အမျိုးသမီးတယောက်ရဲ့ ခန္ဓာကိုယ်ကို ဘယ်သူပိုင်သလဲ
ဒီဇင်ဘာခိုင်
အမျိုးသမီးတိုင်းရဲ့ ဘဝမှာ “လှတယ်” ဆိုတဲ့ စကားလုံးကို ဘယ်သူက သတ်မှတ်တာလဲ။
အမျိုးသမီးတယောက်ရဲ့ တန်ဖိုးကို သူမရဲ့ အရည်အချင်း၊ စိတ်ထား၊ ဉာဏ်ရည်နဲ့ တိုင်းတာတာလား၊ ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ တိုင်းတာတာလား။
မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအချို့မှာ အသားဖြူရင်လှတယ်၊ ပိန်ရင်လှတယ်၊ အမာရွတ်မရှိရင် လှတယ် ဆိုတဲ့ အလှအပစံနှုန်းတွေ ရှိနေဆဲပါ။ အလှကုန်ဆိုင်တဆိုင်ထဲ ဝင်ကြည့်လိုက်ရင် အသားဖြူစေတဲ့ အလှကုန် တွေကို အလွယ်တကူ တွေ့နိုင်တယ်။ ကြော်ငြာတွေကလည်း အသားဖြူခြင်း၊ ပိန်ခြင်း၊ အပြစ်အနာအဆာမရှိတဲ့ အသားအရေကို “အလှ” အဖြစ် ပုံဖော်နေကြတယ်။ ဒါပေမဲ့ အလှအပစံနှုန်း( Beauty Standard)ဆိုတာ အမြဲတမ်း မတည်မြဲပါဘူး။
တချို့နိုင်ငံတွေမှာတော့ နေလောင်ထားတဲ့ အသားအရေကို ပိုလှတယ်လို့ ယူဆကြတယ်။ တချို့ခေတ်တွေမှာ ပိန်တာကို အလှလို့ သတ်မှတ်ကြပြီး၊ တချို့ခေတ်တွေမှာတော့ ကောက်ကြောင်းရှိတဲ့ ခန္ဓာကိုယ်ကို ပိုလှတယ်လို့ မြင်ကြတယ်။ ဒါဆို ဘယ်အသားအရောင်က ပိုလှတာလဲ၊ ဘယ်ခန္ဓာကိုယ်ပုံစံက ပိုလှတာလဲဆိုတာက တကယ်အရေးကြီးတဲ့ မေးခွန်း မဟုတ်ပါဘူး။ တကယ်မေးသင့်တာက ဘာကြောင့် Trend (ရေပန်းစားခြင်း) ဘယ်လိုပြောင်းပြောင်း၊ ပြောင်းလဲရမယ့်သူက အမြဲတမ်း အမျိုးသမီးတွေပဲ ဖြစ်နေရတာလဲ။
တခေတ်မှာ ပိန်ရမယ်။ နောက်တခေတ်မှာ ကောက်ကြောင်းရှိရမယ်။ တနေရာမှာ အသားဖြူရမယ်။ တခြား တနေရာမှာ နေလောင်တဲ့အသားအရေက ပိုလှတယ်။ စံနှုန်းတွေက အမြဲပြောင်းနေတယ်။ ဒါပေမဲ့ မပြောင်း တာတခုကတော့ အမျိုးသမီးတွေဟာ အဲဒီစံနှုန်းတွေနောက်ကို အမြဲလိုက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပါပဲ။
“ဝလာတယ်”
“မည်းသွားတယ်”
“ပိန်သွားရင် ပိုလှမှာ”
“နေပူမထွက်နဲ့”
“ကလေးမွေးပြီးတော့ အရင်လို မလှတော့ဘူး”
ဒီလိုစကားတွေဟာ မြန်မာလူ့အသိုင်းအဝိုင်းမှာ နေ့စဉ်လိုလို ကြားနေရတဲ့ စကားတွေပါ။ ပြောတဲ့သူတွေက စိုးရိမ်လို့ပြောတာ၊ အကြံပေးတာ၊ စနောက်တာလို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုစကားတွေက မိန်းကလေး တယောက်ကို ငယ်ငယ်ကတည်းက ရိုက်သွင်းခံထားရတဲ့စကားလုံးနဲ့အတွေးခေါ် တွေ ဖြစ်ပါတယ်။
ဒီအတွေးအခေါ်တွေဟာ အမျိုးသမီးတယောက် အရွယ်ရောက်လာမှ စတင်တာ မဟုတ်ပါဘူး။ ကလေးဘဝ ကတည်းက စတင်နေပါတယ်။ မိန်းကလေးငယ်လေးတွေဟာ “အသားမည်းသွားမယ်” ၊ “ဝလာရင် မလှတော့ ဘူး” ၊ “မိန်းကလေးဆိုတော့ လှလှပပ နေရမယ်” ဆိုတဲ့ စကားတွေကို ငယ်ငယ်ကတည်းက ကြားလာကြရ ပါတယ်။ ဒီလိုစကားတွေဟာ တကြိမ်တခါနဲ့ မသိသာပေမယ့် နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို မြင်တဲ့ပုံစံ၊ ကိုယ့်တန်ဖိုးကို သတ်မှတ်တဲ့ပုံစံတွေအပေါ် သက်ရောက်လာပါတယ်။
ဒီလိုစံနှုန်းတွေကို မျိုးဆက်အလိုက် လက်ခံလာခဲ့ကြတဲ့အတွက် တခါတရံ အမျိုးသမီးအချင်းချင်းကတောင် ဒီစံနှုန်းတွေကို ပြန်လည်အားပေးနေမိကြတယ်။ ဝေဖန်တာ၊ နှိုင်းယှဉ်တာ၊ အပြစ်တင်တာတွေဟာလည်း ဒီသံသရာရဲ့ အစိတ်အပိုင်းတခု ဖြစ်လာပါတယ်။
“ဝလာတယ်” ၊ “မည်းသွားတယ်” ဆိုတဲ့ စကားတွေဟာ မကောင်းစိတ်နဲ့ ပြောတာမဟုတ်ပေမဲ့ အမျိုးသမီး တယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ အသွင်အပြင်နဲ့ တိုင်းတာတဲ့ အတွေးအခေါ်ကို ဆက်လက်ရှင်သန်စေပါတယ်။
ဒီပြဿနာဟာ အလှအပအကြောင်းတခုတည်း မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အမျိုးသမီးတွေရဲ့ တန်ဖိုးကို သူတို့ရဲ့ အရည်အချင်း၊ စိတ်ထား၊ ဉာဏ်ရည်ထက် ရုပ်ရည်အသွင်အပြင်နဲ့ ပိုပြီး တိုင်းတာခဲ့ကြပါတယ်။ အမျိုးသမီးတယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ အသွင်အပြင်နဲ့ ချိတ်ဆက်ထားနိုင်လေလေ၊ သူ ဘယ်လိုဝတ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုပုံစံဖြစ်ရမယ်ဆိုတာကို လူမှုအသိုင်းအဝိုင်းက သတ်မှတ်ဖို့ ပိုလွယ်လေလေ ဖြစ်ပါတယ်။
ဒါဟာ ဖိုဝါဒကြီးစိုးတဲ့လူမှုစနစ် (Patriarchy) ရဲ့ အကျိုးဆက်တခုလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို “ပြင်ဆင်ရမယ့်အရာ” ၊ “ဝေဖန်လို့ရတဲ့အရာ” လို့ မြင်လာတဲ့အခါ သူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်ကိုလည်း တဖြည်းဖြည်း ကန့်သတ်လာပါတယ်။
အမျိုးသားတွေလည်း ရုပ်ရည်နဲ့ ပတ်သက်တဲ့ ဖိအားတွေ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူမှု အသိုင်းအဝိုင်းအများစုမှာ အမျိုးသမီးတယောက်ရဲ့ ရုပ်ရည်ဟာ သူ့ရဲ့ တန်ဖိုး၊ အိမ်ထောင်ရေးအောင်မြင်မှု၊ လူမှုအဆင့်အတန်းတို့နဲ့ ပိုမိုချိတ်ဆက်ခံထားရတာကို တွေ့ရပါတယ်။ အမျိုးသမီးတယောက်ကို သူ ဘယ်လောက်တော်လဲဆိုတာထက် သူဘယ်လောက်လှလဲဆိုတာနဲ့ ပိုပြီး တိုင်းတာခံရတဲ့ အခြေအနေတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒီအရာကို မိခင်ဖြစ်ပြီးတဲ့ အမျိုးသမီးတွေမှာ ပိုပြီး ထင်ရှားစွာ တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေး မွေးဖွားခြင်းဟာ အမျိုးသမီးခန္ဓာကိုယ်အတွက် အလွန်ကြီးမားတဲ့ ပြောင်းလဲမှုတခုပါ။ အဲဒီပြောင်းလဲမှုတွေဟာ အမျိုးသမီးတယောက်ရဲ့ အားနည်းချက်မဟုတ်ဘဲ သူဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံနဲ့ ခွန်အားကို ပြသတဲ့ အရာတခု ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများက အဲဒီခန္ဓာကိုယ်ရဲ့ အံ့ဩဖွယ်စွမ်းအားကို အသိအမှတ်ပြုမယ့်အစား ဝေဖန် ကဲ့ရဲ့တတ်ကြပါတယ်။
“ဘယ်တော့ ဝိတ်ပြန်ကျမှာလဲ”
“အရင်လို မလှတော့ဘူး”
ဆိုတဲ့ စကားတွေကို အရင်မေးတတ်ကြပါတယ်။
ဒီဖိအားတွေဟာ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်က လူတွေတင် မဟုတ်ပါဘူး။ တခါတရံ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ဆီကပါ လာတတ်ပါတယ်။ အမျိုးသမီးတယောက်ရဲ့ ခန္ဓာကိုယ်ဟာ လူ့ဘဝတလျှောက် အမြဲတမ်း အကဲဖြတ်ခံ နေရပါတယ်။ ငယ်စဉ်မှာ အသားအရောင်၊ လူငယ်ဘဝမှာ ကိုယ်အလေးချိန်၊ အိမ်ထောင်ကျပြီးရင် “အမေဖြစ်ဖို့” ဆိုတဲ့ မျှော်လင့်ချက်၊ ကလေးမွေးပြီးရင် ခန္ဓာကိုယ်ပြောင်းလဲမှု၊ ဘဝရဲ့ အဆင့်တိုင်းမှာ စံနှုန်းအသစ်တခုနဲ့ တိုင်းတာခံနေရတာ ဖြစ်ပါတယ်။
ဒီလို “မလုံလောက်သေးဘူး” ဆိုတဲ့ ခံစားချက်တွေဟာ စီးပွားရေးဈေးကွက်တွေအတွက်လည်း အခွင့်အရေးတခု ဖြစ်လာပါတယ်။ အသားဖြူစေတဲ့ ထုတ်ကုန်တွေ၊ ဝိတ်ကျစေတဲ့ ထုတ်ကုန်တွေ၊ အသက်ငယ်သလို ထင်ရစေဖို့ ရည်ရွယ်တဲ့ ထုတ်ကုန်တွေဟာ အမျိုးသမီးတွေရဲ့ မလုံလောက်ဘူးဆိုတဲ့ ခံစားချက်ပေါ်မှာ အခြေခံပြီး ရောင်းချခံရတတ်ပါတယ်။ ပြဿနာက အလှအပကို စိတ်ဝင်စားတာ မဟုတ်ပါဘူး။ ပြဿနာက “ဒီအတိုင်း မလုံလောက်သေးဘူး” ဆိုတဲ့ ခံစားချက်ကို အမြဲဖန်တီးပြီး အမျိုးသမီးတွေကို ကိုယ့်ခန္ဓာကိုယ်နဲ့ မကျေနပ်အောင် ပြုလုပ်တဲ့ စံနှုန်းတွေ ဖြစ်ပါတယ်။
Body Positivity (ကိုယ့်ခန္ဓာကိုယ်အပေါ် အကောင်းမြင်ခြင်း)ဆိုတာ လူတိုင်းက ကိုယ့်ခန္ဓာကိုယ်ကို နေ့တိုင်း ချစ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အသားဖြူချင်လို့ ဖြူတာ၊ ဝိတ်လျှော့ချင်လို့ လျှော့တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ အသားရေထိန်းသိမ်းခြင်းတွေဟာ ကိုယ့်ရဲ့ ရွေးချယ်မှုကြောင့် ဖြစ်သင့်ပါတယ်။ လူမှုအသိုင်းအဝိုင်းရဲ့ ဖိအားကြောင့်၊ “လက်ခံ ခံရဖို့” ကြိုးစားရင်း ဖြစ်လာတာမျိုးတော့ မဖြစ်သင့်ပါဘူး။
အမျိုးသမီးအခွင့်အရေးဆိုတာ ဥပဒေတွေ၊ နိုင်ငံရေးထဲက ကိုယ်စားပြုမှုတွေတင် မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ် နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းဟာလည်း အမျိုးသမီးအခွင့်အရေးတခုပါ။ အမျိုးသမီး တယောက်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ အသားအရောင်၊ ကိုယ်အလေးချိန်၊ အသက် ဒါမှမဟုတ် ခန္ဓာကိုယ်ပုံသဏ္ဌာန် ပေါ်မှာ မမူတည်သင့်ပါဘူး။ အမျိုးသမီးတယောက်ရဲ့ ခန္ဓာကိုယ်ဟာ လူတိုင်း ဝေဖန်ဖို့၊ ပြုပြင်ဖို့၊ ထိန်းချုပ်ဖို့ ရှိနေတဲ့ အရာမဟုတ်ပါဘူး။
အဲဒါဟာ သူပိုင်တဲ့ ခန္ဓာကိုယ် ဖြစ်ပါတယ်။










