“သူသာ လာမခြိမ်းခြောက်ဘူးဆို ဒီကိစ္စတွေက ဘယ်သူ့မှမပြောချင်ဘူး၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာနဲ့အတူတူပဲ”
အင်းစိန်ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်းနဲ့ ထောင်ပိုင်ဟောင်း ဇော်လင်းအောင်တို့ရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံခဲ့ရသလို၊ ဒါနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေဖြန့်ဝေပြီး အွန်လိုင်းကနေခြိမ်းခြောက် အကြပ်ကိုင်ငွေညစ်ခံရသူ အမျိုးသမီးနဲ့ အင်တာဗျူး
ခင်ဘုန်းမို့ ဆက်သွယ်မေးမြန်းသည်။
အင်းစိန်ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်) ပြည့်ဖြိုးထွန်းနဲ့ ချစ်သူရည်းစားဆက်ဆံရေးရှိခဲ့တဲ့ ကာယကံရှင် အမျိုးသမီးဟာ ၂၀၂၄ ခုနှစ်မှာ အင်းစိန်ဒုထောင်ပိုင်ရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ခံစားခဲ့ရ ပါတယ်။
အမျိူးသမီးငယ်ဟာ နွေဦးတော်လှန်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အချက်အလက်တွေကို စစ်ကောင်စီ လက်အောက်ခံ ဟန်ငြိမ်းဦးချန်နယ်မှာ တင်ခံရတဲ့အတွက် မင်းဝင်းခိုင်ကို အကူအညီ တောင်းခံခဲ့ပါတယ်။
ဒီလိုအကူအညီတောင်းမှုကို အခွင့်ကောင်းယူပြီးမင်းဝင်းခိုင်ရဲ့ မိတ်ဆွေဖြစ်သူ ထောင်ပိုင်ဟောင်း ဇော်လင်းအောင်နဲ့အတူ အုပ်စုလိုက် လိင်ဆက်ဆံမှုတွေကိုအတင်းအကြပ်ခိုင်းစေခဲ့ပါတယ်။
မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်းဟာ သူအပါအဝင် တခြားအမျိုးသမီးပါဝင်တဲ့ အဖွဲ့လိုက် လိင်ဆက်ဆံမှု ပြုလုပ်ဖို့ ကာယကံရှင်အမျိုးသမီးကို အတင်းအကြပ်ဖိအားပေး ခိုင်းစေခဲ့ပါတယ်။
လိင်အမြတ်ထုတ်မှုတွေကို ဗီဒီယိုရိုက်ကူးထားပြီး အမျိုးသမီးငယ်နဲ့ ချစ်သူရည်းစားအဖြစ် ပြတ်စဲ ပြီးတဲ့နောက်မှာ ငွေညှစ်ခြိမ်းခြောက်ကာ၊ ငွေမရတဲ့နောက် ဗီဒီယိုတွေကို ဖြန့်ဝေတာတွေကို ကျူးလွန် ခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေဘယ်လိုကြုံတွေ့ခဲ့ရလဲ၊ ဒီလိုထုတ်ဖော်ပြောဆိုတာက ဘာကြောင့်လဲ၊ ဘာတွေ ဆက်လုပ် ဖို့ ဆန္ဒရှိလဲဆိုတာတွေနဲ့ပတ်သက်ပြီး ကာယကံရှင်အမျိုးသမီးနဲ့ Honest Information – HI က ဆက်သွယ် မေးမြန်းထားပါတယ်။
Honest Information – မင်းဝင်းခိုင် (ခ) ပြည့်ဖြိုးထွန်းနဲ့ ဘယ်လိုစတင်သိကျွမ်းခဲ့တာလဲ။ ဘယ်အချိန်တုန်းကဖြစ်မလဲ။
ကာယကံရှင်အမျိုးသမီး – စစဦးဆုံးသတိထားမိတာ ၂၀၁၉ ဒီဇင်ဘာမှာ။ Facebook မှာသူလာ Add တယ်။ အဲ့အချိန်မှာ သူက အကျဉ်းဦးစီး မရောက်သေးဘူး။ ထွေအုပ်မှာ လုပ်တုန်းကသိခဲ့တာ။
ပွင့်ပွင့်လင်းလင်းပြောရရင် ညီမက မိသားစုတွေနဲ့အတူတူနေတဲ့သူလည်းမဟုတ်ဘူး။ တယောက်ထဲ သီးသန့်နေရတာများတယ်။ အသက်၁၄နှစ်ထဲက အဆောင်မှာနေတာ။ တခုခုဆို ဆွေးနွေးရမယ့်သူ မရှိဘူး။ ညီမ စာအုပ်ဖတ်ရတာကြိုက်တယ်။ တက္ကသိုလ်ဘုန်းနိုင်တို့၊ ခင်ခင်ထူး တို့ ရသစာပေတွေ ဖတ်ရတာကြိုက်တဲ့အချိန်မှာ သူကလည်း ညီမလေး ဟိုဟာဖတ်ကြည့်ဒီဟာဖတ်ကြည့် အဲ့လိုမျိုးကနေ အကိုတယောက်၊ ညီမတယောက်အနေနဲ့စသိခဲ့တာ။ အပြင်မှာတခါမှမမြင်ဖူးဘူး Facebook မှာပဲ သိခဲ့တာ။
Honest Information – ချစ်သူရည်းစားအဖြစ်တွဲခဲ့တာလား။ အဲ့ဒီအတောအတွင်းမှာ ဘယ်လို ဖြတ်သန်းခဲ့လဲ။
ကာယကံရှင်အမျိုးသမီး – ကိုဗစ်ပထမလှိုင်းမှာ အိမ်မှာပဲနေရတယ်၊ဘာအလုပ်မှလည်းမရှိတော့ သူနဲ့တော်တော်ရင်းရင်းနှီးနှီး စကားပြောဖြစ်တယ်။ သူက နေပြည်တော်မှာအလုပ်လုပ်နေတာတဲ့၊ ဒီစာအုပ်တွေဖတ်ကောင်းတယ် ဘာညာပြောရင်းနဲ့ အဲ့ကနေရင်းနှီးသွားပြီးတော့ နောက်ပိုင်းမှာ သိပ်စကားမပြောဖြစ်တော့ဘူး။
နောက်တော့ ညီမနယ်မှာ အလုပ်သွားလုပ်ရင်းနဲ့ စကားပြန်လာပြောတော့ ပြန်ပြောဖြစ်သွားတာ။ ညီမလေး ဘယ်ရောက်နေတာလဲ ဘာညာ။ အဲ့တခေါက် နေ့တိုင်း စကားလာပြောတယ်။ နေကောင်း လား၊ ထမင်းစားပြီးပြီလား၊ ကောင်းကောင်းအိပ်နော်၊ အကိုနဲ့ညီမဆက်ဆံရေးပဲရှိခဲ့တာ။ အဲ့ကနေ အာဏာသိမ်းတော့ နယ်ကနေပြန်လာခဲ့တယ်။ အဲ့တုန်းက နယ်ကနေပြန်မယ် ဆိုတာလည်း သူနဲ့တိုင်ပင် လိုက်သေးတယ်။
တော်တော်များများအကြောင်းအရာတွေက အများဆုံးတိုင်ပင်ဖြစ်တာ သူနဲ့ဖြစ်နေတာ။ သူကညီမ အကြောင်း ခရေစေ့တွင်းကျ အကုန်သိနေတာ။ ပြန်လာပြီး ညီမ ရည်းစားတွေဘာတွေထားပြီး ရည်းစားနဲ့ပြတ်ပြီး ၂၀၂၃ နှစ်ကုန်ခါနီးမှာ သူလာပြီးဆက်သွယ်တာ။ ညစာလိုက်ကျွေးမယ်၊ ထမင်းသွား စားရအောင်ဆိုပြီး။ အဲ့မှာ ပထမဆုံးမြင်ဖူးတာ။ သူရန်ကုန်ရောက်နေတယ်ဆိုပြီး ဘယ်မှာ တာဝန်ကျ နေလဲလည်း မပြောဘူး။ သူ့ရာထူးလည်းမပြောဘူး။ အဲ့အချိန်မှာလည်း သမီးရည်းစားမဖြစ်သေးဘူး။ ညီမနဲ့ သူနဲ့ စသိထဲက သူ့အမျိုးသမီးကနိုင်ငံခြားမှာရောက်နေတာ၊ ကျောင်းတက်နေ တာလား သေချာမသိဘူး။
သူက အဲဒီအချိန်မှာ ဖွင့်ပြောလာတာ သူ့အမျိုးသမီးနဲ့သူနဲ့ကွဲသွားပြီ။ ပြန်မလာတော့ဘူး။ သူတယောက် ထဲပဲ သူ့မှာရည်းစားလည်းမရှိဘူး။ မိန်းမလည်းမရှိဘူး။ ညီမကိုသဘောကျတယ်။ အရင်ထဲက နှစ်တွေ အကြာကြီး သိခဲ့တဲ့သူမို့ ပိုသဘောကျတယ်။ သမီးရည်းစားအဆင့်တက်ပေးမလားပေါ့။ ညီမလည်း ပြန်စဉ်းစားရတယ်။ နိုင်ငံရေးအခြေအနေလည်းရှိတယ်။ အသက်အရွယ်ကလည်း ၁၄ နှစ်ကွာတယ်။ ညီမပြန်စဉ်းစားမယ်ပေါ့။ နောက် ၁လလောက်နေတော့ တွဲမယ်ဆိုပြီးတွဲလိုက်တာ။ တွဲလိုက်တဲ့ အချိန်အထိလည်း အဆင်ပြေသေးတယ်။
Honest Information – ဟန်ငြိမ်းဦးချန်နယ်မှာ ဆန္ဒပြသူဆိုပြီးအတင်ခံရတုန်းက လုံခြုံရေး အခြေအနေ ဘယ်လိုရှိခဲ့လဲ။ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။
ကာယကံရှင်အမျိုးသမီး – ဟန်ငြိမ်းဦးချန်နယ်မှာတင်ခံရတာ ၂၀၂၄ စက်တင်ဘာမှာ အဲ့ဒီမှာတင်တဲ့ပုံတွေက ညီမနယ်မှာ ရှိတုန်းက အာဏာသိမ်းပြီးပြီးချင်း ဖေဖော်ဝါရီလ အကုန်မှာ ရိုက်ထားတဲ့ပုံတွေ၊ အဲ့ပုံကို သူတို့ တင်လိုက်တာ။
၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ဒီ ၃နှစ်လုံး ညီမက အွန်လိုင်းမှာ ဒူးရင်းသီးလည်းရောင်းတယ်၊ ပုရစ်လည်း ရောင်းတယ်။ ဘေထုတ်လည်းရောင်းတယ်။ ဟင်းချက်စရာတွေလည်း ရောင်းတယ်။ ညီမပုံတွေက အများကြီးပဲ။ အဲ့ဒီတုန်းကတည်းက သူတို့ Screen Shoot ရိုက်ထားတာလားမသိဘူး။ ညီမရှယ်တဲ့ ပိုစ့်တွေနဲ့ တင်ခံရတာ။ အလုပ်ကပြန်ရောက်၊ အိမ်ပေါ်တက်တော့ သူအရင်ဆုံး ဖုန်းဆက်လာတာ။ မင်းကိုဟန်ငြိမ်းဦးချန်နယ်မှာ တင်ထားပြီ၊ မင်းဘယ်လိုလုပ်မှာလဲ၊ ဘာတွေလုပ်ထားသေးလဲ၊ ညီမလည်း ဘာမှမလုပ်ထားပါဘူး။ သူကပဲ တခုချင်းစီပြောပြတာ။ ပိုစ့်တွေကိုဖျက်၊ လွတ်တဲ့နေရာ သွားနေတဲ့။ ဘယ်ကိုသွားနေရမှန်းလည်းမသိဘူး။
ဟန်ငြိမ်းဦးဆီမှာက ကျောင်းလိပ်စာထည့်ထားတယ်။ ဒါပေမယ့် ညီမက ၂၀၂၁ ထဲက ကိစ္စတခုခု ဖောင်ဖြည့်တယ်ဆို နာမည်အမှန်၊ မွေးနေ့ အမှန်၊ ဖုန်းနံပတ်အမှန်ပေးပေမယ့် လိပ်စာတွေကို အမြဲ အမှားဖြည့်တာမျိုး လုပ်တယ်။ ဆိုတော့ ဘယ်သူမှတော့ မဆက်သွယ်လာဘူး။ အမျိုးအိမ်မှာတော့ သွားရှောင်လိုက်တယ်။
Honest Information – ဟန်ငြိမ်းဦးချန်နယ်မှာ တင်ခံရတာနဲ့ပတ်သက်ပြီး သူကဘာတွေ ကူညီပေးခဲ့တာလဲ။
ကာယကံရှင်အမျိုးသမီး – ညီမကအရင်အကူအညီတောင်းမိတာ။ အဲ့အချိန်မှာညီမမှာ ပြောပြ စရာ တိုင်ပင်စရာလည်းမရှိဘူး။ သူ့ကိုပဲ စသုံးလုံးတွေဘာတွေ မေးပေးပါဦး၊ ညီမနာမည်ပေါက်နေ လား။ စိုးရိမ်တယ်လေ။ အဲဒီအချိန်မှာ အမေကလည်းသိသွားတော့ အမေနဲ့သူနဲ့လည်း သိသွားတယ်။ သူလှမ်းမေးပေးတယ်။ ညီမကိုအမှုဖွင့်ထားတာလည်းမရှိဘူးပေါ့။ သူကညီမကို သဇင်ဦးတို့ ဟန်ငြိမ်းဦး တို့ကို သွားတောင်းပန်ခိုင်းတယ်။ ဒါတွေကမဟုတ်ပါဘူးပေါ့။ တောင်းပန်ပါတယ်ပေါ့။ စိတ်လွတ်ပြီး ရေးမိတာဆိုပြီးတောင်းပန်ခိုင်းလို့ သွားတောင်းပန်တယ်။ ဒါပေမယ့် ဟိုဘက်ကလက်မခံဘူး။ တောင်းပန်တဲ့စာတွေပါ ထပ်တင်ထားတယ်။ သူကကူညီတယ်လို့ပြောပေမယ့် တကယ်ဟုတ်လား၊ မဟုတ်လား မသိခဲ့ဘူး။
Honest Information – လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုက ဘယ်အချိန်မှာစတင်ကြုံတွေ့ခဲ့ရ တာလဲ။ ဘယ်လိုပုံစံနဲ့လဲ။
ကာယကံရှင်အမျိုးသမီး – အကုန်လုံးက ၂၀၂၄ မှာစတာ၊ ပထမဦးဆုံးစတာက ညီမမွေးနေ့ ဇွန်လမှာ။ ဟန်ငြိမ်းဦးက စက်တင်ဘာနော်။ ဇွန်လမှာ ညီမမွေးနေ့ရှိတယ်။ တူတူသွားသောက်ရအောင်၊ သူ့သူငယ်ချင်းတွေ ခေါ်ထားတယ်ဆိုပြီး သူနဲ့သွားတယ်။ သွားရင်းကနေ သူ့ သူငယ်ချင်းမိန်းကလေး လည်းပါလာတယ်။ အဲဒီ ၁ယောက်ရဲ့ သူငယ်ချင်းဆိုပြီး မိန်းကလေး ၁ ယောက်ထပ်ပါလာတယ်။ ၂ယောက်စလုံးက အကောက်အခွန်ကပဲ။ ပြီးတော့ ဇော်လင်းအောင်ပါလာတယ်။ အဲ့တုန်းက သူတို့ နှစ်ယောက်ရာထူးလည်းမသိခဲ့ဘူး။ အင်းစိန်ထောင်မှာ လုပ်နေတာပဲသိတာ။ ဇော်လင်းအောင်ကိုလည်း ထောင်ပိုင်းမှန်းမသိဘူး။
အဲဒီအစ်မက “ဆက်သောက်ဦးမယ်၊ ညီမလေးမွေးနေ့ပဲ” ဆိုပြီး။ ဘားတွေက ၁၁ ဆိုပိတ်ပြီလေ။ Hotel 9 Mile မှာသူတို့ အခန်းယူထားတယ်တဲ့။ အဲဒီအစ်မကိုယ်တိုင်စပြောတာ၊ အဲ့အခန်းထိကို လိုက်ခဲ့တဲ့။ ဆက်သောက်ရင်းနဲ့ ဖဲရိုက်မယ်တဲ့။ “ပြီးရင်ပြန်မယ်နော်”လို့ သူ့ကိုပြောတော့ “ပြန်၊ လိုက်ပို့ မယ်” တဲ့ ညီမ မမူးဘူး။ ညီမတော်ရုံ မမူးတတ်ဘူး။ အကုန်လုံးကို မှတ်မိတယ်။ ၁၁ နာရီခွဲလောက် ဖဲရိုက်တယ်။ သူ့သူငယ်ချင်း မိန်းကလေးတယောက်ကပြန်သွားတယ်။ ၄ယောက်ပဲကျန်ခဲ့တယ်။
ညီမကပြန်မယ် ပြောတဲ့အချိန်မှာ မပြန်နဲ့၊ သူအရမ်းမူးနေတယ်။ ကားမမောင်းနိုင်တော့ဘူးတဲ့။ ညီမကိုယ့်ဖာသာကိုယ် Grab ခေါ်ပြီးပြန်မယ်ဆိုတော့ သူစိတ်မချဘူးတဲ့။ သူအခန်း ယူလိုက်မယ် ဆိုပြီး ဆင်းသွားပြီး အခန်းယူလိုက်တယ်။ သူအိပ်မှ ရတော့မယ်ဆိုပြီး သူအိပ်တာနဲ့ ညီမလည်း အိပ်နေတာ။ နောက်တော့ တံခါးခေါက်သံကြားတော့ ၁ နာရီကျော်လောက်မှာ စကားပြောသံ ကြားတယ်။
ဇော်လင်းအောင်က ပြန်သွားပြီဆိုပြီး ခုနကျန်ခဲ့တဲ့ အမျိုးသမီးကဝင်လာပြီး ညီမကိုဖိအားပေးတယ်။ ညီမကို ဟိုကိုင်ဒီကိုင်လာလုပ်တော့ “မထိနဲ့မကြိုက်ဘူး” ဆိုပြီး အိမ်သာထဲမှာဝင်နေတာ။ တံခါးတွေ အကြာကြီးခေါက်ပြီး ခေါ်တာ၊ ဝုန်းဒိုင်းကြဲနေတာ။ အဲဒီအချိန်မှာတော်တော်ကြောက်ခဲ့တာ။ ထွက်လာ တော့ ကြောက်တဲ့စိတ်ကအရမ်းများပြီး အသက်ရှူတွေကြပ်တာ။ သူတို့က ရေတွေဘာတွေ တိုက် တယ်။ လှဲလိုက်ပြီး ခဏနေတော့ အတင်းဖိအားပေးပြီးအတူနေခိုင်းတယ်။
ကိစ္စပြီးတော့ သူ့ကိုစကားလည်းမပြောတော့ဘူး။ အရမ်းစိတ်ဆိုးလို့ ငါ့ကိုဘာလို့အဲ့လိုလုပ်တာလဲ ဆိုပြီးသူ့ကို ပြဿနာရှာတော့ “တောင်းပန်ပါတယ်၊ သူစိတ်လွတ်သွားလို့ပါ”ဆိုပြီး။ ပြီးတော့ ညီမတို့ခဏ ပြတ်သွားတယ်။ ဟန်ငြိမ်းဦးကိစ္စဖြစ်တော့ ညီမကို ကူညီပါဦးဆိုပြီး သူ့ကိုတောင်းပန်ရင်းနဲ့ ပြန်ပြီးပြန်ချိတ်သွားတာ။ အဲဒီမိန်းမနဲ့ပါ ၃ယောက် နေခဲ့တာ ဇွန်မှာ။ သူ့ကိုပြန်တောင်းပန်တာက စက်တင်ဘာမှာ။
နောက်တခေါက်(ဒုတိယတခေါက်)က နိုဝင်ဘာမှာ သူ့မွေးနေ့၊ ဘားမှာထိုင်နေရင်းနဲ့ အမျိုးသမီး တယောက်ရယ်၊ ဇော်လင်းအောင်ရယ်ပါတယ်။ အဲဒီအချိန်မှာလည်း သူမူးနေပြီ၊ ကားမောင်းလို့ မရတော့ဘူးဆိုပြီး သွားတယ်။ ဇော်လင်းအောင်လိုက်လာတယ်။ ဘာလို့လဲဆို စကားပြောချင်လို့တဲ့။ နောက်တော့ “လက်ခံလိုက်ပါ၊ ဒီလောက်ကူညီထားတာကို၊ ကိုကြီးကအထက်လူကြီးလေ၊ ကိုကိုဒုက္ခ ရောက်လိမ့်မယ်လေ၊ ကလေးက ဒီလောက်တောင်သည်းမခံနိုင်ဘူးလား၊ ချစ်တယ်ဆို လက်ခံလိုက် လေ၊ ဘာခက်လို့တုန်း တခါလေးပဲကို” အဲဒီလိုမျိုး စကားတွေအများကြီးပြောပြီး ညီမလည်း တော်တော် စိတ်ညစ်ပြီး ငါတော့သွားပါပြီ၊ ထပ်ပြီး ရွေးချယ်စရာတွေလည်းမရှိတော့ဘူး။ အိမ်ပြန်လို့ ကလည်း မရတော့ဘူး။ အတင်းအကြပ်ကြီးတွေလုပ်ပြီး တော်တော်ကိုစိတ်ပျက်ဖို့ကောင်းတာ။
နောက်တခေါက်(တတိယအကြိမ်)က အဆောင်မှာမီးပျက်လို့ ဟိုတယ်မှာသွားအိပ်တာ၊ အစက အိမ်မှာ အိပ်သေးတယ်။ နောက်ကျအရမ်းပူတော့မခံနိုင်တော့ဘူး။ ခြင်တွေကလည်းကိုက်။ ဟိုတယ်မှာ သွားအိပ်တဲ့အချိန်မှာ ရောက်လာကြတယ်။ သူနဲ့လည်းမချိန်းထားဘူး။ သူတို့အပြင်မှာ ရောက်နေတယ် ဆိုပြီးဝင်လာခဲ့ကြတာ။
သူက ဖုန်းဆက်တာ ဘယ်မှာလဲတဲ့ ဟိုတယ်မှာဆိုတော့ သူတို့မုန့်ဝယ်လာတယ်။ တရေးနိုး ထစားဆိုပြီး လာပေးတာ၊ လာပေးတော့ Reception မှာသွားဆင်းယူတော့ နေပါဦး၊ ခဏလေး ဝင်ထိုင်ရအောင်လေ ဆိုပြီးဝင်လာတာ။
“နောက်ဆုံးတခေါက်ပဲ”တဲ့။ “ငါနောက်ထပ်ပြီး လက်မခံနိုင်တော့ဘူး၊ ငါ့ကို မလုပ်ပါနဲ့” အဲဒီလိုပြောတဲ့ အချိန်မှာ “လက်ခံလိုက်ပါ၊ ဘာများခက်ခဲနေလို့လဲ၊ သူစိမ်းလည်းမဟုတ်ဘူး၊ အရင်တခေါက်ကလည်း ဖြစ်ပြီးသား၊ ဆေးလည်းစစ်ပြီးသား အစိုးရဝန်ထမ်းတွေကို မယုံတာလား” တဲ့။ ညီမ မူးမနေဘူး။ တော်တော်ဆိုးတယ်။ ညီမငြင်းလို့မရတဲ့ အခြေအနေကြီးပဲ။ ညီမကိုယ်တိုင်လည်း အခုလောက် သတ္တိမရှိလို့ ဖြစ်ပါလိမ့်မယ်။ အားလည်းအားငယ်တယ်။ ညီမသာ သတ္တိရှိရှိနဲ့ ငါ့ကိုမထိနဲ့လို့ ငြင်းနိုင်ရင်ပို ကောင်းမှာပဲလို့တွေးမိတယ်။ နောင်တရတယ်။
Honest Information – အတူနေစဉ် ဗီဒီယိုရိုက်ကူးထားတာတွေကို အဲဒီတုန်းက သိခဲ့လား။ သူတို့ကခိုးရိုက်ထားတာမျိုးလား။
ကာယကံရှင်အမျိုးသမီး – တခါတလေအတူနေတာတော့ သူရိုက်တယ်။ ညီမပြောတယ်၊ ဘာလုပ်ဖို့လဲဆို သိမ်းထားချင်လို့၊ ပြန်ကြည့်ချင်လို့ဆို၊ ညီမဖျက်ပေးဆို ညီမရှေ့မှာ ဖျက်ပေးတယ်။ သူ့ဖုန်းထဲကနေဖျက်တယ်။ ဒါပေမယ့် ဘာလို့ သူ့ဆီမှာ ရှိနေလဲ ညီမ မသိဘူး။ ၃ယောက် အတူနေတဲ့ အချိန်မှာဆိုလည်း ရိုက်ထားတာ။ မရိုက်ပါနဲ့တောင်းပန်ပါတယ်ဆို သူက အဲ့လိုပြန်ကြည့်မှ စိတ်ထတာ မို့လို့ တဲ့။
ညီမနဲ့အတူရှိခဲ့တဲ့အခေါက်တွေမှာလည်း သူ့အမျိုးသမီးနဲ့အတူနေတဲ့ ဗီဒီယို ရှိတယ်။ အဲဒီ ဗီဒီယို ကိုလည်း Sex ဂရုထဲပို့ပြီး တခြားသူတွေက Comment ရေးတာကို သူကစိတ်ထပြီး ညီမနဲ့ နေတာ။ အစက အဲဒီညည-လိုမဟုတ်ဘူး။ ၂ယောက်ထဲပဲ။ နောက်ပိုင်းအဲ့လိုတွေပါလာတော့ ညီမလည်း လန့်လာတာ။ အဲဒီလိုဟာတွေစခဲ့တာလည်း နိုဝင်ဘာမှာစခဲ့တာ။ အဲ့လိုသမားဆိုတော့ ခန့်မှန်းလို့မရဘူး။
Honest Information – နောက်တော့ သူနဲ့ဘယ်လိုအဆက်အသွယ်ပြတ်သွားလဲ။
ကာယကံရှင်အမျိုးသမီး – ထိုင်းကိုရောက်တာ ၂၀၂၅ ဒီဇင်ဘာမှာရောက်လာတာ။ မလာခင်မှာ သူ့မိတ်ဆွေတွေ ပြောလို့ သူက ရာထူးကြီးတာ၊ မိန်းမနဲ့မကွဲသေးဘူးဆိုတာ သိခဲ့ရတယ်။ ညီမထူပူသွားတာ။ တကယ်မကွဲသေးဘူးလားပေါ့။ အဲဒီအချိန်မှာစပြီးစုံစမ်းတယ်။ အသိတ ယောက်ကို မေးတော့ ဒုထောင်ပိုင်လို့ စသိတယ်။
ငါမြန်မြန်လမ်းခွဲမှရတော့မယ်လို့တွေးလိုက်တယ်။ တိခနဲဖြတ်လို့ မရဘူးဆိုတာသိတော့ စကား ဆက်ပြောတယ်။ ၂၀၂၅ သင်္ကြန်မှာ ကောင်လေးထားတော့မယ်လို့ ပြောလိုက်တာ။
သင်္ကြန်မှာလမ်းခွဲတဲ့ အချိန်မှာလည်း သူကပြောတယ်၊ “အိမ်ထောင်ရှိတာ တခုထဲကိုအပြစ်ပြော ပြီးတော့ လမ်းခွဲသွားတယ်၊ အိမ်ထောင်ရှိတာ ဘာထူးဆန်းလို့လဲ” လို့ပြောတယ်။ ညီမလည်း အဆက်အသွယ်ဖြတ်လိုက်တယ်။
Honest Information – နောက်ပိုင်းမှာ နှောင့်ယှက်သေးလား။
ကာယကံရှင်အမျိုးသမီး – ညီမ သူ့ကို Block ထားတာ။ ဒါပေမယ့် ဟန်ငြိမ်းဦးချန်နယ်မှာ တင်ခံရတုန်းက သူကူညီတဲ့ကိစ္စမှာ သူနဲ့ညီမအမေနဲ့အဆက်အသွယ် သွားရှိသွားတာ။ သူက ညီမအဆင်ပြေလား အမေ့ဆီကအမြဲမေးတယ်။ အမေနဲ့လည်း ညီမက အဆက်အသွယ်မရှိဘူး။
Honest Information – ဗီဒီယိုတွေဖြန့်မယ်လို့ လာရောက်ခြိမ်းခြောက်တာက ဘယ်တုန်းကလဲ၊ ဘယ်လိုတုန့်ပြန်ခဲ့လဲ။
ကာယကံရှင်အမျိုးသမီး – တရက်မှာ လာပြီးခြိမ်းခြောက်တာ။ ဖေဖော်ဝါရီမှာ ညီမကို အကောင့်တုနဲ့ လာပို့ထားတာ၊ ညီမဝင်မကြည့်ဖြစ်ဘူး။ နောက်မြင်တော့ လန့်သွားတာ၊ သူငယ်ချင်းကို အကူအညီတောင်းပြီး သူ့အကောင့်အစစ်ကိုသွားမေးခိုင်းတာ။ ညီမရည်းစားကိုလည်း စာပို့ထားတာ တွေ့လို့ Block လိုက်တယ်။
ညီမသူငယ်ချင်းကိုပြောတာ သူ့ဆီက ဗီဒီယိုတွေ ပြန့်တာမဟုတ်ဘူး။ သူ့ဖုန်းတွေကသိမ်းထားတာ၊ ကိုယ့်ဟာကိုယ်ပဲစည်းကမ်းရှိပါဆိုပြီး ပြန်ပြောတယ်။ ညီမဆီမှာလည်း အဲဒီဗီဒီယိုတွေကမရှိဘူး။ သူ Telegram ကနေ ညီမဆီပို့ဖူးတယ်။ ပို့တိုင်းလည်း ညီမဖျက်ပစ်တယ်။ ညီမဖုန်းထဲမှာ လုံးဝမထားဘူး။ သူ့ဆီမှာပဲရှိတာ။ သူကတောင် ဦးနှောက်မရှိဘူးလားဆိုပြီး ပြန်ဆူလိုက်သေးတယ်။ ၂ လပိုင်းတုန်းက ပထမအကောင့်ကို Block လိုက်တယ်။
ဧပြီမှာ ညီမကောင်လေး Acc ကို Comment သွားမန့်တာ။ “မင်းစော်လေးအကြောင်းသိချင်ရင် ငါ့ကို လာမေး”ဆိုပြီး အကောင့်တုအသစ်နဲ့ လာမန့်တာ။ ညီမ ကောင်လေးကို သူ့မှာ ဗီဒီယိုတွေ ရှိတယ်ဆိုပြီး ပြောတယ်။ ညီမကိုလည်းအကောင့်တုနဲ့ ပြောတယ်။
ဗီဒီယိုတွေ ၈ ခုရှိတယ်။ တခုကို ၁၀ သိန်းနဲ့ရောင်းရင်တောင် သိန်း ၈၀ အသာလေးပဲလို့ပြောတယ်။ ညီမရဲ့ ကောင်လေးကိုလည်းပြောတယ်။ ဗီဒီယိုတွေရောင်းစားမယ်လို့ပြောတယ်။ ညီမကိုလည်း ပိုက်ဆံတောင်းတယ်။ ညီမက အဲ့တုန်းက နင်ကြိုက်တာလုပ်၊ ဂရုမစိုက်ဘူးလို့ပြောလိုက်တယ်။ အကောင့်တုကို သူမှန်းလို့ညီမ မသိဘူး။
ဘာဖြစ်လာလဲဆို သိန်း၈၀ တကယ်ကြီးတောင်းလာတယ်။ ညီမလည်းဒေါသထွက်လာပြီး သူ့(မင်းဝင်းခိုင်)ကို Block ထားတာဖြည်ပြီး သွားမေးတယ်။ ဘယ်လိုလုပ်မှာလဲ ဘယ်လိုတာဝန် ယူမှာလဲမေးတယ်။ အဲဒီအချိန်မှာ သူက ဒါကဘယ်လိုဖြစ်တာလဲဘာညာပြောတယ်။ သိန်း ၈၀ တောင်းနေပြီ မပေးရင် ဖြန့်မယ်ပြောနေတယ်လို့ ပြောတဲ့အခါသူက သိန်း ၈၀ တောင်းတယ်ဆို အကောင့်တောင်းလိုက်တဲ့ အခုလွှဲလိုက်မယ်တဲ့။ အကောင့်ကနေလိုက်မယ်တဲ့။
ညီမကြောင်သွားတာ။ လူတယောက်က ငွေကိုချက်ချင်းလွှဲလိုက်မယ်ပြောတာ။ သူဘယ်လောက် ချမ်းသာနေပါစေ၊ ၅သိန်း ၁၀ သိန်းဆို တမျိုးလေ၊ သိန်း ၈၀ က ၁၀၀ နားကပ်နေပြီ။ ပြီးတော့ သူ့လောက်စေ့စပ်တာသူလေ။ လက်လွတ်စပယ်လာပြီး အခုလွှဲပေးလိုက်မယ် ပြောနေတာ။ ညီမကောင်လေးကလည်းပြောတယ်။ အဲဒါသူပဲတဲ့၊ သူပဲလိုက်နှောင့်ယှက်နေတာတဲ့။ ပုံမှန်ဆို ညီမသူ့ဆီ အကူအညီတောင်းလို့ သူကူညီပေးရင် ညီမစကားဆက်ပြောနေမှာလေ။ အဲ့တော့ ညီမ လက်မခံတော့ပဲနဲ့ သူ့ကိုအကန်တွေ ပြောလိုက်တယ်။
Honest Information – အကောင့်တုက သူမှန်း ဘယ်လိုသတိထားမိသွားတာလဲ။
ကာယကံရှင်အမျိုးသမီး – အကောင့်တုရော၊ သူ့ကိုရော ဆဲပြီး Blockလိုက်တယ်။ ဒီလ ၆ရက်နေ့မှာ ညီမသူငယ်ချင်း တယောက်စာပို့ထားတာ။ နင့်ဗီဒီယိုတွေပြန့်နေပြီ ဘယ်သူတင်တာလဲ ပေါ့။ ဖုန်းတွေ ခေါ်ထားတာ။ ညီမ ၆ နာရီခွဲမှာ မြင်တာ၊ အရမ်းထူပူသွားတာ။ ဘာမှလည်း ဆက်မလုပ် နိုင်ဘူး။ အကောင့်တုကို Block တာ ဖြည်ပြီးသွားပြောလိုက်တယ်။ ဘာလိုချင်တာလဲလို့မေးလိုက်တော့ ပြန်လာပြီးသူနဲ့ လာအိပ်တဲ့၊ မပြန်လာနိုင်ဘူးလို့။ “နင်က ဘာလိုချင်လို့ဒီလိုလုပ်တာလဲ” လို့။ သူက နင့်ကို အစထဲကပြောသားပဲ၊ နင်မှစကားနားမထောင်တာပဲ၊ သူထိန်းချုပ်လို့မရလို့ သူလုပ်လိုက် တယ်ပေါ့။
ညီမလုံးဝထူပူပြီး မျက်လုံးရှေ့မှာတောင် ဘာမှမမြင်ရတော့ဘူး။ ငါသက်သေလိုတယ်ပေါ့။ သူမှန်း ဆိုတာ သိတယ်၊ သက်သေလိုတယ်ပေါ့။ အကောင့်တုကိုဆက်ပြီး စကားပြောနေတယ်။ အဲ့အကောင့်တု က သူ့အတိုင်းပဲ မနက်အစောကြီးဆိုစာပို့ပြီ။ သူလည်း ညီမအကြောင်းသိသလို ညီမလည်း သူ့အကြောင်း သိတယ်။ ပြောရင်းနဲ့ လိင်ကိစ္စတွေမှာ စကားလုံးအသုံးအနှုန်းတွေ၊ လေယူလေသိမ်း တွေမှာ သူမှန်းထုတ်ထုတ်ပြောလာတာ။
အရင်ကလည်း ထိုင်းကိုရောက်နေတဲ့ ညီမရည်းစားဟောင်းနဲ့သွားအိပ်ခိုင်းပြီး ဗီဒီယိုရိုက်ပြီးသူ့ကို ပို့ခိုင်း ဖူးတာရှိတယ်။ ညီမ မလုပ်ဘူး။ အဲ့အကြောင်းတွေလည်း အကောင့်တုက ထုတ်ပြောလာတာ။ ညီမက သူ့မိန်းမ အကြောင်းပြောတော့လည်း ဘယ်လိုသိတာလဲဆိုပြီး မေးလာတယ်။ လိင်ကိစ္စအသုံးအနှုန်း တွေ၊ တခုခု ညီမမေ့တယ်ဆို သူဆူနေကြ စကားအသုံး အနှုန်းတွေ၊ သူသုံးနေကြ စကားလုံးတွေက အကောင့်တုက တပုံစံထဲပဲ။
နောက်ပြီး ထိုင်းမှာရှိတဲ့ သူ့သူငယ်ချင်းတယောက်နဲ့ သွားအိပ်လိုက်၊ သူ့သူငယ်ချင်းနဲ့မအိပ်ချင်ဘူးဆို နောက်လကျရင် သူလာမယ်တဲ့။ သူလာရင် ၅ခါအတူနေပေးတဲ့ BDSM (BDSM ဆိုတာ နာကျင်မှုမှ တဆင့် လိင်ပိုင်းဆိုင်ရာအရသာကို နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဖန်တီးသော လိင်မှုကိစ္စ အပြုအမူ အမျိုးအစားတခုဖြစ်သည်) ပုံစံတဲ့ အဲ့လိုပြောတယ်။ ၅ ခါမရဘူးဆို ၂ခါ အတူနေပေးတဲ့။ ဗီဒီယိုတွေဖြန့်ပြီးတော့ အဲ့လိုထပ်ပြောတာ။
Honest Information – ဗီဒီယိုတွေ ပြန့်သွားပြီးနောက်မှာ ဘယ်လိုအခြေအနေတွေ ကြုံတွေ့ခဲ့ ရလဲ။
ကာယကံရှင်အမျိုးသမီး – အရမ်းထူပူနေတာ ရေတောင်သောက်လို့ မဝင်တော့ဘူး။ ငိုယုံကလွဲပြီး ဘာမှမလုပ်နိုင် ဘူး။ သူငယ်ချင်းတွေက အဲဒီဗီဒီယိုတင်တဲ့ ချန်နယ်တွေကို Report ထုပေးတယ်။ သူသာ လာမခြိမ်းခြောက်ဘူးဆို ဒီကိစ္စတွေက ဘယ်သူ့မှမပြောချင်ဘူး။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာနဲ့အတူတူပဲ။ ငါသေသွားတဲ့အထိသယ်သွားလိုက်တော့မယ်ဆိုပြီး အိမ်ကိုလည်း မပြောဘူး။ People’s Spring မှာ သတင်းပါလာတဲ့အချိန်မှာ ညီမအိမ်ကလူတွေ ဘာပြောလဲဆို နင်ကဖြစ်တုန်းကကျ ဘာမှမပြောဘူး၊ အခုကျမှ ဘာထဖြစ်တာလဲပေါ့။
သူက လူကြီးပုံစံနဲ့ ဆက်ဆံထားတဲ့အချိန်မှာ အိမ်ကလူတွေက သူ့ရဲ့မျက်နှာဖုံးကိုပဲမြင်တာလေ။ အခုမှ ဘာလို့ ထပြောတာလဲတို့၊ မရှက်ဖူးလားတို့၊ အမျိုးတွေဘက်က တုန့်ပြန်တာတွေလည်းရှိတယ်။ အမျိုးတွေကလည်း ညီမအစားရှက်တယ်လို့ပြောတယ်။ ညီမလည်း ငါ့ဘဝကြီးကသွားပြီလို့ တွေးနေတဲ့အချိန်မှာ ညီမကောင်လေးနဲ့ အမတွေက ငြိမ်ခံမှာလား ပြန်တိုက်မှာလားလို့ပြောတယ်။ ဒါကြီးက မတရား ခံရတာ၊ ငါဘာများမှားလို့လဲပေါ့။
ပြန်စဉ်းစားတာ ငါတောင်ဒီလိုဖြစ်တာ ငါ့နေရာမှာတခြားသူတွေရော၊ သူငယ်ချင်း တယောက်ကလည်း ပြောတယ်၊ တခြားမိန်းကလေးတွေ ရှိဦးမှာပဲတဲ့၊ သူလာခြိမ်းခြောက်တုန်းကလည်း ညီမပြောတယ်။ ငါ့မှာဆုံးရှုံးစရာ အရှက်ပဲရှိတာ၊ နင့်မှာဆုံးရှုံးစရာတွေအများကြီးရှိတယ်လို့။ ငါ့အရှက်ကိုနင်ခွဲတယ်။ နင့်ကိုလည်း အကုန်ဆွဲချမယ်လို့ပြောခဲ့တယ်။ ညီမက ပုံမှန်ဆို ငိုရုံကလွဲဘာမှ မလုပ်တတ်တဲ့ သူမျိုးဆိုတော့ သူ့ကိုပြန်မလုပ်လောက်ဘူးထင်တာ။
ညီမလိုက်ပြီးကူညီတောင်းတယ်။ မီဒီယာတွေကိုလိုက်ပြောခဲ့တယ်။ ညီမတယောက်ထဲ ပိုစ့်တင်ရင် တသံထဲဆို ဘယ်သူမှမကြားဘူးလေ။ သတင်းမီဒီယာကို အားကိုးမှပဲရတော့မှာ။ ညီမ အကြောင်းကို တင်ပေးမှ တကယ်ခံရတဲ့ ကောင်မလေးတွေရှိမယ်။ သူတို့မပြောပဲသိမ်းထားမယ့် လျှို့ဝှက်ချက် တွေကို ငုံ့နေမယ့်ကောင်မလေးတွေရှိမယ်။ သူတို့ထုတ်ပြောလာမှာ၊ ညီမအရှေ့ကနေ ထုတ်ပြောမှ ရတော့မှာ၊ ညီမမှာ ဘာဆုံးရှုံးမှုမှမရှိဘူး။ သူများတွေမှာ မိသားစုကို ငဲ့ရတာတွေရှိမယ်၊ ညီမမိသားစု လည်း သူဟာနဲ့သူဆိုတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတာဆိုတော့ ညီမ မပြောရင် မရဘူးဆိုတဲ့စိတ်ရှိတယ်။
(သတင်းရင်းမြစ်အမျိုးသမီးဟာ ဒီမေးခွန်းကနေစပြီး အင်တာဗျူးအဆုံးသပ်ချိန်အထိ ငိုကြွေးလျှက် ပြန်လည်ဖြေကြားခဲ့ပါတယ်)
Honest Information – ဒီလိုဖြစ်စဉ်ကြုံတွေ့ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဘယ်လိုသက်ရောက်မှုတွေကြုံတွေ့ခဲ့ရလဲ။
ကာယကံရှင် အမျိုးသမီး – ညီမအိပ်လို့မရဘူး။ အစက သတင်းမတင်ခင်တုန်းက အိပ်လို့ ရသေးတယ်။ ငိုတယ်။ အိပ်တယ်။ ညနေဆို စိတ်အရမ်းညစ်ပြီး ပြေးတယ်။ မနေ့ကဆို တနေကုန် ဘာမှမစားဘူး။ အပြင်လေးဘာလေးထွက်၊ ကော်ဖီလေးဘာလေးသောက်ပြီး ပြန်လာတယ်။ ခန္ဓာကိုယ်က ပင်ပန်းသွားတော့ ခဏအိပ်လိုက်တယ်။ အပြင်သွားရင်လည်း သူများတွေက ကိုယ့်ကို မကြည့်ပါဘူး။ သူတို့ဘာသူတို့ စကားပြောနေတာဖြစ်မှာပေါ့။ မြန်မာတွေ အများစုရှိတဲ့နေရာ ရှောင်တယ်။ မသွားတော့ဘူး။
People’s Spring ကသတင်းတင်ပြီးတဲ့နောက်မှာ သူနဲ့ညီမကြားမှာ ကြားကနေဆက်သွယ်ပေးတဲ့ အမျိုးသမီးတယောက်လည်းရှိတယ်။ ဒီကိစ္စတွေဖြစ်တော့လည်း သူကစာတွေ မတင်ဖို့ပြောတယ်။ သတင်းတွေတင်ပြီးတော့ “ကိုကြီးက အရမ်းဒေါသ ထွက်နေတယ်”တဲ့။ “သူလုပ်နိုင်သမျှ လုပ်မယ်လို့ ပြောတယ်” တဲ့။ အင်တာပိုနဲ့ ဖမ်းခိုင်းမယ်လို့လည်း ပြောတယ်တဲ့။ ညီမလည်း အင်တာပိုနဲ့ ဖမ်းခိုင်း ရအောင် မူးယစ်ရာဇာလည်းမဟုတ်ဘူး။ ငါ့ဘာငါ အမှန်တရားထုတ်ပြောတာကို အဲ့လောက် ဆိုးသွား တာလား။ ပြန်ပြီးတော့ စဉ်းစားကြည့်တော့ သူဒီလောက်တောင် တုန်လှုပ်နေတာလားပေါ့။
Honest Information – ဒီလိုမျိုးကိုယ့်ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် သူ့ဘက်ကနေ ဗီဒီယိုတွေ ဖြန့်လိုက်တဲ့ ရည်ရွယ်ချက်ကဘာဖြစ်မလဲ။
ကာယကံရှင်အမျိုးသမီး – သူက ပုံမှန်လိင်စိတ်မဟုတ်တာ။ ညီမရဲ့ ဗီဒီယိုတွေ သူများ ကြည့်ပြီး သူက စိတ်ထတော့မှာ။ သူကအဲ့လိုမျိုး။ နောက်တခုက ညီမကိုထိန်းချုပ်ချင်လို့ ထင်တယ်။ ညီမက တောင်းပန်မယ်၊ ဗီဒီယိုဖျက်ခိုင်းမယ်၊ သူ့ဆီပြန်သွားမယ်၊ အရင်လိုပဲငိုနေမယ် ဒီလိုမျိုးလည်း ထုတ်ပြောမယ်လို့လည်း မထင်ထားဘူး ထင်တယ်။
Honest Information – လက်ရှိမှာက စစ်အာဏာသိမ်းထားတဲ့အခြေအနေလည်း ဖြစ်တယ်၊ ရင်ဆိုင်ရမယ့် သူတွေက ရာထူးရှိနေသူလည်းဖြစ်တယ်၊ ဒီလိုလူမျိုးနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ ကိုယ့်ဘက်က ဘာတွေပြင်ဆင်ထားတာမျိုးရှိလဲ။
ကာယကံရှင်အမျိုးသမီး – အခုလိုတွေဖြစ်တော့ မိသားစုတွေကတော့ စိုးရိမ်နေကြ တယ်။ သူ့လက်တံ ဘယ်လောက်ရှည်မလဲဆိုတာ မသိတော့ ကိုယ်မြင်ရတာမှ မဟုတ်တာ။ ဘယ်လောက်အထိ ဆိုးမယ်မှန်းလဲမသိဘူး။ ညီမကတော့ ထိုင်းမှာဆို လုံခြုံမယ်လို့ထင်တယ်။ ညီမတော့ အစီစဉ်မရှိဘူး၊ ဒီမှာပဲဆက်နေဖို့စဉ်းစားတယ်။
Honest Information – လက်ရှိမှာ ဘယ်အဖွဲ့အစည်းတွေကို အကူအညီတောင်းခံတာ၊ တိုင်တန်းထားတာမျိုးရှိလဲ။
ကာယကံရှင်အမျိုးသမီး – သတင်းမီဒီယာတွေကိုစာတွေပို့ထားတယ်။ ညီမတတ်နိုင် သလောက် လုပ်ထားတယ်။ မှန်လား၊ မှားလားတောင် မဆုံးဖြတ်နိုင်ဘူး။
Honest Information – ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုတရားမျှတမှု ရချင်လဲ။
ကာယကံရှင်အမျိုးသမီး – အမှန်တိုင်းပြောရရင် ဘာလုပ်ရမှန်းမသိဘူး။ ညီမမှာ လုပ်နိုင်တာဆိုလို့ မီဒီယာနဲ့လူသိများအောင် ဒီလိုခံရတဲ့ကောင်မလေးတွေရှိသေးတယ်။ ဘာမှ မဖြစ်ခဲ့ သလိုမျိုးနဲ့ သူတို့ကပျော်မွေ့နေတယ်။ ပိုက်ဆံနဲ့အာဏာက သူတို့ဘက်မှာ။ အာဏာသိမ်းထား တာကို အခွင့်ကောင်းတခုလို အသုံးချနေတာမျိုးတွေကိုလူသိစေချင်တယ်။ ညီမဒီလိုခံခဲ့ရပါတယ်။ နောက်ထပ် ဘယ်သူမှ မခံရပါစေနဲ့ဆိုပြီး (လိုအပ်လာတဲ့နောင်တချိန်မှာ )ညီမမျက်နှာပါ အကုန်ထုတ်ပြလို့ရတယ်။ တခုပဲ သူ့ကို တခုခု နစ်နာသွားစေချင်တယ်။ နောက်ခံရတဲ့ မိန်းကလေးမျိုးတွေလည်း မရှိစေချင်ဘူး။





