာပြဖို့၊ ထိန်းချုပ်ဖို့၊ အရှက်ခွဲဖို့၊ ကြောက်ရွံ့မှု ဖန်တီးဖို့နဲ့ လူတယောက်ရဲ့ လူ့ဂုဏ်သိက္ခာ၊ မိမိကိုယ်ကို ဆုံးဖြတ်ပိုင်ခွင့်နဲ့ သဘောတူညီမှုကို ချိုးဖောက်ဖို့ အသုံးပြုတဲ့ အကြမ်းဖက်မှုပုံစံတခု ဖြစ်ပါတယ်။
ဒါကြောင့် မုဒိန်းမှုအကြောင်း ဆွေးနွေးတဲ့အခါ “ဘာဝတ်ထားလို့လဲ”၊ “ဘာလို့မခုခံတာလဲ”၊ “ဘာလို့ အဲဒီနေရာကို သွားတာလဲ” ဆိုတဲ့ Survivor ကို အပြစ်တင်တဲ့ မေးခွန်းတွေထက် “ဘာကြောင့် ဒီလို အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေရတာလဲ”၊ “ကျူးလွန်သူတွေကို ဘယ်လိုတာဝန်ယူခိုင်းမလဲ” ၊ “လူ့အဖွဲ့အစည်းက ဘာတွေ ပြောင်းလဲဖို့ လိုသလဲ” ဆိုတဲ့ မေးခွန်းတွေက ပိုပြီး အရေးကြီးပါတယ်။
အဲဒီလို နားလည်နိုင်ဖို့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ ယနေ့အထိ ပျံ့နှံ့နေဆဲဖြစ်တဲ့ အထင်မှား ယုံကြည်မှုတွေနဲ့ အဖြစ်မှန်တွေကို တခုချင်းစီ ပြန်လည်ကြည့်ဖို့ လိုအပ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်း ဆွေးနွေးတဲ့အခါ လူ့အဖွဲ့အစည်းအတွင်းမှာ နှစ်ပေါင်းများစွာ အမြစ်တွယ် နေတဲ့ အထင်မှားယုံကြည်မှုတွေကို မကြာခဏ ကြားရတတ်ပါတယ်။ ဒီအယူအဆတွေဟာ အဖြစ်မှန် ကို မမြင်နိုင်အောင် ဖုံးကွယ်ပေးရုံသာမက နစ်နာသူတွေအပေါ် အပြစ်ပုံချတဲ့ အလေ့အထကိုလည်း ဆက်လက်ရှင်သန်စေပါတယ်။
အဲဒီလို အယူအဆတွေကို သေချာကြည့်လိုက်ရင် တူညီတဲ့ပုံစံတခုကို တွေ့နိုင်ပါတယ်။ အဲဒါကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ အကြောင်းရင်းကို ကျူးလွန်သူဆီကနေ Survivor ဆီ ပြောင်းရွှေ့ ရှင်းပြဖို့ ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။
ဒီလို အထင်မှားယုံကြည်မှုတွေဟာ သီအိုရီသက်သက် မဟုတ်ပါဘူး။ လူတွေ မုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဘယ်လိုနားလည်သလဲ၊ Survivor တွေကို ဘယ်လိုဆက်ဆံသလဲ၊ ကျူးလွန်သူတွေ အပေါ် ဘယ်လောက်အထိ တာဝန်ယူခိုင်းသလဲဆိုတာတွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေ ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေတဲ့ ဒီလိုအယူအဆတွေကို တခုချင်းစီ ပြန်လည်ကြည့် လိုက်မယ်ဆိုရင် အများလက်ခံထားတဲ့ ယုံကြည်မှုတွေနဲ့ အဖြစ်မှန်ကြား ကွာဟချက်တွေကို တွေ့ရပါ တယ်။
လူအများကြားမှာ အတွေ့ရအများဆုံး အထင်မှားယုံကြည်မှုတခုက “အဝတ်အစားဝတ်ပုံကြောင့် မုဒိန်းမှု ဖြစ်ပွားတယ်” ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ တကယ်တော့ အဝတ်အစား၊ အသက်အရွယ်၊ လူမျိုး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အလုပ်အကိုင် ဒါမှမဟုတ် နေထိုင်မှုပုံစံ ဘယ်အရာကမှ မုဒိန်းမှုကို ဖြစ်စေတဲ့ အကြောင်းရင်း မဟုတ်ပါဘူး။
ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ သာသနာဝင်တွေ၊ အိမ်ထဲမှာ ရှိနေတဲ့သူတွေ အပါအဝင် ဘယ်သူ မဆို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ ပစ်မှတ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “ဘာဝတ်ထား လို့လဲ” ဆိုတဲ့ မေးခွန်းဟာ ပြဿနာရဲ့ အရင်းအမြစ်ကို လွဲမှားစေပါတယ်။
တကယ်မေးသင့်တဲ့ မေးခွန်းကတော့ “ဘာကြောင့် ကျူးလွန်သူက တဖက်လူရဲ့ သဘောတူညီမှုကို မလေးစားခဲ့တာလဲ” ဆိုတာပဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် တာဝန်ဟာ ကျူးလွန်သူအပေါ်မှာသာ အပြည့်အဝ ရှိပါတယ်။
Survivor အပေါ် အပြစ်ပုံချတဲ့ အယူအဆတွေက အဝတ်အစားအကြောင်းနဲ့တင် မဆုံးပါဘူး။ အကြမ်းဖက်မှုဖြစ်ပွားချိန်မှာ Survivor ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာကို အခြေခံပြီး ဆုံးဖြတ်ဖို့ ကြိုးစားတဲ့ အယူအဆတွေကိုလည်း မကြာခဏ တွေ့ရတတ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုကြောင့် ရရှိတဲ့ စိတ်ဒဏ်ရာကို ရင်ဆိုင်ရတဲ့အခါ လူတိုင်းရဲ့ တုံ့ပြန်ပုံဟာ တူညီမနေပါဘူး။ တချို့က ပြန်လည်ခုခံနိုင်ကြသလို တချို့က ထွက်ပြေးဖို့ ကြိုးစားကြပါတယ်။ အချို့သောသူတွေမှာတော့ အလွန်အမင်း ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင်တော့တဲ့ ငြိမ်သွားတဲ့ တုံ့ပြန်မှုမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို မလှုပ်ရှားနိုင်တော့ခြင်းဟာ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝ စိတ်ဒဏ်ရာတုံ့ပြန်မှုတခု ဖြစ်ပြီး သဘောတူညီခဲ့တယ်လို့ အဓိပ္ပာယ်မရပါဘူး။ မုဒိန်းမှုကို ဆုံးဖြတ်တဲ့ အခြေခံက Survivor ခုခံခဲ့သလား၊ မခုခံခဲ့ဘူးလား ဆိုတာ မဟုတ်ဘဲ သဘောတူညီချက် ရှိခဲ့သလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီလို တုံ့ပြန်ပုံတွေအပြင် လူနှစ်ယောက်ကြားက ဆက်ဆံရေးကို အခြေခံပြီး သဘောတူညီမှု ရှိပြီးသား လို့ ယူဆတဲ့ အမြင်မျိုးကိုလည်း လူအများကြားမှာ တွေ့ရဆဲ ဖြစ်ပါတယ်။ တကယ်တော့ ဘယ်လို ဆက်ဆံရေးမျိုးပဲ ဖြစ်ဖြစ် သဘောတူညီမှုဟာ အမြဲလိုအပ်ပါတယ်။
အိမ်ထောင်ဖက်ဖြစ်ခြင်း၊ ချစ်သူဖြစ်ခြင်းဟာ တဖက်လူရဲ့ ကိုယ်ခန္ဓာကို အလိုရှိသလို ပြုလုပ်ခွင့် ပေးထားတဲ့ လိုင်စင်မဟုတ်ပါဘူး။ မနေ့က သဘောတူခဲ့တာကြောင့် ဒီနေ့လည်း သဘောတူရမယ်လို့ မဆိုလိုသလို တကြိမ် သဘောတူခဲ့ဖူးတာကြောင့် နောက်အကြိမ်တိုင်း သဘောတူတယ်လို့လည်း ယူဆလို့ မရပါဘူး။ သဘောတူညီမှုမရှိဘဲ လိင်ဆက်ဆံခြင်းဟာ ဘယ်လိုဆက်ဆံရေးအောက်မှာပဲ ဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပါတယ်။
Survivor တွေရဲ့ ပြောဆိုချက်ကို အစကတည်းက သံသယဝင်တဲ့ အလေ့အကျင့်ဟာလည်း လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။ “မုဒိန်းကျင့်ခံရတယ်လို့ လိမ်ပြောတာတွေ အများကြီးရှိတယ်” ဆိုတဲ့ အယူအဆဟာလည်း အဲဒီလို သံသယယဉ်ကျေးမှုကို အားပေးနေတဲ့ အထင်မှားယုံကြည်မှုတခု ဖြစ်ပါတယ်။
သုတေသနအချက်အလက် အများစုအရ မုဒိန်းမှုကို လိမ်လည်တိုင်ကြားတဲ့ ဖြစ်ရပ်တွေဟာ ရှားပါး ပါတယ်။ အဲဒီအစား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအများအပြားက ကြောက်ရွံ့မှု၊ အရှက်ရမှု၊ လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားနဲ့ တရားဥပဒေစနစ်အပေါ် ယုံကြည်မှုနည်းပါးခြင်းတို့ကြောင့် မတိုင်ကြားဘဲ တိတ်ဆိတ်စွာ ကျန်ရစ်နေတတ်ပါတယ်။
ဒါကြောင့် Survivor တယောက် ထုတ်ဖော်ပြောဆိုလာတဲ့အခါ “လိမ်နေတာလား” လို့ အရင်ဆုံး သံသယဝင်မယ့်အစား တရားမျှတပြီး Survivor ကို လုံခြုံစေတဲ့ စုံစမ်းစစ်ဆေးမှုစနစ်တွေ ရှိဖို့က ပိုပြီး အရေးကြီးပါတယ်။
ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အထင်မှားယုံကြည်မှုတွေဟာ ဒီလောက်နဲ့ မဆုံးသေးပါဘူး။ Survivor ဘယ်သူဖြစ်နိုင်သလဲ၊ ဘယ်လိုအခြေအနေတွေမှာ အကြမ်းဖက်မှု ဖြစ်နိုင် သလဲ၊ ဒါမှမဟုတ် ဒီဖြစ်ရပ်တွေကို ဖော်ပြရာမှာ သုံးတဲ့ ဘာသာစကားအထိ လူ့အဖွဲ့အစည်းရဲ့ အမြင်လွဲမှုတွေက သက်ရောက်နေဆဲ ဖြစ်ပါတယ်။
ဒီလိုပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အမျိုးသားတွေအပေါ်မှာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆ ကိုလည်း တွေ့ရပါတယ်။ တကယ်တော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ကျား/မ/အခြား၊ အသက်အရွယ်နဲ့ လိင်ပိုင်းဆိုင်ရာ ခံယူချက်မရွေး လူတိုင်းအပေါ် ကျရောက်နိုင်ပါတယ်။
အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ LGBTQIA+ အသိုင်းအဝိုင်းဝင်တွေ အားလုံးဟာ Survivor ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ “ယောက်ျားဆိုရင် သန်မာရမယ်”၊ “ယောက်ျားက ဘယ်လိုလုပ် မုဒိန်းကျင့်ခံရမှာလဲ” ဆိုတဲ့ ကျား/မအပေါ် အမြစ်တွယ်နေတဲ့ ပုံသေယူဆချက်တွေကြောင့် အမျိုးသား Survivor အများအပြားဟာ အကူအညီ မတောင်းခံရဲကြသလို ဖြစ်ခဲ့တဲ့ အတွေ့အကြုံကိုလည်း မဖွင့်ဟ နိုင်ဘဲ တိတ်ဆိတ်နေကြရပါတယ်။ Survivor ကို လိင်ကွဲပြားမှုနဲ့ မသတ်မှတ်ဘဲ အကြမ်းဖက်မှုကိုသာ အခြေခံပြီး နားလည်ဖို့ လိုပါတယ်။
Survivor တွေကို ဘယ်သူဖြစ်နိုင်သလဲဆိုတာနဲ့အတူ ဒီဖြစ်ရပ်တွေကို ဘယ်လိုခေါ်ဝေါ်ဖော်ပြသလဲ ဆိုတာကိုလည်း ပြန်လည်စဉ်းစားဖို့ လိုပါတယ်။ လူမှုအဖွဲ့အစည်းရဲ့ အတွေးအမြင်ကို ပုံဖော်ရာမှာ ဘာသာစကားဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
“သားမယားပြုကျင့်” ဆိုတဲ့ အသုံးအနှုန်းဟာ မုဒိန်းမှုရဲ့ အဓိပ္ပာယ်ကို တိတိကျကျ မဖော်ပြနိုင်သလို အိမ်ထောင်ရေး၊ လင်မယားဆက်ဆံရေး ဒါမှမဟုတ် ပိုင်ဆိုင်မှုဆန်တဲ့ အတွေးအခေါ်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ တကယ်တော့ မုဒိန်းမှုဟာ “သားမယား” ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မသက်ဆိုင် ပါဘူး။ ဒါဟာ လူတယောက်ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်၊ လူ့ဂုဏ်သိက္ခာနဲ့ မိမိကိုယ်ကို ဆုံးဖြတ်ပိုင်ခွင့်ကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတခု ဖြစ်ပါတယ်။
ဒါကြောင့် “မုဒိန်းမှု” ဒါမှမဟုတ် “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” ဆိုတဲ့ အသုံးအနှုန်းတွေက အဖြစ်မှန် ကို ပိုမိုတိကျစွာ ဖော်ပြနိုင်သလို Survivor ရဲ့ အတွေ့အကြုံကိုလည်း ပိုမိုလေးစားရာ ရောက်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အယူအဆတွေကို ပြန်ကြည့်လိုက်ရင် အကြမ်းဖက်မှုရဲ့ အကြောင်းရင်းကို Survivor ဆီမှာ ရှာဖွေဖို့ ကြိုးစားနေပြီး ကျူးလွန်သူရဲ့ တာဝန်ယူမှုကို မမြင်နိုင်အောင် ဖုံးကွယ်ပေး နေတယ်ဆိုတာ တွေ့ရပါတယ်။ အကြမ်းဖက်မှုကို ရင်ဆိုင်ခဲ့ရတဲ့ နာကျင်မှုအပြင် လူ့အဖွဲ့အစည်းရဲ့ အပြစ်တင်မှုကိုပါ ထပ်ပြီး ရင်ဆိုင်ရတဲ့အခါ တော်တော်များများက တိတ်ဆိတ်ဖို့ကိုပဲ ရွေးချယ်သွား ကြပါတယ်။ ဒါကြောင့် အပြစ်တင်မေးခွန်းတွေထက် အဖြေရှာဖို့ လိုအပ်ပါတယ်။
ဥပမာ “ကျူးလွန်သူကို ဘယ်လို တာဝန်ယူခိုင်းမလဲ။” “Survivor တွေ လုံခြုံစွာ တိုင်ကြားနိုင်ဖို့ ဘယ်လိုစနစ်တွေ လိုအပ်သလဲ” ၊ “တရားဥပဒေစိုးမိုးမှုကို ဘယ်လိုအားကောင်းအောင် လုပ်မလဲ” ၊ “ကျား/မရေးရာ တန်းတူညီမျှမှုနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေကို ဘယ်လိုလုပ်မလဲ” ဒီမေးခွန်းတွေကသာ အကြမ်းဖက်မှုကို ကာကွယ်ဖို့ ပိုပြီး အထောက်အကူပြုနိုင်တဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုတာ ရွေးချယ်အသုံးချလို့ရတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်နဲ့ အမြင်တူတဲ့သူတွေ အတွက်ပဲ ကာကွယ်ပေးပြီး ကိုယ်နဲ့ အမြင်မတူတဲ့သူတွေကို လျစ်လျူရှုထားမယ်ဆိုရင် အဲဒါဟာ လူ့အခွင့်အရေး မဟုတ်တော့ပါဘူး။
ဒီလို အယူအဆတွေကို ကျော်လွန်ပြီး ကြည့်လိုက်မယ်ဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ အမှန်တရား တခုကို တွေ့ရပါမယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ သူ့ရဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပါတယ်။ သဘောတူညီမှုဟာ ရွေးချယ်စရာ မဟုတ်ပါဘူး။ လူတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ လိုအပ်တဲ့ အခြေခံမူ ဖြစ်ပါတယ်။
ဒါကြောင့် မုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လျှော့ချဖို့ဆိုရင် Survivor ကို ပြောင်းလဲ ခိုင်းတာထက် လူ့အဖွဲ့အစည်းရဲ့ အတွေးအမြင်တွေ၊ ဥပဒေစနစ်တွေ၊ ပညာရေးနဲ့ တာဝန်ယူမှုကို ပြောင်းလဲဖို့ ပိုပြီး အရေးကြီးပါတယ်။ အကြမ်းဖက်မှုကို တကယ်ဆန့်ကျင်ချင်တယ်ဆိုရင် ကျူးလွန်သူ ဘယ်သူလဲဆိုတာထက် ကျူးလွန်မှုကိုပဲ ကြည့်ရပါမယ်။ တရားမျှတမှုကို တကယ်လိုချင်တယ်ဆိုရင် ကိုယ်နဲ့နီးစပ်တဲ့ မည်သူပင်ဖြစ်စေ၊ ကိုယ်ထောက်ခံတဲ့ မည်သည့်အဖွဲ့အစည်းမဆို၊ ကိုယ်လေးစား အားကျရတဲ့ လူပုဂ္ဂိုလ်ပင် ဖြစ်နေရင်တောင် တူညီတဲ့ စံနှုန်းနဲ့ တာဝန်ယူခိုင်းနိုင်ရပါမယ်။
အဲဒီအချိန်မှသာ “တရားမျှတခြင်း” ဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ်ရှိလာမှာ ဖြစ်ပါတယ်။ တရားမျှတ မှုဟာ လူတဦးတယောက်၊ တစုတဖွဲ့ ဒါမှမဟုတ် နိုင်ငံရေးအုပ်စုတခုအတွက်သာ မဟုတ်ပါဘူး။ လူတိုင်း အတွက် ဖြစ်ရပါမယ်။ အဲဒီလို လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ကတော့ လူသားအားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။











