နာဂဒေသတွင် ဆရာဝန်မရှိ၍ ၂ လအတွင်း မီးဖွားမိခင် ၅ ဦးသေဆုံး
ရှင်ငြိမ်း
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနှင့် နန်းယွန်းမြို့နယ်ရှိ ကျေးရွာများတွင် ကျန်းမာရေး ဝန်ထမ်းနှင့် ဆရာဝန် လုံးဝမရှိသည့်အတွက် လွန်ခဲ့သည့် ၂ လအတွင်း မီးဖွားစဉ် အချင်းမကျခြင်းနှင့် သွေးလွန် ခြင်းတို့ကြောင့် မိခင် ၅ ဦး မသေသင့်ဘဲ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“အရင်ကတည်းက ဆရာဝန်စုံစုံလင်လင် မရှိတာ၊ ခုဆို ပိုဆိုးတာပေါ့၊ မီးဖွားတဲ့အခါမှာ အချင်းမကျတာတို့၊ ဘယ်လိုလုပ်ရမယ် သူနာပြု ဆရာမတွေ မရှိတော့ မွေးလို့မရဘူး၊ နန်းယွန်းတို့ လေရှီးတို့မှာ ဆေးရုံရှိတယ်ဆို ပေမဲ့ ရွာတွေနဲ့က အရမ်းဝေးတော့ ဆိုင်ကယ်နဲ့သွားဖို့တောင် မလွယ်ဘူး”ဟု လေရှီးမြို့နယ်အပိုင်ကျေးရွာတရွာမှ ဒေသခံ ဒေါ်မာဂရက်က HI – Honest Information သို့ ပြောသည်။
အဆိုပါဒေသတွင် အာဏာမသိမ်းမီကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် ဝေးလံခေါင်ဖျားသည့် ဒေသ စည်းမျဉ်းများကြောင့် ဆရာဝန် လိုအပ်ချက်ကြီးမားစွာ ရှိခဲ့သော်လည်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း တာဝန်ကျ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း အများစုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်သွားကြသည့်အတွက် ဆေးရုံနှင့် ဆေးပေးခန်းများ၌ ဆရာ၊ ဆရာမများ လုံးဝမရှိတော့ခြင်း ဖြစ်သည်။
ဒေါ်မာဂရက်က ဆက်လက်၍ “မြို့ပေါ်ကို ရောက်အောင် မလာနိုင်ကြတဲ့ ရွာက မိခင်တွေဆို ရွာမှာတင် မွေးရင်း တန်းလန်းနဲ့ အသက်ဆုံး ရတာရှိတယ်၊ ကျမညီမကတော့ ဆေးရုံရောက်တော့ ဆရာဝန်မရှိလို့ စောင့်ရင်း ဆုံးသွားတာ၊ တချို့လည်း လမ်းမှာပဲ အချိန်မီမရောက်လို့ ဆုံးတာပေါ့” ဟု သူက ဆက်ပြောသည်။

နာဂဒေသတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဆရာဝန်များမှာ လာရောက်တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ခြင်း၊ အလုပ်မှ နှုတ်ထွက်ခြင်းနှင့် အခြားဒေသသို့ ပြောင်းရွှေ့ခြင်းများ အစဉ်အဆက် ရှိခဲ့သည်ဟု လေရှီးမြို့နယ်အတွင်းမှ ဒေသအုပ်ချုပ်ရေးမှူးတဦးက ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ထမ်းများအတွက် ခက်ခဲဒေသ လစာ ၂ ဆ ပေးအပ်သည့် မူဝါဒ ပျက်ပြယ်သွား ခြင်းနှင့် လုပ်သက်စနစ် အပြောင်းအလဲများကြောင့်လည်း ဝေးလံခေါင်ဖျား ဒေသများတွင် ဆရာဝန် လိုအပ်ချက် အမြဲတမ်း ပိုမိုကြီးမားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်းတွင် နာဂဒေသအတွင်း အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက် ခံထား ရသည့်အတွက် ကျေးရွာအသီးသီးရှိ မီးဖွားမိခင်များနှင့် အရေးပေါ် လူနာများအတွက် အကူအညီတောင်းခံရန် ပိုမိုခက်ခဲလာကြောင်းသိရသည်။
စစ်ကောင်စီမှ မြို့နယ်တခုလျှင် စစ်ဘက်ဆရာဝန် ၂ ဦးစီ ခန့်အပ်ထားသည်ဟု ဆိုသော်လည်း မြို့နယ်အဆင့် လောက်တွင်သာ ရှိပြီး ကျေးရွာအဆင့် ဆေးပေးခန်းများနှင့် တိုက်နယ်ဆေးရုံများတွင် ကျန်းမာရေးစောင့် ရှောက်မှု လုံးဝလစ်လပ်နေဆဲဖြစ်ရာ မသေသင့်ဘဲ သေဆုံးနေရသည့် ဒေသခံ မီးဖွားမိခင်များနှင့် လူနာအရေ အတွက်မှာ လက်ရှိသိရှိထားသည်ထက် ပိုမိုများပြားနိုင်ကြောင်း နန်းယွန်းဒေသခံများက ပြောသည်။
လူဦးရေ ၁ သိန်း ၃ သောင်းကျော် မှီတင်းနေထိုင်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ကျန်းမာရေးဌာနခွဲများစွာ ရှိသော်လည်း ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းသည့်အတွက် ကိုယ်ဝန်ဆောင်များ အသက်ဆုံးရှုံးနေရခြင်းဖြစ်သည်။
နာဂဒေသသည် ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ခွင့် အားနည်းခြင်းတို့ကြောင့် လွန်ခဲ့သည့် ၁၀နှစ်၊ ၂၀၁၆ ခုနှစ်ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်နဲ့ နန်းယွန်းမြို့ရှိ ရွာပေါင်း ၁၆ ရွာတွင် ဝက်သက်ရောဂါအပြင် ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ချောင်းဆိုး ရင်ကြပ် ကူးစက်ရောဂါ ဖြစ်ပွားမှုတွေကိုလည်း ခံစားခဲ့ကြရကြောင်း တိုင်းရင်းသားလူငယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကာလက အစုလိုက်အပြုံလိုက် ဝက်သက်ရောဂါကူးစက်မှုကြောင့် နာဂဒေသမှာ သေဆုံးသူဦးရေ ၄၂ ဦး ရှိခဲ့ပြီး အခုလိုဖြစ်ပွားရတာဟာ ဝက်သက်ရောဂါ အစုလိုက် ဖြစ်ပွားတာလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနက အတည်ပြု ထုတ်ပြန်ခဲ့ဖူးသည်။
၂၀၁၅ ခုနှစ်တွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ ဝက်သက်ကာကွယ်ဆေးထိုးခြင်းကို အစိုးရက တနိုင်ငံလုံး အတိုင်းအတာ နှင့် စတင်ခဲ့သော်လည်း နာဂဒေသလို ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများအပေါ် ထိရောက်မှု အားနည်းခဲ့ခြင်းကြောင့် နာဂဒေသတွင် ယင်းသို့ ကြုံတွေ့ခဲ့ကြခြင်းလည်း ဖြစ်သည်။










