ကာမပိုင်ယောက်ျား ဆိုတဲ့ ခေါင်းစဉ်အောက်က မုဒိမ်းမှုတွေ
ရှင်ငြိမ်း
ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး သွေးအလိမ်းလိမ်းပေကျံနေတဲ့အမျိုးသမီးငယ်တဦးကို တင်ဆောင်လာတဲ့ ၃ဘီးဆိုင်ကယ်ဟာ ရန်ကုန်ဆင်ခြေဖုံး ရပ်ကွက် တခုမှာရှိတဲ့ ဆေးရုံအရေးပေါ်ဌာနဆီကို အရေးတကြီး ဝင်ချလာပါတယ်။
သုံးဘီးပေါ်မှာပါလာတဲ့ ဝေဒနာရှင် အမျိုးသမီးငယ်ဟာ တကိုယ်လုံး ဖြူဖျော့ကာ တုန်ရီနေပြီး ခုတင်ပေါ်ကို တင်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်လေးကွေးကာ အောက်ပိုင်းက နာကျင်မှုကို ဖြေဖျောက်ရင်း သတိမလစ်အောင် ကြိုးစားနေပုံက ဝေဒနာပြင်းထန်နေမှန်း သိသာနေပါတယ်။
သူကတော့ အသက် ၂၃ နှစ်အရွယ် မစန္ဒာဆိုတဲ့ အမျိုးသမီးငယ်ဖြစ်ပြီး ကလေးမွေးပြီး ၂ ပတ်အကြာမှာ မွေးလမ်းကြောင်းကနေ သွေးအမြောက်အများဆင်းလာတာကြောင့် မိသားစုက အခုလိုဆေးရုံကို ခေါ်လာခဲ့ တာဖြစ်တယ်။
အခြေအနေက အချိန်ဆိုင်းလို့မရမှန်းသိတဲ့ တာဝန်ကျ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ လူနာခုတင်ဆီ ချက်ချင်းရောက်လာပြီး သွေးပေါင်ချိန်တာ၊ အောက်ဆီဂျင်တပ်၊ ဆေးသွင်းတာတွေ အမြန်လုပ်ဆောင်ပါတယ်။ ဆရာဝန်မလေးက မွေးလမ်း ကြောင်းကို စစ်ဆေးလိုက်တော့ အားလုံး မျက်နှာပျက်သွားကြပါတော့တယ်။
အကြောင်းက ကလေးမွေးပြီးစ လူနာရဲ့အခြေအနေက အင်မတန်ဆိုးဝါးပြီး သားအိမ်ကလည်း ပိုးဝင်ပြီး အနံ့အသက် မကောင်းတာတွေ ထွက်နေတာကြောင့်ဖြစ်တယ်။
ကလေးမွေးပြီးစ သားအိမ်ဟာ အတွင်းဒဏ်ရာအကြီးစား ရထားတဲ့ အခြေအနေဖြစ်ပြီး သားအိမ်ခေါင်းကလည်း ပွင့်နေတဲ့အချိန် အတင်းအကြပ် လိင်ဆက်ဆံခံရတဲ့အတွက် ပြင်ပက ပိုးမွှားတွေဟာ မွေးလမ်းကြောင်းကနေ သားအိမ်ထဲအထိ တိုက်ရိုက်ဝင်ရောက်သွားတယ်လို့ တာဝန်ကျဆရာဝန် ဒေါက်တာ နှင်းသီရိက ရှင်းပြပါတယ်။
“ဒါ့ကြောင့် မစန္ဒာက အဖျားတက်၊ တုန်ပြီး သားအိမ်က အနံ့မကောင်းတဲ့သွေးတွေဆင်းတာပေါ့၊ သူကတော့ ဆေးရုံအချိန်မီ ရောက်လို့ အသက်ကယ်နိုင်တာပေါ့၊ နောက်ကျရင် မလွယ်ဘူး၊ သေနိုင်တယ်”လို့ ဒေါက်တာ နှင်းသီရိက လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်လောက်က ညသန်းခေါင်ယံ ၁ နာရီမှာ တာဝန်ကျဆရာဝန် တယောက်အနေနဲ့ သူကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တခုကို မှတ်မှတ်ရရ ပြန်ပြောပြပါတယ်။
မစန္ဒာဟာ အိမ်ထောင်သက် ၄ နှစ်အတွင်းမှာ ဒုတိယမြောက် ကလေးလေးကို မွေးဖွားတာပါ။ ပထမကလေးက ၃ နှစ်အရွယ် သမီးလေးဖြစ်ပြီး၊ အခုဒုတိယကလေးကတော့ အသက် ၂ပတ်ပဲ ရှိသေးတဲ့ သားလေးဖြစ်တယ်။
မစန္ဒာတို့ မိသားစုဟာ ကလေး ၂ ယောက်၊ လင်မယား ၂ယောက် စုစုပေါင်း မိသားစုဝင် ၄ ဦး ရှိပြီး ရန်ကုန်မြို့က ဆင်းရဲနွမ်းပါးတဲ့ ကျူးကျော်ရပ်ကွက်လေးထဲမှာ အိမ်ငှားနေထိုင်ကြသူတွေပါ။
သူက အိမ်မှာပဲ ကလေးထိန်းရင်း တဖက်တလမ်းက နေ့စားအဝတ်ချုပ်ကူရတဲ့အလုပ်ကို လုပ်ကိုင်ပြီး၊ ယောက်ျား ဖြစ်သူ ကိုဇော်မျိုးကတော့ ဆောက်လုပ်ရေးဆိုဒ်တွေမှာ နေ့စားအလုပ်လုပ်တဲ့ အလုပ်ကြမ်းသမားတဦး ဖြစ်ပါ တယ်။
မစန္ဒာဟာ ဆင်းရဲလွန်းလို့ ဒုတိယသားလေး ကို ဆေးရုံဆေးခန်းမှာ မမွေးနိုင်ဘဲ ရပ်ကွက်ထဲက အရပ်လက်သည်နဲ့ ပဲ အိမ်မှာပဲ မွေးခဲ့ရတာပါ။ ကလေးမွေးပြီးလို့ ၂ပတ်အကြာ၊ ခန္ဓာကိုယ်က သွေးနုသားနု ဒဏ်ရာတွေ မကျက် တကျက် အားမွေးနေရတဲ့အချိန်ဖြစ်တယ်။
အဲ့ဒီညက အလုပ်ကနေ မူးပြီးပြန်လာတဲ့ ကိုဇော်မျိုးက မစန္ဒာကို အိပ်ရာထက်မှာ အတင်းအကြပ် စိတ်ဆန္ဒ ဖြေဖျောက်ဖို့ ကြိုးစားတာကို တားဆီးတဲ့အခါ “အရင်ကလေးတုန်းကလည်း ငါတို့အတူနေတာ၊ ဘာမှမဖြစ် တာ”ဆိုတဲ့ ဆင်ခြေပေးပါတယ်။
ပထမတော့ မစန္ဒာကို ချော့တခါ၊ ခြောက်တလှည့်နဲ့ စည်းရုံးပေမဲ့ မရတဲ့အဆုံးမှာတော့ “နင်က ငါရှာကျွေးထားတဲ့ မိန်းမ၊ ငါလုပ်ချင်သလို လုပ်လို့ရတယ်”လို့ဆိုပြီး အော်ဟစ်ကာ အနိုင်ကျင့်ကာမဆက်ဆံခဲ့တာဖြစ်တယ်။
“မစန္ဒာက အမျိုးမျိုးငိုပြီးတော့ သူ့ယောကျာ်းကို တောင်းပန်တယ်၊ မရဘူးပေါ့၊ အကြမ်းဖက်တဲ့ယောကျာ်းတွေက တော့ ဒါကို ဘာမှမဟုတ်ဘူးထင်ပေမဲ့ ခံရတဲ့မိန်းမတွေကတော့ ရောဂါတွေရ၊ ငယ်ငယ်ရွယ်ရွယ်နဲ့သေရတယ်”လို့ ဒေါက်တာ နှင်းသီရိက ဆိုပါတယ်။
မစန္ဒာဆိုရင် ယောကျာ်းရဲ့အကြမ်းဖက် ဆက်ဆံခံရတာကြောင့် မကျက်သေးတဲ့ မွေးလမ်းကြောင်း ဒဏ်ရာတွေ ပြဲထွက်၊ သွေးသွန်ပြီး ဆေးရုံအရေးပေါ်ဌာနကို ရောက်လာခဲ့ရတာဖြစ်တယ်။
ကလေးမွေးပြီး ၂ပတ်ပဲရှိသေးတဲ့ သွေးနုသားနု အခြေအနေမှာ အတင်းအကြပ်အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး တယောက်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ဓားနဲ့မွှန်းလိုက်သလိုပါပဲလို့ ဒေါက်တာ နှင်းသီရိက ဆိုပါတယ်။
သူ(မစန္ဒာ) ဆေးရုံရောက်လာပြီး ခွဲစိတ်ကုသမှု ခံယူပြီး နေကောင်းလို့ ဆေးရုံက ဆင်းလာပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာပါ သေလူလိုဖြစ်ခဲ့တယ် လို့ ဒေါက်တာက ပြောပါတယ်။
အနာမကျက်သေးခင် အဓမ္မပြုကျင့်ခံရတာကြောင့် အရပ်လက်သည်နဲ့ မွေးထားတဲ့ ချုပ်ရိုးဟောင်းတွေတင်မက ဘဲ စအိုနဲ့ မိန်းမကိုယ်ကြားက တစ်ရှူးတွေပါ ထပ်မံစုတ်ပြဲသွားတဲ့အတွက် ဆီးအိမ်နဲ့ မွေးလမ်းကြောင်းကြားမှာ ပုံမှန်မဟုတ်တဲ့ အပေါက်တွေ ဖြစ်သွားတယ်လို့လည်း ဒေါက်တာက ရှင်းပြပါတယ်။
ဒါကြောင့် မစန္ဒာဟာ လက်ရှိတိုင် ဆီးနဲ့ဝမ်းကို ကိုယ်တိုင်မထိန်းနိုင်ဘဲ အလိုလို ထွက်ကျလာတဲ့ဝေဒနာကို ခံစား နေရပြီး ဒီဝေဒနာကြောင့် လူတောမတိုးဝံ့တဲ့ စိတ်ဒဏ်ရာပါရသွားခဲ့ပါတယ်။
“ယောကျာ်းတွေကတော့ မိန်းမရပြီဆိုတာနဲ့ သူတို့အပိုင်လိုကို သဘောထားတာ၊ သူတို့ပြုသမျှ နုရမယ်ပေါ့၊ မိန်းမ တွေကျတော့ ယောကျာ်းကို ချစ်လည်းချစ်၊ ကြောက်လည်း ကြောက်ဆိုတော့ အနိုင်ကျင့်ခံရတာပေါ့၊ အဲ့မှာပဲ HIV တွေကူး၊ သေတဲ့သူသေနဲ့”လို့ ဒေါက်တာ နှင်းသီရီက ထောက်ပြပါတယ်။
“ကလေးမွေးပြီးရင် ၄၅ ရက်တိတိ ယောကျာ်းနဲ့ လိင်မဆက်ဆံနဲ့”
ဒါက လူ့အဖွဲ့အစည်းမှာ ကလေးမွေးပြီးစ မိခင်လောင်းတွေကို လူကြီးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေမှာနေကျ သတိပေးစကားပါ။
အင်မတန် ခက်ခဲပင်ပန်းတဲ့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားပြီး သွေးနုသားနုချိန်ကို ဖြတ်သန်းပြီးတဲ့နောက် မီးတွင်းကာလ ၄၅ ရက်ဟာ အမျိုးသမီး တယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အားပြန်မွေးရတဲ့ ကာလပါ။
မိခင်ရော ကလေးပါ ကျန်းမာဖို့၊ အာဟာရပြည့်ဝဖို့၊ မိခင်နို့ သေသေချာချာ တိုက်နိုင်ဖို့အတွက် မိသားစုဝင်တွေနဲ့ အမျိုးသား ဖြစ်သူပါ သည်းသည်းလှုပ် ဂရုစိုက်ရမယ့်အချိန်ဖြစ်တယ်။
ဒါပေမဲ့ အိမ်ထောင်ရေးရဲ့ကန့်လန့်ကာ နောက်ကွယ်မှာတော့ တချို့ အမျိုးသမီးတွေဟာ မစန္ဒာလိုပဲ လင်ယောက်ျား ရဲ့ ဖိနှိပ်မှု၊ အဓမ္မပြုကျင့်မှုတွေအောက်မှာ ရုန်းကန်ရှင်သန်နေကြရတာပါ။ တချို့ကတော့ အသက်ကိုပါ ပေးလိုက် ကြရပါတယ်။
အဲဒီလို အိမ်ထောင်ဖက်အမျိုးသားရဲ့ အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့က အသက် ၃၀ အရွယ် မအိ တယောက်လည်း ပါဝင်နေပါတယ်။
မအိဟာ ကလေးမီးဖွားပြီးစမှာ ခင်ပွန်းဖြစ်သူက ရိုက်နှက်လိင်ဆက်ဆံခံရလို့ မွေးလမ်းကြောင်းပိုးဝင်သွားပြီး အချိန်မီ ဆေးမကုသနိုင်တော့တာကြောင့် သေဆုံးခဲ့ရသူဖြစ်တယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ အဲ့ဒီအချိန်မှာ ဒေါက်တာ နှင်းသီရိက စစ်ကိုင်းမြို့မှာ တာဝန်ကျဆရာဝန်ပါ။
ဒေါက်တာ နှင်းသီရိက“သူ(မအိ)က တကယ်ဆိုးတာပါ၊ ကျမဆီရောက်တော့ မွေးပြီးတာ ၁၀ ရက်ရှိသေးတာတဲ့၊ ချုပ်ရိုးတွေကလည်း ကွဲ၊ ပိုးဝင်နေတော့ အနံကလည်း အတော်ဆိုးနေတော့ ဘာဖြစ်တာလဲမေးတော့ ယောကျာ်း က ဆက်ဆံလိုက်လို့တဲ့”လို့ ဖြစ်စဉ်ကို ပြောပြပါတယ်။
ကလေးမွေးပြီး ၁ ပတ်ရှိတဲ့အချိန်မှာ မအိရဲ့ခင်ပွန်းက မူးနေတာလည်းမဟုတ်ဘဲနဲ့၊ နေ့ခင်းကြောင်တောင် အိပ်ယာ ထဲလှဲနေတဲ့ မိန်းမကို မဆက်ဆံရလို့ဆိုပြီး ပါးတွေ၊ နားတွေရိုက်၊ မပေါင်းဘူး၊ ကွာမယ်ဆိုကာ ခြိမ်းခြောက်နေ တော့ ကြောက်လို့ လက်ခံလိုက်တာဖြစ်တယ်။
ဒဏ်ရာမကျက်သေးဘဲ ဆက်ဆံခံရတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတခုလုံးနာကျင်နေခဲ့ရပေမဲ့ ငွေကြေးမပြေ လည်တာနဲ့ ဆေးမြီးတိုနဲ့ ကုနေခဲ့တယ်။ ဒါပေမဲ့ မသက်သာဘဲ အနံ့အသက်တွေလည်း မကောင်းတာကြောင့် ဆေးရုံကို ရောက်လာခဲ့တာပါ။
ဆေးရုံရောက်ချိန်မှာ သူ့အခြေအနေကြောင့် ဒေါက်တာက ဆေးရုံတက်ရမယ်ဆိုတော့လည်း မစန္ဒာက သောက်ဆေးပေးဖို့ တောင်းဆိုခဲ့တယ်။ ဘာကြောင့် ဆိုတော့ သူမရှိရင် ခင်ပွန်းသည်က ကလေးတွေ အကြောင်းရှာ ရိုက်နှက်တတ်တာကြောင့်ဖြစ်တယ်။
“အဲ့ဒါ ဆေးရုံတက်ဖို့ ဘယ်လိုမှပြောမရဘူး၊ မဖြစ်လို့ပါ ဆရာမ၊ သောက်ဆေးပေးပါနော်ဆိုတော့ ကျမလည်း ပိုးသတ်ဆေး သွင်းပေး၊ ချုပ်ရိုးတွေ ပြန်ချုပ်ဖို့ကျတော့ ပြန်ရမှာဝေးလို့ မနက်ဖြန်မှ လာပါ့မယ်ပြောပြီး အတင်း ပြန်သွားတာ”လို့ ဒေါက်တာက ဆိုပါတယ်။
ဆားတောင်နဲ့ စစ်ကိုင်းမြို့က မိုင် ၃၀ ဝေးပါတယ်။ မအိတို့ကတော့ ဆိုင်ကယ်နဲ့လာတာပါ။ နေ့တိုင်းလာပြပါ့မယ် ဆိုတဲ့ ကတိကိုပေးခဲ့ပေမယ့် နောက်နေ့မှာတော့ မအိ ဆေးရုံကို ရောက်မလာခဲ့ပါဘူး။
“နောက်မှ ပြန်သိရတာက ဆေးရုံက ပြန်လာတာ နောက်ကျတာကို လင်ငယ်နေတယ်လို့ စွပ်စွဲရိုက်၊ အတင်း ဆက်ဆံခံရတော့ ချုပ်ရိုးတွေ အကုန်ကွဲပြဲပြီး သွေးတွေတအားဆင်းတာ၊ ဆေးရုံပို့တော့ လမ်းမှာ စစ်သားတွေက မထွက်ရဘူးဆိုတော့ အိမ်ပြန်လာတာ၊ မနက် ၃ နာရီလောက်မှာဆုံးသွားတာပေါ့”လို့ ဒေါက်တာက စစ်အာဏာရှင် စနစ်အောက်က ညမထွက်ရ အမိန့်နဲ့ အကြမ်းဖက်မှုပေါင်းစုံကြောင့် လမ်းခရီးမှာတင် အသက်ပျောက်ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မစန္ဒာလွင်ကတော့ ဒါဟာ ရိုးရိုးလိင်ကိစ္စ မဟုတ်ဘဲ ပါဝါ (Power)တည် ဆောက်ပုံ ပြဿနာဖြစ်သလို၊ မုဒိမ်းမှုဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းဟာ အမျိုးသမီးတွေကို လင်ယောက်ျား အလိုကို ငြင်းခွင့်မရှိလိုက်နာပြီး၊ လင်ယောက်ျားရဲ့ လိင်မှုဆန္ဒကို မဖြစ်မနေဖြည့်ဆည်းရမယ့် “ပစ္စည်း” တခုလို သတ်မှတ်ထားကြပါတယ်။
လင်မယားဖြစ်တာက အဓမ္မပြုကျင့်ဖို့ ခွင့်ပြုပေးလိုက်တာ မဟုတ်သလို “ကာမပိုင်ယောက်ျား” ဆိုတဲ့ စကားလုံး ဟာ အမျိုးသမီးတယောက်ရဲ့ ခန္ဓာကိုယ်ကို လင်ယောက်ျားက စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို အားပေးရာရောက်ပါတယ်လို့ မစန္ဒာလွင်က ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ နော်စေးဝါးကလည်း “အိမ်ထောင်ပြုလိုက်တာနဲ့ အမျိုး သမီးတယောက်ဟာ သူ့ ခန္ဓာကိုယ်အပေါ်မှာ ပိုင်စိုးခွင့်ဆုံးရှုံးသွားရသလား၊ ‘No’ ဆိုရင် ‘No’ ပဲ၊ လင်မယားကြား မှာလည်း ခွင့်ပြုချက်ရှိရမယ်၊ အခု ဖြစ်စဉ်တွေမှာ ယောက်ျားတွေတင်မကဘူး၊ စစ်တပ်က အဲလို လမ်းတွေပိတ် နေတာကလည်း အမျိုးသမီးတွေကို သေတွင်းထဲ ပို့နေတာ”လို့ ဝေဖန်ထောက်ပြပါတယ်။
ဒါပေမဲ့ တချို့ကတော့ “လင်မယားကြားပဲဟာ၊ မုဒိမ်းမှုဆိုတာ ဘယ်ရှိမလဲ၊ ကာမပိုင် ယောက်ျားပဲဥစ္စာ” လို့ ပြော နေကြဆဲဖြစ်တယ်။
တကယ်တော့ မုဒိမ်းမှုဆိုတာ လင်မယားဖြစ်တာ၊ ချစ်သူဖြစ်တာနဲ့ မသက်ဆိုင်ဘဲ ခွင့်ပြုချက် ရှိ၊ မရှိ ဆိုတဲ့အပေါ် မှာပဲ အခြေခံစဉ်းစားရတဲ့ အရာမျိုးပါလို့ တရားလွှတ်တော် ရှေ့နေတဦးက ရှင်းပြပါတယ်။
မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၅ မှာ မုဒိမ်းမှု (Rape) ကျူးလွန်ခြင်းရဲ့ ပြစ်မှုအင်္ဂါရပ်တွေကို အဓိပ္ပာယ် ဖွင့်ဆို ထားပါတယ်။ တရားခံဟာ အချက် (၅) ချက်ထဲက တချက်ချက်နဲ့ ငြိစွန်းပြီး အမျိုးသမီးတဦးကို အလိုမတူ ဘဲ ကာမ စပ်ယှက်ပါက မုဒိမ်းမှုမြောက်ကြောင်း ဥပဒေပြဋ္ဌာန်းထားပါတယ်။
ဒီအချက် (၅) ချက်ကတော့ အမျိုးသမီးက အလိုမတူဘဲ (သို့မဟုတ်) ငြင်းဆန်နေစဉ်၊ အမျိုးသမီးက ခွင့်မပြုဘဲ၊ သေစေမည် (သို့မဟုတ်) နာကျင်စေမည်ဟု ကြောက်ရွံ့အောင်ပြုသဖြင့် ခွင့်ပြုလိုက်ရခြင်း၊ မိမိ၏ လင်ယောက်ျား ဖြစ်သည်ဟု လိမ်လည်လှည့်ဖြား၍ ခွင့်ပြုလိုက်ရခြင်း၊ အမျိုးသမီးက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ အဆိုပါ အမျိုးသမီး၏ အသက်သည် (၁၆) နှစ်အောက် ဖြစ်နေခြင်းတို့ ဖြစ်ပါတယ်။
ဒီဥပဒေပြဋ္ဌာန်းချက်အရ ကြည့်ရင် မစန္ဒာရော မအိပါ ယောက်ျားဖြစ်သူရဲ့ သေစေမည်၊ နာကျင်စေမည်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ၊ အတင်းအကြပ် အနိုင်ကျင့်မှုတွေကြောင့် ငြင်းဆန်နေတဲ့ကြားက ကျူးလွန်ခံခဲ့ရတာမို့လို့ ဒါဟာ ကာမပိုင်ယောက်ျား ဆိုတဲ့ ခေါင်းစဉ်အောက်က မုဒိမ်းမှု၊ တကယ့်ရာဇဝတ်မှု သက်သက်သာ ဖြစ်တယ်။
မြန်မာနိုင်ငံမှာ ကျား၊ မခွဲခြားဆက်ဆံမှု မရှိပါဘူးလို့ ဘယ်သူတွေ ဘယ်လောက်ပဲ ငြင်းငြင်း၊ လင်မယားကြားမှာ မုဒိမ်းမှု မရှိဘူးလို့ ဘယ်လောက်ပဲ ဖုံးကွယ်ဖုံးကွယ်၊ တကယ်တမ်းတော့ မစန္ဒာတို့၊ မအိတို့လို အမျိုးသမီး အတော်များများဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကြားထဲမှာ အသက်နဲ့ရင်းပြီး ရှိုက်ကြီးတငင်ငိုကြွေး ရှင်သန်နေကြရ၊ အသက်နဲ့ရင်းနေကြရပါတယ်။
အသက် ၃၅ နှစ်အရွယ် အိမ်ထောင်ရှင် ကိုမိုးသူကတော့ ကျန်တဲ့အချိန်မှာ အိမ်တွင်းအကြမ်းဖက်တာ၊ ရိုက်တာ တွေကတော့ မလုပ်သင့်သလို တဖက်မှာလည်း လင်မယားဆိုတာကတော့ အမျိုးသားဘက်က လိုအပ်ရင် ဖြည့်ဆည်းပေးရမှာက အိမ်ထောင်ရှင်မတွေရဲ့ဝတ္တရားပဲလို့ သူ့အမြင်ကို ပွင်းလင်းစွာ ပြောပါတယ်။
“ယောက်ျားဆိုတာ အပြင်မှာ စိတ်ရှုပ်လာတာတွေ ရှိမယ်၊ ဒါကို အိမ်မှာမှ မဖြေရှင်းရရင် ဘယ်သွားရမလဲ၊ မုဒိမ်း မှုလို့ သုံးတာတော့ နည်းနည်းလွန်တာပေါ့၊ လင်မယားကြားမှာ မုဒိမ်းမှုဆိုတာ မရှိသင့်ပါဘူး”လို့ သူက ဆိုပါ တယ်။
ဒီအမြင်အပေါ်မှာ အသက် ၃၀ အရွယ် အိမ်ထောင်ရှင် မသင်းသင်းကလည်း အိမ်ထောင်ပြုလိုက်တာဟာ ခန္ဓာကိုယ်ကို အဲ့ဒီ ယောက်ျားဆီ ရောင်းစားလိုက်တာ မဟုတ်ပါဘူး။ ကလေးမွေးပြီးစ မီးတွင်းထဲမှာတင် မကဘူး၊ ပုံမှန်အချိန်မှာပါ မိန်းမတွေဘက်က အဆင်မပြေဘူး၊ နာကျင်ရတယ်ဆိုရင်၊ စိတ်မပါဘူးဆိုရင် ‘No’ လို့ ငြင်းပိုင် ခွင့် ရှိရမယ်လို့ သူရဲ့အမြင်ကို တုံ့ပြန်ပါတယ်။
“အဲဒါကိုမှ အဓမ္မပြုလုပ်တာဟာ မုဒိမ်းမှုပါပဲ၊ အဓိကကတော့ ယောက်ျားတွေဘက်က ကိုယ်ချင်းစာတရား၊ နားလည်ပေးဖို့ လိုသလို၊ မိန်းမတွေဘက်ကလည်း ငါ့ယောက်ျားပဲ၊ သည်းခံရမယ်ဆိုတဲ့ မှားယွင်းတဲ့ အတွေးကို ဖျောက်ပြီး ငြင်းဆန်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်”လို့လည်း မသင်းသင်းက ပြောပါတယ်။
အမျိုးသမီးအရေးနဲ့ တရားမျှတမှုအတွက် လုပ်ဆောင်နေသူတွေကလည်း ဒီကိစ္စရပ်ဟာ ရိုးရိုး လင်မယား ပြဿနာ မဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ပြတ်ပြတ်သားသား တိုက်တွန်း ထုတ်ဖော်ပြောဆို တာ၊ အသိပညာပေးတာတွေ လုပ်လာကြပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မစန္ဒာလွင်ကတော့ မိခင်တယောက်ရဲ့ခန္ဓာကိုယ်ဟာ ကလေးမွေးဖွား ပြီးချိန်မှာ သေရေးရှင်ရေး တိုက်ပွဲဝင်ထားရတာဖြစ်ပြီး အဲဒီအချိန်မှာ အတင်းအကြပ် ဆက်ဆံတာဟာ စိတ်ဓာတ် ရေးရာတင် မကဘဲ ရုပ်ပိုင်းဆိုင်ရာပါ သတ်ဖြတ်လိုက်တာနဲ့ တူတူပါပဲ။ ဒါဟာ ဝတ္တရားမဟုတ်ဘူး၊ ရာဇဝတ်မှုလို့ ထောက်ပြပါတယ်။
အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရေးဆိုတဲ့ အကာအကွယ်အောက်က လိင်အကြမ်းဖက်မှုတွေကို ငြိမ်ခံမနေကြ ဖို့နဲ့ ကိုယ် ရဲ့ Bodily Autonomy (ခန္ဓာကိုယ်ဆိုင်ရာ ပိုင်စိုးပိုင်ခွင့်)ကို ရဲရဲဝံ့ဝံ့ သတိပြုကြဖို့လို့လည်း သူက တိုက်တွန်းထားပါတယ်။
အလားတူ တက်ကြွလှုပ်ရှားသူ ကိုဇင်မင်းထက်ကလည်း အိမ်ထောင်ဖက်ဆိုတာ စိတ်ဆန္ဒဖြေဖျောက်စရာ ပစ္စည်းတခု မဟုတ်ဘဲ အပြန်လေးစားမှုမရှိရင် အဓမ္မပြုကျင့်မှုသာဖြစ်တယ်လို့ဆိုပါတယ်။
“ကာမပိုင်ယောကျာ်းဆိုတဲ့စကားကြောင့် ကာမပါ သူတို့ က ပိုင်တယ်ပေါ့။ အဲ့တော့ ယောက်ျားအများစုက ‘ငါ ရှာကျွေးထားတာ၊ ငါ့မိန်းမ ငါလုပ်တာ ဘာဖြစ်လဲဆိုတဲ့ Toxic Masculinity (ဆိုးရွားတဲ့ အာဏာစက်)နဲ့ တွေးကြ တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
ဒီလို အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို အမျိုးသားအချင်းချင်း သတိပေးကြဖို့၊ ရှက်စရာလုပ်ရပ်အဖြစ် သတ်မှတ် ကြဖို့ အမျိုးသားထုကိုပါ တိုက်တွန်းချင်တယ်လို့ သူကဆိုပါတယ်။
ဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေ ဘယ်လောက်ပဲ ရှိနေပါစေ လက်ရှိ မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုကြောင့် တိုင်းပြည်ပျက်စီးပြီး တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ အခြေအနေဆိုးထဲ ရောက်နေတာဖြစ်လို့ ရဲစခန်းနဲ့ တရားရုံးတွေဆီ သွားရောက်တိုင်ကြားဖို့ မပြောနဲ့၊ နေ့စဉ် ရှင်သန်ရပ်တည်ဖို့တောင် အသက်အန္တရာယ် စိုးရိမ် နေရတဲ့အတွက် အမျိုးသမီးတွေဟာ ဒီလိုဖြစ်ရပ်တွေကို ဘယ်လိုကျော်လွှား ကြမလဲဆိုတာ လက်တွေ့ကျကျ စဉ်းစားကြရတော့မယ့်အခြေအနေ ဖြစ်နေတာကို တွေ့ရပါတယ်။
အကြမ်းဖက်ခံရသူ အမျိုးသမီးငယ်ကို ဘေးကင်းလုံခြုံတဲ့ အရေးပေါ် ခိုလှုံရာနေရာ (Safe House) ဖန်တီးပေး နိုင်ဖို့နဲ့ ဆေး ကုသခွင့် အမြန်ဆုံးရရှိစေဖို့ ဒေသတွင်း ကွန်ရက်တွေက အချိတ်အဆက်မိမိနဲ့ လက်တွဲ ကူညီပေး ကြဖို့ လိုအပ်ကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မစန္ဒာလွင်က တိုက်တွန်းပါတယ်။
တဖက်မှာလည်း ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆရာဝန်တွေဟာ မီးတွင်းထဲ အကြမ်းဖက်ခံရတဲ့ ဝေဒနာရှင်တွေကို တွေ့ရှိပါက ဆေးကုသပေးရုံတင်မကဘဲ ဆေးဘက်ဆိုင်ရာတွေအနေနဲ့ သက်ဆိုင်ရာကို တိုင်ကြားတာမျိုးတွေ အကြမ်းဖက်ခဲ့တဲ့ အမျိုးသားဖြစ်သူနဲ့ မိသားစုဝင်တွေကို ဆေးဘက်ဆိုင်ရာ ပြင်းထန်တဲ့ သတိပေးချက်တွေ ထုတ်ပြန်တာ၊ လိုအပ်ရင် အကြမ်းဖက်ခံ အမျိုးသမီးကို ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးတာမျိုးတွေ ရဲရဲဝံ့ဝံ့ ကူညီပေးတာတွေ လုပ်သင့်တယ်လို့ မစန္ဒာလွင်က အကြံပြုပါတယ်။
မီးတွင်းထဲမှာတင် ရက်ရက်စက်စက် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ဆားတောင်က မအိ၊ ဆေးရုံအရေးပေါ်ဌာနမှာ ဝေဒနာဆိုးတွေနဲ့ အသက်လုခဲ့ရတဲ့ မစန္ဒာတို့ရဲ့ ဖြစ်စဉ်ဟာ ဒီလို အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးကို အိမ်ထောင်ရေး ဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်မှာ အေးအေးဆေးဆေး ပုန်းအောင်းခွင့်ပေးပြီး၊ ကိုယ်ရေးကိုယ်တာ ဖြစ်စဉ်တွေ အဖြစ် ခွင့်လွှတ်ထားသင့်သလားဆိုတာ လူ့အဖွဲ့အစည်းတခုလုံးကို မေးခွန်းထုတ်နေတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။
အမျိုးသမီးနဲ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ တိုက်တွန်းလှုံ့ဆော်မှုတွေထဲကလိုပဲ ဒီလိုကိစ္စရပ်တွေ ရှိနေပါလား ဆိုတာကို သိအောင် လုပ်ရုံတင်မကဘဲ ဇနီးမယားအပေါ် အလိုမတူဘဲ အဓမ္မပြုကျင့်တာဟာ မုဒိမ်းမှုဖြစ်တယ်ဆိုတာကို လူတိုင်း ရဲရဲဝံ့ဝံ့ လက်ခံလာအောင်၊ ဥပဒေကြောင်းအရလည်း ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်အောင် လုပ်ဆောင်ကြဖို့လိုပြီဖြစ်ပါတယ်။











