honest informationtရဲ့တပတ်တာအမျိုးသမီးဖြစ်ရပ်များ သတင်းစုစည်းမှုပုံ

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ – စက်တင်ဘာလ ၁၂ ရက်ကနေ ၁၈ ရက်၊ ၂၀၂၁၆

စက်တင်ဘာလ ၁၂ ရက်ကနေ ၁၈ ရက်အထိ တပတ်တာအတွင်း လွတ်လပ်တဲ့သတင်းမီဒီယာ အသီးသီမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးနဲ့ ဂျဲန်ဒါဆိုင်ရာ သတင်းတွေထဲကမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

မြန်မာပြည်က အမျိုးသမီးတွေ ကြုံတွေ့ နေရတဲ့ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို အဓိကမီးမောင်းထိုးပြနေတဲ့သတင်းတွေထဲမှာ မုဒိမ်းမှု၊ လေကြောင်းဗုံးကြဲမှု၊ သတ်ဖြတ်ခံရမှု၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု စတဲ့ကိစ္စတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာမျက်နှာတွေမှာ မရိုးရအောင် ပါဝင်နေတဲ့သတင်းတွေလို့ဆိုရင် မမှားပါဘူး။

အဲလိုသတင်းတွေထဲမှာမှ ဒီတပတ် ဒေသအသီးသီးက ထူးထူးခြားခြား သတိပြုမိတဲ့သတင်းတပုဒ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ သက်တမ်း နှစ် ၇၀ ဝန်းကျင်အတွင်း ပထမဦးဆုံးသော အမျိုးသမီး ထိပ်ပိုင်းခေါင်းဆောင်တဦးအဖြစ် ရဲဘော်သဲမာကို ပါတီရဲ့ အတွင်းရေးမှူး (၂) နေရာ အတွက် ရွေးချယ်လိုက်တယ်လို့ စက်တင်ဘာ (၁၅)ရက်နေ့က သတင်းထုတ်ပြန်လိုက်တဲ့သတင်းပါ။

အထွေထွေအတွင်းရေးမှူးဟောင်း ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် KNPP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ပြီး လစ်လပ်သွားတဲ့ ရာထူးနေရာတွေကို ပါတီလုပ်ထုံး လုပ်နည်း တွေနဲ့အညီ ပြန်လည်ရွေးချယ်ခဲ့ကြရာမှာ ဗဟိုကော်မတီဝင်တွေက လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ခဲ့ရာမှာ မဲအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးနဲ့ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ ထိပ်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေ တွေ့ရှိလာရတာဟာ အားတက်ဖွယ်ဖြစ်သလို ရဲဘော်သဲမာရဲ့ ခန့်အပ်ခံရမှုက အခြား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေထဲက အမျိုးသမီး တွေအတွက် ဘာအခွင့်အလမ်းတွေနဲ့ စံနမူနာတွေ ဖြစ်လာစေနိုင်သလဲဆိုတာလည်း စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ထပ် သတင်းတပုဒ်ကတော့ အရပ်သားအချင်းချင်း မုဒိမ်းကျင့်မှုတွေ စံချိန်တင်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်က အရွယ်ငယ်ကလေးတဦးအပေါ် အသက်မပြည့်သေးသူ တဦးက မုဒိမ့်ပြုကျင့် သတ်ဖြတ်ခဲ့ မှုအပေါ်  အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက အမိန့်ချတဲ့သတင်းပါ။

 မောင်တောမြို့နယ်၊ အောင်သုခ ကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်တဲ့အပေါ် လူထုက အားမလိုအားမရ ဖြစ်နေကြတာဖြစ်ပါတယ်။

အဲဒီလိုပြစ်မှုကျူးလွန်တဲ့ မောင်ပေါက်စချေဟာ အသက် ၁၆ သာရှိသေးပြီး အသက်မပြည့်သေးတာ ကြောင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြဌာန်းချက်တွေအရ အရွယ်ရောက်ပြီးသူတွေအပေါ် ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေအတိုင်း ချမှတ်နိုင်ခြင်းမရှိဘဲ ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်တာလို့ သိရပါ တယ်။

နောက်ထပ်သတင်းကတော့ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတရွာမှာ အသက် ၄နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အိမ်ထောင်ရှင်အမျိုးသားတဦးကို မြို့နယ်ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထားတဲ့သတင်းဖြစ်ပါတယ်။ ဖမ်းဆီးခံရသူဟာ အသက် ၅၀ ဝန်းကျင် အရွယ် အိမ်ထောင်ရှင်အမျိုးသားတဦး ဖြစ်ပြီးမိန်းကလေးငယ်ဟာ အဆိုပါအမျိုးသားရဲ့ နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ မူကြို မှာတက်ရောက် နေသူဖြစ်ပါတယ်။

မိန်းကလေးငယ် မူကြိုမှာရှိနေစဉ်  အိမ်ပိုင်ရှင်အမျိုးသားက မိန်းကလေးငယ်ရဲ့  မိန်းမကိုယ်ကို လက်နဲ့ မဖွယ်မရာ ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်အပေါ်  မိန်းကလေးငယ်ရဲ့ မိခင်ဖြစ်သူက တိုင်ကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က အမျိုးသားကို စက်တင်ဘာလ ၉ရက်ကဖမ်းဆီးခဲ့ပါတယ်။

မြန်မာပြည်အနှံ့မှာ ခပ်စိပ်စိပ် ဖြစ်ပွားနေတဲ့ ကလေးသူငယ်တွေအပေါ် မုဒိမ်းကျင့်မှုတွေဖြစ်တဲ့ ဒီသတင်းတွေအပြင် သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ အခြားသော သတင်း (၁၁)  ပုဒ်ကို ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

  • မန္တလေးမှာ ပိုင်ရှင်မဲ့အမျိုးသမီးအလောင်းတွေ့
  • ဝတ်မှုံရွှေရည်ရဲ့ဖက်ရှင်ဓာတ်ပုံတွေကို Vogue Thailand ဖြုတ်ချ
  • မောင်တောမှာ ၂ နှစ်ကျော်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့သူကို ထောင် ၁၀ နှစ် ချ
  • သီပေါ၌ ၁၁ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရမှု တရားမျှတမှု ရရှိရန် အခက်တွေ့နေ
  • ပုလဲ လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီး ၂ ဦး အပါ ၃ ဦးသေဆုံး
  • မဟာချိုင်တွင် ပုလောဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
  • သဲကုန်းမှာ အမျိုးသမီးတဦး နေအိမ်ထဲ သေနတ်နဲ့ပစ်သတ်ခံရ
  • အသက် လေးနှစ် မိန်းကလေးငယ်အား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် အမျိုးသားတစ်ဦးကို ဖမ်းဆီး
  • ရဲဘော်သဲမာ KNPP ၏ ပထမဆုံး အမျိုးသမီးထိပ်ပိုင်းခေါင်းဆောင် ဖြစ်လာ
  • ရှမ်းမြောက်မှာ ၈ လအတွင်း အမျိုးသမီး ၃၄ ဦး အကြမ်းဖက်ခံရ
  • လောင်းကစားလုပ်ရန် အိမ်နီးချင်းကလေးကို ရိုက်နှက်ပြီး နားကပ်ခိုးယူခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ

မန္တလေးမှာ ပိုင်ရှင်မဲ့အမျိုးသမီးအလောင်းတွေ့

Source – People’s Spring

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာ စက်တင်ဘာလ ၁၆ ရက်နေ့က အမျိုးသမီးရုပ်အလောင်း ကိုတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ သင်္ဂဇာချောင်းဘေးမှာမှောက်ခုံသေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ခဲ့တာပါ။

သေဆုံးသူအမျိုးသမီးဟာ အသက် ၃၀ ကျော်အရွယ်ခန့်ရှိပြီဖြစ်ပြီး ပြင်ပထိခိုက်ဒဏ်ရာ မတွေ့ရဘူးလို့ လူမှုကူညီရေးလုပ်ကိုင်သူဆီက သိရပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ဖက်ရှင်ဓာတ်ပုံတွေကို Vogue Thailand ဖြုတ်ချ

Source  – People’s Spring

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်မိသားစုနဲ့ စီးပွားရေးဆက်နွယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် နိုင်ဖြိုးကျော်ရဲ့ဇနီးသရုပ်ဆောင် ဝတ်မှုံရွှေရည်ဖက်ရှင်ဓာတ်ပုံတွေကိုဖော်ပြရာမှာ ကန့်ကွက်မှုတွေ ကြောင့် အဲဒီဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေ Vogue Thailand က ပြန်လည်ဖယ်ရှား လိုက်ပါပြီ။

နိုင်ဖြိုးကျော်ဟာ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ စီးပွားဆက်နွယ်မှုရှိနေတာကြောင့် မိမိတို့ရဲ့ စံနှုန်း တန်ဖိုးတွေနဲ့ကိုက်ညီမှုမရှိတဲ့အတွက် ဝတ်မှုံရွှေရည်ရဲ့ဓာတ်ပုံတွေကို ဖယ်ရှားလိုက်တာလို့ ဖက်ရှင် မဂ္ဂဇင်း Vogue Thailand က ပြန်လည်ရှင်းလင်းထားတယ်ဆိုတာကိုနိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းရေးသားတင်ပြနေတဲ့ Cinema Boulevard ဖေ့ဘွတ်ခ်စာမျက်နှာက အသိပေးလာတာပါ။

Vogue Thailand ဖက်ရှင်မဂ္ဂဇင်းရဲ့မကြာသေးခင်ကဖော်ပြခဲ့တဲ့အစီ အစဉ်မှာ မြန်မာ့အဝတ်အထည် အမှတ်တံဆိပ်တစ်ခုကိုဝတ်မှုံရွှေရည်ကကြော်ငြာပေးနေတဲ့ဓာတ်ပုံတွေတင်ဆက်ခဲ့တာဖြစ်ပြီး အဲဒီလို ဖော်ပြမှုကို Cinema Boulevard က ကန့်ကွက်စာထုတ်ခဲ့တာပါ။

ဝတ်မှုံရွှေရည်ရဲ့အမျိုးသားနို‌င်ဖြိုးကျော်ဟာ အာဏာသိမ်းမြန်မာစစ်တပ်ကို အကျိုးစီးပွား အထောက်အပံ့ ပေးနေသူ ခရိုနီတစ်ဦးအဖြစ် မှတ်တမ်းတွေမှာဖော်ပြခံရသူဖြစ်တယ်လို့Cinema Boulevard က ထောက်ပြခဲ့တာပါ။ နိုင်ဖြိုးကျော်ဟာအာဏာသိမ်းခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့စီးပွားဖက်တွေပါ။

အဲဒီလိုအချက်အလက်တွေကို လျစ်လျုရှုပြီး ဝတ်မှုံရွှေရည်ကို ဆွဲဆောင်မှုရှိပြီးအားကျဖွယ်သူ တစ်ဦးအဖြစ် ပုံဖော်ပြသတာက Vogue ရဲ့ နိုင်ငံ တကာပရိသတ်အသိုင်းအဝိုင်းအမြင်မှာ မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေတဲ့ လက်တွေ့အခြေအနေကိုမှေးမှိန်သွားစေခဲ့တယ်လို့ကန့်ကွက်စာမှာ Cinema Boulevard က ထည့်သွင်းရေးသားခဲ့ပါတယ်။

မောင်တောမှာ ၂ နှစ်ကျော်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့သူကို ထောင် ၁၀ နှစ် ချ

Source  – People’s Spring

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ အောင်သုခရွာမှ မောင်ပေါက်စချေဟာ အိမ်နီးချင်းဖြစ်တဲ့ မိန်းကလေးငယ် ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့တာဖြစ်ပြီး အဲဒီအမှုကို ငါးလဝန်းကျင်ကြာ စစ်ဆေး ပြီးနောက် စက်တင်ဘာ ၄ ရက်မှာ အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

အဲဒီအမှုမှာ တရားလိုပြသက်သေ ၇ ဦးနဲ့ တရားခံဘက်က ခံပြသက်သေ ၄ ဦးတို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ မောင်ပေါက်စချေဟာ သက်ငယ်မုဒိမ်းမှု၊ ပစ္စည်းလုယက်မှု၊ လူသတ်မှု၊ အလောင်း ဖျောက်မှုတို့နဲ့ တရားစွဲ ဆိုခံခဲ့ရတာဖြစ်ပေမယ့် တရားရုံးကတော့ လူသတ်မှုနဲ့ မုဒိမ်းမှုတို့အတွက်သာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုပြစ်မှုကျူးလွန်တဲ့ မောင်ပေါက်စချေဟာ အသက် ၁၆ သာရှိသေးပြီး အသက်မပြည့်သေး တာကြောင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြဌာန်းချက်တွေအရ အရွယ်ရောက်ပြီး သူတွေအပေါ် ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေအတိုင်း ချမှတ်နိုင်ခြင်းမရှိဘဲ ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်တာလို့ သိရပါတယ်။

သီပေါ၌ ၁၁ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရမှု တရားမျှတမှု ရရှိရန် အခက်တွေ့နေ

Source –  သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတရွာမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မ ပြုကျင့်ခံရပြီးနောက် လက်ရှိအချိန်အထိ တရားမျှတမှုမရရှိသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက အသက်(၁၁)နှစ်အရွယ်မိန်းကလေးငယ်ကို သူ့ရဲ့ဘထွေးနဲ့အမျိုးတော်စပ်သူ အသက်(၄၈)နှစ်အရွယ်အမျိုးသားတဦးက တောထဲကို ထင်းခုတ်ဖိုဆိုပြီး ၅ ရက်ကြာခေါ်ဆောင်သွား ခဲ့ပြီး အဓမ္မ ငါးကြိမ်ပြုကျင့်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။  ဖြစ်စဉ်ကို သိရှိပြီး နောက် မိန်းကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာ ချက်ချင်း အမှုဖွင့်တိုင်ကြားနိုင်ခဲ့ခြင်း မရှိပေ။

ပုလဲ လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီး ၂ ဦး အပါ ၃ ဦးသေဆုံး

Source – Mizzima

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ စက်တင်ဘာလ(၁၅)ရက်နေ့က  ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက်  အမျိုးသမီး နှစ်ဦးနဲ့အမျိုးသား တဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။သေဆုံးတွေဟာ  မိခင်၊သားနဲ့ချွေးမဖြစ်သူတို့ သေဆုံးသွားတာဖြစ်ပါတယ်။

ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်မှုအတွင်း တကြိမ်မှာ  ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်ပြီး နောက်တကြိမ် မှာ လူထိခိုက်မှုမရှိဘူးလို့ အညာမြေပုလဲ အဖွဲ့က  လူမှုကွန်ရက်မှာရေးသားထားပါတယ်။

မဟာချိုင်တွင် ပုလောဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

Source – Dawei Watch 

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့၊ မူစီဒေသမှာ ပုလောဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးငယ် တစ်ဦး ကြိုးဆွဲချ သေဆုံးသွားတယ်လို့ သူ့ရဲ့မိတ်ဆွေဆီက သိရပါတယ်။

ပုလောမြို့နယ်၊ ရှပ်ပုံရွာဇာတိဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မနှင်းမာစိုးဟာ မဟာချိုင်ဒေသရှိ ချည်စက်ရုံ တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက် နေ့က သူ့ရဲ့အခန်းမှာ ကြိုးဆွဲချသေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးချိန်မှာ ကိုယ်ဝန်လေးလခန့်ရှိပြီလို့ သိရပါတယ်။

သဲကုန်းမှာ အမျိုးသမီးတဦး နေအိမ်ထဲ သေနတ်နဲ့ပစ်သတ်ခံရ

Source – မြေလတ်အသံ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ အမျိုးသမီးတဦး နေအိမ်ထဲ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သဲကုန်းမြို့နယ်၊ ဗြမ္မာ့အင်းအုပ်စု၊ ကွင်းကြီးရွာက အသက် (၃၆) နှစ်ဝန်းကျင် ဒေါ်နီလာမြင့်(ခ)သီတာ ဖြစ်ပြီး စက်တင်ဘာ (၁၃) ရက် မနက် (၆) နာရီခွဲလောက်က နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ အဲဒီအမျိုးသမီးကို PDF တပ်ဖွဲ့က ဒလန်လို့ စွပ်စွဲပြီး အမျိုးသား (၄) ဦးက ဆိုင်ကယ် (၂) စီးနဲ့ လာရောက်ပစ်ခတ်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။

အသက် လေးနှစ် မိန်းကလေးငယ်အား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် အမျိုးသားတစ်ဦးကို ဖမ်းဆီး

Source – Dawei Watch 

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ အသက် လေးနှစ်ကျော်အရွယ် မိန်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အိမ်ထောင်ရှင်အမျိုးသားတစ်ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဖမ်းဆီးခံရသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် အိမ်ထောင်ရှင်အမျိုးသားတစ်ဦး ဖြစ်ပြီးမိန်းကလေးငယ်ဟာ အဆိုပါအမျိုးသားရဲ့ နေအိမ်မှာ ဖွင့်လှစ် ထားတဲ့ မူကြို မှာတက်ရောက် နေသူဖြစ်ပါတယ်။

မိန်းကလေးငယ် မူကြိုမှာရှိနေစဉ်  အိမ်ပိုင်ရှင်အမျိုးသားက မိန်းကလေးငယ်ရဲ့  မိန်းမကိုယ်ကို လက်နဲ့ မဖွယ်မရာ ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်အပေါ်  မိန်းကလေးငယ်ရဲ့ မိခင်ဖြစ်သူက တိုင်ကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က အမျိုးသားကို စက်တင်ဘာလ ၉ရက်ကဖမ်းဆီးခဲ့ပါတယ်။

ရဲဘော်သဲမာ KNPP ၏ ပထမဆုံး အမျိုးသမီးထိပ်ပိုင်းခေါင်းဆောင် ဖြစ်လာ

Source – သံလွင်ခက်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ သက်တမ်း နှစ် ၇၀ ဝန်းကျင်အတွင်း ပထမဦးဆုံးသော အမျိုးသမီး ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ် ရဲဘော်သဲမာကို ပါတီရဲ့ အတွင်းရေးမှူး (၂) နေရာ အတွက် ရွေးချယ်လိုက်တယ်လို့ စက်တင်ဘာ (၁၅)ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

အထွေထွေအတွင်းရေးမှူးဟောင်း ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် KNPP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ပြီး လစ်လပ်သွားတဲ့ ရာထူးနေရာတွေကို ပါတီလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ အတွင်းရေးမှူး (၁) ရဲဘော်ပလူးရယ်ကို အထွေထွေအတွင်းရေးမှူးအဖြစ်၊ အတွင်းရေးမှူး (၂) ရဲဘော်နဲနယ်ပလိုးကို အတွင်းရေးမှူး (၁) အဖြစ်အသီးသီး တာဝန်လွှဲပြောင်းခဲ့တာဖြစ်ပြီး လစ်လပ်သွား တဲ့ အတွင်းရေးမှူး (၂) ရာထူးနေရာအတွက် ဗဟိုကော်မတီဝင်တွေက လျှို့ဝှက်မဲစနစ်နဲ့ရွေးချယ်ခဲ့ရာမှာ မဲအများဆုံးရရှိတဲ့ ရဲဘော်သဲမာကို ပါတီရဲ့ ပထမဆုံးအမျိုးသမီး အတွင်းရေးမှူး(၂)အဖြစ် အတည်ပြု ခန့်အပ်ခဲ့ပါတယ်။

ရှမ်းမြောက်မှာ ၈ လအတွင်း အမျိုးသမီး ၃၄ ဦး အကြမ်းဖက်ခံရ

Source – ရွှေဖီမြေ

ရှမ်းမြောက် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ တန့်ယန်း စတဲ့ မြို့နယ် ၉ မြို့နယ်မှာ ၈ လအတွင်း အမျိုးသမီး ၃၄ ဦး အကြမ်းဖက်ခံခဲ့ရပါတယ်။

အကြမ်းဖက်မှုထဲ အိမ်တွင်းအကြမ်းဖက်မှုက ၁၁ ဦးနဲ့ အများဆုံးဖြစ်ပြီး အိမ်ထောင်ရေး ဖောက်ပြန်မှု က ၈ ဦး ဒုတိယအများဆုံးဖြစ်ကာ အဓမ္မ ပြုကျင့်ခံရသူ ၃ ဦး ရှိခဲ့ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း- TWO က မနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဩဂုတ်လအထိ သေဆုံးဒဏ်ရာရသူ ၂၇၈ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

လောင်းကစားလုပ်ရန် အိမ်နီးချင်းကလေးကို ရိုက်နှက်ပြီး နားကပ်ခိုးယူခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ

Source – Myanmar Pressphoto Agency

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ပထမတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးကို ဆေးတိုက်ပြီး နားကပ် လုယူကာ အပြင်းအထန် ရိုက်နှက်စွန့်ပစ်ခဲ့တဲ့ အမျိုးသမီးကို မြဝတီမြို့မရဲစခန်းက ဖမ်းဆီးလိုက်ပြီး ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

စက်တင်ဘာလ (၁၅) ရက် မွန်းလွဲ (၁) နာရီခန့်က မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ စိုက်ပျိုးရေးဇုံရှိ အငှားတန်းလျားမှာ မိခင်ဖြစ်သူနဲ့အတူ နေထိုင်တဲ့ ပထမတန်းကျောင်းသူဟာ မွန်းလွဲပိုင်း စာသင် ကျောင်း အပြန်မှာအခန်းချင်းကပ်လျက် နေထိုင်သူ မိုးမိုးခိုင် ဆိုသူနဲ့တွေ့ဆုံခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ ကလေးငယ်ကို စာသင်ကျောင်းအနီးရှိ  လူသူပြတ်လပ်တဲ့ နေရာကို ခေါ်ဆောင် သွားပြီး မူးယစ်စေတဲ့ အရည်တစ်မျိုး တိုက်ကာ နားကပ်ကို လုယူရန် ကြိုးပမ်းခဲ့ပြီး ကလေးငယ်က အမျိုးသမီးရဲ့ လက်ကို ပြန်လည်ကိုက်ခဲ ခုခံခဲ့တဲ့အတွက်  အမျိုးသမီးက ရိုက်နှက်ညှဉ်းပန်းခဲ့ရာ ကလေးငယ်ဟာ သတိလစ် မေ့မြောသွားခဲ့ပါတယ်။

ကလေးငယ်ကို  အခင်းဖြစ်ပွားရာနေရာနဲ့ တစ်မိုင်ကျော် ကွာဝေးသော အမှတ် (၄) ရပ်ကွက်၊ ရွှေဘုန်းပွင့် (၁၀) လမ်းရှိ လူသူပြတ်လပ်သည့်နေရာသို့ သွားရောက် စွန့်ပစ်ခဲ့ပါတယ်။

 ကလေးငယ် သတိပြန်ရလာချိန်မှာ အော်ဟစ်ငိုယိုနေတဲ့အတွက် အနီးဝန်းကျင်က ရေကားသမား တစ်ဦးက တွေ့ရှိခဲ့ပြီး မြဝတီမြို့ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ကုသပေးခဲ့ပါတယ်။

ကလေးငယ်ထံမှ လုယူသွားတဲ့ ကာလတန်ဖိုး ငွေကျပ် (၅) သိန်းခန့် တန်ဖိုးရှိ နားကပ်ကို မိုးမိုးခိုင်က ငွေကျပ် (၁) သိန်း (၉) သောင်းနဲ့ ပြန်လည်ရောင်းချကာ လောင်းကစားပြုလုပ်ဖို့ ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။