တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (မေ ၉ မှ ၁၅၊ ၂၀၂၆)

မေလ ၉  ရက်ကနေ ၁၅ ရက်အတွင်း တပတ်တာကာလအတွင်း သတင်းမီဒီယာအသီးသီးမှာ မှတ်တမ်း တင်ထားတဲ့ အမျိုးသမီးဖြစ်ရပ်သတင်းတိုတွေကို စုစည်းဖော်ပြအပ်ပါတယ်။

ဒီပတ်မှာတော့ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တချို့မှာ  ငလျင်ထောက်ပံ့ရေးစာရင်းတွေကို အသုံးချပြီး စစ်မှုထမ်းစာရင်းကောက်ယူနေတာမှာ   အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းရှိ အမျိုးသမီးတွေ စာရင်းကိုပါ ကောက်ယူနေတဲ့သတင်းတပုဒ်ကို တွေ့ရပါတယ်။ အထူးသဖြင့် ဘွဲ့ရပညာတတ် အမျိုးသမီးတွေကို ပိုမိုပစ်မှတ်ထားနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အသက်မပြည့်သေးသူတွေအပေါ် ကျူးလွန်တဲ့မုဒိမ်းမှုတွေ အပါအဝင် လိင်အကြမ်းဖက်မှု တွေ တိုးသထက်တိုးလာနေတဲ့ မြန်မာပြည်မှာ ဒီဖြစ်စဉ်သတင်းတွေကို အပတ်စဉ်ဖတ်ရလေ့ရှိပါတယ်။

ဒီတပတ်မှာတော့ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့မှ အသက် ၁၄နှစ်အရွယ်မိန်းကလေးငယ်ကို ရိုက်နှက် မုဒိမ်းကျင့်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူကို ဒေသခံတွေနဲ့ ရဲတွေက ဖမ်းမိခဲ့ပြီး စစ်ဆေးတဲ့အခါ ဝန်ခံခဲ့တဲ့ အတွက် ရွာငံဆေးရုံမှာ ဆေးစစ်ချက်ယူနေတုန်း ထွက်ပြေးသွားတဲ့သတင်းကို တွေ့ရပါတယ်။ 

ဒီလို သတင်းတွေအပါအဝင် တခြားအမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်းတို ၁၃ ပုဒ်ကို HI – Honest Information က ပြန်လည် စုစည်းတင်ဆက်လိုက်ပါတယ်။

–          စစ်ကိုင်းတွင် ငလျင်ထောက်ပံ့ရေးစာရင်းများကို အသုံးပြုကာ စစ်မှုထမ်းရန် အမျိုးသမီး စာရင်းများပါ ကောက်ယူနေ

–          မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး၏ အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ

–          လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦး သေဆုံး

–          တော်လှန်ရေးကာလ အသက်၊ ခန္ဓာ ပေးဆပ်စွန့်လွတ်ခဲ့သည့် သူနာပြုများကို AA ဂုဏ်ပြု

–          ရွာငံတွင် သက်ငယ်မုဒိမ်းကျူးလွန်သူ ရဲလက်မှ ထွက်ပြေးလွတ်မြောက်

–          နိုင်ငံမဲ့ဘဝမှ Miss World Thailand အလှမယ်သရဖူဆုရခဲ့သည့်  ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့်

–          ဘားအံမြို့နယ်ကို စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ် အပါအဝင် ၅ဦး ဒဏ်ရာရ

–          YBS ကားကြိတ်မိလို့ အမျိုးသမီးတစ်ဦးသေဆုံး

–          သတင်းဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ “ အမေများ နေ့” မှာ အမေရိကန်ရောက်မြန်မာတွေ တောင်းဆို

–          ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာ ဖြစ်

–          မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာအမျိုးသမီး ၇ ဦး ဖမ်းဆီးခံရ

–          ဘီးလင်းတွင် စစ်ဘေးရှောင်ကားကို စစ်အာဏာရှင်တပ် ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦးသေဆုံး

–          ဆင်မြီးဆွဲမှာ ဘုန်းကြီးကျောင်းအဘိဓမ္မာသင်တန်းက ပြန်လာတဲ့ အမျိုးသမီး (၁) ဦး စစ်တပ်ဂိတ်က ပစ်လို့ သေဆုံး

စစ်ကိုင်းတွင် ငလျင်ထောက်ပံ့ရေးစာရင်းများကို အသုံးပြုကာ စစ်မှုထမ်းရန် အမျိုးသမီး စာရင်းများ ပါ ကောက်ယူနေ

Source – CJ Platform

စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ နည်းမျိုးစုံအသုံးပြုပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မဖမ်းဆီးနေကြပါတယ်။ မြို့ခံတွေရဲ့ ပြောပြချက်အရ မေလ ပထမပတ်က စတင်ပြီး စစ်ကိုင်းမြို့ပေါ် ရပ်ကွက်အချို့မှာ စစ်မှုထမ်းရမယ့် အသက်အရွယ်ပြည့်သူတွေရဲ့ အမည်စာရင်းတွေကို ကပ်ထားပြီး ပုံစံ (၂) ဖောင်တွေ ထုတ်ယူဖို့ ဆင့်ခေါ်နေပါတယ်။

ဒါတင်မကသေးဘဲ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ ပစ်မှတ်ထားလာပါတယ်။ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အကျုံးဝင်တယ်ဆိုကာ စာရင်းလိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘွဲ့ရပညာတတ် အမျိုးသမီးတွေကို ပိုမိုပစ်မှတ်ထားနေတာကို တွေ့ရပါတယ်။

နန္ဒဝန်ရပ်ကွက်တစ်ခုတည်းမှာတင် ပြီးခဲ့တဲ့ မေလ ၆ ရက်က လူ ၄၈၀ ကျော်ကို စစ်မှုထမ်းဖို့ ဆင့်ခေါ် ထားပါတယ်။ စိန်ကုန်း၊ ပန်းဘဲတန်းနဲ့ မြို့သစ်ရပ်ကွက်တွေမှာလည်း အိမ်တိုင်ရာရောက် ဆင့်ခေါ်စာ တွေ ပေးပို့တာနဲ့ အတင်းအဓမ္မဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး၏ အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ

Source – Myanmar Press Photo Agency

ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦးရဲ့အသက်၃ချောင်းနဲ့ ပျက်စီးသွားတဲ့ ဆိုင်ကယ်ကို စုစုပေါင်း ကျပ်သိန်း၄၀၀ နဲ့ ကျေအေးပေးမယ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေကိုဖိအားပေးနေတယ်လို့သိရပါတယ်။

မေလ၁၀ရက် နေ့က သထုံမြို့နယ်၊လေးတိုင်ကျေးရွာ၊သထုံ-ဘားအံကားလမ်းမ ပေါ်မှာ သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာ၊တာယာစက်ရုံဘက်ကိုပြန်လာတဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး စီးလာတဲ့ဆိုင်ကယ်ကို ဘားအံမှသထုံဘက်ကို လာတဲ့ Honda Fit ကား က မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ရာ ၃ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ကားမောင်းလာသူ နေလင်းစိုးမှာ အငြိမ်းစား EPC လူကြီးတစ်ဦးရဲ့သားဖြစ်ပြီး သူရဲ့ မိသားစုဝင်တွေ က တာယာစက်ရုံတာဝန်ရှိသူမှတစ်ဆင့် အမှုကျေအေးပေါ့လျော့စေရန် ကြိုးစားနေသလို စက်ရုံတာ ဝန်ရှိသူအချို့ကလည်း နေလင်းစိုးဘက်က ရှေ့နေလိုက်ပေးနေတဲ့အသံသက်သေရရှိထားတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ သထုံဗိုလ်ချုပ်နပိုလီယံ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူ၃ဦးစလုံးရဲ့မိဘတွေဟာ တာယာစက်ရုံဝန်ထမ်းတွေဖြစ်ပြီး  တာယာစက်ရုံဝင်းအတွင်းရှိ လိုင်းခန်းမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။

သေဆုံးသွားသူ၃ဦးမှာ နည်းပညာတက္ကသိုလ်(မော်လမြိုင်)က မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်း သူ မအေးအေးအောင်(၁၉နှစ်)၊မော်လမြိုင်တက္ကသိုလ်၊Bio Chemistry ပထမနှစ်ကျောင်းသူ မနေ ခြည်ကျော်(အသက်၂၀)နဲ့မော်လမြိုင်တက္ကသိုလ် Chemistry ဒုတိယနှစ်ကျောင်းသူ မဂျူလိုင်မိုး (အသက်၂၀)တို့ဖြစ်ပါတယ်။

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦး သေဆုံး

Source – DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကက္ကူကြီးကျေးရွာမှာ မြေမြှုပ်မိုင်း နင်းမိမှု ကြောင့် အသက်(၄၀)ကျော်အရွယ်အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေ ဆီက သိရပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကလာတဲ့ စစ်ဘေးရှောင်တယောက်ဖြစ်ပြီး မေ ၁၂ ရက် ညနေက လေးမျက်နှာမြို့နယ်၊ ကက္ကူကျေးရွာဘက်ကို ထင်းခွေသွားရင်း မြေမြှုပ်မိုင်း တက်နင်းမိတာကြောင့် ပေါက်ကွဲပြီး သေဆုံးသွားတာလို့ သိရပါတယ်။

သေဆုံးအမျိုးသမီးဟာ တခြားစစ်ဘေးရှောင်တွေနဲ့အတူ လေးမျက်နှာမြို့နယ်ဘက်ကို စစ်ဘေးတိမ်းရှောင် လာတာ ၉ လကျော်ကျော်လောက်အထိ ရှိနေပြီဖြစ်ပြီး ထင်းခွေရောင်းချတဲ့ အလုပ်လုပ်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အမျိုးသမီး မိုင်းနင်းမိတဲ့နေရာဟာ စစ်အဏာရှင်တပ်ဖွဲ့တွေ မေလ ပထမအပတ်က နောက်ဆုံး ယာယီစခန်းချခဲ့တဲ့ နေရာတခုဖြစ်ပြီး အရပ်သားတွေ နေ့စဉ် ဖြတ်သန်းသွားလာ နေရတဲ့ နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ အသက်၊ ခန္ဓာ ပေးဆပ်စွန့်လွတ်ခဲ့သည့် သူနာပြုများကို AA ဂုဏ်ပြု

Source – DVB

တော်လှန်ရေးကာလအတွင်း အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ် အနစ်နာခံပြီး ကိုယ်တက်မြောက်ထားတဲ့ ဆေးပညာရပ်နဲ့ စစ်ဘက်၊ အရပ်ဘက် ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်နေကြတဲ့ သူနာပြု အားလုံးကို အထူးဂုဏ်ပြုပြီး ဂါရဝပြုတယ်လို့ မေ ၁၂ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့မှာ AA ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) က ဦးဆောင်ပြီးတော့ ရက္ခိတလမ်းစဉ် အကောင်အထည် ဖော်နိုင်ရေးအတွက် တော်လှန်ရေးတရပ် ဆင်နွှဲနေကြစဉ်မှာ ရခိုင်ပြည်သူတွေ အနေနဲ့ ကိုယ်တက်မြောက်ထားတဲ့ ပညာ၊ ကာယ၊ ဉာဏ အစရှိတဲ့ ပုံစံအမျိုးမျိုးနဲ့ ပူးပေါင်းပါဝင် နေကြတယ်လို့ ပြောထားပါတယ်။

လက်ရှိအချိန်မှာ တော်လှန်ရေးကာလကို ဖြတ်သန်းနေတဲ့ ကာလဖြစ်တာနဲ့အညီ ရခိုင်ပြည်သူတွေက ပေါက်ဖွားလာတဲ့ စစ်ဘက်၊ အရပ်ဘက်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ သူနာပြုတွေဟာ ရှေ့တန်း စစ်မြေပြင်နဲ့ အရပ်ဘက် ဆေးရုံး၊ ဆေးခန်းတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေအောက်က ရဲရင့်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင် နေကြတာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အာရက္ခပြည်သူတွေနဲ့ အနီးကပ်ဆုံး ရှေ့တန်း စစ်မျက်နှာပြင်တွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တာဝန် ထမ်းဆောင်နေကြတဲ့ အာရက္ခသူနာပြုတွေ၊ နွေဦးတော်လှန်ရေးထဲက သူနာပြုတွေ၊ ကမ္ဘာနဲ့ မြန်မာပြည်အရပ်ရပ်ရှိ သူနာပြုတွေ အားလုံးကို အထူးဂုဏ်ပြု မှတ်တမ်းတင်ရှိတယ်လို့ ပြောထားပါတယ်။

ရွာငံတွင် သက်ငယ်မုဒိမ်းကျူးလွန်သူ ရဲလက်မှ ထွက်ပြေးလွတ်မြောက်

Source – DVB

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းမငယ်တယောက်ကို ရိုက်နှက်ပြီး မုဒိမ်းကျင့်သူ ဖမ်းမိပြီးနောက် ရဲလက်က ထွက်ပြေးလွတ်မြောက်သွားလို့ ကာယကံရှင် မိန်းကလေးအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မေ ၇ ရက် မနက်က ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတယောက် လက်ဖက်ခြံထဲသွားစဥ် တရွာတည်းနေ မောင်တူး ဆိုသူက ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ မြို့ခံတယောက်က  ပြောပါတယ်။

ပြစ်မှုကျူးလွန်သူကို မေ ၉ ရက်မှာ ဒေသခံတွေနဲ့ ရဲတွေက ဖမ်းမိခဲ့ပြီးနောက် စစ်ဆေးရာ ဝန်ခံခဲ့ပြီး ရွာငံဆေးရုံမှာ ဆေးစစ်ချက်ယူနေစဥ် ထွက်ပြေးသွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်း အမြစ်က ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ မောင်တူးကို ရွာငံမြို့မရဲစခန်းက (ပ)အမှတ် ၆၇/၂၀၂၆ ပုဒ်မ ၃၂၃၊ ၃၇၆ အမှုဖွင့်ထားပေမဲ့ လက်ရှိအချိန်ထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိကြောင်း မြို့ခံတွေဆီက သိရပါတယ်။

နိုင်ငံမဲ့ဘဝမှ Miss World Thailand အလှမယ်သရဖူဆုရခဲ့သည့်  ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့်

Source – DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မေ ၁၀ ရက်ညက ကျင်းပပြီးတဲ့ ထိုင်းအလှမယ် Miss World Thailand 2026 ပြိုင်ပွဲမှာ အသက် ၂၅ နှစ်ရွယ် ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့်(ခ) ကန်ထိဒါးတေချ်ဖတ်ထနားကွန်းက အလှမယ်သရဖူ ဆွတ်ခူးသွားပါတယ်။ 

ပါဝင်ယှဉ်ပြိုင်သူ အလှမယ်ပေါင်း ၂၁ ယောက်ထဲကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး  လာမဲ့စက်တင်ဘာလ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပမဲ့ ၇၃ ကြိမ်မြောက် Miss World ကမ္ဘာ့မယ်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အလှမယ် နောင့်နမ့်ဖိန့်ဟာ အခုလို အောင်မြင်မှုရဖို့အတွက် အခက်အခဲတွေကြားက ကြိုးစားခဲ့ရကြောင်း၊ အထူးသဖြင့် သူဟာ ထိုင်းနိုင်ငံမှာ မွေးစာရင်းမရှိလို့  နိုင်ငံမဲ့ ဖြစ်ခဲ့ရတယ်၊ ရည်မှန်းချက်နဲ့ အိပ်မက်တွေဟာ “နိုင်ငံမဲ့” ဆိုတဲ့ အတားအဆီးအောက်မှာ ပျောက်ဆုံးခဲ့ရတယ်လို့  အလှမယ်မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

နမ့်ဖိန့်ရဲ့ မိဘတွေဟာ ရှမ်းပြည်အရှေ့ပိုင်းဒေသကနေ ရွှေ့ပြောင်းနေထိုင်လာသူတွေဖြစ်ပြီး သူ့ကိုတော့ ချင်းရိုင်းခရိုင်မှာ မွေးဖွားပါတယ်။ သူဟာ နွမ်းပါးကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့  ချင်းရိုင်းပရဟိတစာသင်ကျောင်းမှ အထက်တန်းအောင်မြင်ခဲ့ပါတယ်။

ချင်းမိုင်တက္ကသိုလ်ကနေ ဆေးသိပ္ပံနည်းပညာဘာသာရပ်နဲ့ သိပ္ပံဘွဲ့ရခဲ့ကာ ဆက်လက်ပြီး Master of Public Administration   မဟာတန်းကို တက်ရောက်နေပါတယ်။

ပညာသင်ကြားကာလအတွင်း ဒေသတွင်းအဆင့်၊ ခရိုင်အဆင့် အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာမှာ ၂၀၂၃ ခုနှစ် ချင်းမိုင်အလှမယ်ဆု MUT CHIANG MAI 2023 ကို လည်းကောင်း၊ MISS UNIVERSE THAILAND 2023  ထိုင်းအလှမယ်ပြိုင်ပွဲမှာ ဆန်ကာတင် ၂၀ ဦးထဲမှာ လည်းကောင်း၊  ၂၀၂၆ ခုနှစ် လမ်းပန်းခရိုင် အလှမယ် Miss Grand LamPang 2026 မှာ တတိယဆုကို လည်းကောင်း ရရှိခဲ့ပါတယ်။

၂၀၂၆ ဇန်နဝါရီလက ကျင်းပပြီးစီးသွားတဲ့ ချင်းမိုင်ခရိုင် ဆောင်းရာသီပွဲတော် အလှမယ်ပြိုင်ပွဲမှာ Miss Chiangmai  ချင်းမိုင်မယ်သရဖူဆုကိုလည်း ရရှိခဲ့ပြီး ဒီတခါမှာတော့ ထိုင်းတနိုင်ငံလုံးရဲ့ အလှဘုရင်မ MISS WORLD THAILAND 2026 သရဖူကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ဘားအံမြို့နယ်ကို စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ၅ဦး ဒဏ်ရာရ

Source – People’s Spring

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၁၂ရက် ညသန်းခေါင်မှာ တိုက်လေယာဉ်နဲ့ ဗုံး ၁လုံး လာကြဲတာဖြစ်ပြီး မိန်းကလေးငယ် တစ်ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမရှိဘဲ စစ်တပ်က ပြည်သူနေထိုင်ရာကျေးရွာကို ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသူ မိန်းကလေးငယ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်ကနေ တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ကို လာရောက်ခိုလှုံနေတဲ့ စစ်ရှောင် ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၅ဦးထဲမှာ အသက် (၄)နှစ်နဲ့ (၆)နှစ်အရွယ် ကလေးငယ် ၂ဦးလည်း ပါဝင်ပါတယ်။

YBS ကားကြိတ်မိလို့အမျိုးသမီးတစ်ဦးသေဆုံး

Source- People’s Spring

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာမေ ၁၁ ရက်မနက်ပိုင်းက YBS ကား တက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

ဒညင်းကုန်းလမ်းဆုံအနီးမှာ YBS ၈၈ ယာဉ်လိုင်းကယာဉ်တစ်စီးဟာ နောက်ပြန်ဆုတ်ရာကနေ ကားနောက်မှာရပ်နေတဲ့ အမျိုးသမီးကို တက်ကြိတ်မိသွားတာပါ။သေဆုံးသွားတဲ့အမျိုးသမီးက အသက် ၆၀ ကျော်အရွယ်ရှိပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

သတင်းဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ “ အမေများနေ့” မှာ အမေရိကန်ရောက်မြန်မာတွေ တောင်းဆို

Source – People’s Spring

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြဖို့ “ Proof of life” ဆန္ဒပြတောင်းဆိုမှုကို မေလ ၁၀ ရက်မှာကျရောက်တဲ့ “ အမေများနေ့” မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို Free Burma Action Committee-Northern California အဖွဲ့နဲ့ အမေရိကန် နိုင်ငံရောက် နွေဦးတော်လှန်ရေးတိုက်ပွဲဝင်အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ (Proof of life) လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ (Blue Shirt Movement -Myanmar) လှုပ်ရှားမှု၊ US government အနေနဲ့ စစ်အကြမ်းဖက်အဖွဲ့ နဲ့ မဆက်ဆံဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ဖို့နဲ့ ဘာကြောင့် မလုပ်သင့်သလဲ ဆိုတဲ့ အချက်တွေရေးထားပြီး Congress ကို ပို့မဲ့စာမှာ ပါဝင် လက်မှတ်ရေးထိုးသော Advocacy လှုပ်ရှားမှု တို့ကို ပြုလုပ်ခဲ့ပါတယ်။

ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာဖြစ်

Source- CJ Platform

ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ မေလ ၁၃ ရက် မနက်က ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

မေလ ၁၃ ရက် မနက်က ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ ပုပ္ပားဘက်ကလာတဲ့ ခိုင်နှင်းဝေ ပရဟိတအဖွဲ့ဝင်တွေပါတဲ့ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ တည်ထောင်ထားသူ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကို PDF တွေ ဖမ်းသွားတယ်ဆိုတဲ့သတင်းကို ဒီကနေ့ မနက်မှာ စစ်တပ်လော်ဘီချန်နယ်များဖြစ်တဲ့ သဇင်ဦး၊ ဘညွန့်၊ Shwe Po Po အပါအဝင် Account ဆယ်ခုက တစ်ပြိုင်တည်း သူတို့ရဲ့ တယ်လီဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာအမျိုးသမီး ၇ ဦး ဖမ်းဆီးခံရ

Source – Dawei Watch

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာအမျိုးသမီး ၇ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီး ၇ ဦးသည် အသက် ၁၈ နှစ်မှ ၃၆ နှစ်အရွယ်များ ဖြစ်ပြီး နေထိုင်ခွင့် စာရွက်စာတမ်းတွေ မတွေ့ရဘူးလို့ဆိုပါတယ်။ အားလုံးကို မဲဆောက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့အမှုဖွင့်ထားပါတယ်။

ဘီးလင်းတွင် စစ်ဘေးရှောင်ကားကို စစ်အာဏာရှင်တပ် ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦးသေဆုံး

Source – Dawei Watch

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအနီးမှာ စစ်ဘေးရှောင်ပြည်သူတွေ စီးနင်းလာတဲ့ ကားကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

မေလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ဘေးရှောင် အရပ်သားပြည်သူ ခုနစ်ဦး စီးနင်းလာတဲ့ကားကို လေးကေတောင်ဂူဝ ဘုရားလေးလမ်းမှာ စစ်ကြောင်းနဲ့ဆုံရာ စစ်ကြောင်းက ကားကို ရပ်တန့်ခိုင်းပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

ပစ်ခတ်ခံရမှုကြောင့် စစ်ဘေးရှောင် အသက် ၄၆ နှစ်အရွယ် နော်ဖိုးပီနား (ခ) နော်ဖောအဲ့၊ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ နော်ပန်းအိဖြူတို့ အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့တယ်လို့သိရပါတယ်။

အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့အခြားစစ်ဘေးရှောင်တစ်ဦးတို့မှာလည်း ကျည်ထိမှန် ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ဖော်ပြထားပါတယ်။

ဆင်မြီးဆွဲမှာ ဘုန်းကြီးကျောင်းအဘိဓမ္မာသင်တန်းက ပြန်လာတဲ့ အမျိုးသမီး (၁) ဦး စစ်တပ်ဂိတ်က ပစ်လို့ သေဆုံး

Source – ဒို့ပြည် – Doh Pyay

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့နယ်ထဲ မှာ ဘုန်းကြီးကျောင်းကနေ အဘိဓမ္မာသင်တန်းဆင်းပြီး ညအချိန်ပြန်လာတဲ့ သက်ကြီးအမျိုးသမီး(၁) ဦး ကို စစ်တပ်ဂိတ်က ပစ်ခတ်လိုက်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒို့ပြည် ကိုပြောပါတယ်။

ယမန်နေ့ မေလ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်မှာ ဆင်မြီးဆွဲမြို့၊ ကွေ့တက်အုပ်စု၊ ကွေ့တက်ရွာ ဘုန်းတော်ကြီးကျောင်းကနေ ပြန်လာတဲ့ ဒေါ်လှလှဝင်း နဲ့ အမျိုးသားဖြစ်သူ ဦးသိန်းလှ တို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး မလှလှဝင်းဦးခေါင်းကျည်ဖောက်မှန်တဲ့အတွက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“စိုက်ပျိုးရေးရုံးမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ရဲတွေက ကသမ်းကရမ်း ပစ်တာ။ မလှလှဝင်းက ကွေ့တက်ပေါက်မှာ ခေါင်းကြည်ဖောက်ပြီး ပွဲချင်းပြီး သေသွားပါတယ်” လို့ ဒေသခံတဦးက ဒို့ပြည် ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ဒေါ်လှလှဝင်း ဟာ ကျူတောရွာကဖြစ်ပြီး ညတွင်းချင်း သဲကုန်းဆေးရုံကို ကားနဲ့တင်သွားခိုင်းကာ ယနေ့ မေလ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲမှသယ်ရမယ်လို့ မိသားစုတွေဆီက သိရတယ် ဆိုပါတယ်။

“တိုက်ပွဲမဟုတ်ဘူး တောကဆင်းလာကြတယ်ကြားပြီး ကင်းပုန်းဝပ်တယ်ပြောတယ်။ သူတို့ဆိုင်ကယ်လာမှ ပစ်ခံရတာ။ သူတယောက်ပဲထိတယ်။ ကျန်တဲ့သူတွေက လမ်းတဝက်တင်လှည့်ပြန်ကြတာ” လို့ ဒေသခံက ပြောပါတယ်။

အဲဒီစစ်တပ်ဂိတ်ဟာ ကွေ့တက်ရွာအဝင်ပေါက်၊ စိုက်ပျိုးရေးရုံးမှာ တပ်စွဲထားတာဖြစ်ပြီး အာဏာသိမ်းပြီးတနှစ်ကြာမှ မြို့ထဲဓမ္မာရုံကနေ ပြောင်းရွေ့ဖွင့်လှစ်ထားတာဖြစ်ကာ အင်အား (၁၂) ဦးခန့် အမြဲရှိတယ်လို့ သိရပါတယ်။

“ဆယ်နာရီတပတ်လည်လောက်ပေါ့။ အဘိဓမ္မာတက်ပြီးပြန်လာတဲ့ သက်ကြီးအမျိုးသမီးတဦး ကို သူတို့ပစ်လို့ သေသွားတယ်။ အသေးစိပ်ကို ကျနော်တို့ ထပ်စုံစမ်းနေပါတယ်” လို့ ဒို့ပြည်ရဲ့ ဒေသတွင်းသတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။

ယနေ့ မနက် ၉ နာရီခွဲမှာတော့ ပစ်ခတ်ခဲ့တဲ့ စစ်တပ်ဂိတ်မှာ စစ်ကားတစီးနဲ့ အင်အားတိုးချဲ့ တပ်ချထားတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အစိုးရဘက်က တစုံတရာထုတ်ပြန်လာတာ မရှိပါဘူး။