Stefanus Prize - 2026 လက်ခံရရှိခဲ့သည့် ဒေါက်တာဂျာဆိုင်းအိန်

ဆရာဝန်ဘဝမှသည် လူ့အခွင့်အရေးတိုက်ပွဲဝင်သူဆီ ခရီးနှင်ခဲ့တဲ့ ဂျာဆိုင်းအိန်

ရှင်ငြိမ်း

သေနတ်ပြောင်းတွေကိုယ်စီနဲ့ မြန်မာစစ်တပ်ရဲ့ခြေလျင်စစ်သားတစုဟာ လမ်းလယ်ခေါင်မှာ ရုတ်တရက် ပိတ်ရပ်ပြီး ခရီးသည်တင်ကားတစီးကို အတင်းတားဆီးလိုက်ပါတယ်။   

တပြိုင်တည်းမှာ“ကားကို အမြန်မမောင်းနဲ့၊ ကားဘီးတလိမ့်ချင်းစီ လိမ့်ရုံပဲ ဖြည်းဖြည်းချင်း မောင်း”ဆိုတဲ့ အမိန့်ပေးသံက ဟိန်းထွက်လာတယ်။

ဒီကားပေါ်ပါလာသူတွေက ဆေးတက္ကသိုလ်က ဘွဲ့ရပြီးခါစ ဆရာဝန်မလေး ဂျာဆိုင်းအိန်နဲ့ အဖွဲ့သားတွေပါ။

စစ်သားတွေဟာ တနေရာကနေ နောက်တနေရာကို အကာအကွယ်ယူပြီး လုံလုံခြုံခြုံ ရွှေ့ပြောင်းနိုင်ဖို့အတွက် သူတို့ကားကို “လူသားဒိုင်း” အဖြစ် အသုံးချလိုက်တာဖြစ်တယ်။

၂၀၁၁ ခုနှစ်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ကြား တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်း အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၁၂-၂၀၁၃ ခုနှစ်ကာလအတောအတွင်း ဒေါက်တာဂျာဆိုင်းအိန်နဲ့ အဖွဲ့သားတွေဟာ ကချင်နဲ့ ရှမ်းမြောက် မြေပြင်က စစ်ဘေးရှောင် စခန်း (IDP Camps) ၃၆ ခုထက်မနည်းဆီ လှည့်လည်ပြီး စေတနာ့ဝန်ထမ်း လုပ်နေတဲ့အချိန်မှာ ကြုံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်က ဒါဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတခုမှန်း ဂျာဆိုင်းအိန်ကိုယ်တိုင် သေသေချာချာ မသိခဲ့တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေထဲက တခုလို့ ဆိုရမှာပါ။

ဂျာဆိုင်းအိန်ဟာ စာသင်ခန်းထဲက ဆရာဝန်ဘဝကနေ မတရားမှုတွေ၊ ဓလေ့ထုံးတမ်း မညီမျှတာတွေနဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရတာတွေကို ဖော်ထုတ်တိုက်ဖျက်နေတဲ့ တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတဦးဖြစ်တယ်။

“ဒီအလုပ်က ဓားသွားပေါ်မှာ လမ်းလျှောက်နေရသလိုပဲ”လို့ ဒေါက်တာ ဂျာဆိုင်းအိန်က မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကာလမှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးထုရဲ့အခွင့်အရေးအတွက် ရှေ့တန်းက ရပ်တည်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဘဝဟာ ဂျာဆိုင်းအိန်ပြောသလို ဓားသွားပေါ်မှာလမ်း လျှောက်ရသလို ဖြစ်စေ ခဲ့တယ်။

ဒေါက်တာဂျာဆိုင်းအိန်ဟာ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ အလုပ်လုပ် ခဲ့ရတာဖြစ်တဲ့အတွက် ဘယ်အချိန်မဆို ကချင်တိုင်းရင်းသူဖြစ်တဲ့အတွက် (KIA)နဲ့ ချိတ်ဆက် အလုပ်လုပ်တယ်ဆိုတဲ့ မတရားစွပ်စွဲမှုတွေနဲ့ ဖမ်းဆီးခံရနိုင်ပါတယ်။   

အမျိုးသားတွေဆိုရင်လည်း စစ်တပ်အတွက် ပေါ်တာအဖြစ် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခံရနိုင်တဲ့ အန္တရာယ်တွေ၊ အမျိုးသမီးတွေဆိုရင် အဓမ္မပြုကျင့်ခံရတာ၊ လက်စဖျောက်ခံရတာ စတဲ့ ဖြစ်စဥ်တွေလည်း အများကြီး ရှိနေခဲ့ပါတယ်။ ဒါကြောင့် စခန်းတခုကနေတခုဆီ ကူးသန်းပြီး အလုပ်လုပ်ရတဲ့အခါ “ညနေ ၆ နာရီ မထိုးခင် အိမ်အရောက် ပြန်ရမယ်” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဒေါက်တာဂျာဆိုင်းအိန်တယောက် အမြဲတမ်း ရုန်းကန်ခဲ့ရပါတယ်။

အသက် ၂၀ ကျော် ဘွဲ့ရခါစ အမျိုးသမီး တယောက်ဖြစ်တဲ့သူဟာ  လမ်းခရီးမှာ စစ်သားတွေရဲ့ ထိကပါးရိကပါး ခြိမ်းခြောက် မှုကို မကြာခဏကြုံရဖူးတာကြောင့် စိတ်ထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုနဲ့ စိုးရိမ်ပူပန်ခဲ့ရတယ်လို့ ပြောပြပါတယ်။

ဒါပေမဲ့ အဲဒီကြောက်ရွံ့မှုထက် ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေ ခံစားနေရတဲ့ တရားမျှတမှုမရှိတဲ့ ဒုက္ခတွေကို ပိုပြီး မျက်မြင်တွေ့လိုက်ရတဲ့အခါ ဒီလို မတရားမှုတွေကို ဒီအတိုင်းလွှတ်ထားလို့ မရဘူး၊ လူ့အခွင့်အရေး ရှုထောင့်ကနေ တစိုက်မတ်မတ် မှတ်တမ်းတင် စေ့စပ်ဖော်ထုတ်သွားရမယ်ဆိုတဲ့ စိတ်ဓာတ်ကပဲ ကြောက်စိတ်ကို လွှမ်းမိုးသွားပြီး သူ့ကို ရှေ့ဆက်ဖို့ ခွန်အားဖြစ်စေခဲ့ပါတော့တယ်။  

စာသင်ခန်းထဲက ဆရာဝန်မလေးမှ လူ့အခွင့်အရေး တိုက်ပွဲဝင်သူဆီသို့  

ဒါတွေမကြုံရခင်ကတည်းက ဂျာဆိုင်းအိန်ဟာ နှစ်ပေါင်းဆယ်ချီ ရှည်ကြာခဲ့တဲ့ စစ်မီးလျှံတွေကြား၊ သေနတ်သံတွေနဲ့ ဗုံးသံတွေအောက်မှာ ကချင်မြေရဲ့ ဒုက္ခတွေကို မျက်ဝါးထင်ထင် မြင်တွေ့ပြီး ကြီးပြင်းခဲ့ရတဲ့ အမျိုးသမီးတယောက်ပါ။

သူဟာ လူနာတွေကို ကုသပေးမယ့် ဆရာဝန်တဦးဖြစ်ဖို့ ဆေးတက္ကသိုလ်တခုရဲ့ စာသင်ခန်းထဲမှာ ဆေးပညာ (M.B.,B.S.) ကို ကြိုးစားသင်ယူနေခဲ့ပေမဲ့၊ ပတ်ဝန်းကျင်က ဖြစ်ပျက်နေတဲ့ စနစ်ဆိုင်ရာ မတရားမှုတွေက သူ့ကို လူ့အခွင့်အရေးအပေါ် ပိုမိုသိမြင်လာအောင် မြေတောင်မြှောက်ပေးခဲ့တာ ဖြစ်ပါတယ်။

 ၂၀၁၂ ခုနှစ် ဘွဲ့ရပြီးချင်း မြေပြင်စစ်ဘေးရှောင်စခန်းတွေမှာ ၂ နှစ်လောက် ကိုယ်တိုင်ပါဝင်အလုပ်လုပ်ခဲ့တဲ့အခါမှာတော့ အဓိက အလှည့်အပြောင်းကို စတင်သဘောပေါက်လာခဲ့တာပါ။

ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဆေးဝါးကုသမှု ပံ့ပိုးပေးရုံနဲ့ မလုံလောက်ဘူး၊ သူတို့ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေနဲ့ နေ့စဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို ဒေါက်တာ ဂျာဆိုင်းအိန်တယောက် တွေ့ရှိလာခဲ့တယ်။

၂၀၁၄-၂၀၁၅ ခုနှစ်ဝန်းကျင်မှာတော့  ကုသရေးဆရာဝန်အဖြစ် ဆက်မလုပ်ဖြစ်ရင်တောင် ပြည်သူ့ကျန်းမာရေး (Public Health) ဘက်ကို ပြောင်းဖို့ စိတ်ကူးနဲ့ အဖွဲ့အစည်းတခုမှာ လပေါင်းများစွာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ လက်တွေ့နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ သူရဲ့ဝါသနာနဲ့ စိတ်အားထက်သန်မှုအစစ်အမှန်ဟာ ပြည်သူ့ကျန်းမာရေး ဘက်မှာမဟုတ်ဘဲ “လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်တိုက်ဖျက်တဲ့အလုပ်” မှာပဲ ဖြစ်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း သဘောပေါက်လာတဲ့အတွက် ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့ပါတယ်။

ဒါဟာ သူ့အတွက် လူ့အခွင့်အရေးလမ်းကြောင်းပေါ်ကို ခြေစုံပစ်ဝင်ဖို့ အကြီးမားဆုံးသော တွန်းအား ဖြစ်ခဲ့ပြီး၊ သြစတြေး လျနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာဘွဲ့(Master of Arts in Human Rights) ကို Scholarship နဲ့ သွားရောက်ဆည်းပူး ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

သူ့ရဲ့ဆေးပညာနောက်ခံဟာ စစ်ဘေးဒုက္ခသည် (IDP) စခန်းတွေမှာ ပထမဆုံး စတင်အလုပ်လုပ်တဲ့အခါ သာမန်လူတွေ မမြင်နိုင်တဲ့ နာကျင်မှုတွေကို ဆရာဝန်တဦးရဲ့ အမြင်နဲ့ မြင်နိုင်စေခဲ့ပါတယ်။

“ဆေးပညာနောက်ခံ ရှိထားတဲ့အတွက် ဆက်လက်ရှင်သန်သူ (Survivors) တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေတင် မကဘဲ၊ စိတ်ဒဏ်ရာတွေကိုပါ ပိုနားလည်ပြီး ဆက်လက်ရှင်သန်သူ ဗဟိုပြုတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်နိုင်ခဲ့တယ်” လို့ ဂျာဆိုင်းအိန်က ဆိုပါတယ်။

၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ လူမျိုးစုဒေသတွေတင်မကဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်(Weapon of War) ဗြောင်ကျကျ ရည်ရွယ်ချက်ရှိရှိ ပိုမိုအသုံးပြုလာခဲ့တယ်။

ဒီလိုအချိန်မှာ ဆက်လက်ရှင်သန်သူ(Survivors) တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ မရစေရေး (Do No Harm) ကို အဓိကထားပြီး သတင်းအချက်အလက် မှတ်တမ်းတင်ဖို့ဆိုတာ စိန်ခေါ်မှု အလွန်ကြီးမားပါတယ်။

အခုလို ခက်ခဲပြီး အန္တရာယ်များတဲ့အလုပ်ကို ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအဆင့် မူဝါဒပိုင်းဆိုင်ရာ တံခါးပိတ် ဆွေးနွေးပွဲတွေကတဆင့် မဟာဗျူဟာမြောက်ပြောင်းလဲမှုတွေဖြစ်အောင် ဒေါက်တာ ဂျာဆိုင်းအိန်က အသံတိတ်ကြိုးပမ်းခဲ့ ပါတယ်။ 

မြေပြင်သက်သေ

လူ့အခွင့်အရေး မှတ်တမ်းတင်သူ  ဂျာဆိုင်းအိန်ရဲ့ ဘဝမှာ ထူးခြားပြီး စိတ်မကောင်းစရာကြုံခဲ့ရဖူးတဲ့ မှတ်မှတ်ရရ  ဖြစ်ရပ်နောက်တခုရှိပါသေးတယ်။  

မိတ္ထီလာ လူမျိုးရေးအဓိကရုဏ်အသွင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အသက် ၁၅ နှစ်အရွယ် သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဖခင်တယောက်ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ချိန်ကာလ ( ၂၀၁၈ ခုနှစ်) မှာ တွေ့ဆုံမေးမြန်းခွင့် ရခဲ့တဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။   

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲ တခုကနေ ဗုဒ္ဓဘာသာဝင် သံဃာတပါးကို အစ္စလာမ်ဘာသာဝင် လူငယ် တချို့က သတ်ဖြတ်လိုက်ရာက စတင်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြီးတခု ၂၀၁၃ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက အမျိုးသားရေးဝါဒီ တဖက်စွန်းရောက်လူတစုရဲ့ အမုန်းတရား၊ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။

အဲဒီကာလမှာ  အသက် ၁၅နှစ်အရွယ် အစ္စလာမ်ဘာသာဝင်လူငယ်လေးဟာ တခြားရွာမှာ ဘောလုံးပွဲသွားကစားပြီး အိမ်အပြန်လမ်းမှာ အကြမ်းဖက်လူအုပ်ကြီးရန်ကနေ လွတ်အောင် ဗုဒ္ဓဘာသာဝင် မြန်မာအိမ်တအိမ်ထဲမှာ ဝင်ရောက် ပုန်းအောင်းခဲ့ရတယ်။

အဲဒီအိမ်က မိသားစုဟာ ဒီကလေးကို သေသေချာချာ ဝှက်ပေးထားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီး ရောက်လာပြီး အိမ်တံခါးကို ထုရိုက်ကာ ကလေးကို ထုတ်ပေးဖို့ ခြိမ်းခြောက်တောင်းဆိုခဲ့ကြတယ်။

အိမ်ရှင်မိသားစုဟာ ဆက်ပြီးကာကွယ်ပေးဖို့ မတတ်နိုင်တော့တဲ့အဆုံးမှာ ထုတ်ပေးလိုက်ရပြီး၊ အဲ့ဒီ လူငယ်လေးဟာ လူအုပ်ကြီးရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရတယ်။  

“သူ့သားလေး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို ပြန်ပြောပြနေတုန်းက ဖခင်ဖြစ်သူရဲ့ မျက်နှာအမူအရာတွေဟာ ကျမမျက်စိထဲ မှာ အခုထိ ကွက်ကွက်ကွင်းကွင်း ထင်ကျန်နေတုန်းပဲ”လို့ ဂျာဆိုင်းအိန်က တိုးညှင်းစွာ စကားဆိုပါတယ်။

မြေပြင်က ဒီလို ဖြစ်ရပ်ဆိုးတွေဟာ ဂျာဆိုင်းအိန်ကို ဆရာဝန်ဘဝကနေ လူ့အခွင့်အရေးတိုက်ပွဲဝင်ဖို့ ပိုပြီးသေချာစေတဲ့ အရာတွေ ဖြစ်လာခဲ့တယ်။

မမြင်နိုင်တဲ့ ဂျဲန်ဒါ အတားအဆီးတွေနဲ့ စနစ်ဆိုးတွေ

သြစတြေးလျနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာဘွဲ့(Master of Arts in Human Rights) ကို Scholarship နဲ့ သွားရောက်ဆည်းပူးခဲ့ပြီး၊ ကျောင်းပြီးလို့ မြန်မာပြည်ပြန်လာတဲ့အခါ ဂျာဆိုင်းအိန်ဟာ အဖွဲ့အစည်းက ရှေ့နေတွေရဲ့ လမ်းညွှန်မှုနဲ့အတူ ဥပဒေပိုင်းဆိုင်ရာသုတေသန (Legal Research) တွေနဲ့ ဥပဒေ ပြုပြင်ပြောင်းလဲရေး (Legal Reform) လုပ်ငန်းတွေကို ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဘာသာရေးဆိုင်ရာ ခွဲခြားမှုရှိတဲ့ ဥပဒေတွေကို ပြုပြင်ဖို့ အဲ့ဒီအချိန်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရနဲ့ပါ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် ဂျာဆိုင်းအိန်ဟာ ၂၀၂၁ ခုနှစ်မှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ မြန်မာနိုင်ငံ ကွန်ယက် (Myanmar FoRB Network) ကို စတင်တည်ထောင်ခဲ့သလို၊ တောင်အာရှ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ ကွန်ယက် (SAFFoRB) မှာလည်း ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နိုင်ငံတကာအဆင့် တံခါးပိတ်ဆွေးနွေးပွဲတွေမှာ မြန်မာ့အသံကို အားကောင်းကောင်းနဲ့ ချိတ်ဆက်တင်ပြနိုင်ခဲ့တယ်။

ဒါပေမဲ့ သူ့ခရီးလမ်းက မချောမွေ့ခဲ့ပါဘူး။

မြေပြင်မှာ အလုပ်လုပ်ရင်း ဂျာဆိုင်းအိန် အဓိက မြင်တွေ့ခဲ့ရတဲ့ စိန်ခေါ်မှုကတော့ IDP စခန်းတွေထဲက မိရိုးဖလာ ဖိုဝါဒီ (Customary Patriarchy) နဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့အခါ ဖြစ်ပေါ် လာတဲ့ ‘လက်နက်ကိုင်ထားသူကသာ အမှန်’ ဆိုတဲ့ (Rule by Gun) စနစ်ဆိုးပါပဲ။

အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို “ဒါက သာမန်လူမှုရေးကိစ္စပဲ” ဆိုပြီး ဖုံးကွယ်တာ၊ “ဓလေ့ ထုံးတမ်းအရ ညှိနှိုင်းရအောင်” ဆိုပြီး တရားမျှတမှုကို ဖျောက်ဖျက်တာတွေကို သူတွေ့ခဲ့ရပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (GBV) ဖြစ်စဉ်တွေ ကြုံတွေ့ရတဲ့အခါ မိရိုးဖလာ ဓလေ့ထုံးတမ်း တရားစီရင်ရေး စနစ်က အမျိုးသမီးတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ၊ အမျိုးသားနဲ့ အမျိုးသမီးကြား လုပ်ပိုင်ခွင့် အာဏာမမျှတမှု ကြောင့် “အနိုင်ကျင့် ကျူးလွန်သူနဲ့ပဲ အတင်းအဓမ္မ လက်ထပ်ယူရမယ်” ဒါမှမဟုတ်ရင် “လျော်ကြေးပေးတာကိုလက်ခံလိုက်” ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ဖြစ်စဥ် တော်တော်များများမှာ လက်ခံခဲ့ကြရပါတယ်။

အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို “ဒါက သာမန်လူမှုရေးကိစ္စပဲ” ဆိုပြီး ဖုံးကွယ်တာ၊ “ဓလေ့ထုံးထမ်းအရ ရပ်ရွာရိုးရာလူကြီးတွေကြား ညှိနှိုင်းလိုက်ရင် ရပါတယ်” ဆိုပြီး တရားမျှတမှုကို ဖျောက်ဖျက်နေကြ တာတွေကို တွေ့ခဲ့ရပါတယ်။

ဒါတင်မကသေးပါဘူး။ ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်မှုနေရာကို အမျိုးသမီးတွေတက် လှမ်းဖို့ ကြိုးစားတဲ့အခါ မမြင်နိုင်တဲ့ ဂျဲန်ဒါအတားအဆီးကြီးက ရှိနေပါတယ်။

“အမျိုးသမီးဦးဆောင်တဲ့အဖွဲ့က မစွံဘူး” ဆိုတဲ့ အမြင်မျိုး ဒါမှမဟုတ် ကိုယ့်အကြံပြုချက်ကို လျစ်လျူရှုပြီး အမျိုးသားတွေ က ပြန်ပြောမှသာ အတည်ဖြစ်သွားတဲ့ (Mansplaining) ပုံစံမျိုးတွေလည်း ဂျာဆိုင်းအိန် ကြုံခဲ့ရတာပါ။

ဒါပေမဲ့ သူကတော့  စိတ်ခံစားမှုအလိုက် တုံ့ပြန်မယ့်အစား ကိုယ်လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေ၊ ရလဒ်တွေနဲ့အချက်အလက် တွေကို တည်တည်ငြိမ်ငြိမ်နဲ့ တစိုက်မတ်မတ် တင်ပြပြီး၊ သူ့အရည်အချင်းကို အသိအမှတ်ပြုလာအောင် တည်ဆောက်ခဲ့ တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် “အမျိုးသမီးဖြစ်လို့ စင်တင်ပေးထားလို့ ရောက်လာတာ” ဆိုတဲ့ အမြင်မျိုးနဲ့ သူ့အရည်အချင်းကို သံသယဝင်ခံရတဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။

“တကယ်တော့ စနစ်တခုထဲမှာ ဂျဲန်ဒါအခြေပြု တန်းတူညီမျှမှု (Gender Equality) သာ အမှန်တကယ် ရှိနေရင် ဒီလို မမြင်နိုင်တဲ့ အတားအဆီး(Glass Ceiling)ဆိုတာ အစကတည်းက ရှိကို မရှိနေသင့်တဲ့ အရာပါ”လို့ သူက ရဲရဲဝံ့ဝံ့ ထောက်ပြ ပါတယ်။

ဂျဲန်ဒါအခြေပြု တိုက်ခိုက်မှုတွေ

ဒါ့အပြင် လုံခြုံရေးအရ ကြည့်ရင်လည်း ဂျာဆိုင်းအိန်ဟာ အွန်လိုင်းဆွေးနွေးပွဲတွေမှာ ဘာသာရေးလွတ်လပ်ခွင့် (FoRB) ကိစ္စရပ်တွေကို ဆွေးနွေးတဲ့အခါ ဂျဲန်ဒါအခြေပြု တိုက်ခိုက်မှုတွေ (Gender-based attacks) ကို ပြင်းပြင်းထန်ထန် ကြုံခဲ့ရ ပါတယ်။

လုပ်ငန်းကို စွပ်စွဲပြီး ဂုဏ်သိက္ခာချတဲ့ မှတ်ချက်တွေအနေနဲ့ “NGO တွေလုပ်စားဖို့ အသုံးချခံ ရုပ်သေးလေးတွေ လိုတာပေါ့၊ ရုပ်သေးရုပ်ဖြစ်အောင် လုပ်ပြီး လိုတဲ့နေရာမှာ အသုံးချတယ်”ဆိုတာမျိုး အရည်အချင်းကို အသိအမှတ်မပြုဘဲ ပိုက်ဆံရ လို့ လုပ်နေရတဲ့ အရုပ်တွေလို ပုံဖော်တိုက်ခိုက်ခဲ့တာပါ။

နောက်ပြီး “နိုင်ငံခြားက ဒေါ်လာရနေလို့ သွေးထိုးနေတာ၊ အမျိုးကို ဖျက်ဆီးနေတဲ့ မိန်းမ” ၊ “လူလည်တိုင်းရင်းသူမ” စတဲ့ စကားလုံးတွေက အမျိုးသမီးတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ လူမျိုးစုနောက်ခံကို အသုံးချပြီး နိုင်ငံရေးနဲ့ လူမျိုးရေးအရ အရှက်ခွဲဖို့ လုပ်ဆောင်တာလည်း ခံခဲ့ရပါတယ်။

အမျိုးသမီးဖြစ်ခြင်း၊ တိုင်းရင်းသူဖြစ်နေခြင်းတွေအပေါ်မူတည်ပြီး တိုက်ခိုက်ခံတာတွေနဲ့ပတ်သက်လို့ “ဒါက တင်ပြချက် ကို ထောက်ပြပြောဆိုတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ ဖြစ်တည်မှု Identity ကိုပဲ ပစ်မှတ်ထားတာ မျိုးပါ” လို့ သူက ဆိုပါတယ်။

အဆိုးဆုံးကတော့ အမျိုးသားတွေ ဆွေးနွေးရင် အယူအဆကိုပဲ ဝေဖန်လေ့ရှိပေမဲ့၊ သူလို အမျိုးသမီးတယောက် ရှေ့ထွက် လာတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာစတဲ့ သူ့ရဲ့ အမျိုးသမီးအဖြစ်ရပ်တည်မှု( Identity)ကို ပစ်မှတ် ထား တိုက်ခိုက်ခံခဲ့ရတာပါ။

အဆိုးရွားဆုံးကတော့ “ဒီလို ကချင်မမျိုးကိုတော့ အမြန်ဆုံးမပေးရမယ်”ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တဲ့ မှတ်ချက် (Comment )မျိုးတွေအထိ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေနဲ့လည်း ကြုံခဲ့ရတာဖြစ်တယ်။

 “ဒါဟာ လူမျိုးစုကို ပစ်မှတ်ထားသလို၊ အမျိုးသမီးဖြစ်နေတာကို အကြောင်းပြုပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်တာမျိုးပါ”လို့ ဂျာဆိုင်းအိန်က ဖွင့်ဟပါတယ်။

ဂုဏ်သိက္ခာရှိ Stefanus ဆု (Stefanus Prize – 2026)

သူဟာ ဆေးပညာအမြင်ကို လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေ၊ မဟာဗျူဟာမြောက် စည်းရုံးလှုံ့ဆော်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကုလသမဂ္ဂ (UN Special Rapporteur) ရဲ့ အစီရင်ခံစာတွေကပါ အသိအမှတ်ပြုရလောက်တဲ့ အထိ ခိုင်မာတိကျတဲ့ အချက်အလက်အခြေပြု သက်သေပြချက် (Evidence-Based Work) တွေ ဖြစ်လာခဲ့တယ်။

သူရဲ့လုပ်ဆောင်မှုတွေ၊ ဖိနှိပ်တိုက်ခိုက်ခံရမှု၊ အန္တရာယ်တွေကြားကနေ အချက်အလက်အခြေပြု သက်သေပြချက်တွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာကြောင့် နော်ဝေနိုင်ငံက ၂ နှစ် တကြိမ်ပေးတဲ့ (Stefanus Prize – 2026)ကို ဆွတ်ခူး ရရှိခဲ့တယ်။

နော်ဝေနိုင်ငံအခြေစိုက် Stefanus Alliance International အဖွဲ့က ၂ နှစ်တကြိမ် ရွေးချယ်ချီးမြှင့်တဲ့ နိုင်ငံတကာ လူ့အခွင့် အရေးနှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဆု (Stefanus Prize – 2026)ကို ဒေါက်တာဂျာဆိုင်းအိန် ရရှိခဲ့ပါတယ်။

Stefanus ဆုကို မြန်မာနိုင်ငံကနေပြီးတော့ ဂျာဆိုင်းအိန် (Ja Seng Ing) အပြင် ၂၀၁၀ ခုနှစ်တုန်းက ချင်းလူ့အခွင့်အရေး အဖွဲ့(Chin Human Rights Organzation – CHRO )က  Victor Biak Lian က ရရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဂျာဆိုင်းအိန်ကတော့“ဒီ Stefanus Prize ဆုဟာ ကျမ ဦးတည်းအတွက် မဟုတ်ပါဘူး၊ မြေပြင်မှာ အသက် ဘေးကြားကနေ အချက်အလက်တွေ ရအောင် စုဆောင်းပေးနေတဲ့၊ ဆက်လက်ရှင်သန်သူတွေအတွက် ဝန်ဆောင်မှုတွေ ပေးနေကြတဲ့ မြေပြင်က အမျိုးသမီး ရဲဘော်၊ ရဲဖက်တွေအားလုံးရဲ့ ကိုယ်စား ရရှိတာပါ”လို့ ပြောပါတယ်။

အသိအမှတ်ပြုခံခဲ့ရတဲ့ ဂုဏ်ပြုစကားတွေ

ဂျာဆိုင်းအိန်နဲ့ ၇ နှစ်တာ အလုပ်တွဲလုပ်ကိုင်ဖူးတဲ့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ Htoi Gender ရဲ့ ဒါရိုက်တာ ဒေါ်နန်ပူကတော့ ဂျာဆိုင်းအိန်ဟာ အလွန်စိတ်အားထက်သန်ပြီး ဇွဲရှိသူ၊ ပြဿနာရဲ့ ဇစ်မြစ်ကို အမြဲရှာဖွေ ဖော်ထုတ်သူလို့ မှတ်ချက်ပြုပါတယ်။

FoRB Network Myanmar ကို တည်ထောင်စဉ်က မတူညီတဲ့ ဘာသာရေးခေါင်းဆောင်တွေကို လူ့အခွင့်အရေး၊ အမျိုး သမီးအခွင့်အရေးဆိုင်ရာ အမြင်တွေနဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တဲ့ ခေါင်းဆောင်မှုစွမ်းရည်ကိုလည်း ထင်ထင်ရှားရှား မြင်တွေ့ခဲ့တယ်လို့လည်း ချီးကျူးပါတယ်။

တဖက်မှာလည်း ဂျာဆိုင်းအိန် ကြုံတွေ့နေရတဲ့ Cyber Harassment တွေဟာ သူတဦးတည်းတင်မကဘဲ အမျိုးသမီး တွေရဲ့ အသံထွက်ခွင့်ကိုပါ ကန့်သတ်စေတဲ့အတွက် အချင်းချင်း ပံ့ပိုးကူညီမှုတွေ၊ Digital Security အားကောင်းအောင် လုပ်ဆောင်မှုတွေအပြင်၊ Facebook မြန်မာအဖွဲ့အစည်းတွေဘက်ကပါ ဂျဲန်ဒါအခြေပြု အွန်လိုင်းအကြမ်းဖက်မှုတွေကို အလေးအနက် ကိုင်တွယ်ပေးဖို့ လိုအပ်နေတယ်လို့ ဒေါ်နန်ပူက ထောက်ပြထားပါတယ်။

လူချင်းမရင်းနှီးပေမဲ့ လူ့အခွင့်အရေးပတ်သက်တဲ့အစည်းအဝေးတွေမှာ တွေ့ဆုံဖူးတဲ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ဦးမင်းဇော်နိုင်ကတော့ ဂျာဆိုင်းအိန် တင်ပြတဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး အထောက်အထား တွေဟာ ငြင်းပယ်လို့မရအောင် အချက်အလက် ခိုင်မာလွန်းတယ်လို့ အသိအမှတ်ပြုပါတယ်။

ဒီလို အသိအမှတ်ပြုမှုတွေရှိသလို တဖက်မှာလည်း အမျိုးသားအချင်းချင်း ဆွေးနွေးရင် အယူအဆကိုပဲ ဝေဖန်ကြပေမဲ့၊ ဂျာဆိုင်းအိန်လို အမျိုးသမီးတယောက် ထက်ထက်မြက်မြက်နဲ့ ရှေ့ထွက်လာရင် ဆွေးနွေးချက်ကို မချေပနိုင်ဘဲ ပုဂ္ဂိုလ်ရေး အရ ဂုဏ်သိက္ခာချတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာမျိုးတွေနဲ့ကြုံရတဲ့ အပေါ်  ဦးဇော်မင်းနိုင်က  “အခုက တော်လှန်ရေး ကာလမို့ ဒါတွေကို နောက်မှပြော” ဆိုပြီး အမျိုးသမီးတွေအပေါ် ကျူးလွန်မှုတွေကို ဘေးဖယ်ထားတတ်တဲ့ အလေ့အထ ကို အမျိုးသားတွေကိုယ်တိုင် ပြောင်းလဲရမယ်လို့ ပြောပါတယ်။

ဂျာဆိုင်းအိန်ဟာ အမျိုးသားထုကို ဂျဲန်ဒါတန်းတူညီမျှမှုအတွက် မျက်စိပွင့်စေခဲ့သူလို့လည်း မှတ်ချက်ပြုပါတယ်။

အညာဒေသက  တက်ကြွလှုပ်ရှားသူ နန်းသီရိကတော့ စစ်တပ်က လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေတဲ့အချိန်မှာ “Do No Harm” စံနှုန်းနဲ့အညီ မှတ်တမ်းတင်ဖို့ဆိုတာ တကယ့်ကို ဓားသွားပေါ်လမ်း လျှောက်ရသလို ဖြစ်တာကြောင့် ဂျာဆိုင်းအိန် Stefanus ဆု ရရှိတာဟာ အမျိုးသမီးထုတရပ်လုံးရဲ့ အောင်ပွဲလို့ မှတ်ယူတယ်လို့ဆိုပါတယ်။

လက်ရှိဆောင်ရွက်ချက်တွေနဲ့ အနာဂတ်မျှော်လင့်ချက်

ဆရာဝန်မလေး ဘဝကနေ လူ့အခွင့်အရေး လှုပ်ရှားသူ ခေါင်းဆောင်တဦး ဖြစ်လာတဲ့ ဒေါက်တာဂျာဆိုင်းအိန်ဟာ လက်ရှိ အချိန်မှာလည်း သူရည်မှန်းရာကို အားသွန်ခွန်စိုက် ဆက်လက်လှုပ်ရှားနေဆဲဖြစ်တာကို တွေ့ရပါတယ်။

သူဟာ တက္ကသိုလ်တခုမှာ မဟာတန်းတက်နေတဲ့ ကျောင်းသားတွေကို “လူ့အခွင့်အရေးနဲ့ အသွင်ကူးပြောင်းမှုကာလ တရားမျှတမှု”(Transitional Justice) အကြောင်းကို အဝေးသင်စနစ်နဲ့ သင်ကြားပို့ချပေးနေတာ ၄နှစ်နီးပါး ရှိနေပါပြီ။

နောက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေး (ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု CRSV အပါအဝင်) စနစ်တကျ မှတ်တမ်းတင်နိုင်ဖို့ အကြံပေး မျှဝေပေးလျှက် ရှိပါတယ်။

ဒါ့အပြင် ပဋိပက္ခကာလတွေမှာ အမျိုးသမီးတွေအပေါ် ကျူးလွန်မှုတွေကို “အခုက တော်လှန်ရေးကာလပဲ၊ ဒါတွေကို နောက်မှ ပြောကြမယ်” ဆိုပြီး အမြဲတမ်း နောက်ဆုတ်ရွှေ့ဆိုင်းထားတတ်တဲ့ အလေ့အထဆိုးကို တွန်းလှန်ဖို့လည်း ဂျာဆိုင်းအိန်က ကြိုးစားနေတာပါ။

တကယ့် ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အမှန်တကယ် တည်ဆောက်ချင်တယ်ဆိုရင် အမျိုးသမီးကဏ္ဍတွေ ကို ‘တော်လှန်ရေးပြီးမှ ဆွေးနွေးရမယ့် အစီအစဉ်’ တခုလို သဘောမထားဘဲ၊ တော်လှန်ရေးရဲ့ အဓိက အနှစ်သာရတခု အဖြစ် အခုကတည်းက ဆုံးဖြတ်ချက်ချနိုင်တဲ့ စားပွဲဝိုင်းတွေပေါ်မှာ အချိုးကျကျ နေရာပေးဖို့ လိုအပ်ကြောင်း ဂျာဆိုင်းအိန်က ထောက်ပြထားပါတယ်။

သူက “လူ့အခွင့်အရေး စံနှုန်းတွေကို အခြေခံပြီး တရားမျှတမှုကို ရှေ့တန်းတင်တဲ့လူ့အဖွဲ့ အစည်းကို အခုကတည်းက အခြေခံ အုတ်မြစ်ချနိုင်မှသာ ကျမတို့ သွားချင်တဲ့ အနာဂတ်ဟာ ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့မှာ”လို့ သတိပေးနှိုးဆော် ပါတယ်။