ရှမ်းပြည်နယ်မြောက်ပိုင်းက အဆောက်အအုံတစ်ခုတွင် ယာယီနေထိုင်ကြသည့် စစ်ဘေးရှောင်သူများ

ရှမ်းမြောက်တွင် စားနပ်ရိက္ခာပြတ်လပ်မှုကြား ကိုယ်ဝန်ဆောင်နှင့် ကလေးများ သေဆုံးမှုရှိနေ

ရှင်ငြိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် ကျောက်မဲမြို့နယ်အစပ်၊ နမ့်မန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၇ ရွာ ခန့်တွင် စစ်ဘေးရှောင်နေရမှုများနှင့် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ် များ အာဟာရချို့တဲ့မှု ပိုမိုဆိုးရွားလာပြီး သေဆုံးမှုများရှိနေကြောင်း ဒေသခံများနှင့် လူမှု ကူညီရေးအဖွဲ့များထံမှ သိရသည်။

ခုံငင်းရွာဒေသခံ ဒေါ်ကြူဝင်းက “သေဆုံးတဲ့အရေအတွက်တော့ သေချာမသိဘူး၊ ကျမတို့ အနီးနားဝန်းကျင်မှာပဲ ဒီလထဲ သေတာက ကိုယ်ဝန်ဆောင် တဦး၊ ကလေး ၂ဦး၊ အဖွားတဦးသေတယ်၊ မနေ့က မွေးအမေနဲ့ ကလေးပါ ထပ်သေတယ်၊ ဒါကိုယ့်ရွာထဲမှာပဲ” ဟု HI-Honest Information သို့ ပြောသည်။

သီပေါနှင့် ကျောက်မဲမြို့နယ်အစပ်ရှိ နမ့်မန်းရွာ၊ ခုံငင်းရွာ၊ အာပြောင်ရွာ၊ ဟိုစဲရွာ၊ နားလွေးရွာ၊ ပုံးလုံရွာနှင့် ချောင်းတွင်း နမ့်မန်းရွာတို့တွင် မကြာခဏဖြစ်ပွားသည့် တိုက်ပွဲများကြောင့်  စပါးရိတ်သိမ်းချိန်နှင့် စိုက်ပျိုးချိန်များ၌ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရရာ အဓိက စားနပ်ရိက္ခာဖြစ်သည့် စပါးနှင့် ကောက်ပဲသီးနှံများကို ပုံမှန် မစိုက်ပျိုးနိုင်ဘဲ ဝမ်းစာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးကြရသဖြင့် စိုက်ပျိုးခင်းများ ပျက်စီးကုန်သလို၊ မြေကြီးကို အကြာကြီး ပစ်ထားရသောကြောင့် မြေဆီလွှာများ ပျက်စီးကာ ဘာမှထပ်မံစိုက်ပျိုး၍မရတော့ကြောင်း ဒေသခံများက ရှင်းပြသည်။

ထို့အပြင် မျိုးစပါးနှင့် မြေသြဇာဝယ်ယူရန် ငွေကြေးမရှိသည့်အပြင် မြို့ပေါ်သို့ သွားရောက်ဝယ်ယူရန် စစ်ကောင်စီ ၏ စစ်ဆေးရေးဂိတ်များစွာကို ဖြတ်သန်းရသဖြင့် ဂိတ်ဖြတ်သန်းခ ကုန်ကျစရိတ်များပြီး အန္တရာယ်ကြီးမားသောကြောင့် မသွားရဲကြဘဲ ဒေသတွင်း ပိတ်မိသလိုဖြစ်နေကြခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေသခံများသည် တောထဲကရသည့် အသီးအရွက်များကို ပြုတ်စားကာ အသက်ဆက်နေကြရရာ စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် အာဟာရချို့တဲ့မှု ပိုမို မြင့်မားလာနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံမှ သိရသည်။

နမ့်မန်းကျေးရွာအုပ်စုမှ ကိုယ်ဝန်ဆောင် မစောနန်းက “ကျမတို့ ကိုယ်ဝန်ဆောင်တွေအတွက်တောင် ဘာဆေးမှ မရှိဘူး၊ ဆေးပေးခန်းရှိပေမဲ့ ဆရာဝန်မရှိ၊ ဆေးမရှိနဲ့ပေါ့၊ အားဆေးက ဘယ်ရှိမလဲ၊ ဘာဖြစ်ဖြစ် သောက်တဲ့ ဆေးမှုန့်ပဲရှိတယ်” ဟု ဆိုသည်။

ဒေသခံများသည် စားနပ်ရိက္ခာများပြတ်တောက်သည့်အပြင် ကျန်းမာရေးပြဿနာများအတွက်  ဒေသဆေးပေး ခန်းများတွင်လည်း ကျန်းမာရေးဝန်ထမ်း မရှိခြင်း၊ ဆေးဝါး ပြည့်စုံလောက်အောင် မရှိခြင်းများနှင့်လည်း ကြုံတွေ့ နေရကြောင်းသိရသည်။

ကိုယ်ဝန် ၅ လနှင့် ပျက်ကျခဲ့သည့် မိခင်လောင်း မွေ့လျှံကလည်း “ဘာမှ ကောင်းကောင်းစားစရာမရှိဘူး၊ လူကြီး က ခံနိုင်ပေမဲ့ ကလေးက မခံနိုင်တော့ ပျက်ကျတာပေါ့၊ ရွာက ဆေးပေးခန်းတောင် ဆေးမရှိဘူး၊ ပါရာတောင် တခါတလေ တခြမ်း လောက်ရတာ”ဟု ပြောသည်။

ရှမ်းမြောက်ဒေသတွင် နယ်လှည့်ဆေးကုပေးနေသည့် လူထုကျန်းမာရေးအဖွဲ့မှ ဒေါက်တာ ဇော်ရဲသူက  “ရှမ်းမြောက်က အရမ်းဝေးပြီး ခေါင်တဲ့ဒေသက ရွာတွေမှာဆို ဆေးရုံ၊ ဆေးခန်းဆိုတာ လုံးဝမရှိဘူး၊ ကျောင်း လည်း မရှိဘူး၊ အဲ့ဘက်က လူတွေက တောထဲက မှိုတို့ဟင်းရွက်တို့ကို ရေနဲ့ပြုတ်စားတယ်၊ ဆန်ရှားတော့ မွေး ထားတဲ့ကြက်၊ ဝက်တွေရှိရင် စားတယ်ပေါ့၊ သူတို့မှာ တခြားရွာသွားတာမရှိဘူး၊ ဖြစ်သလိုနေထိုင်စားသောက်ကြ တယ်”ဟု သူ့အတွေ့အကြုံတွေပေါ်မူတည်၍ ရှင်းပြသည်။

ထို့ပြင် လွန်ခဲ့သည့်လက မွေးကင်းစကလေးငယ်ကို ဆုံးရှုံးခဲ့ရသည့်  ဖခင် ဦးသောင်းတင်က “ကျနော်တို့မှာ ဆန်ပြုတ်တောင် ပုံမှန်မသောက်ရဘူး၊ မိခင်တွေဆို နို့ပါမထွက်တော့ ကလေးက ရေလောက်နဲ့ အသက်ဆက် ရတော့ မခံနိုင်ဘဲ ဆုံးတာ”ဟု ဆိုသည်။

အဆိုပါဒေသများသည် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့်အပြင် ဒေသတွင်း ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများ လုံးဝမရှိခြင်း၊ အချို့ဆေးရုံ၊ ဆေးခန်းများတွင် ဝန်ထမ်းရှိ သော်လည်း ဆေးဝါးမရှိတော့ခြင်းများကြောင့်  ကိုယ်ဝန်ဆောင်မိခင်များ စနစ်တကျ မွေးဖွားခွင့် ဆုံးရှုံးနေရ သလို ကလေးငယ် များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိရန် ခက်ခဲနေကြသည်။

ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူ ဦးမောင်မောင်က လက်ရှိတွင် ၅ နှစ်အောက် ကလေးအများစုနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် စားနပ်ရိက္ခာလုံလောက်အောင်မရရှိသည့်အတွက် ခန္ဓာကိုယ်ပိန်လှီနေကြကြောင်း ထောက်ပြသည်။

ရှမ်းမြောက်ပိုင်းမှ စစ်ဘေးရှောင်ဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှု၏ အကျိုးဆက်များနှင့် ပတ်သက်၍ အငြိမ်းစား သူနာပြုဆရာမကြီး ဒေါ်ခင်ခင်မျိုးက “ကိုယ်ဝန် ဆောင်ချိန်မှာ မိခင်က အာဟာရလုံလောက်စွာ မရရင် သွေးအားနည်းရောဂါနဲ့ အားအင်တွေ မရှိတော့လို့ ကလေးပျက်ကျတာ၊ ပေါင် မပြည့်ဘဲ မွေးတာ အဲ့လိုမဟုတ်ဘဲ မွေးမွေးချင်း သေဆုံးတာမျိုးတွေ ကြုံရတတ်တယ်” ဟု ပြောသည်။

၎င်းက”လက်ရှိစစ်ဘေးဒေသမှာ လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ မရရှိကြတဲ့အတွက် မိခင်ရော ကလေး ပါ သေဆုံးနိုင်ခြေ အလွန်မြင့်မားနေတယ်”ဟု ဆက်လက်ပြောသည်။

ယင်းဒေသများသို့ ကူညီပေး‌နေသည့် လူမှုရေးအသင်းအဖွဲ့များကလည်း မိုးတွင်းကာလလမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဒေသတွင်းလမ်းကြောင်းများ ပိတ်ဆို့ခံထားရခြင်းနှင့် စစ်ကောင်စီဂိတ်အဆင့်ဆင့်ကို ငွေပေးကာ ဖြတ်သန်းနေကြရသည့်အတွက် မြေပြင်ကူညီရေးများ လက်လှမ်းမမီဖြစ်နေကြကြောင်း သိရသည်။

ဦးမောင်မောင်က “လှူလိုက်တဲ့ငွေ ၁၀၀ ရရင် လမ်းမှာ ၅၀ လောက်က ပေးရတာ၊ နောက် မိုးတွင်းဆို လမ်းတွေ ပျက်တော့ အကုန်ဒုက္ခရောက်ကုန်တာ” ဟု ကူညီရေးလမ်းကြောင်း ခက်ခဲမှုများကို ပြောသည်။

ထို့ကြောင့် မြေပြင်တွင် ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ် သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကို တားဆီးနိုင်ရန်အတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ မဖြစ်မနေ လိုအပ်နေသည်ဟု ဒေသခံများ နှင့် ဒေသတွင်း လူမှုကူညီရေးသမားများက တောင်းဆိုကြသည်။

၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အသက်ကယ် မီးဖွားခြင်းနှင့် မွေးကင်းစကလေး စောင့်ရှောက်မှု လိုအပ်မည့် ကိုယ်ဝန်ဆောင်ဦးရေ ၄၁၄,၅၄၀ ခန့် ရှိလာနိုင်ကြောင်း  ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့(UNFPA)က ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်၌ပင် လုံခြုံရေးအန္တရာယ်၊ သွားလာရေး အတားအဆီးများနှင့် အလှမ်းကွာဝေးမှုများ ကြောင့် မိသားစုများအတွက် ဆေးရုံ/ဆေးခန်းသို့ ရောက်ရှိရန် အလွန်ခက်ခဲ သို့မဟုတ် အန္တရာယ်များနေ ကြောင်း အလေးပေး ဖော်ပြထားသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် လူဦးရေ ၅ သန်းအထိ စားနပ်ရိက္ခာမလုံလောက်မှု (Acute Food Insecurity) ဖြစ်ပွား  နိုင်ကြောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန် သတိပေးထားသည်။

၅ နှစ်အောက်ကလေး ၁၅,၀၀၀ နှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်  အာဟာရထောက်ပံ့မှု ကူညီပေးမည်ဟု ဆိုထားသည်။

အလားတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် ထုတ်ပြန်ချက်အရ ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် မိခင်သေဆုံးမှုနှုန်း (MMR) သည် ပုံမှန်ထက် ၅ ဆခန့် (ထက်ဝက်မက) ပိုမိုမြင့်မား နေကြောင်း သတိပေးထားသည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် အစီရင်ခံစာတွင် လည်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခကြောင့် စစ်ဘေးရှောင်နေရသည့် ကလေးသူငယ် ၁ ဒဿမ ၅ သန်းကျော် အနက် ၅ နှစ်အောက် ကလေးငယ်အများစုသည် ပြင်းထန်အာဟာရချို့တဲ့မှု ဒဏ်ကို ခံစားနေရပြီး အချိန်မီ အာဟာရကုသမှု မရရှိပါက အသက်အန္တရာယ်ရှိကြောင်း ထောက်ပြထားသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင်လည်း UN Women က ပဋိပက္ခဖြစ်ပွားရာဒေသများ၌ အမျိုးသမီးများနှင့် မိခင်လောင်း များသည် စားနပ်ရိက္ခာပြတ်လပ်မှုကို ပိုမိုခံစားရလေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ဦးရေ ၃ သန်းကျော်အထိ မြင့်တက်လာနေပြီး ကူညီရေးလမ်းကြောင်းများ ထိန်းချုပ်ပိတ်ဆို့ခံထားရခြင်းကြောင့် အထူးသဖြင့် ရှမ်းမြောက်နှင့် စစ်ကိုင်းဒေသတို့တွင် အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိရန် အလွန်ခက်ခဲနေကြောင်း ဖော်ပြထားသည်။