စစ်တပ်ပြုတ်ကျရုံနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးရနိုင်မလားတွင် ဖြေကြားထားသည့် စစ်အာဏာရှင်ကိုတော်လှန်သူများနှင့်စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

စစ်တပ်ပြုတ်ကျရုံနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးရနိုင်မလား

ရှင်ငြိမ်း စုစည်းတင်ဆက်သည်။

ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်စဉ် စက်တင်ဘာ ၂၁ ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို အထိမ်းအမှတ်ပြု ကျင်းပရင်း ကမ္ဘာကြီး ငြိမ်းချမ်းဖို့ မျှော်လင့်နေကြပေမဲ့ မြန်မာနိုင်ငံ မှာတော့ လွတ်လပ်ရေးရပြီး ၇၈ နှစ်တိုင်အောင် ကြာလာတဲ့အထိ ပြည်တွင်းစစ်နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ငြိမ်းချမ်းရေးနဲ့ ဝေးကွာနေရဆဲ ဖြစ်ပါတယ်။

စစ်ပွဲတွေရဲ့ ဆိုးကျိုးနဲ့ ခါးသီးမှုကို အဓိက ရင်ဆိုင်ပေးဆပ်နေရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ လူငယ်တွေလည်း ပါဝင်နေပါတယ်။ စစ်ပွဲတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးရသလို စစ်ဘေးဒုက္ခသည်အဖြစ် ဘဝ ရပ်တည်နေရသူတွေရှိသလို အမျိုးသမီးငယ်အများအပြားဟာလည်း ကိုယ့်ရဲ့အနာဂတ်အိပ်မက်တွေကို ခေတ္တဘေးဖယ်ထားပြီး စစ်ပွဲကြားက အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။

ဒီလိုအမှောင်ထုကြားမှာ တော်လှန်ရေးနယ်ပယ်အသီးသီးနဲ့ စစ်ဘေးဒဏ်ကြား ရောက်ရှိနေတဲ့ လူငယ်အမျိုးသမီး တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေရဲ့ ရင်ထဲမှာတော့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်း ပြီး မိသားစုတွေဆီ အိမ်ပြန်နိုင်ဖို့၊ လွတ်လပ်ပျော်ရွှင်စွာနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားရင်း အနာဂတ် ကို ပြန်လည်တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

နှစ်စဉ် စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ပွဲကြားမှာ ရင်းနှီးပေးဆပ်မှုတွေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတဲ့ လူငယ်အမျိုးသမီးတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အမျိုးသမီးတွေရဲ့ အသံတွေကို HI – Honest Information  က ဆက်သွယ်မေးမြန်းစုစည်း ဖော်ပြအပ်ပါတယ်။

မူးလန်

တပ်စိတ်မှူး

နိုင်ငံရေးဌာန

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

မူးလန်ရဲ့အမြင်မှာ ငြိမ်းချမ်းရေးဆိုတာ သေနတ်သံတွေ၊ ဗုံးသံတွေ ငြိမ်ကျသွားတာထက် အများကြီး ပိုပြီးတော့ နက်ရှိုင်းတယ်။

မူးလန်ရဲ့မိသားစု၊ ရဲဘော်တွေအကုန်လုံး အိမ်ကို လုံလုံခြုံခြုံနဲ့ ပြန်နိုင်ဖို့၊ မတရားဖိနှိပ်မှုတွေနဲ့ ကြောက်တရားတွေ ကင်းစင်ပြီးတော့ လွတ်လွတ်လပ်လပ် အသက်ရှူနိုင်တဲ့ ဘဝတွေကို ပိုင်ဆိုင်ရတာဟာ ငြိမ်းချမ်းရေးလို့ နားလည် ထားတယ်။ လက်နက်ကိုင် တိုက်ပွဲဝင်နေရတာဟာ ရွေးချယ်စရာမရှိလို့၊ တရားမျှတ မှုအတွက် တိုက်ယူနေ ရတာ။ ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးဟာ အဓမ္မကို အနိုင်ယူပြီးမှ ရလာတဲ့ အမှန်တရားနဲ့ တည်ဆောက်ထား တဲ့ ငြိမ်းချမ်းရေး ဖြစ်တယ်။

အခုလို မိသားစုနဲ့ ဝေးတဲ့ တောထဲမှာ နေ့စဉ် ရုန်းကန်ပြီးတော့ တာဝန်ထမ်းဆောင်နေရတဲ့ မူးလန်အတွက် ကတော့ ငြိမ်းချမ်းရေးဆိုတာ သေနတ်ကို ချထားပြီးတော့ ကိုယ့်ရဲ့ မိသားစုဆီ၊ ကိုယ့်ရဲ့ အိမ်ကို ရိုးရိုးသားသားနဲ့ လုံလုံခြုံခြုံ ပြန်နိုင်မယ့်နေ့ကို မျှော်လင့်ရတဲ့ ခံစားချက်မျိုး။ နေ့စဉ်ဘဝမှာ ငြိမ်းချမ်းနေပြီလို့ ခံစားရဖို့ ဆိုရင် ကိုယ်ချစ်တဲ့ ရဲဘော်တွေနဲ့ မိသားစုဝင်တွေ အသက်အန္တရာယ် ကင်းကင်းနဲ့ ဘေးကင်းရာမှာ ရှိနေတာကို သိရဖို့ လိုတယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ကျနော်တို့ မငြိမ်းချမ်းသေးပါဘူး။

စစ်ပွဲတွေ ရပ်သွားရုံ၊ လက်နက်ချလိုက်ရုံ ဒါမှမဟုတ် စစ်တပ်ပြုတ်ကျရုံနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရသွား ပြီလို့ လုံးဝ မထင်ပါဘူး။ ဒီ အမြစ်တွယ်နေတဲ့ စနစ်ဆိုးတွေ၊ အတွေးအခေါ်ဟောင်းတွေ၊ မတရားမှုနဲ့ ဖိနှိပ်မှုတွေ၊ တဦးအပေါ်တဦး ဗိုလ်ကျစိုးမိုးမှုတွေ မပျောက်မချင်း စစ်မရှိရင်တောင် ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး မရှိနိုင်ပါ ဘူး။ တကယ် ငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင် အာဏာရှင်စနစ်ရဲ့ ပုံသဏ္ဌာန်မျိုးစုံကို ဖြိုချတိုက်ထုတ်နိုင်ဖို့၊ လူမျိုး ပေါင်းစုံ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိဖို့၊ ဒီနစ်နာခဲ့တဲ့လူတွေ ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်နဲ့ တရားမျှတမှု ရှိလာဖို့လိုပါတယ်။

တနေ့ နွေဦးတော်လှန်ရေး အောင်မြင်ပြီးတော့  ငြိမ်းချမ်းရေး ရလာခဲ့မယ် ဆိုရင် ဒီနိုင်ငံတော်ကြီးမှာ စစ်ဘေးရှောင်ဆိုတဲ့ စကားလုံးကို လုံးဝ ပျောက်ကွယ်သွားစေချင်ပါတယ်။ လူတိုင်းဟာ ကိုယ့်ရဲ့မွေးရပ် မြေမှာ လွတ်လပ်စွာ၊ ဘေးကင်းစွာနဲ့ ပြန်လည် အခြေချနိုင်ပြီး လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ၊ ကျား၊ မ ခွဲခြားမှု မရှိဘဲနဲ့ တန်းတူညီမျှစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ နိုင်ငံတော်ကြီးကို ကျနော့်အနေနဲ့ မြင်တွေ့ ချင်ပါတယ်။

မျိုးဆက်သစ် လူငယ်တွေကလည်း ကျနော်တို့လို သေနတ်ကိုင်စရာ မလိုတော့ဘဲနဲ့ အနာဂတ် အတွက် လူငယ်တယောက်ရရမယ့် ပညာသင်ကြားခွင့်တွေ၊ ဖန်တီးခွင့်တွေကို အပြည့်အဝ ရရှိစေချင်ပါတယ်။

လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေရတဲ့ ဒီခရီးလမ်းရဲ့ ရည်မှန်းချက်က ပြည်သူအားလုံး လုံခြုံအေးချမ်းစွာ ပြုံးပျော် နိုင်မယ့် ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတခုပါပဲ။ အဲ့ဒီပန်းတိုင်ကို မရောက်မချင်း ဘယ်လိုအခက်အခဲပဲကြုံကြုံ အချိန် ဘယ်လောက်ပဲကြာကြာ ကျနော်တို့ လက်မလျှော့ဘဲနဲ့ အတူ ဆက်လျှောက်ရအောင်လို့ ရဲဘော်တွေကိုရော ပြည်သူတွေကိုပါ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

လင်းလင်း

ဥက္ကဌ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရရတကသ)

ကျနော် သိထားတဲ့ ငြိမ်းချမ်းရေးဆိုတာက သဘောတရားကွဲလွဲမှုတွေ၊ မတူညီတာချင်းတွေကို လက်ခံပြီးတော့ အတူတကွ ယှဉ်တွဲနေထိုင်တယ်လို့ ဆိုချင်တယ်။ တခါတလေမှာ ကျနော်တို့က ကိုယ်နဲ့ အမြင်မတူတဲ့ သူတွေ၊ ယူဆချက် မတူတဲ့ သူတွေနဲ့ ကြုံရတဲ့အခါမှာ မတူတာကို နားလည်းပေးနိုင်ဖို့ မကြိုးစားဘဲ၊ ကိုယ့်ရဲ့ ယူဆချက် သည်သာ အမှန်စွဲအတ္တတချို့ကို  တွေ့ရတယ်။ အဲ့ဒီအခါ သူနဲ့ အမြင် သဘောထားချင်းမတူတာကို ငြင်းခုန်ရန် လုပ်နေမယ့်အစား သူ့ရဲ့သဘောထား အမြင်တွေ၊ ကိုယ့်ရဲ့သဘောထား အမြင်တွေကို ပြန်လည် ဖလှယ်ပြီးတော့ နားထောင်၊ မတူတာကို လက်ခံခြင်းက ကျနော် နားလည်ထားတဲ့ ငြိမ်းချမ်းရေးပါ။

စစ်မရှိရုံနဲ့ ငြိမ်းချမ်းတယ်လို့ မဆိုနိုင်သေးပါဘူး၊ စစ်ပွဲတွေ ရပ်သွားရုံနဲ့လည်း မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ရသေး တယ်လို့လည်း မထင်ပါဘူး။ မတူတဲ့ အမြင်တွေ၊ သဘောထားတွေ၊ မတူကွဲပြား တာတွေကို လက်ခံနေထိုင်နိုင်မှ သာ ကျနော်တို့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လမ်းစပေါ် ရောက်တယ်ဆို ရုံလေး ရှိဦးမှာပါ။ အဲတော့ နောက်ဆက်တွဲ ပါလာမယ့် သဘောထားတွေ၊ အလုပ်တွေကို တူတူ လက်ခံပြီး ဖြေရှင်းနိုင်မှသာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မယ်လို့ ထင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကျနော်တို့ နေထိုင်ရတဲ့ ဒေသတွေ၊ ပတ်ဝန်းကျင်တွေ၊ ရေမြေ တွေက ပိုင်းခြားပြီး ခံစားနေရတဲ့ ဒုက္ခတွေဟာ နည်းနည်းကွာပေမဲ့ ဒီမြေပေါ်မှာ တူတူနေထိုင်နေရတုန်း၊ ဒီမြေကထွက်တဲ့ ရေကို တူတူသောက်ရတုန်းမှာ ပြစ်ဒဏ်ခံယူသင့်တဲ့ လူတစုဟာ အခုချိန်ထိ ကျနော်တို့ရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေကို စုပ်ပြီး စည်းစိမ်ခံနေကြဆဲပါ။

သူတို့ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်မှုတွေကို ပြစ်ဒဏ်ပေးနိုင်မယ့် အချိန်ဟာ မကြာတော့ပါဘူး။ သူတို့ကို ပြစ်ဒဏ် ပေးနိုင်မယ့်အချိန် ရောက်တဲ့အထိ အတူတူ ကြံ့ကြံ့ခံပြီးတော့ တယောက်ကို တယောက်ဖေးမရင်း ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ကို ရောက်အောင် သွားကြပါမယ်လို့ ပြောချင်ပါတယ်။

မဇင်မာဝေ

ကော်မတီဝင်

သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်ကော်မတီ၊ စစ်ကိုင်းတိုင်း။

ငြိမ်းချမ်းရေးဆိုတာ ဘာလဲဆိုရင် လူတဦးချင်း၊ မိသားစုကအစပေါ့ ဒီအုပ်စုအချင်းချင်း၊ လူမှုအသိုင်း အဝိုင်းနဲ့ နိုင်ငံအချင်းချင်းမှာဆိုရင် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ လျှော့ချပြီးတော့ အပြန်အလှန် လေးစားမှုတွေ၊ တရားမျှတမှုတွေ၊ လုံခြုံမှုတွေ ရှိနိုင်ရမယ်။

အခု လက်ရှိမှာဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ်ပေါ့။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ကျမတို့တွေရဲ့ ဘဝတွေ စုတ်ပြတ် သတ်သွားတော့ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စကားလုံးသက်သက်ပဲ ရှိလိမ့်မယ်။ စစ်ကြောင်းထိုး မှုတွေ၊ မြေပြင်မှာဆို လက်နက်ကြီး၊ စစ်ကြောင်း၊ လေကြောင်း စသဖြင့် ဒီလိုမျိုးတွေက နေ့တဓူဝ လူတိုင်းနီးပါး ခံစားနေရတယ်။  ရဲဘော်တွေ၊ စစ်ရှောင်စခန်းက နို့တိုက်မိခင်တွေအစ ကျမတို့တွေ အမျိုးမျိုး ပုံစံမျိုးစုံနဲ့ နေ့စဉ်ဓူဝ ဒုက္ခတွေ ရင်ဆိုင်နေရတယ်။ ဒီလိုမျိုးတွေ အဓိက ရင်ဆိုင်နေရတာက ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းစစ်တပ် မင်းအောင်လှိုင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်။

ဒီလိုမျိုး စစ်ပွဲတွေ မရှိရုံနဲ့  ငြိမ်းချမ်းသွားပြီလားဆိုလို့ရှိရင် စစ်ပွဲတွေ မရှိရုံ တခုတည်းနဲ့ ငြိမ်းချမ်းသွားတာမျိုး မဟုတ်ဘူး။ လူတိုင်းရဲ့ လူ့အခွင့်အရေးတွေ၊ တရားမျှတစွာ အတူတကွ နေထိုင်မှသာလျှင် ကောင်းမွန်တဲ့ တရားစီရင်ရေးတွေ၊ အုပ်ချုပ်ရေး ယန္တရားတွေ အဖက်ဖက်ကနေ ပြည့်စုံမှသာလျှင် ကျမတို့ လိုချင်တဲ့ ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးဆိုတာဟာ တကယ်ကို ရရှိလိမ့်မယ်။

တနေ့မှာ မြန်မာနိုင်ငံမှာ  ငြိမ်းချမ်းရေးတွေ ရရှိလာမယ်ဆိုလို့ရှိရင် ဘာတွေ ရရှိချင်လဲဆိုလို့ရှိရင် လူတိုင်းနီးပါး အခြေခံပညာကအစ တန်းတူသင်ကြားခွင့်တွေ ရရမယ်၊ အမျိုးသမီးတွေရဲ့ ပါဝင်ခွင့်ကိုလည်း အလေးထား ရမယ်၊ အမျိုးသမီးတွေရဲ့ အသံတွေကိုလည်း  တန်ဖိုးထားရမယ်၊ တယောက်နဲ့ တယောက် ယုံကြည်မှုတွေနဲ့ အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရမယ်၊ လူတိုင်းရဲ့ အခွင့် အရေးတွေ၊ ဂုဏ်သိက္ခာ တွေ၊ ကျား/မ တန်းတူညီမျှမှု တွေ၊  စီးပွားရေးတွေ စသဖြင့် ကောင်းမွန်ဖို့အတွက်  မျှော်လင့်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ အမေစုနဲ့အတူ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ။ အချုပ်နှောင်ဘဝမှ အမြန်ဆုံး ကင်းဝေးပါစေ။ ကျမတို့ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကို အမြန်ဆုံး ရောက်နိုင်ပါစေ။ အခု လက်ရှိမှာ ခံစားနေရတဲ့ အာဏာရှင်စနစ်ရဲ့ ဆိုးညှစ်ယုတ်မာမှုတွေ၊ ပြည်သူလူထုတွေ ဒီဒုက္ခတွေကနေပြီးတော့ အမြန်ဆုံး လွတ်မြောက်ပါစေ။

Ying Mwe Lyan (ယိင်းမွေလျန်း)

 Tai Students Union

ငြိမ်းချမ်းရေးဆိုတာ သေနတ်သံတွေ ငြိမ်သွားရုံနဲ့တင် မဟုတ်ဘဲနဲ့ လူတယောက်ချင်းစီရဲ့ စိတ်ထဲမှာ ပတ်ဝန်း ကျင်မှာပါ ဘေးကင်းလုံခြုံတယ်လို့ ခံစားရတဲ့ အခြေအနေတခုလို့ ထင်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာက ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲနဲ့ နောက်တရက် အတွက် ကိုယ်ဘာဖြစ်မလဲ ဆိုတာ စိုးရိမ်စရာမလိုဘဲနဲ့ ကိုယ့်မိသားစုနဲ့အတူတူ ရှင်သန်နေထိုင်ရမယ့်နေရာမှာ အေးအေးချမ်းချမ်းလေး အိပ်စက်အနားယူနိုင်တာ၊ ကိုယ့်ရဲ့ ယုံကြည်ချက် လုပ်ဆောင်ချက်တွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ရှိတယ်၊ လုပ်ကိုင်ခွင့်ရှိတယ်ဆိုတာမျိုး အဲလိုမျိုး နားလည်တယ်။

နေ့စဉ်ဘဝမှာ ငြိမ်းချမ်းတယ်လို့ ခံစားဖို့ဆိုရင် ကိုယ့်မိသားစုနဲ့ ချစ်ခင်ရတဲ့သူတွေ ဘေးကင်းလုံခြုံမှု၊ နေ့တိုင်း သူတို့တွေရဲ့ဘဝက ပုံမှန်အတိုင်းလေးပဲ၊ သူတို့ ပညာရေး၊ စီးပွားရေး၊ လုပ်ကိုင်မှုတွေမှာ စိတ်အေးလက်အေးနဲ့ ပုံမှန်အတိုင်း  ဖြတ်သန်းခွင့်ရှိတာ၊ ပြီးတော့ ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်မျှော်လင့်ချက်ထားလို့ရတာ၊ အဲဒါတွေ ရှိဖို့လိုတယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ကိုယ်တိုင်ရော၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံရော မတည်ငြိမ်မှု တွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာမို့လို့ ဒါကို ငြိမ်းချမ်းနေတယ်လို့ မထင်ဘူး။

စစ်မရှိရုံ၊ စစ်ပွဲတွေ ခဏလေး ရပ်သွားရုံနဲ့တော့ တကယ် ငြိမ်းချမ်းပြီလို့ မယူဆရဘူး။ ကျမအနေနဲ့ ဒါတော့ Negative Peace လို့ခေါ်တဲ့ တိုက်ပွဲတွေမရှိတဲ့ အခြေအနေတခုဖြစ်သေးတယ်။ တကယ့် ငြိမ်းချမ်းရေး ဖြစ်ဖို့ ဆိုတဲ့ဟာ တရားမျှတမှုနဲ့ တန်းတူညီမျှမှု ရှိရမယ်၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားမှု ရှိရမယ်၊ အချင်းချင်း နားလည်ခွင့်လွှတ်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ရမယ်၊ လူမှုစီးပွား ဘေးကင်းလုံခြုံမှု တွေလည်း ပါဝင်ဖို့ ဒါတွေ လိုအပ်တယ်လို့ ထင်ပါတယ်။

ဒီမြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု၊ လူတိုင်းတိုင်း ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ အပြည့်အဝ ရနေတာ၊ လုံခြုံစိတ်ချ စိတ်ချရတဲ့ ဘဝတွေရှိတာ၊ ညဘက်ဆိုရင်လည်း ကိုယ်အိပ်ရာမှာ မစိုးရိမ်ရဘဲ အေးအေးချမ်းချမ်း အိပ်စက်လို့ရတာ၊ ခရီးသွားရင်လည်း စိတ်ချလို့ရတယ်၊ လူငယ်တွေကလည်း သူတို့ရဲ့ အနာဂတ်မှာ မျှော်လင့်ချက်တွေလည်း ပြည့်ဝနေတာ၊ အနာဂတ်မှာ ငါဘာလုပ်လို့ ရမလဲဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေတယ်ဆိုတာမျိုး ဖြစ်ဖို့လိုတယ်။

နောက်တခုကတော့ လူငယ်တွေက ကိုယ့်အိမ်မက်တွေ ကိုယ့်ပြည်တွင်း ကိုယ့်မှာလည်း တခြားနေရာကို ပြောင်းရွှေ့သွားစရာမလိုဘဲနဲ့ ကိုယ့်ပြည်တွင်း ကိုယ့်ဒေသမှာပဲ ကိုယ့်အိမ်မက်တွေကို ရဲရဲဝံ့ဝံ့ အကောင်အထည် ဖော်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတာမျိုး အဲလိုမျိုး ကျမအနေနဲ့ ဖြစ်စေချင်တယ်။

ငြိမ်းချမ်းရေးဆိုတာက ကျမတို့နဲ့ အလှမ်းဝေး ကင်းကွာနေတဲ့ အိမ်မက်မဟုတ်ဘဲနဲ့ ပြည်သူ တွေအားလုံး ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတခုပေါ့။ ဘယ်လိုပဲ ခက်ခဲတဲ့ အမှောင်ထုတွေ ဖြစ်ပါစေ၊ တနေ့မှာ ပိုပြီး ကောင်းမွန်နဲ့ ဘေးကင်းတဲ့ မနက်ဖြန်ဆီ ရောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို လက်မလွှတ်ဘဲနဲ့ ကြံ့ကြံ့ခံရင်း ကျမတို့ အတူတူ ရှေ့ဆက်ကြရအောင်ပါ။ အမှောင်ဆုံးကာလ ရောက်လေလေ အလင်းနဲ့ ပိုနီး လေလေဆိုတဲ့ အတိုင်းပဲ အားလုံးပဲ အားတင်းထားကြဖို့ ပြောချင်ပါတယ်။

ဆာရာ (အမည်လွှဲ)

မိုးမောက်ဒေသခံ စစ်ဘေးရှောင်

လိုင်ဇာ၊ ကချင်ပြည်နယ်။

စစ်မက် မရှိတာ၊ အကြမ်းဖက်မှုမရှိတာ၊ စစ်မက်ပဋိပက္ခတွေ ကင်းဝေးတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလို့ တွေးကြမှာပေါ့။ ကျမလည်း အဲ့ဒီအတိုင်းပဲ တွေးပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ အတွေ့ အကြုံအရ ငြိမ်းချမ်း ရေးကို ဘယ်လိုမျိုး သတ်မှတ်လဲဆို “စိုးရိမ်ပူပန်စရာမရှိဘဲ ကိုယ်ကြိုးစားသလောက် ကိုယ်ရခြင်း”လို့ပဲ ခံယူတယ်။ ဒါ ကျမတယောက်တည်းရဲ့ ခံယူချက်ပါ။

ဒီအချိန်မှာ ငြိမ်းချမ်းနေပြီလို့ ခံစားရတယ် ပြောတဲ့လူကတော့ ကလေးသေးသေးလေးပဲရှိမှာ။ ငြိမ်းချမ်းနေပြီလို့ ခံစားရဖို့အတွက် စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊ စစ်မက်နဲ့ ပဋိပက္ခကင်းစင်တာ၊ တန်းတူညီမျှရှိတာ၊ လူ့အခွင့် အရေးအပြည့်အဝရရှိတာ၊ တစုံတယောက်ကို ထိခိုက်စရာမလိုဘဲ ကိုယ်လုပ်ချင်တဲ့အရာတွေကို လွတ်လပ်စွာနဲ့ အထိန်းအချုပ် အကွပ်အကဲမဲ့စွာနဲ့ လွတ်လွတ်လပ်လပ် လုပ်လို့ရနိုင်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းနိုင်မယ်လို့ ထင်တယ်။

သေနတ်ပစ်နေတာတွေ၊ ဓားနဲ့ခုတ်နေတာတွေ အဲ့ဒါတွေ မရှိတော့ဘူးဆိုလို့ရှိရင် စစ်ပွဲမရှိတော့ဘူးလို့ ပြောလို့ ရတာပေါ့။ အဲ့လို စစ်ပွဲတွေ မရှိဘူးဆိုတိုင်း ငြိမ်းချမ်းလားဆိုလို့ရှိရင်တော့ အဲ့ဒါက တစိတ်တဒေသတော့ ပါဝင်တာပေါ့။ ဒါပေမဲ့ အဲ့ဒါတွေ မရှိတော့ဘူးဆိုတိုင်းလည်း ငြိမ်းချမ်းတာတော့ မဟုတ်ဘူး။

ဥပမာအားဖြင့် ဒီစစ်ပွဲကြီး ပြီးသွားပြီပဲ ဆိုပါစို့။  သူတို့က ငြိမ်းချမ်းရေးလို့တော့ နာမည်တပ်တော့မှာပဲ။ အဲ့ဒီ ငြိမ်းချမ်းရေးကို ဘယ်လို ဆက်လက်ထိန်းသိမ်းမလဲ။ နောက်ထပ် ဒီလိုမျိုး မဖြစ်လာအောင် ဘယ်လို ဆက်ပြီးတော့ လုပ်ဆောင်ကြမလဲဆိုတဲ့ အခန်းကဏ္ဍတွေလည်း အရေးကြီးမယ် လို့ ကျမထင်တယ်။

တန်းတူညီမျှတဲ့ အခွင့်အရေးတွေ မရရှိတာ၊ အာဏာရူးတယ်၊ အာဏာရူးတယ်လို့ ကျမတို့ သုံးနေကျစကား ရှိတယ်။ ငွေကြေးနဲ့ အာဏာဆိုတာ လူတိုင်း လိုချင်ကြတယ်။ အဲ့ဒီအခါမှာ အတိုင်းအထက်အလွန် တဦး တယောက်ကပဲ ငွေကြေးနဲ့ အာဏာကို အများကြီး ရရှိမှု ဖြစ်ပေါ်နေတာတို့၊ ပြောရရင်တော့ တန်းတူညီမျှမှု မရှိတာပေါ့။  ဘယ်အဖွဲ့အစည်း ပဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အားလုံးက အဲ့ဒီအခွင့်အရေး တခုထဲကို တန်းတူ ရရှိနေတာ မဟုတ်ဘဲနဲ့ တဦးတယောက်က ပိုပိုလျှံလျှံ သာသာလေး ရရှိနေမယ်ဆိုလို့ရင်တော့ ရရှိထားတဲ့ ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့လည်း ခက်ခဲမှာ။ အကြောင်းအရင်းပဲ ကွဲရင် ကွဲသွားမှာ။ တန်းတူညီမျှရေးတိုက်ပွဲတွေ နောက်ထပ်တခေါက် ပြန်ဖြစ်ဖို့ဆိုတာ ကတော့ အနှေးနဲ့ အမြန်ပဲပေါ့။

ငြိမ်းချမ်းမှု ဖြစ်ဖို့ဆိုတာက စစ်မက် မဖြစ်ပွား နေရုံနဲ့ပဲ မပြီးဘူး။ ကျမတို့ အယောက်စီတိုင်းမှာ တန်းတူညီမျှတဲ့ အခွင့်အရေး ရရှိဖို့၊ ဘယ်သူ့မှာမှ ပိုပြီးတော့ သာတဲ့အရာဆိုတာက တယောက်နဲ့တယောက် တန်းတူညီမျှ အခွင့်အရေး အကုန်လုံး လူသားတိုင်း တန်းတူ ညီမျှ အခွင့်အရေး ရရှိပြီးတော့ အတူတကွနေထိုင်နိုင်မှ အဲ့ဒီငြိမ်းချမ်းရေးကို ရေရှည် ကျမတို့ ထိန်းသိမ်းနိုင်မယ်လို့ ထင်တယ်။

အစိုးရမှာပဲဖြစ်ဖြစ် Plan မရှိထားဘူးဆိုလို့ရှိရင် ကျမတို့ အဲ့ဒီ ငြိမ်းချမ်းရေး ရေရှည် တည်တံ့ဖို့ ခက်ခဲတာပေါ့။ ဘာတွေ ရှိထားသင့်လဲဆိုရင် ငြိမ်းချမ်းရေး ရသွားပြီဆိုလို့ အစိုးရတစ်ရပ်ဆိုတာကတော့ ရှိနေမှာပဲ။ အဓိက ကတော့ အဲ့ဒီအစိုးရက ပေးတဲ့ အရာတိုင်းကို အုပ်ချုပ်ခံ လူတန်းစားတွေက တန်းတူညီမျှ ရရှိဖို့ လိုအပ်တယ်။ အဲ့ဒါ နံပါတ် ၁ ပေါ့။

အုပ်ချုပ်တဲ့ လူတွေကလည်း တကယ့်ကို ကာယဉာဏ ပြည့်စုံတဲ့လူတွေ ဖြစ်ဖို့လိုအပ်တယ်။ အုပ်ချုပ်သူ လူတန်းစားတွေက တော်လည်း တော်ရမယ်။ ကိုယ်ချင်းစာတရား ပြည့်ဝပြီးတော့ ကိုယ့်အုပ်ချုပ်ခံ လူတန်းစားတွေ အားလုံးကို တန်းတူညီမျှ အခွင့်အရေးတွေ ပေးနိုင်တဲ့ လူတွေဖြစ်ဖို့ လိုအပ်တယ်။

နိုင်ငံတနိုင်ငံ လည်ပတ်ဖို့ဆို ပညာရေးက အရေးကြီးတယ်ဆိုတော့ ပညာရေး စနစ် ကောင်းကောင်းလည်ပတ်ဖို့ အဲ့ဒါတွေကအစ ပြောင်းလဲရမယ်လို့ ထင်တယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ လိုချင်ကြတာပဲ။ ဘယ်သူမဆို ငြိမ်းငြိမ်းချမ်းချမ်း ရှိချင်ကြတာပဲ။ ငြိမ်းချမ်းတဲ့ နိုင်ငံမှာ နေချင်ကြတယ်၊ ငြိမ်းချမ်းတဲ့ မိသားစုမှာ နေချင်ကြ တယ်၊ ငြိမ်းချမ်းတဲ့ ကျေးရွာမှာ နေချင်ကြတယ်၊ အဲ့ဒါ လူတိုင်းရဲ့ ဆန္ဒပဲလေ။ ဒါပေမဲ့ အဲ့လိုမျိုး ငြိမ်းချမ်းရေးနဲ့ ထိုက်တန်တဲ့လူ ကိုယ်တိုင်ကော ဖြစ်ပြီလား၊ ကိုယ်တိုင် တဦးတယောက်ကနေ စပြီးတော့ ကျမတို့ ပြောင်းလဲ ရမယ်လို့ ထင်တယ်။

ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့၊  ငြိမ်းချမ်းရေးတခု ရဖို့အတွက် သူများကိုသွား ပြောင်းလဲဖို့ အရင်ဆိုတာထက် ကိုယ့်ကိုကိုယ် ကိုယ်အရင် ပြောင်းလဲရမယ်။ ငါကော ဘယ်လိုမျိုး ပြုမူနေထိုင်သင့်လဲ၊ ငါကော ဘယ်လိုမျိုး ပုံစံမျိုးဆိုလို့ရှိရင် ငြိမ်းချမ်းတဲ့ အသိုင်းအဝိုင်းတခုကို ဖန်တီးနိုင်မလဲပေါ့။ အဲ့လိုမျိုးလူ ဖြစ်ဖို့အတွက် ငါ့ဘက်က ဘာတွေ ပြုပြင်ပြောင်းလဲရမလဲ၊ ငါ ဘယ်လိုနေထိုင်ရမလဲဆိုတာ အဲ့လိုမျိုးပဲ ပြောချင်တယ်။