honest informationtရဲ့တပတ်တာအမျိုးသမီးဖြစ်ရပ်များ သတင်းစုစည်းမှုပုံ

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ – သြဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၄ရက်အထိ

သြဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၄ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ်အမျိုးသမီးသတင်းတွေထဲ အလေးအနက်ထားစဉ်းစားစရာဖြစ်ရပ်ကတော့ “ဂျပန်မှာ မြန်မာအမျိုးသမီးတဦး မွေးကင်းစကလေးအလောင်း စွန့်ပစ်မှု သံသယနဲ့အဖမ်းခံရ”ဆိုတဲ့သတင်းအောက်က မှတ်ချက်တွေပဲဖြစ်ပါတယ်။

ဒီသတင်းအပေါ်မှတ်ချက်ပြုသူတွေမှာ  ကလေးစွန့်ပစ်ရတဲ့အမျိုးသမီးငယ်ရဲ့ အကြောင်းအရင်းပြသနာနဲ့အခက်အခဲထက် “ကိုယ့်ကိုယ်တန်ဖိုးမထားသူတွေခံပေါ့” ၊ “အထိန်းအကွပ်မရှိသူ” ၊  “စည်းကမ်းမရှိအရှက်မရှိ” စသဖြင့် အမျိုးသမီးငယ်လေး အပေါ် ပြစ်တင်ရှုံချတဲ့ စွပ်စွဲပြောဆိုမှုတွေပါ။

ဒီလိုကိုယ်ဝန်ဖျက်ချတဲ့ ကလေးစွန်ပစ်တဲ့ သတင်းတွေဖြစ်လာတိုင်း ဖခင်ဘယ်သူလဲ၊ ဘာကြောင့်စွန့်ပစ်ရတာလဲဆိုတဲ့ ပြဿနာအရင်းခံထက် မွေးဖွားခဲ့တဲ့ အမျိုးသမီး၊ မိခင်အပေါ်ကိုပဲ တာဝန်နဲ့ အပြစ်တွေပုံချပြီး ဝေဖန်လေ့ရှိတာက စိတ်မကောင်းဖွယ်ဖြစ်သလို၊ အမျိုးသားတွေရဲ့ ဝာာဝန်ယူမှုထက်စာရင် အမျိုးသမီးတွေကိုပဲပြစ်တင် ဝေဖန်ကြတဲ့ အမြင်တွေကို တွေ့ရပါတယ်။

ဒါ့အပြင် “စလော့ဂိမ်းရှုံးရာမှ လူငယ်တဦး သူငယ်ချင်းရဲ့မိခင်ဖြစ်သူကိုလူသတ်မှုကျူးလွန်”တယ်ဆိုတဲ့ သတင်းကလည်း တရားစီရင်ရေးဥပဒေမလုံခြုံမှုအောက်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ မှုခင်းတွေထဲက တခုဖြစ်ပါတယ်။

ဒီသတင်းတွေ အပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း  ၁၀  ပုဒ်ကို စုစည်းဖော်ပြ လိုက်ပါတယ်။

  • ဂျပန်မှာ မြန်မာအမျိုးသမီးတစ်ဦး မွေးကင်းစကလေးအလောင်း စွန့်ပစ်မှု သံသယနဲ့အဖမ်းခံရ
  • ညီမဝမ်းကွဲအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို SSPP က သေဒဏ်ပေး
  • မင်းတပ်မြို့နယ် ဗုံးကြဲခံရမှုကြောင့် ကလေးငယ်တွေအပါအဝင် ရှစ်ဦးသေဆုံး
  • ၁၄- နှစ် အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ထွက်ပြေးနေသူကို နှစ်လကျော်အကြာမှာ ဖမ်းမိ
  • အမြန်လမ်းမပေါ်မှာ TikTok ရိုက်နေသူ အမျိုးသမီးတဦး ယာဥ်တိုက်ခံရပြီး သေဆုံး
  • ပွင့်ဖြူမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
  • စလော့ဂိမ်းရှုံးရာမှ လူငယ်တစ်ဦး သူငယ်ချင်းရဲ့မိခင်ဖြစ်သူကိုလူသတ်မှုကျူးလွန်
  • (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အကြားစစ်ဆေးရေးဂိတ်ပစ်ခတ်မှု သေဆုံးသူမှာ လုံထန်ပြည်သူ့စစ်ခေါင်းဆောင် ချွေးမဖြစ်
  • ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁ဦး ပျောက်ဆုံးနေပြန်
  • လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၁လအတွင်း အမျိုးသမီး ၅၅ဦးသေဆုံး

ဂျပန်မှာ မြန်မာအမျိုးသမီးတစ်ဦး မွေးကင်းစကလေးအလောင်း စွန့်ပစ်မှု သံသယနဲ့အဖမ်းခံရ

Sources- BBC

ဂျပန်၊ ဆိုက်တာမာစီရင်စုနယ်၊ ဟီဂါရှီမတ်ဆုယာမာမြို့က အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးဟာ မွေးကင်းစ ကလေးငယ်ရုပ်အလောင်းကိုသူနေထိုင်တဲ့အခန်းထဲမှာ စွန့်ပစ်မှုသံသယနဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဂျပန်ကနေလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဩဂုတ် ၂၇ ရက်တုန်းက ကိုယ်ဝန်ဆောင် မြန်မာအမျိုသမီးတစ်ဦး သွားဖွားမီးယပ် ဆေးခန်းကို ရောက်လာခဲ့ပေမယ့် အဲဒီအမျိုးသမီးရဲ့သားအိမ်ထဲမှာ သန္ဓေသားကို မတွေ့တော့ရာကနေ ဆေးခန်းက အာဏာပိုင်တွေကို အသိပေးခဲ့ပြီးနောက်မှာ အခုဖမ်းဆီးမှု ထွက်ပေါ်လာတာပါ။

အဲဒီနောက် ရဲက ရှာဖွေရေးလုပ်ရာကနေ မြန်မာအမျိုးသမီးရဲ့ တိုက်ခန်းထဲမှာ ကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကလေးငယ်ဟာ ယောက်ျားလေးလို့ ယူဆရပြီး အလောင်းမှာ ဒဏ်ရာတော့ မတွေ့ထားဘူးလို့ ရဲကို ကိုးကားပြီး ဂျပန်သတင်းတွေက ဖော်ပြပါတယ်။

မြန်မာအမျိုးသမီးကတော့ ကလေးမီးဖွားပြီးနောက် ကလေးကို ပလတ်စတစ်အိတ်ထဲထည့်ပြီး တိုက်ခန်းထဲမှာထားခဲ့ကာ လွှင့်ပစ်ဖို့ ဝှက်ထားဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ ထွက်ဆိုခဲ့သလို၊သူဟာ ဂျပန်ဘာသာစကားသင်တန်းကျောင်းတက်နေသူ ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။ အခုတော့ ဂျပန်ရဲတပ်ဖွဲ့ဟာ မွေးကင်းစကလေးငယ် သေဆုံးရတဲ့အကြောင်းရင်း ကိုလည်း စုံစမ်းနေပြီဖြစ်ပါတယ်။

ညီမဝမ်းကွဲအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို SSPP က သေဒဏ်ပေး

Sources- DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲတော်စပ်သူကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ စိုင်းဆာစံကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ် အထက်တရားရုံးက စစ်ဆေးပြီးနောက် သေဒဏ်ချမှတ်လိုက်တယ်လို့ SSPPက ထုတ်ပြန်ပါတယ်။

သီပေါမြို့နယ်၊ စံဖိတ် ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ စိုင်းစံ(ခေါ်)စိုင်းဆာစံဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်က ညီမဝမ်းကွဲတော်စပ်သူ နန်းစံဟွမ်ကို အလုပ်ရှာပေးမယ်လို့ အကြောင်းပြ ခေါ်ဆောင်သွားပြီး သီပေါမြို့နယ် ဘော်ကြို ကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးက ငှက်ပျောစိုက်ခင်းထဲမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

နန်းစံဟွမ် ပျောက်ဆုံးနေတာကြောင့် သူ့ရဲ့ မိဘတွေက ဇွန် ၂၅ ရက်နေ့မှာ  ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ဆီ လာရောက်တိုင်ကြားခဲ့တာကြောင့် စုံစမ်းခဲ့တာမှာ အဲဒီနေ့မှာပဲ ပြစ်မှုကျူးလွန်သူ စိုင်းဆာစံကို ဖမ်းဆီးရမိခဲ့ပြီး သေဒဏ်စီရင်တာကို သြဂုတ် ၃၀ ရက်နေ့မှာပဲ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

SSPP ဟာ ၂၀၂၅ ခုနှ်မှာလည်း သီပေါမြို့နယ်မှာပဲ မုဒိမ်းကျင့်တဲ့ပြစ်မှုကို သေဒဏ်တကြိမ် ပေးခဲ့ဖူးပြီး ပြီးခဲ့တဲ့ ၂ နှစ်ခန့်ကလည်း တန့်ယန်းမြို့နယ်မှာ အဲဒီလိုအမှုကို သေဒဏ်ပေးဖူးတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ် ဗုံးကြဲခံရမှုကြောင့် ကလေးငယ်တွေအပါအဝင် ရှစ်ဦးသေဆုံး

Sources- RFA

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မြောက်ပိုင်း မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ကျေးရွာကို ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်းအရပ်သား ရှစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU) က ဩဂုတ်လ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်သူ့အစည်းအရုံး (CPU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝုမ်းခုမ်ကျေးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် နှစ်စင်းက ပေါင် ၅၀၀ ဗုံး လေးလုံး ကြဲချခဲ့တာဖြစ်ပြီးစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မူလတန်းအရွယ် ကျောင်းသား နှစ်ဦး၊ နဝမတန်းကျောင်းသား တစ်ဦးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ရှစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီအခြေအနေကို သိရှိတဲ့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေမှာ နေထိုင်သူတွေကတော့ လေကြောင်းရန်ကနေ ကင်းလွတ်နိုင်မယ်လို့ ယူဆရတဲ့နေရာတွေကို ယာယီရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဩဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်နဲ့ အရပ်သား ပြည်သူစုစုပေါင်း ၈,၃၃၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၁၄ နှစ် အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ထွက်ပြေးနေသူကို နှစ်လကျော်အကြာမှာ ဖမ်းမိ

Sources- People’s Spring

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ရမ်းချောင်းဒေသမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးလွတ်မြောက်နေခဲ့သူကို နှစ်လကျော်အကြာမှာ ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၇၇ တို့နဲ့ တရားစွဲတင်ထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အခုအခါ သူ့ကို မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲ တင်ထားတယ်လို့ ဆိုပါတယ်။

ကျူးလွန်ခံရသူ မိန်းကလေးရဲ့မိသားစုဟာ ကျောက်တော်မြို့နယ် ကျောက်တလုံးရွာ ဇာတိဖြစ်ပြီး ၂၀၂၆ မတ်လကုန် လောက်ကစပြီး ဦးမောင်အေးလှပိုင်ဆိုင်တဲ့ ကျောက်တော်မြို့နယ် ဇီးချောင်းဆည်မြောက်ဖက် ၈ မိုင်ခန့်အကွာ ရမ်းချောင်း တောထဲမှာရှိတဲ့ ဥယျာဉ်ခြံမှာ ခြံစောင့် ၊ နွားကျောင်းစတဲ့အလုပ်တွေကို တနှစ်စာ လုပ်အားခ ကျပ် ၁၈ သိန်းနဲ့ မိသားစုလိုက် လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဦးမောင်အေးလှဟာ ခြံစောင့်ဖြစ်သူရဲ့ ၁၄ နှစ်အရွယ်သမီးကြီးကို အဓမ္မပြုကျင့်တဲ့အပြင် အဓမ္မပြုကျင့်ခံရသူရဲ့ ၈ နှစ်အရွယ် ညီမကိုလည်း ငွေကျပ်လေးထောင်နဲ့ အချိုရည်တဗူးပေးပြီး မဖွယ်မရာပြုလုပ်ခိုင်းခဲ့ကာ ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ ရဲထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

လက်ရှိမှာ ဦးမောင်အေးလှကို မုဒိန်းမှုအတွက် ပုဒ်မ ၃၇၆၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုအတွက် ပုဒ်မ ၃၇၇ တို့နဲ့ တရားစွဲတင်ထားတာ တရားရုံးက စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပုဒ်မ ၃၇၆ ဟာ ထောင်ဒဏ် တသက်ဖြစ်စေ၊ နှစ်နှစ်ဆယ်ဖြစ်စေ ချမှတ်လို့ရတဲ့ပုဒ်မဖြစ်ပြီး ၃၇၇ ကတော့ ထောင်ဒဏ် ဆယ်နှစ်ဖြစ်စေ၊ နှစ်နှစ် ဆယ်ဖြစ်စေချမှတ်လို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော်ထိ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတို့ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အမြန်လမ်းမပေါ်မှာ TikTok ရိုက်နေသူ အမျိုးသမီးတဦး ယာဥ်တိုက်ခံရပြီး ​သေဆုံး

Sources- မြေလတ်အသံ

ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း ၃၂ မိုင်အနီးမှာ TikTok ရိုက်နေသူ အမျိုးသမီး တဦးယာဥ်တိုက်ခံရပြီး ​သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတွေထံက သိရပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မနက် ၉ နာရီခန့်မှာ အဆိုပါ မိုင်တိုင် ၃၂ အနီးနေ ကျေးရွာက သက်လတ်ပိုင်း အမျိုးသမီးတဦးဟာ အမြန်လမ်းမကြီးပေါ် မှာ တက်ပြီး TikTok ရိုက်နေစဥ် ဒိုင်နာယာဥ်တစီးက ဝင်တိုက်မိခဲ့တာကြောင့် အဆိုပါ အမျိုးသမီးက နေရာမှာပင်သေဆုံးသွားပြီး ၃၂ မိုင်အနီး ရဲကင်းက ရဲတပ်ဖွဲဝင်တွေက အလောင်းလာကောက်သွားတယ်လို့ ဆိုပါတယ်။

ပွင့်ဖြူမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

Sources- သံလွင်တိုင်းမ်

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာနဲ့ ရေပုတ်ကြီးကျေးရွာအကြားမှာ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဖြစ်သူရဲ့ မိသားစုဝင်တစ်ဦးကတော့ အပြန်အလှန်ပစ်ခတ်ရာကနေတဆင့် သေဆုံးတာ မျိုးမဟုတ်ဘဲ ပျူခေါင်းဆောင်မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ကာကွယ်ရေးအဖွဲ့တွေက တားဆီးရာမှာ ရပ်မပေးလို့ ပစ်ခတ်ရာကတဆင့် သေဆုံးတာလို့ သိရပါတယ်။

ပစ်ခတ်ခံရစဉ်မှာ သုံးဘီးမောင်းပြီး ထွက်ပြေးခဲ့တာကြောင့်ပျူစောထီးခေါင်းဆောင် ကြံကြီးက လွတ်မြောက် သွားကာ၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ ရပ်ကွက်ထဲမှာပြောဆိုနေကြသလို ပျူစောထီး အမျိုးသမီး တွေ မဟုတ်ကြောင်း ပြည်သူလူထုကို သိစေချင်တယ် လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ချန်နယ်တွေက ရေပုတ်ကြီးကျေးရွာက အမျိုးသမီးတွေ ဈေးဝယ်ထွက်တာကို PDF က အကြောင်းမဲ့ပစ်ခတ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေ ကတော့ ပျူစောထီးတွေဈေးဝယ်ထွက်တာကို အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ ဒေသတွင်းမှာ ပြောဆိုနေကြပါတယ်။

စလော့ဂိမ်းရှုံးရာမှ လူငယ်တစ်ဦး သူငယ်ချင်းရဲ့မိခင်ဖြစ်သူကိုလူသတ်မှုကျူးလွန်

Sources- People’s Spring

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ် ။

ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ဒေါ်သန်းသန်းနုဆိုသူက ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊မင်္ဂလာ သိဒ္ဓိလမ်း နဲ့ ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် (၄၅)၊ ပထမထပ်နေတဲ့ သူငယ်ချင်းဖြစ်သူ အသက် ၅၄ နှစ် အရွယ် ဒေါ်ခင်မိုးကြည်နေအိမ်သို့သွားရောက်ခဲ့ပြီးဒေါ်ခင်မိုးကြည်ကို ခေါ်ရာ ခေါ်မရသဖြင့် အိမ်နီးချင်း​တွေနဲ့အတူ အခန်းရဲ့ သံပန်းတံခါးအားဖျက်ပြီး ဝင်ရောက်ကြည့်ရှုခဲ့ရာ အခန်းဝမှာပဲ သွေးအိုင်ထဲမှောက်ခုံအနေအထားနဲ့ စောင်ခြုံလျက်ဒဏ်ရာ ​တွေနဲ့ သေဆုံးနေတဲ့ ​ဒေါ်ခင်မိုးကြည်အ​လောင်းကို​တွေ့ရတာလို့သိရပါတယ် ။

​ဒေါ်ခင်မိုးကြည်ကို သတ်သူဟာ တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်နေ အသက် ၂၀ နှစ်အရွယ် ဉာဏ်စိုး ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်၊(၆)ရပ်ကွက်ရှိ The Waiting Lodgeဟိုတယ်မှာ စက်တင်ဘာ ၁ ရက်က ဖမ်းဆီး ရမိခဲ့တာဖြစ်တယ်လို့ စစ်တပ်လက်​အောက်ခံရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ် ။

သူ့ကိုစစ်ဆေးမေးမြန်းရာအွန်လိုင်းစလော့ဂိမ်းရှုံး၍ ငွေလို​​​နေတာ​ကြောင့် သူငယ်ချင်းမိခင်ထံမှလုယက်ရန် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အခင်းဖြစ်နေအိမ်သို့ သွားခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး ဒေါ်ခင်မိုးကြည်မှ တံခါးဖွင့်ပေးစဉ် အသင့်ယူလာတဲ့ ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ထွက်ဆိုတယ်လို့ဆိုပါတယ် ။အဲဒီ​နောက်အခန်း အတွင်းရှိ စားပွဲပေါ်မှ သော့နဲ့ဗီရိုအားဖွင့်ကာ အတွင်းမှ ရွှေထည်ပစ္စည်း​တွေကို လုယက်ယူဆောင်သွားခဲ့တာ ဖြစ်တယ်လို့ စစ်​ကောင်စီကထုတ်ပြန်ထားပါတယ်။

အွန်လိုင်း​ငွေလိမ်လုပ်ငန်း-ကျားဖြန့်ဖြစ်တဲ့ ဆ​လော့ဂိမ်းကို စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကစားသူများလာ​တာဖြစ်သလိုစစ်အုပ်စုကလည်းကျားဖြန့်​တွေကိုအ​ယောင်ပြသာနှမ်နင်းဟန်ပြုပြီး စစ်အုပ်စုကိုယ်တိုင်ပါဝင် ပတ်သက်​နေတာ​ကြောင့်ကျားဖြန့်လုပ်ငန်း​တွေပိုမိုကြီးထွား ပျံ့နှံ့လာ​နေတယ်လို့ ကျားဖြန့်လုပ်ငန်း​တွေမှာလုပ်ဖူး သူအချို့က​ပြောပါတယ် ။

(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အကြားစစ်ဆေးရေးဂိတ်ပစ်ခတ်မှု သေဆုံးသူမှာ လုံထန်ပြည်သူ့စစ်ခေါင်းဆောင် ချွေးမဖြစ်

Sources- Myanmar Now

မူဆယ်နဲ့ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အကြား လမ်းပိုင်းပေါ်ရှိ MNDAA နှင့် အာရက္ခတပ်တော် (AA) တို့ရဲ့ စစ်ဆေးရေးဂိတ်မှာရပ်တန့်မပေးသော ကားတစ်စီး ပစ်ခတ်ခံရမှုတွင် သေဆုံးသွားတဲ့ အမျိုးသမီးမှာ လုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ ချွေးမဖြစ်တယ်လို့ သိရပါတယ်။

မူဆယ်ဘက်မှ (၁၀၅) မိုင်သို့ လာရောက်ပြီး မူဆယ်ဘက်အပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကာ စစ်ဆေးမှုကို ရပ်တန့်မပေးဘဲ ကားဖြင့် တိုက်ရန် ကြိုးစားခဲ့တာကြောင့် တာဝန်ကျရဲဘော်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ယခု ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ စစ်တပ်ဂိတ်မှာ တစ်ဖာလုံခန့်သာ ကွာဝေးပြီး (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ နယ်စပ် မူဆယ်မြို့တို့ကို ဆက်သွယ်ထားရာ ခုနစ်မိုင်ခန့် ရှည်လျားတဲ့ လမ်းပိုင်းတလျှောက် စစ်တပ်၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် အာရက္ခတပ်တော် (AA) တို့က ဂိတ်စခန်းများ ဖွင့်လှစ်ထားကာလက်ရှိတွင် ယင်း ပစ်ခတ်မှုကြောင့် စစ်တပ်နှင့် MNDAA တို့အကြား တိုက်ပွဲ ပြန်ဖြစ်လာမှာကို (၁၀၅) မိုင် ဒေသခံများက စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁ဦး ပျောက်ဆုံးနေပြန်
LGBT
၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

Source –  People’s Spring

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးသွားမှု စက်တင်ဘာ ၂ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကနေ ရွှေပြည်သာမြို့နယ်ကိုသွားဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးငယ်ဟာ အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း နီးစပ်သူတစ်ဦးက Facebook လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

“ဂျပန်သွားခါနီးမှ ပျောက်သွားတယ်။ မနှင်းစန္ဒာသည် ၂ ရက်နေ့ညနေ ၅ နာရီလောက်က စမ်းချောင်းကနေရွှေပြည်သာကိုလာဖို့ ကားငှားနေတယ်လို့ အဆတ်အသွယ်ရပြီးနောက်ပိုင်းမှာ ဖုန်းလည်းအခုထိဆတ်သွယ်မရတော့လို့ပါ။ ကလေးကလည်း ရွှေပြည်သာကိုရောက်မလာပါဘူး။ ဂျပန်သွားခါနီး အဝေးကမိဘတွေကလည်းရောက်နေပေမယ့် ကလေးကပျောက်နေလို့ပါရှင့်”ဆိုပြီး ၎င်းနဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ အကူအညီတောင်းခဲ့တာပါ။

ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ဟာ ဂျပန်နိုင်ငံကို သွားဖို့ပြင်ဆင်နေသူလို့ သိရပါတယ်။

အလားတူ ရွှေပြည်သာမြို့နယ်မှာ အမျိုးသမီးအသွင်ဝတ်စားဆင်ယင်တဲ့ မိန်းမလျာ ၁ဦးကို အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦးက သုံးဘီးဆိုက်တွဲယာဥ်ပေါ်တင်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း Tiktok လူမှုကွန်ရက်မှာ ဖမ်းဆီးခံရတဲ့ မိန်းမလျာကိုယ်တိုင် ပြောပြထားပါတယ်။

“ယောကျာ်း ၃ ယောက်နဲ့ မိန်းမတစ်ယောက်က အမှောင်ထဲကနေထိုင်စောင့်ပြီးတော့ ကျွန်မကိုဆွဲတာ။ ပါးစပ်ကို အတင်းပိတ်ပြီး လက်တွေကို ကြိုးတွေနဲ့ ဝိုင်းတုပ်ကြတာ။ အတင်းထွက်ပြေးမြန်လို့ အိမ်ပြန်ရောက်လာတာ။ ဖိနပ်တွေတောင် ကျွတ်တယ်။ ဘောင်းဘီတွေတောင် ပြဲတယ်”လို့ ၎င်းမိန်းမလျာက ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး လူငယ်တွေလည်း မကြာခဏ ပျောက်ဆုံးနေပါတယ်။ စက်တင်ဘာ ၁ ရက် ညကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်နားမှာ အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ဦး ကားတစ်စီးနဲ့ ပျောက်ဆုံးနေလို့ မိသားစုဝင်တွေက အကူအညီတောင်းနေပါတယ်။

စက်တင်ဘာ ၂ ရက် မနက်ပိုင်းကလည်း သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်မှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေးကို လူတစ်စုက စက်ဘီးကိုကန်ထည့်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ကျောင်းသားဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။

ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါတယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေကြောငိး လွန်ခဲ့တဲ့ နှစ်ပတ်နီးပါးက အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှု
ထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၁လအတွင်း အမျိုးသမီး ၅၅ဦးသေဆုံး

ရခိုင်ပြည်နဲ့ စစ်ကိုင်းတိုင်းက အများဆုံးပါဝင်

Source – Hi – Honest Information

ယခုနှစ် သြဂုတ်လအတွင်း စစ်အုပ်စုက လေကြောင်းနဲ့မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ တဝှမ်း အမျိုးသမီး ၅၅ ဦး အသက် ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၅၂ ဦးရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ယနေ့ စက်တင်ဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ယခုနှစ် သြဂုတ် ၁ရက်ကနေ ၃၁ရက် အတွင်း BWU က သတင်း မီဒီယာတွေထဲ အချက်အလက် စောင့်ကြည့်လေ့လာ မှတ်တမ်းတင်မှုအရ သေဆုံးသူတွေအားလုံးက လေကြောင်းတိုက်ခိုက်မှူ တခုတည်းနဲ့သေဆုံးခဲ့တာဖြစ်ပြီး ဒီအထဲ အသက် ၁၈နှစ်အောက် အမျိုးသမီး ၆ဦးပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၄၃ဦး ၊လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၃ ကျည်ထိမှန်မှုကြောင့် ၃ဦး၊ မြေမြုပ်မိုင်းကြောင့် ၃ ဦးရှိခဲ့ပါတယ်။

အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးဦးရေ ၅၀ကျော်အနက် ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းက အမျိုးသမီးတွေ ပါဝင်ပါတယ်။

စစ်အုပ်စုဟာ အစိုးရတရပ်လို ပုံဖော်နေပေမယ့် လက်တွေ့မှာ နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်ခြင်း ၊ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာ အစရှိတဲ့ လုပ်ရပ်တွေကို စဥ်ဆက်မပြတ် တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လျက်ရှိပြီး ဒီလိုအကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရန် အားကောင်းပြီး တိကျသေချာတဲ့ အကူအညီနဲ့ လက်တွေ့လုပ်ဆောင်မှုတွေကို အရေးတကြီး လိုအပ်လျှက်ရှိတယ်လို့ BWU ကဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) ရဲ့ စာရင်းဇယားတွေအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ မှ ဇူလိုင်လ အထိ လေကြောင်းနဲ့မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်း အမျိုးသမီး ၃၅၈ဦး အသက် ဆုံးရှုံး ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၃၅၁ဦးရှိခဲ့တယ်လို့ သိရပါတယ်။