ရွေကူမြို့ စစ်ကောင်စီနှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များတိုက်ပွဲတွင် စစ်သင်္ဘောပေါ်ပါလာတဲ့ အမျိုးသမီးများနဲ့ ကလေးများ

စစ်သင်္ဘောပေါ်က မိခင်နဲ့ ကလေးတွေ

နေအေး                  

စက်တင်ဘာ ၂ ရက်နေ့က ရွှေကူမှာ တိုက်ခိုက်ခံရတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုထဲက အညံ့ခံကြ တယ်လို့ သတင်းတွေမှာ ဖော်ပြကြတဲ့ စစ်သင်္ဘောတွေပေါ်မှာ စစ်သားတွေကြားမှာ အမျိုးသမီးနဲ့ ကလေးတွေ ပါလာတာကို သတိထားမိကြမယ်ထင်ပါတယ်။

စစ်သင်္ဘောတွေပေါ်မှာ အမျိုးသမီးတွေပါလာတာ အရမ်းထူးဆန်းတာတော့လည်း မဟုတ်ဘူး ဆိုပေမယ့် ကလေးမိခင်တွေဖြစ်နေတာ၊ ကလေးတွေပါအတူပါလာတဲ့ မိခင်တွေဖြစ်နေတာတော့ စဉ်းစားစရာ ကောင်းပါတယ်။

စက်တင်ဘာ ၃ ရက်နေ့၊ နေ့လယ်မှာ တင်ထားတဲ့ Kachin News Group (KNG) ရဲ့ သတင်းမှာတော့ စစ်သင်္ဘောပေါ်မှာ တပ်မိသားစုဝင်တွေအပြင် ဗန်းမော်နယ်ခံတွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေ၊ ဝန်ထမ်း၊ ရဲနဲ့ စစ်သားတွေ၊ သူတို့မိသားစုဝင်တွေနဲ့ ဗန်းမော်ကို ပြန်ဝင်မယ့် စစ်ရှောင် တချို့ပါဝင်တယ်လို့ ဗန်းမော်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီလူတွေဟာ ဒီစစ်သင်္ဘောပေါ်ကို ဘယ်လိုများပါလာကြသလဲဆိုတဲ့အချက်အလက်ကို လတ်တလောမှာ အတည်မပြုနိုင်သေးပေမယ့် စစ်တပ်ဟာ ဒီအမျိုးသမီးတွေနဲ့ကလေးတွေကို ဘာရည်ရွယ်ချက်နဲ့  ဒီသင်္ဘောတွေပေါ်ကို တင်ပေးလိုက်သလဲဆိုတာ စိတ်ဝင်စားစရာ၊ စဉ်းစားစရာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဆီမှာ တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောအုပ်စုဟာ ဩဂုတ်လ ၂၁ရက်နေ့ ကတည်းက မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းကနေ ထွက်ခွာလာခဲ့ပြီး၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ တို့ကို ဖြတ်ပြီးတော့ ပြီးခဲ့တဲ့ ၂၈ ရက်နေ့မှာတော့ ရွှေကူမြို့ဆိပ်ကမ်းကို ဆိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်သင်္ဘောအုပ်စုမှာ အရပ်ဖက်သုံးရေယာဉ်တွေလည်း ပါဝင်တာတွေ့ရပြီးတော့ ရွှေကူမြို့မှာ ၅ရက်ကြာ ရပ်နားထားခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့၊ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်လာချိန်မှာတော့ စင်းခန်းတံတား အနီးတဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှု တွေခံခဲ့ရတာဖြစ်ပါတယ်။

ဗွီဒီယိုဖိုင် တခုထဲမှာ မြင်ရသလောက်အရတော့ အမျိုးသမီး ၁၂ယောက်၊ ရင်ခွင်ပိုက်အရွယ် ၂ ယောက် အပါအဝင် ကလေး ၆ ယောက် ပါနေတာကို တွေ့ရတယ်။ နောက်ဆုံးမှာ ပါလာတဲ့ အမျိုးသမီးဆို ဘေးကရဲဘော်ရဲ့လက်ထဲမှာ အနှီးထုပ်နဲ့ကလေးကို ပိုက်ထားပေးတာတွေ့ရလို့ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်လို့ ယူဆရတယ်။ အမျိုးသမီးဟာ  မြန်မာကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင် တွေ ဝတ်လေ့ရှိတဲ့ အရပ်အခေါ် ဗိုက်ဖုံးအင်္ကျီပုံစံကို ဝတ်ထားတာ တွေ့ရတယ်။

နောက်ထပ် ရုပ်သံဖိုင်ထဲမှာ ပစ်ခတ်နေသံတွေကို ဆက်တိုက်ကြားနေရပြီး မြေမှာ ဝပ်နေတဲ့ သုံ့ပန်းတွေ ထဲမှာ အမျိုးသမီး ၅ ယောက်နဲ့ ကလေး ၂ ယောက် ပါတာ တွေ့ရပါတယ်။

စစ်မေဖြစ်နိုင်ချေရှိတယ်လို့ ယူဆရတဲ့ အမျိုးသမီးငယ်တွေအပြင်၊ ၄၀ကျော်၊ ၅၀ကျော် အရွယ်တွေ လည်း ပါဝင်နေတယ်။ ပြီးရင် ကလေးတွေ ကို ရင်ဘတ်အောက်မှာဝှက်ထားရင်း ဝပ်နေတဲ့ အမျိုးသမီးတွေဆို စစ်မေဖြစ်နိုင်ခြေ အရမ်းနည်းပါတယ်။

စစ်ရေးအရအသုံးပြုနေတဲ့ သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေပေါ်မှာ အရပ်သားအမျိုးသမီးတွေနဲ့ ကလေးတွေကို တင်ဆောင်လာတာဟာ နိုင်ငံတကာ စည်းမျဉ်းတွေ၊ ဥပဒေတွေနဲ့ ဆန့်ကျင်နေပါတယ်။

မြန်မာနိုင်ငံဟာ ဂျီနီဗာကွန်ဗင်းရှင်း ၄ ခုစလုံးကို ၁၉၉၂ခုနှစ်ကတည်းက လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ဂျီနီဗာကွန်ဗင်းရှင်း စတုတ္ထမြောက်စာချုပ်၊ အပိုဒ် ၂၈အရ “အရပ်သား တဦးတယောက်ကို မျှ စစ်ရေးအရ အရေးပါသောနယ်မြေ(သို့မဟုတ်) ပစ်မှတ်များကို ရန်သူ့တိုက်ခိုက်မှုမှ ကာကွယ်ရန် လူသားဒိုင်းမဖြစ် မသုံးရ” လို့ အတိအလင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်ပွဲအတွင်းမှာလည်း အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ စည်းမျဉ်းကို လက်ခံထားပြီးဖြစ်ပေမယ့် အခုလို စစ်ရေးပစ်မှတ်တွေမှာ အရပ်သားတွေကို တင်ဆောင်လာတာဟာ လူသားဒိုင်းအဖြစ် အသုံးချတယ်လို့ သတ်မှတ်နိုင်ပါတယ်။

စစ်သင်္ဘောပေါ်မှာ ကလေးမိခင်တွေတင်ဆောင်လာတာကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်(၁၃၂၅)အရ လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကျရောက်လာနိုင်တဲ့ အကြမ်းဖက်မှု မျိုးစုံကနေ အထူးတလည် ကာကွယ်ပေးဖို့ နိုင်ငံတကာမှာ တာဝန်ရှိတယ်လို့ ပြဌာန်းထားချက်ကို ချိုးဖောက်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေဟာလည်း ဒီစစ်သင်္ဘောတွေပေါ်မှာ ပါလာတာတွေ့ရတယ်။ စီအာစီလို့ လူသိများတဲ့ ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကိုလည်း မြန်မာပြည်က ၁၉၉၁ ခုနှစ်ကတည်းက သဘောတူလက်မှတ်ရေးထိုးထားပြီးတော့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ခုနှစ်ကတည်းက ပြည်တွင်းမှာ ပြဌာန်းထားပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ ကတိပြုထားတာတွေ ရှိနေပါတယ်။ ဆိုတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ဒီအကြောင်းအရာတွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေတယ်လို့ပဲ ယူဆရတယ်။

အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးတွေဆုံးရှုံးရမှုတွေအပြင် မမြင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားကြရနိုင်တယ်ဆိုတာ ကျမတို့အားလုံး တွေးသိနိုင်ပါတယ်။

ယူအန်ကွန်ဗင်းရှင်းတွေမှာ အရပ်သားနဲ့ စစ်သားခွဲခြားရမယ့် သတ်မှတ်ချက်တွေရှိသလို စစ်ရေးအရ အသုံးပြုတဲ့ ယာဉ်တွေဖြစ်စေဦးတော့ ဒီပေါ်မှာ အရပ်သားတွေကို တင်လာတယ်ဆိုတာကို တဖက်ရန်သူ က သိခဲ့ရင် ရန်သူဘက်ကလည်း ဒီစည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်တယ်ဆိုတာမျိုး တွေ့ရပါတယ်။ ဒါကလည်း တရားဝင်ကြေညာချက်(သို့မဟုတ်) အမှတ်အသားတွေရှိတဲ့အခါ တဖက်က စဉ်းစား ဆောင်ရွက်နိုင်တာမျိုး ဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ၂၀၂၁ခုနှစ် အစောပိုင်းကာလတွေ ကတည်းက ကြက်ခြေနီအလံထောင်ထားပြီး အရပ်သားတွေတင်ဆောင်လာတဲ့ ကရင်နီနယ်မြေထဲက ကားတွေကို ပစ်ခတ်တိုက်ခိုက်ဖူးတဲ့ သမိုင်းကြောင်းတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုသင်္ကေတပါတဲ့ အဆောက်အအုံနဲ့ ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေက ရှိခဲ့ပြီးသားဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်ထဲမှာ ပစ်ခတ်တိုက်ခိုက်နေတဲ့ ကြားထဲ အညံ့ခံလာတဲ့ စစ်သားတွေနဲ့ အရပ်သားတွေကို “ကယ်မယ်နော်” လို့ ပြောတဲ့စကားကို ကြားရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့  ရက်(၁၀၀) စီမံကိန်းအတွင်း ကော်သူးလေဒေသမှာ အရပ်သားတွေ နေထိုင်ရာနေရာတွေနဲ့ အရပ်ဖက်အဆောက်အအုံတွေ အဓိက ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ လူ့အခွင့်အရေးကော်မတီနဲ့ သုတေသန လုပ်ငန်းကော်မတီ တို့ရဲ့ ပူးတွဲထုတ်ပြန်ချက် အစီရင်ခံစာမှာဖော်ပြပါတယ်။

အခုလည်း အရပ်သားတွေကို စစ်သင်္ဘောနဲ့ တင်ဆောင်လာပြန်ပါတယ်။ စစ်တပ်ဟာ သူ့ဘက်က အရပ်သားပဲဖြစ်ဖြစ်၊ ရန်သူဘက်ကလို့ ယူဆတဲ့အရပ်သားပဲဖြစ်ဖြစ် ဘယ်အရပ်သားကိုမှ ကာကွယ် ပေးခြင်းမရှိတာ ဒီဖြစ်ရပ်က ထင်ရှားစေပါတယ်။

အောက်ခြေအရာရှိငယ်တွေနဲ့ စစ်သားတွေ၊ မိသားစုဝင်တွေနဲ့ အရပ်ဖက်ဝန်ထမ်းတွေ အားလုံးဟာ လည်း အကာအကွယ်မဲ့တဲ့ စစ်ဗျူဟာတွေအောက်မှာ အသက်တွေ၊ ဘဝတွေ‌ကို စတေးနေကြရတယ်။

ဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာလည်း ရှေ့တန်းကပါဝင်စတေးခံလာရတယ်ဆိုတာကို ဒီဖြစ်ရပ်က မီးမောင်းထိုးပြလိုက်တာပါပဲ။