သူတို့အသံတွင် ပါဝင်ပြောထားသည့်အမျိုးသမီးအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူများ

ကမ္ဘာလုံးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လျှော့ချခံရတာကြောင့် မြန်မာအမျိုးသမီးနဲ့ ကလေးတွေ ဘာရင်ဆိုင်ရနိုင်သလဲ

ဒေဝီ စုစည်းတင်ဆက်သည်။

ကမ္ဘာလုံးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လျှော့ချခံရတာကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁သန်းအတွက် အရေးပေါ် ကယ်ဆယ်ရေးအစီအစဉ်တွေမှာ အသုံးပြုရမယ့်ရန်ပုံငွေ ပြတ်တောက်သွားပြီလို့ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ UN Women ဇူလိုင် ၁၀ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာမှာ အမျိုးသမီးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကလည်း ပြီးခဲ့တဲ့နှစ်အတွင်း အခက်အခဲ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရသလို အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက ရန်ပုံငွေ မရှိတော့တာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ရုန်းကန်လာရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်တဲ့ မြန်မာနိုင်ငံအတွက် အဖက်ဖက်ကလိုအပ်ချက်တွေ မြင့်မားနေချိန်မှာ  နိုင်ငံတကာအကူအညီတွေ လျော့ပါးလာတဲ့နည်းတူ မြေပြင်မှာလုပ်ဆောင်နေတဲ့ အမျိူးသမီးအဖွဲ့အစည်းတွေရဲ့ အကူအညီပေးရေးလုပ်ငန်းတချို့ လျှော့ချတာတွေရှိလာပါတယ်။ နိုင်ငံတကာအကူအညီတွေ လျော့ကျလာတဲ့နောက် မြေပြင်က အမျိုးသမီးနဲ့ ကလေးသူငယ် အတွက် ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတဲ့အပေါ်  အမျိုးသမီးအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေကို စုစည်းဖော်ပြအပ်ပါတယ်။

မခင်ခင်

အမျိုးသမီးမဟာမိတ်အင်အားစု(WAB- ရွှေဘို)

ရွှေဘိုမြို့နယ် သပိတ်အင်အားစု

 ရန်ပုံငွေနဲ့ပတ်သက်ပြီးပြောရရင် ကျမတို့မှာ ရန်ပုံငွေ နည်းတာမဟုတ်၊ ရှိကို မရှိဖြစ်နေတာပါ။ ဒီကာလမှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုနည်းလာတဲ့အတွက် ဝင်ငွေမရှိ၊ ဘဝ ရပ်တည်ဖို့ ခက်ခဲတာ‌တွေ ကြုံရပါတယ်။

လက်ရှိမြေပြင်အခြေအနေကလည်း အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အတွင်းခံ၊ အဝတ်အစား၊ ကျန်းမာရေး အတွက် လစဉ်သုံးပစ္စည်း၊ ဆေးဝါးတွေကိုလဲ ဝယ်ယူဖို့ မတတ်နိုင်တဲ့သူတွေ အများကြီးပါ။  ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်ခြေတွေလည်း မြင့်မားနေပါတယ်။ စစ်ရှောင်ပြည်သူတွေကိုကြည့်ရင်လည်း စစ်ရှောင်အိမ်ထောင်သည် အမျိုးသမီးတွေ၊ ကလေးတွေက အဟာရမပြည့်တာတွေလည်း ရှိနေပါတယ်။ ဒီကာလမှာ မိန်းမပျိုလေးတွေဆိုရင် အချိန်မရွေး၊ နေရာမရွေး အန္တရာယ်ကြုံတွေ့ဖို့ အလားအလာများပြားပြီး၊ လုံခြုံမှုနည်းတာတွေလည်း ပကတိ အခြေအနေအမှန်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးအဖွဲ့တွေရဲ့ အကူအညီပေးမှုက ဘယ်လောက်ထိရောက်လဲ ဆိုတာနဲ့ပတ်သက်ပြီးပြောရရင် အမျိုးသမီးတွေရဲ့ ဘဝကို အကာအကွယ်ပေး၊ အခွင့်အလမ်း အကူအညီပေးမယ့် အဖွဲ့အစည်းတွေက မြေပြင်ကွင်းဆင်း သွားလာနိုင်မှ အဆင်ပြေမှာပါ။ ဒါပေမဲ့  အထောက်အပံ့တွေ မရှိတဲ့အခါ ကုန်ကျစရိတ်တွေကြောင့် မြေပြင်ထိတွေ့မှု အားနည်းလာနိုင်ပြီး အကူအညီတွေ မပေးနိုင်ကြပါဘူး။

မော်ဖရေးမြာ

ဥက္ကဌ

ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW)

မကြာသေးခင်နှစ်တွေက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုရန်ပုံငွေတွေ လျော့နည်းလာတာကို ကရင်နီပြည် မြေပြင်မှာ အထင်အရှား ခံစားနေရပါတယ်။ ကရင်နီပြည်နယ်လို ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာတော့ လိုအပ်ချက်တွေက ဆက်လက်မြင့်တက်နေသလို၊ ရန်ပုံငွေကတော့ပြောင်းပြန် အခြေအနေ ဖြစ်နေပါတယ်။

KNWO အနေနဲ့လည်း အမျိုးသမီး၊ မိန်းကလေး၊ ကလေးတွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက်  GBV Case‌၊   စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု (PSS)၊ အသက်မွေးဝမ်းကျောင်းထောက်ပံ့မှုနဲ့ကလေးကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပေမယ့်လည်း ရန်ပုံငွေလျော့လာလို့ ဝန်ဆောင်မှုတွေကို အပြည့်အဝဆက်ပေးနိုင်ဖို့ စိန်ခေါ်မှုများလာပါတယ်။

ဒါ့အပြင် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းတွေဟာ အရေးပေါ်တုံ့ပြန်ရေးရဲ့ ရှေ့တန်းမှာရှိနေပေမယ့် ရန်ပုံငွေ မတည်ငြိမ် မှုကြောင့် ဝန်ထမ်းထိန်းသိမ်းရေး၊ လုပ်ငန်းဆက်လက်လည်ပတ်ရေးနဲ့ ရပ်ရွာအခြေပြုဝန်ဆောင်မှုတွေ ဆက်လက်ပေးနိုင်ရေး စိုးရိမ်နေရပါတယ်။

ရန်ပုံငွေလျော့လာတာရဲ့ သက်ရောက်မှုကို လက်ရှိမှာပဲ မြင်တွေ့နေရပါတယ်။ ပထမဦးစွာ အကာအကွယ်ဝန်ဆောင်မှုတွေကို ထိခိုက်စေပါတယ်။ GBV အသက်ရှင်ကျန်ရစ်သူများအတွက် Case Management ၊ Safe House ၊ ဥပဒေရေးရာလမ်းညွှန်မှု၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနဲ့ Referral Services တွေ လျော့နည်းလာနိုင်ပါတယ်။

ဒုတိယအနေနဲ့ စိတ်ကျန်းမာရေးနဲ့  လူမှုရေးပံ့ပိုးမှု လုပ်ငန်းတွေ လျော့ကျလာတာကြောင့် စစ်ဒဏ်၊ ရွှေ့ပြောင်းမှုဒဏ်နဲ့ စိတ်ဒဏ်ရာတွေ ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ပြန်လည်ထူထောင်နိုင်တဲ့အခွင့်အလမ်းတွေ လျော့နည်း လာနိုင်ပါတယ်

တတိယအနေနဲ့ စားနပ်ရိက္ခာ၊ ငွေသားအကူအညီ၊ အသက်မွေးဝမ်းကျောင်း၊ ပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုများလည်း လျော့ကျလာနိုင်ပြီး လူမှုအသိုင်းအဝိုင်းရဲ့ ခံနိုင်ရည်ကို အားနည်းစေပါတယ်။ အမျိုးသမီးတွေအပေါ် သက်ရောက်မှုက အလွန်ကျယ်ပြန့်ပါတယ်။ လုံခြုံရေးအပိုင်းမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ ကျား မအခြေပြု အကြမ်းဖက်မှု (GBV)၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနဲ့ အတင်းအကြပ်လက်ထပ်စေတဲ့ အန္တရာယ်ကို ပိုမိုရင်ဆိုင်လာရ နိုင်ပါတယ်။ ကာကွယ်ရေးဝန်ဆောင်မှုတွေ လျော့ကျလာရင် အသက်ရှင်ကျန်ရစ်သူတွေက အကူအညီရယူဖို့ ပိုမိုခက်ခဲ လာပါလိမ့်မယ်။

ကျန်းမာရေးအပိုင်းမှာ မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှု၊ ကိုယ်ဝန်ဆောင်နဲ့ မွေးဖွားဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီမှု လျော့နည်းလာနိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်းအပိုင်းမှာ ငွေသားအကူအညီ၊ အသက်မွေးဝမ်းကျောင်းသင်တန်းနဲ့ ဝင်ငွေရရှိရေးအစီအစဉ်တွေ လျော့ကျလာရင် အမျိုးသမီးတွေဟာ အကြွေးတင်တာ၊ အန္တရာယ်ရှိတဲ့အလုပ်တွေ လုပ်ကိုင်ရတာ၊ အနှုတ်လက္ခဏာဆောင်တဲ့ ရင်ဆိုင်ဖြေရှင်းနည်းတွေကို အသုံးပြုရတာတွေ တိုးလာနိုင်ပါတယ်။

ကရင်နီမှာ စစ်ပဋိပက္ခဟာ ဆက်လက်ပြင်းထန်နေပြီး လူအများအပြားက စစ်ရှောင်စခန်းတွေမှာ နှစ်ရှည်နေထိုင်နေရ ပါတယ်။ အမျိုးသမီးအများစုဟာ မိသားစုကို ဦးဆောင်ရတဲ့အခြေအနေဖြစ်လာပြီး ကလေးပြုစုစောင့်ရှောက်ရေး၊ စားဝတ်နေရေးနဲ့ လုံခြုံရေးတာဝန်တွေကို တပြိုင်နက်တည်း ထမ်းဆောင်နေရပါတယ်။ ဒီလိုအချိန်မှာ ရန်ပုံငွေ လျော့နည်း လာခြင်းဟာ ဝန်ဆောင်မှုတခုလျော့သွားတာထက်ပိုပြီး နေ့စဉ်အသက်ရှင်ရပ်တည်မှုပြဿနာအပြင် အမျိူးသမီးဦးဆောင်မှု အခန်းကဏ္ဍကိုပါ ထိုခိုက်စေတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် KNWO က ပေးနေတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ပံ့ပိုးမှု အစီအမံတွေ၊  စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု၊ ကလေးကာကွယ်ရေး၊ အသက်မွေးဝမ်းကြောင်းအစီအစဉ်တွေ လျော့နည်းလာရင် အမျိုးသမီးတွေအတွက် လုံလုံခြုံခြုံ အကူအညီ ရယူနိုင်တဲ့နေရာတွေ နည်းသွားမယ်၊ အကြမ်းဖက်မှုကြုံတွေ့သူတွေက အချိန်မီ အကူအညီ မရနိုင်တော့ဘူး၊ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပညာရေးအခွင့်အရေးတွေ ပိုမိုထိခိုက်လာနိုင်ပါတယ်။

ဒါ့အပြင် ဒေသခံအမျိုးသမီး ဦးဆောင်အဖွဲ့အစည်းတွေက ရပ်ရွာနဲ့ယုံကြည်မှုတည်ဆောက်ထားပြီး အရေးပေါ်တုံ့ပြန်မှုကို အမြန်ဆုံး ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ရန်ပုံငွေမရှိလို့ လုပ်ငန်းလျော့ချရခြင်းက ရပ်ရွာတခုလုံးရဲ့ ကာကွယ်ရေးစနစ်ကို အားနည်းသွားစေပါတယ်။ KNWO အနေနဲ့ မြင်တာကတော့ ရန်ပုံငွေဟာ အကူအညီပစ္စည်းပေးဖို့အတွက်သာမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ အသက်၊ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတကာအလှူရှင်တွေအနေဖြင့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုသာမက ဒေသခံအမျိုးသမီးဦးဆောင်အဖွဲ့အစည်းတွေကို တိုက်ရိုက်၊ ရေရှည်နှင့် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့  ရန်ပုံငွေထောက်ပံ့မှုတွေကို ဆက်လက်မြှင့်တင်ပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။

နော်အဲ့တမွီဖော

တွဲဖက်အတွင်းရေးမှုး -၂

ကရင်အမျိုးသမီးအစည်းအရုံး

နိုင်ငံတကာအကူအညီလျော့လာတာပြောရရင် သက်ရောက်မှုက အခုပြည်တွင်းမှာ စစ်တပ်ကလေယာဥ်ဗုံးကြဲတာ စစ်အင်အားတွေ တိုးချဲ့တာကြောင့် စစ်ပွဲတွေ အခုထိမပြီးသေးဘဲ စစ်ဘေးရှောင်တွေ ပိုပိုများလာတယ်။ နိုင်ငံတကာ အကူအညီလျော့လာတာအတွက်ကြောင့် လူထုအဖွဲ့အစည်းအတွင်းမှာ အကူအညီတွေလည်း လျော့လာတယ်။ စစ်ဘေးရှောင်တွေအတွက် အကူအညီပေးမှုလဲ လုံလောက်မှု မရှိတော့တာ၊ နိုင်ငံတကာ အကူအညီတင်ရင်လဲ စစ်ဘေးရှောင် တွေအတွက် အပြည့်အ၀မရရှိတာတွေရှိပါတယ်။

ကျမတို့အမျိုးသမီးအဖွဲ့အစည်းကလဲ အကူအညီပေးရင် အမျိုးသမီးနဲ့ကလေး အတွက်မဟုတ်ပဲ လိုအပ်သူအားလုံးအတွက် ကူညီတဲ့အတွက် အခု အကူအညီလိုအပ်သူတွေကို မကူညီနိုင်ခဲ့တာ အများကြီးရှိခဲ့တယ်။

အခုဆိုရင်တိုက်ပွဲတွေဖြစ်တဲ့အတွက်  လေယာဥ်ဗုံးကြဲတာ၊ မိုးရာသီလည်းဖြစ်တော့ ကျန်းမာရေးအတွက် စားနပ်ရိက္ခာ အသက်မွေး၀မ်းကျောင်း စတာတွေ လိုအပ်တယ်။ စစ်ဘေးရှောင်အမျိုးသမီးတွေက အခုထိအိမ်မပြန်ရဲ၊ အသက်မွေး၀မ်းကျောင်း အတွက်လည်း အလုပ်လုပ်ဖို့အဆင်မပြေ၊ အကူအညီလည်း မရတော့တာကြောင့် သူတို့အတွက် ပြဿနာအခက်ခဲကြုံတွေ့နေရတယ်။ စခန်းအတွင်းမှာ ကျန်းမာရေးကူညီထောက်ပံ့မှု မရှိတော့တာကြောင့်  အမျိုးသမီးတွေအတွက် ကျန်းမာရေးပြနာ ကြုံတွေ့နေရတယ်၊ မိသားစုစီမံကိန်းနဲ့ မျိုးဆက်ပွား ကျန်းမာရေး အပိုင်းမှာ ပြနာကြုံနေရတယ်။ အသက်မပြည့်တဲ့ ကလေးတွေ အရွယ်မတိုင်ခင်အိမ်ထောင်ကျတဲ့ပြနာရှိတွေလည်းရှိတယ်။ အမျိုးသမီးတွေ တားဆေးလိုအပ်ရင် ထိုင်းဆေးခန်း သွားယူရတယ်။ သွားဖို့လည်း လမ်းစရိတ်ထပ်ကုန်ရတာတွေ ကြုံနေရတယ်။

 အခုအချိန်မှာ စခန်းလူတွေအပြင်မှာ အလုပ်ထွက်ခွင့်ရတယ်။  ဒါပေမဲ့ အမျိုးသမီးတွေအတွက် မိသားစုအတွက်နဲ့ ကလေးအတွက်ကြောင့်စခန်းအပြင်မှာ အလုပ်ထွက်လုပ်ဖို့လဲအဆင်မပြေသလို လုံခြုံစိတ်ချရမှုမရှိတဲ့ အချိန်လဲရှိနေသေး တယ်။ မြန်မာပြည်မှာ ဆင်းရဲမွဲတေမှုတွေ ပြည့်နှက်နေတဲ့အတွက် လက်ရှိကျမတို့ မြန်မာပြည် အမျိုးသမီးတွေက လူထုအဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်းတွေကတဆင့် အများအားဖြင့်နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်တယ်။ ကိုယ့်တိုင်းပြည်မှာ အစိုးရမရှိသလို၊ ဘာအကူ အညီမှမရရှိခဲ့ပါဘူး။ အကူအညီလျော့လာတဲ့အတွက် မြန်မာအမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝကိုများစွာ ထိခိုက်စေပါတယ်။

ကျမတို့အဖွဲ့အစည်းမှာ နိုင်ငံတကာရန်ပုံ‌ငွေလျော့နည်းမှုအပေါ် US-AID စဖြတ်တုန်း အထူးသဖြင့် လုံခြုံတဲ့ အိမ်နဲ့ အမျိုးသမီးလုံခြုံရေးစီမံကိန်း (Safe House and women’s protection project) အတွက်အများကြီး ထိခိုက်မှုရှိပါတယ်။ ရန်ပုံငွေလျော့နည်းမှုကြောင့် ကျမတို့စီမံကိန်း လှုပ်ရှားမှုအချို့  ပြန်ပြီးလျော့ချတာမျိုးလုပ်နေရပါတယ်။

ဒေါ်မျိုးမျိုးအေး      

ဦးဆောင်သူ

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် – မြန်မာ (STUM)

မနှစ်က ၂၀၂၅ ဇူလိုင် ၂၅ မှာ တရုံးလုံး ဖမ်းဆီးခံလိုက်ရတယ်။ ဖမ်းဆီးခံရပြီးနောက်မှာ လုပ်နေတဲ့ ပရောဂျက်တွေ ရပ်ထားလိုက်ရတယ်။ ပရောဂျက်တွေရပ်တော့ ပြန်ထွက်လာရင် ဆက်လုပ်လို့ရမယ်ထင်တာ။ သူ့ရဲ့ သဘောသဘာဝအရ အခုချိန်ထိ ပြန်မစနိုင်ဘူးပေါ့။ ရှည်ကြာနေတယ်။  တလပြီးနိုး၊ တလပြီးနိုးနဲ့စောင့်လာတာ အခု ၁နှစ်ပြည့်လာခဲ့ပြီ။ မစနိုင်တဲ့အခါကျတော့ ရပ်လိုက်ရတာပေါ့။ ပြန်စဖို့အတွက် လိုတာရယ်လို့တော့မဟုတ်ဘူး၊ ဒိုနာဘက်က တောင်းဆိုတဲ့ လိုအပ်ချက်တွေ မပြည့်စုံတာပေါ့။ အဖွဲ့အစည်းအနေနဲ့ ပြောရရင် တရားဝင်မှတ်ပုံတင်ကျထားတဲ့အဖွဲ့မဟုတ်တော့ ဘဏ်အကောင့်တွေရော အကောင်အထည်ဖော်မှုအပိုင်းမှာ လိုတာတွေရှိတာပေါ့။

ပုံမှန်ပေးနေကျ EU ပရောဂျက်ကလွဲပြီး တခြားလျှောက်တဲ့အခါကျရင် ဒိုနာတွေရဲ့ လိုအပ်ချက်တွေကို မပေးနိုင်ဘူး၊ လျှောက်လို့မရဘူးပေါ့။ ကျမတို့က အလုပ်သမားသမဂ္ဂဆိုတော့ အခုစက်ရုံထဲက အငြင်းပွားမှု တစုံတရာဖြစ်လို့ တိုင်ကြားဖို့ လိုအပ်တယ်။ ဝန်ကြီးဌာနရဲ့ ဦးစီးတွေကို တိုင်တာပဲဖြစ်ဖြစ် ဒါတွေကို ကျမတို့ဝန်ဆောင်မှုပေးတယ်၊  အမှုလိုက်ပါ ဖြေရှင်းတဲ့အခါမှာလည်း ဥပဒေကို သေသေချာချာ ကျွမ်းကျင်တဲ့သူတွေက လိုက်ပါဆောင်ရွက်ပေးတယ်။ အခုချိန်မှာ ဒါတွေမလုပ်နိုင်တော့ဘူးပေါ့။

ရုံးငှားခ၊ ရုံးသုံးစရိတ်၊ လစာ၊ အမှုသွားတဲ့အခါသုံးတဲ့ ငွေကြေး ဒါတွေကို စိုက်ထုတ်သုံးစွဲနိုင်ဖို့ မရှိတော့လို့ ရပ်နားလိုက်တာ။ ရပ်နားရတော့ ကူညီပေးရေးအခြေအနေက  အဖွဲ့ပေါ်မှာ‌တော့ ဝန်ထုတ်ဝန်ပိုး ဖြစ်သွားတာပေါ့။ သမဂ္ဂဖြစ်တဲ့အတွက် ဒီကေစ့်တွေကို ကျမတို့ ထွက်ရှင်းရတာမျိုးတွေ၊ ယူနီယံတွေ ထွက်ရှင်းရတာမျိုးတွေ အဖမ်းခံရစဉ်မှာ စစ်ရုံထဲက ယူနီယံတွေက သူတို့လစာတွေ အဖြတ်ခံပြီး ထွက်ပြီးရှင်းခဲ့ရတယ်။ တကြိမ် သူတို့ဘက်က အဲ့ဒီလိုလုပ်ခဲ့ပြီးပြီ၊ အခုချိန်မှာ အဲ့ဒီလိုလုပ်ရမယ်ဆိုရင်   သူတို့မိသားစုတွေရဲ့ စားဝတ်နေရေးအပေါ်မှာ ဝန်ပိသလိုဖြစ်တာပေါ့။

ပြန်စနိုင်ဖို့က ကျမတို့က တောက်လျှောက်ပရိုပိုဆယ်တွေ လိုက်ဖတ်တယ်။ လျှောက်လို့ရတာလျှောက်တယ်။ လျှောက်လို့ မရတာလည်း ကံပေါ့၊ မတတ်နိုင်ဘူး။ ဟိုရက်ကဆို ကနေဒါဖန်က စာပြန်ပို့တယ်။ မရဘူးပေါ့ ။ ကျမတို့က ဥပဒေကြောင်းအရ ကိစ္စတွေ ရှင်းတာတင်မဟုတ်၊ တခြားအိမ်တွင်းအကြမ်းဖက်မှု ချိုးဖောက်ခံရတာတွေနဲ့ပတ်သတ်လို့ ကူညီကယ်ဆယ်ရမယ့် မိန်းကလေးတွေအတွက်  အထောက်အပံ့ ပေးတယ်ပေါ့။ နေရပ်ပြန်မယ်ဆိုလည်း နေရပ်ပြန်ဖို့ အတွက် ဒီမှာနေတယ်ဆိုလည်း လုံခြုံတဲ့နေရာစီစဉ်ပေးတာတွေ၊ ဒါတွေမပေးနိုင်တော့ဘူးပေါ့။  

ပရောဂျက် ပြန်စမယ် ဆိုရင်တောင်မှ ဒီဝန်ဆောင်မှုတွေမပါဘူး အရမ်းနည်းသွားတယ်။ စီစဉ်ထားတဲ့ ပရောဂျက်တောင်မှ ဘတ်ဂျတ်က ထက်ဝက်ပဲဆိုတော့ အမျိုးသမီးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ကူညီမှုတွေ မလုပ်နိုင်ဘူးပေါ့။ နိုင်ငံတကာ အကူအညီပေါ်မှာ ရပ်ပြီးတော့ သူတို့မပေးရင် ငါတို့ဒီလိုဖြစ်ပြီဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အဲ့ဒီလိုရပ်သွားတဲ့အတွက်ကြောင့် လတ်တလောမှာ ချက်ချင်းကူညီပေးတာတွေ မလုပ်နိုင်ဘူးပေါ့။ မဖွံ့ဖြိုးသေးတဲ့နိုင်ငံ ဖြစ်တော့ ဒီအကူအညီတွေကလည်း လိုအပ်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ဆိုတာ သူဌေးကြီးတွေမဟုတ်တော့ ဖောင်ဒေးရှင်းကြီးတွေနဲ့ မကူညီနိုင်ဘူး။

ငွေရေးကြေးရေး ပြည့်စုံတယ်ဆိုရင် ရန်ပုံငွေတွေ လျှောက်မနေတော့ဘူး။ ကိုယ့်ဟာနဲ့ကိုယ် ဦးဆောင်ပြီး လုပ်ပေးလို့ရတာ ပေါ့။ အခုကျတော့ အဲ့ဒီလို အခြေအနေမဟုတ်တော့ လျှောက်လို့ရတဲ့ ရန်ပုံငွေတွေကိုလျှောက်ပြီး ဆက်စပ်ပတ်သက်တဲ့ ကူညီလို့ရတာ ကူညီတယ်။ အခု အဲ့ဒါတွေ မလုပ်နိုင်တော့ ချက်ချင်းထောက်ပံ့ပေးတာ အိမ်တွင်းအကြမ်းဖက်ခံရတယ်ဆို ချက်ချင်းလုံခြုံတဲ့ နေရာထားတယ်။ နှစ်သိမ့်ဆွေးနွေးပေးတယ်၊ ကျန်းမာရေးစစ်ဆေးတာတွေလုပ်တယ်။ အခုတော့ မလုပ်နိုင်ဘူးပေါ့။

ကျမတို့က တောက်လျှောက်ဝန်ဆောင်မှုပေးလာတာတွေကို မပေးနိုင်တော့ဘူးလို့ ဝမ်းနည်းစွာနဲ့ ပြောရတာပေါ့။ အလုပ်ကြီး ရပ်ပြီးတော့ ဘာမှမလုပ်ဘဲ နေလိုက်တာတော့ မဟုတ်ဘူး။ ဟိုတုန်းက ၁၀လှမ်း လှမ်းရင်အခု ၁လှမ်းလှမ်း နိုင်တော့မယ် ဆိုတာမျိုးထုတ်ပြောတာပေါ့။

ဒေါ်နိုးနိုးထက်စံ

မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် (BWU)

UN Women က ထုတ်ထားတဲ့စာအရတင်မကဘူး တကမ္ဘာလုံးက လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေတွေကို လျော့ချ လာကြတယ်။ အမေရိကန်ဆိုလည်း ပေါ်ပေါ်ထင်ထင်ပြောတယ်ပေါ့။ Humanitarian Aid တွေ ကျဆင်းလာတဲ့အခါ အထူးသဖြင့် ပဋိပက္ခတိုင်းပြည်မှာရှိတဲ့ အမျိုးသမီးတွေ၊ က‌လေးတွေက ပိုပြီးတော့ ခက်ခဲမှု ကြုံရတာပေါ့။ Humanitarian Aid (လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ)ကနေတဆင့်ပဲ စားနပ်ရိက္ခာတွေ ဖူလုံရေးကိစ္စတချို့ကို ရရှိခံစားရတာ။  အခု ငွေကြေးတွေလျော့ချလိုက်တာနဲ့အမျှ လူမှုဖူလုံ‌ရေးအတွက် ပေးကမ်းရတဲ့ ကိစ္စတချို့ကိုလည်း ပြန်ပြီးလျော့ချတာ ဖြစ်တဲ့အတွက် အမျိုးသမီးနဲ့ ကလေးတွေက ထိခိုက်ရတဲ့ ကိစ္စတွေဖြစ်လာတယ်။

တချို့နေရာတွေက နဂိုကတည်းကကို Humanitarian Aid တွေက ရတာမဟုတ်ဘူး။ မြန်မာပြည် IDPထဲက အမျိုးသမီးတွေ တချို့ဆိုရင် ဟိုဘက်နယ်စပ်ဒေသလည်းမရောက် တောထဲတောင်ထဲ ကျော်ဖြတ်ပြီးတော့မှ တိတ်တဆိတ်  နေထိုင်နေကြရ တဲ့သူတွေ အများကြီးရှိတယ်။ အဲ့ဒီသူတွေဆို နဂိုကတည်းက လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေဆိုတာ ဘာပြောမှန်းသိတာတောင်မဟုတ်ဘူး သူတို့ခံစားခွင့်လည်းမရဘူး လမ်းမှာသေတဲ့ သူကလည်းသေ ဖျားနာပြီး ကျန်ခဲ့တဲ့သူကလည်းကျန်၊ အသတ်ခံရတဲ့သူကလည်းအသတ်ခံရတယ်။ ပြည်တွင်းစစ်ထဲမှာ လူ့ဘဝတွေဆုံးရှုံးနေရသူ တွေအများကြီးရှိတယ်။

လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ လျှော့ချလိုက်ရင် နဂိုအဲ့ဒီလိုနေရာမဟုတ်ဘဲနဲ့ ခံစားခွင့်ရနေတဲ့နေရာတွေတောင်မှ လျှော့နည်းလာတဲ့ကိစ္စဖြစ်တယ်။ နဂိုကတည်းကလည်း ဗိုက်ပြည့်အောင်ကျွေးနိုင်တာမျိုး မဟုတ်ဘူးလေ။  မလုံလောက် ပေမယ့်လည်း အသက်မသေအောင်စားနိုင်တဲ့ အစားအသောက်လောက် ဖြန့်ဝေနိုင်တာကို  လျှော့ချပြီဆိုရင်တော့ ပိုဆိုးသွားတယ်။

ရန်ပုံငွေကို အဓိကထားပြီး တံတားလို‌ကူညီစောင့်ရှောက်ပေးနေကြတဲ့ အဖွဲ့အစည်းတွေ၊ ရန်ပုံငွေကိုစီမံပြီးတော့ ဖြန့်ဝေလို့ရအောင် ကြိုးပမ်းပေးနေတဲ့ အဖွဲ့အစည်းတွေမှာ ရန်ပုံငွေ လျှော့ကျလာတဲ့နည်းတူ ကိုယ်ဖြန့်ဝေပေးရတဲ့ နေရာဒေသတွေ နည်းလာတယ်။ ပုံမှန် ဒေသ၁ခုကို ၁၀၀ ပေးတယ်ဆိုပါတော့ လျှော့ချလိုက်တယ်ဆိုရင် ၅၀ ဒါမှမဟုတ် ၇၀လည်းဖြစ်သွားနိုင်တယ်။ နည်းသွားနိုင်တယ်။ အခုကုန်စျေးနှုန်းက တက်လာတယ်၊ တက်လာတဲ့အခါကျတော့ နဂိုပေးတဲ့ ငွေပမာဏတောင် မလောက်တာ လျှော့လိုက်တယ်ဆိုရင် သုံးရတဲ့ ပိုက်ဆံ သဘောတရားကို စဉ်းစားကြည့်လို့ရတယ်။

ချုပ်ပြီးပြောရရင် Humanitarian Aid – လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေတွေ လျော့ကျလာတဲ့နည်းတူ မြန်မာပြည်အတွက် အခက်အခဲများစွာ ရှိလာနိုင်တယ်။ နဂိုကတည်းက မြန်မာပြည်ဆိုတာ ကမ္ဘာ့အခင်းအကျင်းမှာ စိတ်ဝင်စားမှု အနည်းဆုံးခံရတဲ့ နိုင်ငံဖြစ်တယ်။ လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေကို အနည်းဆုံးရရှိတဲ့ နိုင်ငံလည်းဖြစ်တယ်။ နဂိုရတာနည်းရတဲ့အထဲ  လျှော့ချခံရတော့ တော်တော်နည်းသွားနိုင်ခြေရှိတယ်။ တော်တော်လေး အခက်အခဲ ကြီးလာနိုင်ခြေရှိတယ်ဆိုတာ ပြောရမှာပေါ့။

အဲ့ဒီတော့ ဒီလို လူသားချင်းစာနာ ထောက်ထားမှုရန်ပုံငွေ လျှော့ချတဲ့အခက်အခဲ ပြဿနာတွေကြုံခဲ့ဖူးတယ်။ အခုလည်း ထပ်ကြုံရတာပဲ၊ အဲဒီတော့ ရရှိတဲ့ ရန်ပုံငွေတွေကို ဘယ်လိုအသုံးပြုသင့်သလဲဆိုတာက အရေးကြီးလာပြီ။ တချို့နေရာတွေက တည်ငြိမ်လာပြီ နေလို့ထိုင်လို့ ရလာပြီဆိုရင်တော့ အမျိုးသမီးတွေ စစ်ရှောင်စခန်းတွေထဲမှာ ဒုက္ခရောက်နေတဲ့သူတွေအနေနဲ့ Income Generation လို့ခေါ်တဲ့  ပုံမှန်ဝင်ငွေရရှိအောင် လည်ပတ်လို့ရအောင် အရင်းနှီး သေးသေးလေး တွေအတူတကွလုပ်ဖို့ လေ့ကျင့်ပျိုးထောင်သင့်တယ်။

ဥပမာ- စခန်းတွေထဲမှာ နေတာဖြစ်ဖြစ်၊ ရပ်ကျေးမှာ နေတာပဲဖြစ်ဖြစ်၊ အတူတကွ စုပေါင်းပြီး အလုပ်သေးသေးလေးကို အစပျိုးတာ၊ ရရှိတဲ့အမျှဝေနဲ့ ခွဲဝေစားသုံးတာ တယောက်ချင်းစီက ကန်စွမ်းရွက် ခေါင်းပေါ်တင်ရောင်းတဲ့သူတွေ အရင်းအနှီးလိုရင် ၁၀၊ ၂၀ရာခိုင်နှုန်းပေးပြီးချေးရတာရှိတယ်။ အဲ့လိုချေးစရာမလိုဘဲ လည်ပတ်လို့ရအောင်ကူညီပေးတာ၊  ၃ကျပ်တိုးနဲ့ချေးပြီး လည်ပတ်လို့ရအောင် အတိုးကိုလည်းထပ်ပြီးတော့ အရင်းဖြစ်အောင်လုပ်ပေးတဲ့ စနစ်ကို သေချာလုပ်ပေးရင်တော့ တဖြည်းဖြည်းနဲ့ လူနေမှုဘဝတွေက သက်တောင့်သက်သာရှိလာမယ်။ အမြဲတမ်း ပေးတာပဲစားရင် မပေးတော့တဲ့တနေ့ မစားရတဲ့အခြေအနေဖြစ်သွားနိုင်တယ်။  မပေးလည်းစားလို့ရလာနိုင်တဲ့ အခြေအနေမျိူးကို ထည့်သွင်းစဉ်စားတဲ့ ဝင်ငွေထွက်ရှိနိုင်တဲ့ စနစ်မျိုးတွေဖန်တီးပြီးတော့ လုပ်ကိုင်စား‌သောက်တဲ့ အနေအထား ရောက်အောင်တွန်းပို့သင့်တယ်။