တော်လှန်ရေးအင်အားစုတွေအတွက် အင်မတန် စိန်ခေါ်မှုများမယ့် နှစ်တွေ
“မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ ဌာနကြီးမှူး၊ လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ယာယီဌာနမှူး ဒေါ်အေးမြင့်အောင်အောင်နဲ့ အင်တာဗျူး အပိုင်း – ၁”
ခင်ဘုန်းမို့ ဆက်သွယ်မေးမြန်းသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပထမဆုံးဆန္ဒပြပွဲကို ၂၀၂၁ ခု ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးဆေးကျောင်းရှေ့မှာ စတင်ခဲ့ပါတယ်။ မန္တလေးမြို့ရဲ့ နွေဦးတော်လှန်ရေး ကနဦးကာလမှာ အထင်ရှားဆုံး တော်လှန်ရေး ခေါင်းဆောင်တွေထဲ ဥပဒေဘွဲ့ရ၊ မဟာတန်းကျောင်းသူမအေးမြင့်အောင်အောင်လည်း ပါဝင်ခဲ့တယ်။
လူထုသပိတ်တွေအားကောင်းစဉ်ကာလတလျှောက်လုံး မန္တလေးမြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ရှေ့တန်းကနေပါဝင်ခဲ့တဲ့အပြင် ထဘီအလံလွှင့်ထူတဲ့ အမျိုးသမီးပြောက်ကျားသပိတ်တွေကိုလည်း ဦးဆောင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အမျိုးသမီးမဟာမိတ်အင်အားစုမှာပါဝင်ခဲ့တယ်။
စစ်အာဏာမသိမ်းခင်ကတည်းက တက္ကသိုလ်ကျောင်းသူဘဝမှာ မန္တလေးတက္ကသိုလ်မှာ ဥပဒေ ဘာသာရပ်ကို တက်ရောက်ရင်း ကျောင်းသားအရေးတွေမှာပါဝင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ မအေးမြင့်အောင်အောင်ဟာ အာဏာရှင်တော်လှန်ရေးအင်အားစုရဲ့ တစိတ်တပိုင်းအဖြစ် ယနေ့တိုင် ပါဝင်နေဆဲဖြစ်ပါတယ်။
မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီကို ၂၀၂၅ ခုနှစ်နိုဝင်ဘာ ၂၈ရက်နေ့က ဌာနကြီး ၇ခု၊ ကောင်စီဝင် ဌာနကြီးမှူး ၉ဦးနဲ့ စတင်ဖွဲ့စည်း လိုက်ပြီး ကောင်စီရဲ့ သက်တမ်းဟာ ၂နှစ်ဖြစ်ပါတယ်။ ကောင်စီဝင်ဌာနကြီးမှူး ၉ဦးအနက် ၂ဦးက အမျိုးသမီးတွေဖြစ်ကြပြီး တဦးကတော့ ဒေါ်အေးမြင့်အောင်အောင်ပဲဖြစ်ပါတယ်။
ဒေါ်အေးမြင့်အောင်အောင်ကို လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနရဲ့ ဌာနကြီးမှူး၊ လူငယ် အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ယာယီဌာနမှူးအဖြစ် မဲစနစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။
လက်ရှိတော်လှန်ရေးအရွေ့၊ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေ၊ အမျိုးသမီးတဦး အနေနဲ့ အုပ်ချုပ်ရေး ကောင်စီရဲ့ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူရတဲ့အခါ ကြုံတွေ့ရတဲ့ အားသားချက်တွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အေးမြင့်အောင်အောင်ကို Honest Information-HI က ဆက်သွယ်မေးမြန်း ထားပါတယ်။
HI – Honest Information – ပထမဆုံးအနေနဲ့မေးချင်တာက လက်ရှိ သွားနေတဲ့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုမြင်မိလဲ။ အားနည်းချက်၊ အားသာချက်ဘာတွေ ရှိတယ်လို့ သုံးသပ်ချင်ပါသလဲ။
ဒေါ်အေးမြင့်အောင်အောင် – စစ်ကောင်စီဘက်က အတုအယောင်ရွေးကောက်ပွဲကို စပြီး လုပ်ခဲ့တဲ့အချိန်ကတည်းက ၂၀၂၆ နောက်ပိုင်း ခုနှစ်တွေက တော်လှန်ရေးအင်အားစုတွေအတွက် အင်မတန် စိန်ခေါ်မှုများမယ့် နှစ်တွေလို့ တွက်ချက်ခဲ့ကြတာရှိတယ်။
ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကနေပြီးတော့ တရားဝင်မှုကို ရအောင် ယူပြီးတော့ နိုင်ငံတကာမျက်နှာစာမှာ တရားဝင်မှုကို ဗန်းပြပြီးတော့ မတရားအာဏာသိမ်းမှု ကို မျက်ကွက်ပြုမယ်၊ ဖုံးကွယ်မယ် အဲ့ကနေတဆင့် သူတို့အကျိုးစီးပွား ရေရှည်တည်တံ့ရေးအတွက် သွားမယ်ဆိုတဲ့ လမ်းကြောင်းကိုတည်နေတာဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေအတွက်က စိန်ခေါ်မှုများပြီး အခက်အခဲအကြပ်အတည်းတွေ အင်မတန်များတဲ့နှစ်ပေါ့။
လက်ရှိကာလအခင်းအကျင်းဆိုလည်း ရှမ်းမြောက်ရဲ့စစ်ရေးပြိုကျမှုက မန္တလေးကိုရိုက်ခတ်တယ်။ မန္တလေးကနေတဆင့် စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ အဲ့ကတဆင့်၊ အင်းတော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းကို စစ်ကကူးလာတဲ့ အခြေအနေရှိတယ်။
စစ်အုပ်စုအနေနဲ့ကလည်း တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေတွေမှာဆို အဓိက မန္တလေးဆိုလည်း သယံဇာတ တကယ်ထွက်တဲ့ နယ်မြေတွေကို ကျနော်တို့ လက်လွတ်လိုက်ရတာရှိတယ်။ ဖက်ဒရယ် ယူနစ်အစိုးရတွေရဲ့ဝင်ငွေရလမ်း၊ မကွေးဆိုလည်း ရေနံထွက်တဲ့နေရာတွေကို အဓိကထားပြီးတော့ တော်လှန်ရေးအင်အားစုတွေဆီ စီးဆင်းတဲ့ ဝင်ငွေရလမ်းတွေကို မဟာဗျူဟာကျကျ စနစ်ကျကျ ဖြတ်တောက်နေတာတွေ တောက်လျှောက်လုပ်ဆောင်နေတယ်။
အခုဆိုရင် စစ်အုပ်စုနဲ့တိုက်နေတဲ့ မျက်နှာစာတွေက ကချင်၊ ရခိုင်စစ်မျက်နှာတွေ၊ ချင်းဘက်ဆိုလည်း တချို့နယ်မြေတွေကို ပြန်ပေးရတဲ့အခြေအနေမှာ စစ်ရေးအရ သုံးသပ်ကြည့်မယ်ဆို တော်လှန်ရေးက အဆုတ်ဘက်ကို သွားတယ်လို့ယူဆလို့ရတယ်။ နိုင်ငံရေးအရသုံးသပ်မယ်ဆို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးဦးဆောင်ကောင်စီ (SCEF) လို နိုင်ငံရေးဦးစီးဦးဆောင်ပြုတဲ့ အစုအဖွဲ့လို မျိုး ပေါ်ထွန်းလာတာကတော့ နည်းနည်းလေးမျှော်လင့်မိတဲ့ အပိုင်းထဲမှာပါတယ်။ SCEF ထဲမှာဆိုလည်း အမျိုးသမီးမဏ္ဍိုင်၊ ပြည်သူ့တော်လှန်ရေးအင်အားစုမဏ္ဍိုင်တို့၊ ယူနစ်တို့၊ EROs (တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ) စသဖြင့်မဏ္ဍိုင်တွေနဲ့စုဖွဲ့ထားတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) စတဲ့အဖွဲ့တွေ ပါတဲ့အခါ နောက်ပိုင်းနိုင်ငံရေးဦးစီးဦးဆောင်ပြုမှုတွေမှာ စောင့်ကြည့်ရမယ့် ပလက်ဖောင်းတခု ဖြစ်တယ်လို့ ယူဆတယ်။
ခြုံငုံပြီးသုံးသပ်မယ်ဆိုရင်တော့ စစ်အုပ်စုရဲ့ခြေလှမ်းတွေနဲ့ယှဉ်မယ်ဆို ကျနော်တို့က အရမ်းကြီးကွာဟ နေတာမဟုတ်ဘူး။ စစ်ကောင်စီရဲ့တချို့အပိုင်းတွေမှာတော့ စစ်မှုထမ်းဥပဒေကို အမှီသဟဲပြုပြီးတော့ စစ်ရေးအရ အားသာနေတဲ့ အခြေအတွေကိုတော့မြင်ရတယ်။ ဒါပေမဲ့ စစ်အုပ်စုက အမြဲတမ်း အားသာ နေတဲ့ အခြေအနေဘက်ကိုတော့ မတွေ့ရဘူး။ သူတို့လည်းနိုင်ငံတကာမျက်နှာစာမှာ အတော်လေး ရုန်းကန်နေရတဲ့အခြေအနေကိုတွေ့ရပါတယ်။
HI – တော်လှန်ရေးခရီးနဲ့ပတ်သက်ပြီး ခံယူချက်က ဘယ်လိုရှိလဲ။ ဘယ်လိုယုံကြည်ချက်တွေနဲ့ဆက်သွားနေလဲ။
ဒေါ်အေးမြင့်အောင်အောင် – ကျနော်က မန္တလေးတက္ကသိုလ်ကနေ ဥပဒေနဲ့ဘွဲ့ရထားတဲ့ သူတယောက်ပေါ့။ အာဏာသိမ်းတဲ့အချိန်မှာ မဟာတန်းတက်နေတာ CDM ကျောင်းသူတယောက် လို့ပြောလို့ရတယ်။ နွေဦးတော်လှန်ရေးမစခင် စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဘာဆက်လုပ်ရမလဲဆိုတာမျိုး ခဏတာ လမ်းပျောက်တဲ့ ကိစ္စရှိပေမဲ့လည်း ဒါသည်မတရား အာဏာ သိမ်းတာဖြစ်တယ်၊ စပြီးတွန်းလှန်တဲ့အချိန်က ဒီနေ့အချိန်ထိ နားလည်ထားတာကတော့ ကမ္ဘာမှာ ဆိုလည်း ကမ္ဘာ့ အဆင်းရဲဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေ ဘာနဲ့ပဲယှဉ်ယှဉ်ကောင်းကွက်တခုမှမရှိတဲ့ မြန်မာနိုင်ငံမှာ ဘာကြောင့်ဒီလိုမျိုး ဆင်းရဲမွဲပြာကျနေလဲဆိုတဲ့အဖြေက နိုင်ငံရေးစနစ် မကောင်းလို့ပဲ ဆိုတာကို နားလည်ထားကြတယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် မပြိုကျသရွေ့ကတော့ ပြည်သူလူထု လိုလားတဲ့ စစ်မှန်တဲ့ဒီမိုကရေစီ၊ တိုင်းပြည်တိုးတက်မှု ဘယ်လိုမှ တည်ဆောက်လို့မရဘူးဆိုတာကို လက်ခံ နားလည်ထားတယ်။ အခုလက်ရှိ ပြည်တွင်းစစ်ဆိုလည်း နှစ် ၇၀ ကျော်နေပြီ ကမ္ဘာမှာဆိုရင် အရှည် ကြာဆုံး ပြည်တွင်းစစ်ဖြစ်တယ်။ အဲဒါကို ရပ်တန့်နိုင်ဖို့နည်းလမ်းက စစ်အာဏာရှင် စနစ်ကို အပြီးအပြတ်ဖြိုဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကစီစနစ်ကို တည်ဆောက်မှသာလျှင် စစ်ပွဲတွေ ရပ်တံ့ သွားမှာဖြစ်တယ်။ နိုင်ငံရေး၊ စစ်ရေး၊ တော်လှန်ရေး အခြေအနေတွေ ဘယ်လိုပဲရှိရှိ၊ ဒါကြီး မပြိုကျ သရွေ့ကတော့ ဒီလမ်းကြောင်း ပေါ်မှာပဲ ဆက်ပြီးရှိနေမှာပါ။
HI – တော်လှန်ရေးကို စတင်ခဲ့တဲ့ အချိန်ကနေ လက်ရှိအထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေထဲမှာ အားရကျေနပ်ခဲ့တဲ့အတွေ့အကြုံတွေရှိခဲ့လား။ ဒါမှမဟုတ် အရေးကြီးတဲ့ အလှည့်အပြောင်းလို့ပြောလို့ရမယ့် ဖြစ်ရပ်တွေရှိရင်မျှဝေပေးပါဦး။
ဒေါ်အေးမြင့်အောင်အောင် – ကျနော်က ၂၀၂၁ တနှစ်လုံးကတော့ လူထုလှုပ်ရှားမှု တွေ၊ မြို့ပြလှုပ်ရှားမှုတွေ၊ မန္တလေးမြို့မှာ ဦးဆောင် ဆောင်ရွက်ခဲ့တယ်။ အဲ့တုန်းက အတွေ့အကြုံတွေ ရခဲ့တာ လက်ဖက်ရည်သပိတ်လိုမျိုးပေါ့။
လက်ဖက်ရည်ဆိုင်တွေကနေစပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ လုပ်ခဲ့တဲ့ လက်ဖက်ရည်သပိတ်တွေကို တော်တော်လေး မှတ်မှတ်ရရဖြစ်တယ်။ လက်ဖက်ရည်ဆိုတာ မြန်မာလူမျိုးတွေ တောက်လျှောက် သောက်သုံးနေတာဆိုတဲ့ဟာကစပြီး လှုပ်ရှားမှုကို အမြဲအမှတ်ရနေ တယ်။
နောက်ပိုင်းအခင်းအကျင်းတွေမှာတော့ အညာ-စစ်ကိုင်းကို အခြေချတယ်။ လူထုနဲ့အနီးကပ်ဆုံး၊ လူထု နဲ့ အတူတူနေထိုင်ခဲ့ရတယ်။ တကယ့်လူထုက ဘယ်လိုတွေးတယ်။ လူထုက ဘာတွေလိုချင်တယ် ဆိုတာ မျက်ဝါးထင်ထင်စပြီး ချည်းကပ်သိခွင့်ရခဲ့တယ်။ အညာမှာ လေကြောင်းတိုက်ခိုက်မှုတွေ အဲ့လောက် မရှိသေးတဲ့ကာလမှာ တော်လှန်ရုပ်ရှင်စပြီး ပြခဲ့တဲ့လှုပ်ရှားမှု လုပ်ခဲ့တာကို ဘယ်တော့မှ မမေ့ဘူး။
ဟိုးအရင်ခေတ်တုန်းက အညာမှာ ရုပ်ရှင်ကြည့်ရင် ပိတ်ကားကြီးတွေထောင်ပြီး ကြည့်ခဲ့ရတဲ့ ခေတ် ရှိခဲ့ဖူးတယ်။ အင်တာနက်တွေလည်းမရ၊ ဖုန်းလိုင်းတွေလည်းမရတဲ့အခါ အဲ့ဒါကိုပြန်ယူပြီး တော်လှန် အနုပညာရှင်တွေရဲ့ဇာတ်ကားတွေ၊ ညဘက်တွေမှာ တော်လှန်ရုပ်ရှင်တွေကို လူထုကို ပြပြီး တော်လှန်ရေးတရားဟောတာတွေ၊ နိုင်ငံရေးတရားဟောတာတွေ လုပ်ခဲ့ကြတာတွေက လုံးဝ မမေ့နိုင်တဲ့ဟာတွေဖြစ်တယ်။
နောက်တခုက ၁၀၂၇ လိုင်းတွေဖြစ်တဲ့အချိန်မှာ ဒုတိယလှိုင်း အပြီးမှာ မန္တလေး စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာကို ပြန်ပြီးသိမ်းပိုက်နိုင်တဲ့အချိန်။ တော်လှန်ရေးကာလမှာ အောင်မြင်မှုဆိုတာဘာလဲဆိုတာကို ကျနော်တို့ နဖူးတွေ့ ဒူးတွေ့၊ လွတ်မြောက်ခြင်းအရသာကို စတင်ခံစားခဲ့ရတဲ့အခြေအနေပေါ့။ အဲ့အတွေ့အကြုံတွေက ကျနော့်ဘဝမှာမမေ့နိုင်ဆုံးဖြစ်မယ်။
အဲ့ဒါလည်းပြီးရော တနှစ်လောက်အကြာမှာ ကျရှုံးမှုရဲ့အရသာကိုပြန်ရတယ်။ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ ပြန်ပေးလိုက်ရတဲ့အချိန်မှာလည်း ဒါဟာ တော်လှန်ရေးရဲ့ အဆုတ်အတက်လှိုင်းသဘောတွေ ပါလား၊ တော်လှန်ရေးဆိုတာ နိမ့်ချည် မြင့်ချည်သွားနေတဲ့ သဘောတရားတွေပါလား၊ ကျနေတဲ့ အချိန်မှာလည်း ဒါကို ကိုယ်က လုံးဝကြံ့ကြံခံနိုင်ရမယ်ဆိုတဲ့ဟာက တော်လှန်ရေးကာလမှာ ခံစားခဲ့ရတဲ့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်မယ်ထင်ပါတယ်။
HI – ၅နှစ်ကျော်ကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ စိန်ခေါ်မှု တွေက လက်ရှိတာဝန်ယူမှု ဦးဆောင်မှုတွေအပေါ်ဘယ်လိုအထောက်အကူပြုနေလဲ။
ဒေါ်အေးမြင့်အောင်အောင် – တော်တော်လေးအထောက်အကူပြုတယ်။ ဘာလို့လဲဆိုတော့ ကျနော့်မှာက အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံ အရင်ကမရှိခဲ့ဘဲနဲ့ အုပ်ချုပ်ရေး ကောင်စီထဲကို ရောက်တယ်။ အစိုးရအဖွဲ့ထဲကိုရောက်တယ်။ ရောက်တဲ့အခါမှာ ဌာနကလည်း တာဝန် ၂ခုယူရတယ်။ တော်တော်လေး ရုန်းကန်ရတဲ့ဟာတွေရှိတယ်။
အရှေ့ ၅နှစ်တာမှာ ကြုံရတဲ့အတွေ့အကြုံက ဘာရခဲ့လဲဆိုတော့ အဓိကတော့ အရင်တုန်းက လူငယ် သဘာဝပေါ့ တခုခုဆိုစိတ်ဆက်တယ်။ တခုခုဆို ပတ်ခနဲပြန်ပြောချင်တာမျိုး သည်းခံတတ်တာ နည်းနည်းရှားတယ်။ မဟုတ်မခံ၊ ကိုယ်မှန်နေတယ်ဆို ဘယ်သူ့မှဂရုမစိုက်ဘူး၊ ပြန်ပြောမယ်ဆိုတဲ့ စိတ်၊ ပုန်ကန်တတ်တဲ့စိတ်ရှိတာပေါ့။ အခုလိုအစိုးရယန္တရားတွေမှာ စပြီးတာဝန်ယူရတဲ့အခါမှာ ဒီနေရာ ဆိုရင်တော့ သည်းခံရမယ်၊ ဒီနေရာ ဆိုရင်တော့ ပြောရမယ့်စကား၊ ဒီနေရာဆိုရင်တော့ မပြောသင့်တဲ့ စကားဆိုတာမျိုးကို အများကြီး သင်ယူခဲ့ရတဲ့အခါမှာ ဒီနောက်ပိုင်းမှာ အရှေ့ကရခဲ့တဲ့အတွေ့အကြုံနဲ့ ဖြတ်သန်းမှုက တစုံတရာ အဆင်ပြေခဲ့တယ်လို့ သတ်မှတ်လို့ရပါတယ်။
HI – မန္တလေးတိုင်းကို ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖြစ်လာစေခဲ့တဲ့ အဓိကလှုပ်ရှားမှုတွေကဘာလဲ။
ဒေါ်အေးမြင့်အောင်အောင် – မန္တလေးဒေသက ၂၀၂၁ ခုနှစ်လောက်ကတည်းက လူထု လှုပ်ရှားမှု အဖွဲ့အစည်းအနေနဲ့ AFCC လို့ခေါ်တဲ့(အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)) ကို ဖွဲ့စည်းခဲ့တာရှိတယ်။
အဲ့ကနေတဆင့် မန္တလေးဒေသတခုလုံးမှာရှိတဲ့ စစ်ရေး၊ နိုင်ငံရေးအစုအဖွဲ့တွေ၊ သပိတ်အစု အဖွဲ့တွေ CDMတွေ၊ CDM မှာ ပညာ၊ ကျန်းမာ အစုအဖွဲ့တွေ၊ အမျိုးသမီးအစုအဖွဲ့တွေ၊ ကျောင်းသား သမဂ္ဂတွေ၊ အလုပ်သမားလူတန်းစားတွေ အများကြီး ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ဆုံချက်ရှိတဲ့ မန်းတိုင်းစုစည်းရာဆိုတဲ့ နိုင်ငံရေးအရ စုဆုံထားတဲ့ Informal ပလက်ဖောင်းတခုရှိတယ်။ နှစ်စဉ် မန္တလေးဒေသရဲ့ နိုင်ငံရေးအရွေ့၊ စစ်ရေးအရွေ့ကို အမြဲနှီးနှောတိုင်ပင်ဖြစ်တဲ့ နေရာတခုဖြစ်တယ်။
၂၀၂၃ ခုနှစ်လောက်မှာ ခေါင်းဆောင်တွေကြားမှာ စပြီး စဉ်းစားတာက ပဋိဉာဉ်ထဲမှာလည်း ဖက်ဒရယ် ယူနစ်များ ပေါ်ထွန်းရေးဆိုတာ အချက်တချက်အနေနဲ့ပါတဲ့အတွက် လက်ရှိအချိန်မှာ မန္တလေးဒေသပဲ ဖြစ်ဖြစ်၊ စစ်ကိုင်း၊ မကွေးပဲဖြစ်ဖြစ် အုပ်ချုပ်မှုအပိုင်းမှာ၊ အဓိက ကတော့ နိုင်ငံရေးအရ စုဖွဲ့မှုအပိုင်းမှာ အာဏာလေဟာနယ်ဖြစ်နေတယ်။ ဒီအာဏာလေဟာနယ်ကို ဖြည့်ဆည်းဖို့ကတပိုင်း၊ လက်ရှိ တော်လှန်ရေးကာလ၊ ကြားကာလမှာ ဖက်ဒရယ် အသွင်ဆောင်တဲ့ တည်ဆောက်မှုတခု လုပ်သင့်တယ် ဆိုတာတကြောင်း စဉ်းစားပြီးတဲ့အခါမှာ မန္တလေးဒေသမှာလည်း မန္တလေးဒေသ ဖက်ဒရယ်ယူနစ်တခု ပေါ်ထွန်းလာဖို့ဆိုတာကို စပြီးစဉ်းစားခဲ့ကြတယ်။
အဲ့ကနေစပြီးတော့ ဖက်ဒရယ်ယူနစ်အစိုးရတခု ပေါ်ပေါက်လာဖို့အတွက်ကို ကြားထဲမှာ ကြားကာလ နိုင်ငံရေးအစီအမံတခု ရေးဆွဲဖို့လိုတယ်လို့ စဉ်းစားခဲ့ကြတယ်။ ရေးဆွဲရေး ကော်မတီတွေ ဖွဲ့စည်းခဲ့ ကြတယ်။ ရေးဆွဲရေးကော်မတီက တဆင့် နိုင်ငံရေးအစီအမံကို အတည်ပြုရေးဆွဲတယ်။ အဓိက ကတော့ နိုင်ငံရေးအစီအမံတွေ မရေးဆွဲခင် မန္တလေးတိုင်းဒေသမှာ တော်လှန်ရေးအင်အားစုတွေ အားလုံးပေါင်းစပ်ထားတဲ့ နိုင်ငံရေးစင်္ကြံ ပလက်ဖောင်းတခုပေါ်ထွန်းခဲ့တယ်။ အဲ့ကနေတဆင့် နိုင်ငံရေးအစီအမံတွေကိုအတည်ပြုတယ်။ လွှတ်တော်တွေဖွဲ့စည်းခဲ့ကြတယ်။
မန္တလေးဒေသကြား ကာလအုပ်ချုပ်ရေးကောင်စီ၊ မန္တလေးဒေသဖက်ဒရယ်ယူနစ်ဆိုတာ ဒီလိုကနေ စတင်ပြီး ဖြစ်ပေါ်လာကြတာဖြစ်ပါတယ်။ ပါတီဘက်က NLD၊ လူ့ဘောင်သစ်၊ သပိတ်၊ CSO၊ အမျိုးသမီး၊ သမဂ္ဂ CDM အစုအဖွဲ့ တွေ၊ ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေ စသဖြင့် အားလုံးစုစည်းပြီး စတင်စဉ်းစား တွန်းပို့ ခဲ့ကြတာဖြစ်ပါတယ်။
HI – လက်ရှိ မန္တလေးဖက်ဒရယ်ယူနစ်ရဲ့ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိလဲဆိုတာနဲ့ပတ်သက်ပြီး အကျဉ်းချုပ် ရှင်းပြပေးလို့ရမလား။
ဒေါ်အေးမြင့်အောင်အောင် – အခုလိုမျိုး မန္တလေးဖက်ဒရယ်ယူနစ်အစိုးရ ပေါ်ထွန်းလာပြီ ဆိုတော့ တချို့ကလည်း စိတ်ဝင်စားကြတယ်။ အစိုးရကပဲအရာအားလုံးကို တာဝန်ယူဆောင်ရွက် မှာလား။ မဟုတ်ပါဘူး။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ တနည်း မန္တလေးဖက်ဒရယ် ယူနစ်စိုးရက တချို့အပိုင်းတွေမှာပဲ တာဝန်ယူဆောင်ရွက်မှာမျိုးတွေရှိတယ်။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာကူညီရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အဲ့လိုအပိုင်းတွေ တာဝန်ယူဆောင်ရွက်မယ့်ဟာတွေရှိတယ်။
အခုထိ အမျိုးသားညီညွတ်ရေးအစိုးရနဲ့က “Division of Competences” လို့ခေါ်တဲ့ ပြည်ထောင်စု နဲ့ ကျနော်တို့ကြားမှာ အာဏာတွေကို ဘယ်လိုခွဲဝေကျင့်သုံးမလဲဆိုတဲ့ အပိုင်းတွေက မပြီးပြတ်သေးတဲ့ အခါမှာ ဒါကိုပြောဖို့က စောနေသေးတယ်လို့ပြောချင်တယ်။ နားလည်အောင်ပြောရမယ်ဆိုရင်တော့ စစ်ရေးမှာဆို ကျနော်တို့ကလက်ရှိ ပြင်ဦးလွင်ခရိုင်က နယ်မြေအရ စွန့်ခွာလာရတဲ့အခြေအနေ ဆုံးရှုံး ထားရတဲ့အခြေအနေဖြစ်တယ်။ စစ်ရေးလှုပ်ရှားမှုအနေနဲ့ဆို မြင်းခြံခရိုင်ရော၊ ညောင်ဦးခရိုင်မှာပါ လှုပ်ရှားမှုတွေကတော့ တောက်လျှောက်လုပ်နေကြတယ်။ နောက်ပိုင်းတွေမှာလည်း စစ်ရေးနဲ့ ပတ်သက်တဲ့ အရွေ့တွေကတော့ သက်ဆိုင်ရာအစုအဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်။ လက်ရှိမှာတော့ ရပ်တန့်မနေဘဲ အကောင်းဆုံးကြိုးစားနေတာရှိတယ်။
နိုင်ငံရေးအရွေ့မှာနဲ့ပတ်သက်ပြီး မန္တလေးဒေသထဲမှာ ခုနပြောခဲ့တဲ့အစုအဖွဲ့တွေထဲမှာ စင်္ကြံ ပလက်ဖောင်းဆိုတာပါတယ်။ သူကတော့ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံကို အစိုးရ အဖွဲ့တွေအနေနဲ့ တကယ်ကျင့်သုံးရဲ့လား၊ တကယ်အလုပ်လုပ်ရဲ့လားဆိုတာကို အကြံပြု တိုက်တွန်းမယ့် အဖွဲ့အစည်း နိုင်ငံရေးဆုံမှတ် တခုဆိုလည်းဟုတ်တယ်။ တဖက်မှာလည်း မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ SCEF ကိုစုဖွဲ့ပြီးတော့ အဖွဲ့ဝင်အဖြစ်နဲ့စပြီးတော့ ပါဝင်ခဲ့တာရှိတယ်။ SCEF မှာအဖွဲ့ဝင်အဖြစ်နဲ့ပါပြီးတော့ တချို့သော မန္တလေးဒေသရဲ့ နိုင်ငံရေးအရွေ့တွေကို တခြားသော ယူနစ်တွေနဲ့အတူတူ လှုပ်ရှားဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ပြသခြင်းပဲဖြစ်ပါတယ်။
HI – ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံတည်ဆောက်ကြမလဲ ဆိုတဲ့ အင်အားစု အားလုံးရဲ့ သဘောတူညီမှုမထွက်ရှိသေးချိန်မှာ အခုလိုလှုပ်ရှားမှုတွေက အနာဂတ် အတွက် ဘယ်လို အကျိုးဖြစ်ထွန်းစေမလဲ။
ဒေါ်အေးမြင့်အောင်အောင် – အခုလိုမျိုးဖက်ဒရယ်အစိုးရတွေ ပေါ်ထွန်းလာခြင်းက ဖက်ဒရယ်အသွင်ဆောင်တဲ့ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တခုလို့ မြင်တယ်။ အညာဒေသ ယူနစ်လို့ပြောရင်တော့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ EROs အခြေစိုက်နေရာတွေမှာ ကရင်နီဆို IEC (ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ) ရှိမယ်၊ တအာင်းဒေသဆို (တအာင်းပြည်ကောင်စီ – TLC) လိုအစုအဖွဲ့တွေ ရှိကြတယ်။ ဖက်ဒရယ်စုဖွဲ့မှု ပီပီပြင်ပြင်မဟုတ်သေးဘူး ဆိုပေမဲ့လည်း အညာဒေသလိုနေရာမျိုးမှာ ဖက်ဒရယ်သယ်ဆောင်တဲ့ အစိုးရတည်ဆောက်ပုံတွေ၊ Division of Power လို့ခေါ်တဲ့ အာဏာခွဲဝေကျင့်သုံးတာတွေ၊ သက်ဆိုင်ရာ တိုင်းအလိုက်မှာဆိုလည်း အစိုးရ ယန္တရား ပီပီပြင်ပြင် ပုံပေါ်နေတဲ့ ယန္တရားတွေ၊ အဓိက ကတော့ အစိုးရတွေ လုပ်ဆောင်ရမယ့် အုပ်ချုပ်ရေးပိုင်းတွေ၊ လွှတ်တော်တွေ၊ တရားရေးပိုင်းတွေ ပီပီပြင်ပြင်ပုံပေါ်နေတာက တဖက်မှာ ကြည့်မယ်ဆို NUG ဘက်မှာဆို Decentration ဗဟိုချုပ်ကိုင်မှုလျော့ချလိုက်တာပဲ။
ဒါတနည်းကောင်းတယ်။ အရင်တုန်းကဆို NUG ကိုယ်တိုင်က တချို့နေရာတွေမှာဆို ဗဟိုချုပ်ကိုင်မှု ရှိထားတဲ့အခါမှာ လက်လှမ်းမမှီတာလည်းရှိကြတယ်။ အခုလိုမျိုး ဖက်ဒရယ်ယူနစ်အစိုးရတွေ ပေါ်ထွန်းလာတဲ့အချိန်မှာ တချို့သော NUG ရဲ့ဝန်ထုတ်ဝန်ပိုးတွေကို လွှဲပိုးပြီးတော့ ထမ်းပိုးပေးတာ မျိုး ဖြစ်တဲ့အခါမှာ ဝန်လည်းလျော့သလို လုပ်ငန်းဖြစ်မြောက်မှုမှာ အရင်ကထက်ပိုပြီး မြန်ဆန် ပြီးတော့ ထိရောက်မှုရှိတာကိုတွေ့ရတယ်။ ဒါဟာ အခုအနာဂတ်မှာ တည်ဆောက်လိုတဲ့ ဖက်ဒရယ် စနစ်တခု အတွက် ကြိုတင်တာ ဖြစ်တယ်လို့ရှုမြင်ပါတယ်။
HI – မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ လူသားချင်း စာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ဘာတွေအဓိက ဆောင်ရွက် ရတာလဲဆိုတာ ရှင်းပြ ပေးပါဦး။
ဒေါ်အေးမြင့်အောင်အောင် – စစ်ဖြစ်နေတဲ့ နေရာ ဒေသမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူလူထုကို လိုအပ်တဲ့ လူသားစာနာပံ့ပိုးမှုတွေ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ရိက္ခာခြောက်၊ အဝတ်အစားတို့ သူတို့နေဖို့ထိုင်ဖို့ တဲတွေ စသဖြင့် ကူညီဆောင်ရွက် ပေးနေတာတွေရှိပါတယ်။ ရုတ်တရက် ရေကြီးတဲ့ကိစ္စမျိုး၊ ငလျင်သဘာဝဘေးလိုမျိုး ဖြစ်လာတဲ့ ကိစ္စတွေ အရေးပေါ်ဆိုင်ရာ တုံ့ပြန်ရေးတွေနဲ့ လက်ရှိတာဝန်ယူဆောင်ရွက်ပေးနေတာရှိပါတယ်။ လူငယ်အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနမှာတော့ အမျိုးသမီးနဲ့ကလေးငယ်တွေကို ဦးစားပေး ပြီးတော့ အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လိုအပ်တဲ့ပံ့ပိုးမှုတွေလုပ်ပေးတယ်။ ကလေးငယ်တွေဆိုလည်း လိုအပ်တဲ့ ဆေးဝါး၊ အဝတ်အစား၊ အသုံးအဆောင် လိုအပ်တဲ့ပံ့ပိုးမှုတွေကို လက်ရှိမှာကူညီပေးနေပါတယ်။
HI – လက်ရှိ မန္တလေးဒေသအတွင်း ကြားကာလအုပ်ချုပ်ရေး နယ်မြေတွေမှာ စစ်ဘေးရှောင်စခန်းတွေရဲ့အခြေအနေနဲ့ သူတို့ရဲ့ အရေးပေါ် လိုအပ်ချက် အခြေအနေ က ဘယ်လောက်အထိ ရှိနေလဲ။
ဒေါ်အေးမြင့်အောင်အောင် – လက်ရှိစစ်ရှောင်စခန်းတွေရဲ့အခြေအနေကတော့ အခြေအနေ ဆိုးပါတယ်။ စတုန်းက စစ်ပဲရှောင်ရတာ၊ စစ်ရှောင်စခန်းတွေလုပ်ထားပေးတယ်။ တဲတွေလုပ်ထားပေး တယ်။ စားနပ်ရိက္ခာထောက်ပံ့ပေးထားတယ်။ ကြားထဲမှာ ရေဘေးဖြစ်လိုက်တဲ့အချိန်မှာ စစ်ရှောင်တွေ က စစ်ဘေးကနေ ရေဘေးကိုပါထပ်ကြုံရတယ်။ တချို့နေရာတွေမှာ တဲတွေမျော၊ တဲမမျောလည်း ပစ္စည်းတွေမျော၊ စုထားဆောင်းထားသမျှပါ၊ တချို့ သီးနှံစိုက်ခင်းလေးတွေစိုက်တဲ့သူတွေဆိုလည်း လယ်တွေပါ၊ သီးနှံတွေပါ။
သဘာဝဘေးအန္တရာယ်တွေ ရုတ်တရက်ကြုံရတဲ့အခါ မန္တလေးစစ်ရှောင်တွေက သူတို့ရဲ့နေ့စဉ်ရှင်သန် ရေးအတွက် တော်တော်လေးရုန်းကန်နေရတဲ့ အခြေအနေကို ကြုံနေရတယ်။ လက်ရှိလိုအပ်နေတာ တွေက အများကြီးပဲ သူတို့ကိုတဲတွေဆောက်ပေးဖို့လိုတယ်။ တဲတွေဆောက်ပေးပြီးရင်လည်း စားနပ်ရိက္ခာတွေပေးဖို့လိုတယ်။ ပြန်လည်ထူထောင်ရေးအတွက် သူတို့ရဲ့နေ့စဉ်ရှင်သန် ရပ်တည်ရေး အတွက်ကို အလုပ်လုပ်စားဖို့တောင်ပိုက်ဆံမကျန်တော့တဲ့ သူတွေရှိတယ်။ အဲ့လိုလူတွေအတွက် စပါးမျိုးစေ့တွေချပေးမလား။ ဒါမှမဟုတ်ပိုက်ဆံပဲထုတ်ပေးမလား စတာတွေက ကျနော်တို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တခုပဲ။
ဘာလို့လဲဆို မန္တလေးဒေသက နယ်မြေကျဉ်းတယ်။ စိုးမိုးထိန်းချုပ်နယ်မြေကျဉ်းတဲ့အခါ အခွန်ရလမ်း က အင်မတန်နည်းတယ်။ အခွန်ရတာနည်းပေမယ့် စစ်ရှောင်အကြပ်အတည်းက အရမ်းကြီးတယ်။ ဒါက အင်မတန်စိန်ခေါ်ချက်ကြီးတယ်။ တဖက်မှာလည်း နိုင်ငံတကာ အဖွဲ့အစည်းအလှူရှင်တွေနဲ့ ချိတ်ပြီးတော့ ဘယ်လောက်ပဲထောက်ပံ့ပေးနေတယ်ဆိုဆို အိတ်ပေါက်နဲ့ဖားကောက်ပဲပေါ့။ စစ်ဘေးရှောင်အကူအညီဆိုတာလည်း လူပေါင်းသိန်းနဲ့ချီတဲ့ နေ့စဉ်ရှင်သန်ရပ်တည်ရေးအတွက် ဆိုတော့ အများကြီးလိုအပ်နေတယ်။











