တိုက်ပွဲမရှိသည့် ပအိုဝ်းဒေသက အမျိုးသမီးနှင့် လူငယ်များ ငြိမ်းချမ်းနေကြသလား
ခွန်စိုးမြင့် [ပ၊ အ၊ မ၊ ဖ]
ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းနယ်သည် ပြည်ထောင်စုအတွင်းရှိ အခြားနေရာဒေသများနှင့်နှိုင်းစာလျှင် တိုက်ပွဲဖြစ်ပွါးမှုမရှိခြင်း၊ စစ်တပ်၏ဗုံးကြဲတိုက်ခိုက်မှု မရှိခြင်းတို့ကြောင့် မြန်မာပြည်သူ တရပ်လုံးနှင့် နိုင်ငံတကာအလှူရှင်များ၊ သတင်းမီဒီယာများတို့၏ အာရုံစူးစိုက်မှုမခံရသော ဒေသဟု ဆိုလျင်လွန်မည်မဟုတ်ပေ။
အဆိုပါဒေသကို ထိန်းချုပ်ထားသည့်အဖွဲ့မှာ PNO (ပအိုဝ်းအမျိုးသားအဖွဲ့)/PNA (ပအိုဝ်းအမျိုးသား တပ်မတော်) အဖွဲ့အစည်းဖြစ်ပြီး PNO (Pa-O National Organization) သည် ၂၀၀၉ ခုနှစ်တွင် အသွင်ပြောင်း ပြည်သူ့စစ်အဖြစ် လက်ခံပြောင်းလဲခဲ့သည့် စစ်တပ်လက်အောက်ခံ ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါသည်။ PNO – ပအိုဝ်းအမျိုးသားအဖွဲ့ထိန်းချုပ်ဒေသမှာ ၁၉၉၁ စစ်အစိုးရ နအဖ/နဝတနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီးနောက် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့် နေရာဒေသလည်း ဖြစ်၏။ ထို့ကြောင့် ပအိုဝ်းလူကြီး (အထူးသဖြင့် PNO/PNA လူကြီး) များက ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းပြီး ဖြစ်ကြောင်း ၎င်းတို့၏လူထုစည်းရုံးရေးလုပ်ငန်းများတွင် မကြာခဏပြောဆိုလေ့ရှိကြသည်။
ပအိုဝ်းလူဦးရေအများစုနေထိုင်သည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁၉၉၁ ခုနှစ် PNO/PNA နှင့် နဝတ/ နအဖ အပစ်အခတ် ရပ်စဲစဉ်က သတ်မှတ်ပေးထာသည့် အထူးဒေသ (၆) နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သတ်မှတ်ပေးခဲ့သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် အခြားနယ်ထက်စာလျှင် လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွါးခြင်း မရှိသလောက်နည်းပါးခဲ့သည်မှာ ၁၉၉၀ ခုနှစ်အစောပိုင်းကတည်းကပင် ဖြစ်သည်။
ဆိုခဲ့ပါအနေအထားမျိုးသို့ ရောက်ရှိလာမှုကြောင့် ပအိုဝ်းဒေသတွင် တည်ငြိမ်မှုရှိသည်ဟု ယူဆ၍ ရနိုင် သည်။ ပအိုဝ်းနယ်မြေဒေသတွင် တည်ငြိမ်မှုရှိလာခြင်းကြောင့် ဒေသအတွင်း ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးအခြေပြု အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ဆောင်လာနိုင်ခဲ့ကြသလို၊ အခြေခံ အဆောက်အအုံ ဖြစ်သည့် လမ်းပမ်းဆက်သွယ်ရေးသည်လည်း အတိုင်းအတာတခုထိ ဖွံ့ဖြိုးတိုးတက်နေပါသည်။
ယခုကဲ့သို့ ဒေသအတွင်းတည်ငြိမ်မှုရှိနေသည့် အနေအထားကို PNO/PNA က မြန်မာတပ်မတော်နှင့် အပစ်ခတ်ရပ်စဲပြီးသည့်နောက်ပိုင်း ပအိုဝ်းဒေသအတွင်း ငြိမ်းချမ်းရေးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များ၊ လူထုစည်းရုံးဟောပြောပွဲများတွင် ဂုဏ်ယူစွာဖြင့် ပြောကြားထုတ်ပြန်လေ့ရှိသည်။ ဤအခြေအနေအပေါ်အခြေခံပြီး သုံးသပ်ရလျှင်ဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ငြိမ်းချမ်းရေး ဆိုသည်မှာ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှု ကင်းမဲ့နေသည့် အခြေအနေကို ခေါ်ဆိုခြင်းဟု ယုံကြည်လက်ခံထားကြောင်း ယူဆနိုင်ပါသည်။
ငြိမ်းချမ်းရေးကို “အကြမ်းဖက်မှုမရှိခြင်း” တခုတည်းဖြင့် မသတ်မှတ်ဘဲ အပြုသဘောဆောင်သော ငြိမ်းချမ်းရေး (Positive Peace) နှင့် အနုတ်သဘောဆောင်သော ငြိမ်းချမ်းရေး (Negative Peace) ဟူ၍ ခွဲခြား လေ့လာခဲ့သူ နော်ဝေနိုင်ငံသား ငြိမ်းချမ်းရေးသုတေသီ ယိုဟန် ဂယ်လ်တုန်း (Johan Galtung)၏ အယူအဆအရ Negative Peace ဆိုသည်မှာ တိုက်ရိုက်အကြမ်းဖက်မှုနှင့် စစ်ပွဲများ မရှိသည့် အခြေအနေကို ရည်ညွှန်းပြီး၊ Positive Peace ဆိုသည်မှာ တိုက်ရိုက်အကြမ်းဖက်မှုနှင့် စစ်ပွဲများ မရှိရုံသာမက လူမှုဖွဲ့စည်းပုံ အတွင်းရှိ မညီမျှမှု၊ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများကိုပါ လျော့ပါးဖယ်ရှားကာ တရားမျှတမှုနှင့် တန်းတူညီမျှမှု ရှိလာသည့် အခြေအနေကို ဆိုလိုသည်။
၂၀၂၁ ခုနှစ်၊ မြန်မာ့တပ်မတော်အာဏာသိမ်းပြီးနောက် ပြင်းထန်သည့် စစ်ဆင်ရေးအရှိန်တိုးမြှင့် လုပ်ဆောင် မှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးလေ့ရှိကာ အဆိုပါ စစ်ရှိန်သည် ပအိုဝ်းနယ်သို့ တွယ်ဝိုက်သော နည်းလမ်းဖြင့် အကျိုးသက်ရောက် နေကြောင်း PNO/PNA အဖွဲ့၏ စစ်ရေးနိုင်ငံရေး လှုပ်ရှားဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
စစ်တပ်နှင့်ပိုမိုနီးကပ်သော ဆက်ဆံရေးများ တည်ဆောက်လာခြင်း၊ စစ်တပ်၏ စစ်ရေး ဆိုင်ရာ ထောက်ပံ့ ပေးမှုများရယူခြင်း၊ စစ်တပ်၏ စစ်မှုမထမ်းမနေရဥပဒေအား ပအိုဝ်းဒေသတွင် ပြန့်နှံ့အောင် ကွင်းဆင်းပညာပေး စည်းရုံးပေးခြင်း၊ ပအိုဝ်းနယ်ကာကွယ်ရေးအတွက်ဟု ဆိုကာ ပအိုဝ်းပြည်သူများထံ ဆက်ကြေးအဆမတန် ကောက်ခံခြင်း၊ အဓမ္မ စစ်သားစုဆောင်းခြင်း၊ အသက် ၁၈ နှစ် နှင့် ၃၅ နှစ်အကြား ပအိုဝ်းပြည်သူလူထုအား မဖြစ်မနေ စစ်သင်တန်းများ တက်ရောက်စေခြင်း၊ ပအိုဝ်းပြည်သူလူထုအား စစ်မှုပြုပြီးစစ်ထဲဆွဲသွင်းလိုက်ခြင်း၊ မိသားစု စားဝတ်နေရေးအခက်အခဲကြောင့် အတိုးကြီးစားဖြင့် ငွေချေးယူကာ နိုင်ငံခြားသို့သွားရောက် အလုပ် လုပ်ကိုင်နေကြသော ပအိုဝ်းလူငယ်များထံ နည်းလမ်းပေါင်းစုံဖြင့် ငွေညစ်ကောက်ခံခြင်း စသည်တို့သည် ရပ်ရွာဒေသ လုံခြုံရေးအတွက်ဟု အကြောင်းပြကာ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခဲ့သည့် PNO/PNA အဖွဲ့ရဲ့ စစ်ရေး နိုင်ငံရေးဆောင်ရွက်ချက်တို့ပင်ဖြစ်ပါသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် PNO/PNA ပြည်သူ့စစ်၏ စစ်အင်အားပြန်လည်ကြီးထွားလာမှုနဲ့အတူ ပအိုဝ်းဒေသတွင် ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Conflict-Related Sexual Violence – CRSV)နှင့် လူသတ်မှုတို့ကလည်း တနေ့တခြားဖြစ်ပေါ်တိုးပွါးလာနေသည်ကို တွေ့ရသည်။ ထင်ရှားသော သာဓကအချို့ကို ပြရလျှင် ၂၀၂၂ ခုနှစ်၊ ဇွန်လ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် စံပြကျေးရွာ မှာ ပီအဲန်အို ပြည်သူ့စစ်၏ မူးယစ်ရမ်းကားပြီး စည်းကမ်းမဲ့ သေနတ်ပစ်ဖောက်မှုကြောင့် အမျိုးသမီး တဦးသေဆုံးခဲ့ရသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ တခါးယာဉ်ကျေးရွာ နေ မနန်းလေးသည် ၎င်း၏ငရုတ်ခြံသို့ တဦးတည်းသွားရောက်ခဲ့စဉ် အမည်မသိသူလူတစု၏ သတ်ဖြတ်မှုကြောင့် မနန်းလေး၏ မျက်နှာ၊ လည်ပင်း၊ လက်တို့မှာ ဓါးဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ တွင် တောင်ကြီးမြို့နယ်၊ နန်းဟောင်းမွေတော် ကျေးရွာအုပ်စု၊ ကောင်းမှုစဉ် ကျေးရွာဘောလုံးကွင်းအနီးတွင် အသက် ၁၉ နှစ် အရွယ်နှင့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၂ဦး ဦးခေါင်း ကို သေနတ်နှင့်ပစ်ကာ သတ်ဖြတ်ခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတရားခံကို ရှာဖွေ ဖော်ထုတ်ရာ ပီအဲန်အို ပြည်သူ့စစ်၏ တပ်ဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ အဆိုပါ ရဲဘော်သည် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် TitTok ရိုက်နေစဉ် ၎င်းကို ရိုက်ရကောင်းမလားဆိုပြီး သေနတ်ဖြင့် ခေါင်းတည့်တည့်ကို ပစ်ခတ်ခဲ့ရာသေဆုံးပြီး၊ ကျန်အမျိုးသမီးတဦးအား ကိုယ်လွတ်ရုန်းထွက်မပြေးနိုင်အောင် အတင်းအဓမ္မပြုကျင့်ပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသတွင် ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက နေ့စဉ်နှင့်အမျှ ဖြစ်ပွါးလျက် ရှိနေသည်။ အထူးသဖြင့် ပဋိက္ခသက်ရောက်မှုအရှိဆုံးမြို့နယ်များဖြစ်သည့် ဆီဆိုင်မြို့နယ်၊ ညောင်ရွှေတောင်ပိုင်း ရှမ်း−ကယားနယ်စပ်၊ ပင်လောင်းမြို့နယ်တို့တွင် အများစုတွေ့ရသည်။
ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Conflict-Related Sexual Violence – CRSV) သည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွါးနိုင်သည်။ မုဒိမ်းကျင့်ခြင်း၊ အတင်းအကျပ်ကိုယ်ဝန်ဆောင်ခြင်း၊ အတင်းအကြပ် သားကြောဖြတ်ခြင်း၊ အတင်းအကြပ်ကိုယ်ဝန်ဖျက်ချခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ လူကုန်ကူးမှု၊ လိုင်အင်္ဂါဖြတ် တောက်ခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်သော လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုပုံစံများကို ဆိုပါသည်။
ပအိုဝ်းရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ နဂိုတုန်းကတည်းက တည်ရှိနေပြီးသားဖြစ်သည့် ကျား၊မ နှင့် ဂျဲန်ဒါအခြေပြု ခွဲခြားဆက်ဆံမှုများ၊ မညီမျှမှုများကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်များသည် ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Conflict-Related Sexual Violence – CRSV) ၏ အဓိက ပစ်မှတ်ထားခြင်းခံနေရသည့် ထိခိုက်ခံစားရသူများအဖြစ် ထပ်ဆောင်းရင်ဆိုင်ကြုံတွေ့နေကြရသည်။
မကြာသေးခင်ကာလက ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ဆောင်းဖိုးကျေးရွာတွင် ပအိုဝ်းအဖိုးအိုတဦး အနာကြီးရောဂါဖြစ်ရာ လူ့အဖွဲ့အစည်း၏ ဖေးမကူညီထောက်ပံ့ပေးရမည့်အစား ရွာပြင်သို့မောင်း ထုတ်ခံခဲ့ရသည်။ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာ တရွာတွင် ပအိုဝ်းမိန်းခလေးတဦးက ချစ်သူကောင်လေးနဲ့ ချိန်းတွေ့စဉ် အချိန်မတော်၊ မတော်မရော် အတူတူ နေထိုင်သည်ဟု စွပ်စွဲကာ ရွာစည်းကမ်းလိုက်နာမှုမရှိကြောင်း အကြောင်းပြပြီး ရွာသူကြီးနှင့် လူငယ်အုပ်စု တို့က ၎င်းအမျိုးသမီး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုပစ္စည်များကို ဖျက်ဆီးခြင်း၊ အမျိုးသမီးအပေါ် ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းအပြင်၊ ရပ်ရွာစည်းကမ်း မလိုက်နာဟုဆိုကာ ရွာဆေးဖို့၊ ရပ်ရွာသူကြီးနှင့် လူငယ်ခေါင်းဆောင်များကို အဆမတန် ငွေကြေးဖြင့် အလျှော်ခိုင်း စေခြင်းတို့ ပြုလုပ်စေခဲ့ပါသည်။ ယင်းအချက်များသည် ပအိုဝ်းရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းအရ မူလကတည်းက တည်ရှိနေပြီးသား ခွဲခြားဆက်ဆံမှုများနှင့် မညီမျှမှုများပင်ဖြစ်သည်။
တဖက်တွင် ၂၀၂၆ နှစ်ဆန်းပိုင်းက ရပ်စောက်မြို့နယ်အတွင်းတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှ ဗိုလ်မှူးတဦးသည် ပအိုဝ်းအမျိုးသမီးငယ်တဦးအား အတင်း အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်နေသည့်ဖြစ်စဉ်သာဓကရှိခဲ့သော်လည်း မည်သည့်အဖွဲ့အစည်း မည်သူတဦးတယောက်ကမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
၂၀၂၂ ခုနှစ်နောက်ပိုင်း ပီအဲန်အေ ပြည်သူ့စစ်နှင့် အာဏာသိမ်းစစ်တပ်တို့က လုံခြုံရေးကို အကြောင်းပြ ကာ မြို့နယ်အသီးသီးတွင် လုံခြုံရေးဂိတ်များစွာဖွင့်လှစ်ပြီး ဂိတ်တွင်တာဝန်ကျသည့် ရဲဘော်များက ဖြတ်သွားဖြတ် လာပြုနေကြသည့် ပအိုဝ်းအမျိုးသမီးငယ်များအပေါ် မထီမဲ့မြင်အပြုအမူများပြကာ မဖွယ်မရာ စော်ကားဆက်ဆံ ပြောဆိုခြင်း၊ ဖုန်းတောင်းကြည့်ခြင်း၊ ဓါတ်ပုံခိုးရိုက်ခြင်း များပြုလုပ်လျှက်ရှိသည်။
စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွါပြီး ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းများသို့ ပြောင်းရွေ့နေထိုင်ရသည့်အမျိုးသမီးများသည် အများသုံးဧရိယာတွင် အများနှင့်အတူ ရေချိုးသည့်အချိန်တွင် နယ်မြေခံလုံခြုံရေးရဲဘော်များ၏ ချောင်းကြည့်ခံနေရခြင်း၊ စိတ်ပိုင်းဆိုင်ရာ မလုံမခြုံဖြစ်စေသည့် အပြုအမူများပြု မူခြင်း စသည့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်များကို ပြုလုပ်လျှက်ရှိသည်။
ယခုနှစ်နောက်ပိုင်းတွင် ဒေသခံပီအဲန်အေ ပြည်သူ့စစ်အဖွဲ့က မြန်မာစစ်တပ်နှင့်ပူးပေါင်းကာ တရားမဝင် မှောင်ခိုကျားဖြန့်စခန်းများဖွင့်လှစ်မှု၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ပအိုဝ်းအမျိုးသမီးငယ်များအပေါ် ဦးတည် ပြီး အင်တာနက်အခြေပြု လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံနေရခြင်း (Online abused)၊ အွန်လိုင်းပေါ်မှတဆင့် ချစ်ကြိုက်ကြောင်း အယုံသွင်းကာ မဖွယ်မရာပုံများပြခိုင်းခြင်း၊ မဖွယ်မရာဓါတ်ပုံများတောင်းယူခြင်း၊ ယုံကြည်မှု ကြောင့် ပေးမိပါက အဆိုပါပုံများကို တယ်လီဂရန်ချန်နယ်ကဲ့သို့နေရာများတွင် ဖြန့်မည်ဟု ငွေညစ်ခြိမ်းခြောက်ခံနေ ရခြင်းတို့နှင့်အများအပြားရင်ဆိုင်ကြုံတွေ့နေကြရသည်။
ပအိုဝ်းဒေသတွင် လူ့အခွင့်အရေးချိုးဖောက်ခံရသူ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသူများ တရား မျှတမှုရရှိရေးအတွက် မည်သည့်အခါမျှရှာဖွေဖော်ထုတ်ပေးနိုင်ခြင်း၊ အပြစ်ပေးအရေးယူမှုပြုလုပ်ပေးခြင်းများ မရှိခဲ့ပါ။ အခြားတဖက်တွင်လည်း ကျူးလွန်ခံထားရသူဘက်ကို မျက်ကွယ်ပြုပြီး ကျူးလွန်သူတရားခံ (သူတို့လူ) မနစ်နာရေးနှင့် အဖွဲ့အစည်းသိက္ခာမကျစေရေးအတွက် ငွေကြေးအသုံးပြုကာ အမှုများကို အတင်းအဓမ္မပိတ်သိမ်း စေခိုင်းမှုများပြုလုပ်နေပါသည်။ PNO/PNA အဖွဲ့ ရှေးလူကြီးပိုင်း၏ အယူသည်းမှုနဲ့ ကြီးသောအမှုငယ်စေ၊ ငယ်သော အမှုပပျောက်စေဟူသည့် စကားကို သုံးကာ၊ ချိုးဖောက်ခံရသူအတွက် တရားမျှတမှုကို ရှာဖွေ မဖော်ထုတ်ပဲ မဖြစ်စလောက် လျှော်ကြေး ပိုက်ဆံပေးကာ ခြိမ်းခြောက်အကြပ်ကိုင် အမှုပိတ်သိမ်းခဲ့ပေါင်း မနည်းတော့ကြောင်း ဒေသခံပအိုဝ်းပြည်သူလူထုတို့၏ရင်ဖွင့်သံများမှတဆင့် ကြားနေရသည်။
ပအိုဝ်းအမျိုးသမီးနဲ့လူငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်း၊ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံနေ ရခြင်း၊ အသတ်ခံရခြင်းတို့ကို ကျူးလွန်သူများက ပိုက်ဆံဖြင့် ပေးလျှော်ကြေး ဆိုလျှင် ပအိုဝ်းအမျိုးသမီးနှင့် လူငယ်များတို့၏ အသက်သည် ပိုက်ဆံရှိလျှင် ပေးဝယ်၍ ရသလား ဟူသည့်မေးခွန်းထုတ်ရမည်ဖြစ်သည်။
မူးယစ်ဆေးဝါးအမှုဖြင့်ဖမ်းဆီးခံရသည့် လူငယ်အား ပိုက်ဆံဖြင့် ပြန်ရွေးယူစေခြင်း၊ ပိုက်ဆံမပေးနိုင်ပါက ၎င်းတို့ ပြည်သူ့စစ်အဖွဲ့ထံ သို့မဟုတ် အာဏာသိမ်းစစ်တပ်ထံ စစ်မှုထမ်းခိုင်းစေခြင်း၊ စစ်မှုမထမ်းလိုပါက ၎င်းအစား လူထည့် နိုင်ရန်အတွက် ပိုက်ဆံထည့်ခိုင်းခြင်း၊ ပိုက်ဆံမထည့်နိုင်သည့် မရှိဆင်းရဲသားများကို ရှေ့တန်း ထွက်စေခြင်း၊ ရှေ့တန်းစစ်မျက်နှာမှ သေဆုံးသွားသည်ဖြစ်စေ၊ ပျောက်ဆုံးသွားသည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုး ကြောင့် မိဘနေရပ်သို့ ပြန်ရောက်မလာနိုင်တော့သည့်လူငယ်အတွက် ပီအဲန်အေ ပြည်သူ့စစ်တာဝန်ရှိသူက ၎င်းတို့ မိဘထံ ပိုက်ဆံနှင့် ကြေအေးပေးခြင်းတို့ကို ကျူးလွန်လျှက်ရှိသည်။ ထို့ပြင် အတင်းအဓမ္မ လိင်အကြမ်းဖက်မှု ပြုကျင့်ခံရပါက ငွေကြေးဖြင့်ကြေအေးခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခံရပါကလည်း ပိုက်ဆံဖြင့် ကြေအေးစေခြင်း စသည့် ဖြေရှင်းနည်းတို့သည် ပအိုဝ်းဒေသ ပီအဲန်အို ထိန်းချုပ်မှုအောက်တွင် ရိုးရာဓလေ့ထုံးတမ်း တရားစီရင်ရေး ပုံစံတခုသဖွယ် လူမသိသူမသိဖြစ်ပျက်နေသည်။
ပအိုဝ်းဒေသတွင် လူ့အခွင့်အရေးချိုးဖောက်ခံရသူ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရသူတွေ တနေ့တခြား မြှင့်တက်လာနေသော်လည်း၊PNO ၏ ဦးဆောင်ထိန်းချုပ်မှုအောက်တွင် ပွဲလမ်းသဘင်များ ကျင်းပမြဲကျင်းပပေး နေခြင်း၊ ဘောလုံးပွဲများ တနယ်ဝင်တနယ်ထွက်ပြုလုပ်ခြင်း၊ ရိုးရာပွဲများ စဉ်ဆက်မပြတ်ကျင်းပခြင်း၊ ဗုဒ္ဓဘာသာ ကို အကြောင်းပြုကာ ဘာသာရေးပွဲလမ်းသဘင်များ ကျင်းပပေးခြင်း စသည်တို့သည် ပအိုဝ်းပြည်သူလူထုများ အား ပဋိပက္ခနှင့် ယဉ်ပါးအောင် သို့မဟုတ် ရှပ်ထွေးနေသော အခြေအနေများအပေါ် လူထုနိုင်ငံရေးစိတ်မဝင် စားအောင် အခြေအနေကိုပုံမှန်ပြုလုပ်ပစ်လိုက်ပြီး (Normalization) လူထုရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများအား ဖုံးဖိလှည့်စားနေကြောင်း မြင်တွေ့နေရသည်။
အခြားတိုင်းရင်းသားလူမျိုးများက မိမိဒေသ၊ မိမိနယ်မြေ တရားဥပဒေစိုးမိုးမှုရရှိအောင်၊ မိမိဘာသာပိုင် ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား၊ ကိုယ်ပိုင် တရားစီရင်ရေးယန္တရားဖြင့် စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ၊ အားကြိုးမာန်တက်တည်ဆောက်နေချိန်တွင် PNO/PNA သည် ၎င်းတို့အုပ်ချုပ် ထိန်းချုပ်လျက်ရှိသည့် အထူးဒေသ(၆) နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှ စစ်ကောင်စီ၏တရားရေးနည်းလမ်း သို့မဟုတ် ဒေသခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့အစည်း၏ တရားနည်းလမ်း အတိုင်းတသွေမတိမ်း တကောက်ကောက်လိုက်နေအုံးမည်ဆိုပါက ပအိုဝ်းဒေသရှိ ပအိုဝ်း အမျိုးသမီးနဲ့ လူငယ်များအပါအဝင် ပအိုဝ်းပြည်သူလူထု၏ ဘဝသည် တရားမျှတမှုနှင့် အလှမ်းဝေးကွာ နေအုံးမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။











