စစ်ရေးပဋိပက္ခ တွေရပ်တန့်ပြီး အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်
ဒေဝီ
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ကပြုလုပ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ပဋိပက္ခပြင်းထန်တဲ့ဒေသတွေက အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ စစ်ရေးပဋိပက္ခ တွေ ရပ်တန့်ကာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ဆိုတဲ့ အမြင်သဘောထားနဲ့ အဓိကထားဆွေးနွေးယှဉ်ပြိုင်ခဲ့ကြတယ်လို့ BWU မှ သိရှိရပါတယ်။
ဒီ ကျပန်းစကားပြောပြိုင်ပွဲမှာ အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဖြစ်စဉ် တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ အဓိကထားဆွေးနွေးခဲ့ကြသလို၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ အသံ၊ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှုး (၂) မယဥ်မျိုးလှိုင်ကပြောပါတယ်။
သူက “သူတို့အမြင်မှာထူးခြားတာဆိုသူတို့ဒေသတွေက စစ်ပဋိပက္ခဒေသဖြစ်တယ်၊ ဥပမာ – မကွေးဆိုရင် အခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ခံရတဲ့ ဒေသဖြစ်သလို စစ်ပဋိပက္ခကလည်း နေ့စဉ်နဲ့အမျှဖြစ်တယ်၊ အဲ့ဒီလိုနေရာမှာ ငြိမ်းချမ်းရေးလို့ပြောရင် ပဋိပက္ခတွေရပ်တန့်သွားပြီး အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ဆိုတဲ့ အမြင် သဘောထားတွေ တွေ့ရတယ်” လို့ မယဥ်မျိုးလှိုင်က ဆိုပါတယ်။
နှစ်စဉ် စက်တင်ဘာ ၂၁ မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ဦးစီးကျင်းပတဲ့ “ငြိမ်းချမ်းရေးနှင့် လုံခြုံရေး – အမျိုးသမီးများ၏အသံ ဖွင့်ထုတ်ပေး” ခေါင်းစဉ်နဲ့ ကျပန်းစကားပြောပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက်မှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့ပါတယ်။
ဆုရရှိသူတွေကို ယနေ့ စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ကျပန်းစကားပြောပြိုင်ပွဲကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတည်ဆောက်ရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါမှုကို ပိုပြီးနားလည်လက်ခံလာစေရန်၊ ပဋိပက္ခဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ယုံယုံကြည်ကြည် ပါဝင်နိုင်စေရန်၊ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒချမှတ်ခြင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အမျိုးသမီးတွေရဲ့ အသံနဲ့ အမြင်တွေ
ကို ပိုမိုထည့်သွင်းစဉ်းစားလာစေရန်လည်း ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ BWU ကဆိုပါတယ်။
ဒီပြိုင်ပွဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်နီပြည်တို့အပါအဝင် ဒေသအသီးသီးက ပြိုင်ပွဲဝင် ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပထမဆုကို စစ်ကိုင်းတိုင်းက
မဂျူးဂျူးကေက “အနာဂတ်ငြိမ်းချမ်းရေး တည်ဆောက်သူများပေါ်ပေါက်ရေး၊ အမျိုးသမီးများကို စွမ်းအားပေး” ခေါင်းစဉ်ဖြင့် ရရှိခဲ့ပါတယ်။
ဒုတိယဆုကို ပဲခူးတိုင်းက Kelly က “ငြိမ်းချမ်းရေး၏အခြေခံ၊ အမျိုးသမီးများ၏ရင်တွင်းအသံ” ၊ တတိယဆုကို မကွေးတိုင်းမှ ခင်ခင်က “အမျိုးသမီးများ အခက်အခဲမှန်သမျှ အကုန်ကျော်လွှား၊ ယုံကြည်မှုကို မြဲမြဲကိုင်ထား၊ ငြိမ်းချမ်းရေးဆီ ရောက်အောင်သွား” ၊ နှစ်သိမ့်ဆုကို စစ်ကိုင်းတိုင်းက
မိစိုးက “ငြိမ်းချမ်းရေး၏အခြေခံ၊ အမျိုးသမီးများ၏ရင်တွင်းအသံ” ခေါင်းစဉ်တို့ဖြင့် အသီးသီးရရှိခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို နှစ်စဉ် စက်တင်ဘာ ၂၁ မှာ ကျင်းပလေ့ရှိပြီး ဒီနှစ်လည်း ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ အသံဖော်ထုတ်မှုကို အလေးပေးတဲ့အနေနဲ့ ဒီပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။










