ကျောင်းဝင်းတံခါးအပြင်ဘက်မှာ ကျန်ရစ်နေရဆဲ ကလေးတွေ
ဒေဝီ
သားအငယ်လေးကျောင်းသွားပို့ချိန်တိုင်း ကျောင်းမှာကျန်နေခဲ့ချင်တဲ့ သားကြီးကိုကြည့်ပြီး မအိစုတယောက် စိတ်ကောင်း ဖြစ်ရတယ်။ သားငယ်က သူငယ်ချင်းတွေနဲ့အတူ ကျောင်းဝန်းထဲ ပြေးလွှားသွားတဲ့အခါတိုင်း သူပါ လိုက်သွားချင်တဲ့ အသက်၁၂နှစ်အရွယ် သားကြီးရဲ့ အဖြစ်ကိုမြင်တိုင်း ကံတရားကိုပဲ အပြစ်တင်ရမလားတွေးမိတယ်။
သားကြီးဟာ တခြားကလေးတွေနည်းတူ ကျောင်းတက်ချင်၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားချင်ပေမယ့် အော်တစ်ဇင်ကလေး ဖြစ်တဲ့အတွက် ကျောင်းလာလည်း စာသင်ကြားလို့ရမှာမဟုတ်ဘူး၊ သူများတွေအတွက်အနှောင့်အယှက်ဖြစ်စေမှာဆိုတဲ့ အကြောင်းပြချက်ကြောင့် ပုံမှန်အတိုင်းပညာသင်ကြားခွင့် မရခဲ့ပါဘူး။
ငယ်စဉ်အချိန်ကတည်း စာသင်စာဖတ်ဖို့ အခက်အခဲရှိတာသိပေမယ့်လည်း ကျောင်းပညာရေးမှာ တခြားကလေးတွေ နည်းတူ ပုံမှန်အတိုင်းသင်ယူနိုင်ခွင့်ကိုတော့ မျှော်လင့်မိတယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ မအိစုက ဆိုတယ်။
မတည်ငြိမ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပဋိပက္ခတွေကြားထဲမှာ မြန်မာနိုင်ငံက Special Needs (အထူးလိုအပ်ချက်ရှိတဲ့) ကလေးတွေ မှာလည်း ပိုမိုခက်ခဲကျပ်တည်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ပုံမှန်ကလေးသူငယ် တွေထက်စာရင် ဘဝရပ်တည်ရှင်သန်ရေးနဲ့ ပညာသင်ရေး အခွင့်အလမ်းတွေဟာ လက်လှမ်းမမှီဖြစ်နေပါတယ်။
အထူးလိုအပ်ချက်ရှိတဲ့ ကလေး(Special Needs- SN )ဆိုတာ အော်တစ်ဇင်၊ ADHD ၊ ဒေါင်းဆင်ဒရုန်း၊ Learning Disability , Speech Delay စသဖြင့် အမျိုးအစား ခွဲခြားသတ်မှတ်ထားပါတယ်။
အော်တစ်ဇင်ဆိုတာက အာရုံကြောပိုင်းနဲ့ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ မူမမှန်တာဖြစ်ပြီး လူအများနဲ့ ပြောဆိုဆက်ဆံရာမှာ အခက်အခဲ ရှိတာ၊ အကြောင်းအရာတခုခုကိုစိတ်ဝင်စားပြီး၊ အမူအကျင့်တခုခုကို ထပ်တလဲလဲ လုပ်ဆောင်နေတာ စတဲ့ လက္ခဏာတွေ ရှိပြီး ကျောင်းပညာရေး၊ လူမှုဆက်ဆံရေးနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ပုံမှန် မလုပ်ဆောင်နိုင် တာတွေရှိတတ်ပါတယ်။
အခြေခံပညာကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ပုံမှန်အတိုင်းတက်ရောက်သင်ကြားဖို့ဆိုတာ အော်တစ်ဇင်၊ ဒေါင်းဆင်ဒရုမ်းလို Special Needs ကလေးအများစုရင်ဆိုင်ရတဲ့ အခက်အခဲတခုပါ။
မအိစုရဲ့ သားအကြီးလည်းငယ်စဉ်တုန်းက ကလေးက တခုခုကိုပဲ အကြာကြီးအာရုံစိုက်နေတာ၊ ပြောရဆိုရခက်ခဲတာ၊ တခုခုခိုင်းရင် လိုက်မလုပ်တာမျိုးနဲ့ တခြားရွယ်တူ ကလေးတွေနဲ့ အပြုအမှု ကွဲပြားနေတာရှိပေမယ့် ဒါက ဖွံ့ဖြိုးမှု နောက်ကျနေတယ် ဆိုတာမျိုးဆိုတာမသိခဲ့ဘဲ သာမန် ဉာဏ်မကောင်းတာ၊ ထုံထုံအအဖြစ်တာလို့ပဲ တွေးထင်မိခဲ့ကြတယ်။
ကိုယ်တိုင်က သာမန်လက်လုပ်လက်စားဖြစ်တော့ အော်တစ်ဇင်ဆိုတာမျိုးလည်း မကြားဖူးတဲ့အတွက် ဆေးခန်းပြဖို့ လိုအပ်တာ၊ ပုံမှန်ကလေးတွေလို လုပ်ကိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးလို့ရတယ် ဆိုတာလည်းမသိခဲ့ပါဘူး။
မူလတန်းတက်ရမယ့်အရွယ်ရောက်တော့ ကျောင်းထားခဲ့ပေမယ့် ကျောင်းမှာ အငြိမ်မနေတာ၊ ဆရာမပြောတာ နားမထောင်ဘဲ သူစိတ်ပါရာလုပ်နေတာ၊ ကျောင်းစာမလုပ်နိုင်တာ တွေရှိတော့ ဆရာမတွေက မိဘတွေကို မကြာခဏ ခေါ်ယူပြောပြပါတယ်။
“ကျောင်းမှာစာသင်နေလည်း စာရေးဆိုရင် လိုက်မရေးတာ၊ နားထောင်ဆိုလည်း သူ့ဘာသာသူလုပ်ချင်တာတွေ လုပ်နေတော့ ဆရာမတွေကလည်း မကြိုက်တဲ့ပုံပဲ၊ ကိုယ်ကလည်း သူ့အရွယ်နဲ့သူ အဆင်ပြေသွားမယ်ပဲ ထင်ခဲ့တာ၊ တခြားကလေးတွေလို ပုံမှန်စာသင်လို့မရဘူးဆိုတာကို မသိခဲ့တာ”လို့ မအိစုက ပြောပြပါတယ်။
၂နှစ်လောက်ကျောင်းထားပြီး နောက်နှစ်တွေမှာတော့ ဆရာမတွေ အတွက်ရော တခြားကျောင်းသားတွေအတွက်ပါ အနှောင့်ယှက်ဖြစ်တာ၊ ရေရှည်အတန်းကြီးလာရင် အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ဆိုတဲ့အတွက် ကျောင်းဆက် မထားဖြစ် တော့ပါဘူး။
သူတို့လို သာမန်လူတန်းစားတွေအတွက် အစိုးရကျောင်းတွေမှာပဲထားဖို့ ရွေးချယ်စရာရှိပြီး ကျောင်းကဆရာမတွေ ကိုယ်တိုင်က သင်ယူဖို့အဆင်မပြေဘူးလို့ ဆိုတဲ့အတွက် ဇနီးမောင်နှံ၂ဦးလုံးစိတ်မကောင်းဖြစ်ရပါတယ်။ အိမ်နီးချင်းတွေက တခြားကျောင်းတွေမှာထားဖို့ အကြံပေးကြပေမယ့် လက်လှမ်းမမှီသလို၊ ထားနိုင်မှာလည်း မဟုတ်ဘူးလို့ သူကဆက်ပြော ပါတယ်။
သားကြီးထက် ၄နှစ်ငယ်တဲ့ သားအငယ်ကျောင်းတက်ရချိန်မှာတော့ သူလည်းကျောင်းသွားချင်တာ၊ ညီဖြစ်သူ စာဖတ်တာ၊ စာရေးတာမျိုးဆိုရင် ဘေးနားကနေလိုက်ကြည့်တာ၊ ကျောင်းလိုက်ပို့တဲ့အခါ တခြားကလေးတွေလို ကျောင်းမှာနေခဲ့ချင်တာ မျိုး မြင်တွေ့ရတဲ့အခါ မိခင်တယောက်ဖြစ်တဲ့ မအိစုဟာ စိတ်မကောင်းဖြစ်ရပါတယ်။
အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေမှာက အော်တစ်ဇင်ကလေးတွေရဲ့လိုအပ်ချက်တွေကို အထူးဂရုစိုက်ဖြည့်ဆည်းပေးဖို့ ဆရာ၊ ဆရာမလိုအပ်ချက်ရှိသလို အော်တစ်ဇင်ကလေးတွေရဲ့ အပြုအမှုနဲ့ သဘောသဘာဝကို နားလည်သဘောပေါက်ဖို့လည်း ခက်ခဲနေတဲ့အခြေအနေရှိကြတယ်လို့ မအိစုအပါအဝင် အော်တစ်ဇင်ကလေးငယ်ရှိတဲ့ မိဘတွေက ပြောပါတယ်။
မိဘတွေဟာ ကိုယ့်ကလေးက အော်တစ်ဇင်ဆိုတာသိတာနဲ့ အများစုက Special Needs ကျောင်း (အထူးလိုအပ်ချက်ရှိတဲ့ကလေးတွေအတွက် သီးသန့်ဖွင့်လှစ်တဲ့ကျောင်း) ကျောင်းတွေမှာထားရမလား၊ အခြေခံကျောင်းတွေ မှာ ထားရမလားဆိုတာ ဝေခွဲမရဖြစ်ကြရပါတယ်။ မိဘအများစုက ငွေကြေးအားဖြင့် လက်လှမ်းမမီလို့ဖြစ်စေ၊ ကိုယ့်ကလေးရဲ့ အခြေအနေကို သေချာနားမလည်လို့ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အထူးသီးသန့် ကျောင်းတွေမှာ မထားလိုဘဲ အခြေခံကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေမှာ သာမန်ကလေးတွေနည်းတူထားလိုကြတာကို တွေ့ရပါတယ်။
အော်တစ်ဇင်မှာ ADHD၊ Learning Difficulty စတဲ့အခြားလက္ခဏာတွေလည်းတွဲရှိနေတဲ့အတွက် ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူလေ့လာမှုပေါ် မူတည်ပြီး Mainstream ကျောင်းတွေမှာနေနိုင်လားဆိုတာ ကလေးကို လက်ခံမယ့် ကျောင်းကဆုံးဖြတ်လေ့ရှိကြပါတယ်။
အထူးလိုအပ်ချက်ရှိတဲ့ကလေးတွေအတွက် သီးသန့်ဖွင့်လှစ်ထားတာမဟုတ်တဲ့ သာမာန်ကျောင်းတွေဟာ ကလေးက စာသင်ခန်းထဲမှာအာရုံစူးစိုက်မှုမရှိတာ စာလိုက်မလုပ်တာ၊ အငြိမ်မနေတာ စသဖြင့် အပြုအမှုရှိတဲ့အခါ ဥာဏ်မမှီတာ၊ ဆိုးသွမ်းတာလို့သတ်မှတ်ပြီး စာသင်ခန်းအတွက် အနှောင့်အယှက်တခုလို့ ထင်မြင်ယူဆကြတာလည်း ရှိကြပါတယ်။
ဒီအတွက်ကြောင့်ပဲ မိဘတွေက ကျောင်းမှာကိုယ့်ကလေးက အဆင်ပြေပြေသင်ကြားနိုင်ဖို့ ဖိအားတွေရှိရပြန်တယ်။ ငွေကြေးတက်နိုင်သူတွေကတော့ အထူးသီးသန့်ကျောင်းတွေမှာ သင်ကြားစေပေမယ့် ငွေကြေးမတက်နိုင်သူတွေနဲ့ ဝေးလံတဲ့နယ်ဒေသတွေက ကလေးတွေမှာတော့ အခွင့်မသာပါဘူး။
အထူးလိုအပ်ချက်ရှိတဲ့ ကလေးတွေအတွက် သီးသန့်ကျောင်း တွေဖွင့်လှစ်လာတာ ရှိပေမယ့် အများစုက ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ်အချို့မှာသာ ရှိပါသေးတယ်။
ဒီလို အဟန့်အတားတွေကို ကျော်လွှားနိုင်ဖို့အတွက် ငွေကြေးရော၊ အချိန်ပါ ရင်းနှီးမြုတ်နှံဖူးသူ မိခင်တဦးကတော့ ပဲခူးမြို့က မဝါဝါပဲဖြစ်ပါတယ်။
မအိစုရဲ့ သားအကြီးလိုပဲ အော်တစ်ဇင်သားဖြစ်သူ ပညာသင်ကြားခွင့်ရဖို့အတွက် နေထိုင်ရာမြို့မှာ အစိုးရကျောင်း ၃ကျောင်းအထိ ပြောင်းရွှေ့အပ်နှံကာ ကျောင်းထားခဲ့ဖူးပေမယ့် အဆင်မပြေခဲ့ပါဘူး။
အော်တစ်ဇင်ကလေးတွေကို သင်ကြားပေးတဲ့ ရန်ကုန်မြို့ကကျောင်းတကျောင်းမှာ သင်ကြားနိုင်ဖို့ သူတို့နေထိုင်ရာ ပဲခူးနဲ့ ရန်ကုန်ကို အသွားအပြန်လုပ်ရတာ၊ ရန်ကုန်မှာ တိုက်ခန်းငှားနေထိုင်ပြီး ဆက်သင်ကြားလို့ရအောင် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ပညာရေးမှာ စိတ်ထင်သလောက် မရတာ၊ ပညာရေးနဲ့နေထိုင်စရိတ်တွေက ကြီးမြင့်လာတာကြောင့် ရေရှည်အတွက် စဉ်းစားပြီး အော်တစ်ဇင်ကလေးတွေနဲ့ပတ်သက်တဲ့ သင်ကြားနည်းစနစ်တွေကို မဝါဝါ ကိုယ်တိုင်လေ့လာပြီး ပဲခူးကိုပြန်လည်နေထိုင်ကာ သားဖြစ်သူကို ပြန်သင်ပေးတာ၊ အွန်လိုင်းကနေ သင်ယူစေတာတွေလုပ်ဆောင်ခဲ့ရပါတယ်။
ဒါကြောင့်လည်း လူတိုင်းလက်လှမ်းမီနိုင်တဲ့ အစိုးရကျောင်းတွေမှာ အော်တစ်ဇင်ကလေးတွေအတွက် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးနိုင်တဲ့ နည်းစနစ်တွေရှိဖို့ မျှော်လင့်ပြီး၊ ဒီကလေးတွေရဲ့ ပညာရေးမှာ အထိုက်အလျောက် အဆင်ပြေ မယ်လို့ မဝါဝါက ဆိုပါတယ်။
တဖက်မှာ အစိုးရကျောင်းနဲ့ပုဂ္ဂလိကကျောင်းတွေကလည်း အထူးလိုအပ်ချက်ရှိတဲ့ကလေး(Special Needs)တွေကိုလက်ခံဖို့ သင်ရိုးညွှန်းတမ်း ပိုင်း ဆိုင်ရာနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမ လိုအပ်ချက်က ရှိနေပြန်ပါတယ်။
ဒေါပုံမြို့နယ်က အလယ်တန်းပြဆရာမ တဦးဖြစ်တဲ့ ဒေါ်ဝေဝေ(အမည်လွှဲ)က အစိုးရကျောင်းတွေမှာက အော်တစ်ဇင်ကလေးတွေကို လက်သင့်မခံဘူးဆိုတဲ့ ညွှန်ကြားချက်မရှိပေမယ့် အော်တစ်ဇင်ကလေး အများစုကိုယ်က ပုဂ္ဂလိကကျောင်းတွေမှာ ထားလေ့ရှိကြပြီး တချို့တလေသာ အစိုးရကျောင်းတွေမှာ တက်ရောက်တာမျိုးရှိတယ်လို့ ပြောပါတယ်။
အော်တစ်ဇင်ကလေးဖြစ်ပေမယ့် ဉာဏ်ရည်ကောင်းမွန်တဲ့ကလေးတွေလည်း ကြုံတွေ့ခဲ့ဖူးသလို တက္ကသိုလ်အဆင့်ထိ ရောက်ပြီးပုံမှန်အတိုင်းသင်ယူနေတဲ့ကလေးတွေလည်းရှိတယ်လို့ ဆရာမဒေါ်ဝေဝေက ဆိုပါတယ်။
တချို့ အော်တစ်ဇင်ကလေးတွေကတော့ ဉာဏ်ရည်ဉာဏ်သွေး လိုအပ်ချက်ရှိတဲ့အပြင် အတန်းထဲမှာကို အငြိမ်မနေတာမျိုး ၊ စာသင်ရ ခက်တာမျိုးရှိတဲ့အခါ မိဘတွေကို ကလေးအကြောင်းပြောဆိုဆွေးနွေးရင် မိဘတွေက မကြိုက်ဘဲ ကလေးကို ကျောင်းဆက်မပို့တာတွေလည်းကြုံရတယ်လို့ သူကဆက်ပြောတယ်။
“အတန်းထဲမှာက ကျောင်းသား ၂၀ကျော်၊ ၃၀ လောက်ကို ပုဂ္ဂလိကကျောင်းတွေမှာလို ဆရာမ ၂ယောက်၊ ၃ယောက်လောက်နဲ့ ကြည့်နိုင်တာမဟုတ်တော့ ဒီကလေးကိုလည်း သေချာဂရုမစိုက်နိုင်တာလည်းရှိမယ်၊ မိဘတွေက လည်း လက်သင့်မခံနိုင်ဘဲ မထားတာမျိုးတွေတော့ရှိတယ် “လို့ ဒေါ်ဝေဝေက သူ့အတွေ့အကြုံအရ ရှင်းပြပါတယ်။
လက်ရှိ မြန်မာပြည်မှာ အော်တစ်ဇင်အပါအဝင် အထူးလိုအပ်ချက်ရှိတဲ့ ကလေးသူငယ်တွေအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ သင်တန်းကျောင်းတွေက တနိုင်ငံလုံးအနှံ့ခန့်မှန်း ၆၀ ဝန်းကျင်ရှိပြီး ရန်ကုန်မှာ ၃၅ကျောင်း၊ မန္တလေး၊ တောင်ကြီး၊ မုံရွာအပြင်အခြား မြို့နယ်တွေမှာပါ ဖွင့်လှစ်လာကြတယ်လို့ မြန်မာအော်တစ်ဇင်အသင်းရဲ့ ကိန်းဂဏာန်းတွေအရ သိရပါတယ်။
အခြေခံကျောင်းတွေမှာက ဒီလို ကလေးငယ်တွေအတွက် သင်ထောက်ကူသင်ရိုးညွှန်းတမ်း အထောက်အကူတွေလို အပ်ချက်ရှိသေးတာ ၊SN ကလေးတွေရဲ့ အပြုအမှု သဘောသဘာဝတွေကို ဆရာ၊ ဆရာမတွေ နားလည်လက်ခံဖို့ စတဲ့ အသိပညာပေးလုပ်ငန်းတွေလုပ်ဖို့ လိုအပ်နေသေးတယ်လို့ မြန်မာအော်တစ်ဇင်အသင်း၊ အတွင်းရေးမှူး ဦးနေထွန်း ကပြောပါတယ်။
“ကလေးတွေရဲ့ မိဘတွေက Mainstream ကျောင်းတွေမှာ သွားထားတယ်၊ Mainstream မှာ ဆရာမတွေက အဆင်မပြေဘူး၊ အဆင်မပြေတာပြောတော့ မိဘတွေက စိတ်ဓာတ်ကျပြီး ထုတ်လိုက်တာများတယ်၊ နောက်ဆုံးကျတော့ SN ကလေးတွေက ပညာရေးမှာ အလှမ်းမမှီတာများတယ်”လို့ ဦးနေထွန်းက ပြောပြပါတယ်။
အော်တစ်ဇင်ကလေးတွေအတွက် အထူးဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းတွေ ရှိလာပေမယ့် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေအရေအတွက်နည်းပါးနေသေးသလို၊ လက်ရှိသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေလည်း လိုအပ်တဲ့ ကျွမ်းကျင်မှု သင်တန်းတွေ ထပ်မံဖြည့်တင်းတာ၊ လက်ဆင့်ကမ်းပြီး လိုအပ်တဲ့ သင်ကြားမှုတွေ လုပ်ဆောင်တာတွေလည်းရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။
လက်ရှိမှာ မြန်မာအော်တစ်ဇင်အသင်းက SN ကလေးတွေနဲ့ပတ်သက်ပြီး တခြားသော မသန်စွမ်းအဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းလုပ်ဆောင်နေသလို၊ အလှမ်းဝေးတဲ့ နယ်ဒေသတွေက အော်တစ်ဇင်ကလေးတွေ ပညာရေးနဲ့ ပတ်သက်ပြီး အသင်းကိုဆက်သွယ်လာရင် လိုအပ်တဲ့ သင်ကြားရေးနဲ့ပတ်သတ်တဲ့အကြံဉာဏ်တချို့ ပေးနေတယ်လို့ သူကဆိုတယ်။
“ကလေးက အိမ်မှာ ဘယ်လိုအနေအထားရှိတယ်ဆိုရင် ဗီဒီယိုလေးပို့ပေးပါ၊ ပို့ပေးလာတဲ့ အလှမ်းဝေးတဲ့နယ်က သူတွေကို သက်ဆိုင်ရာအသင်းက သင်ကြားသူတွေနဲ့ ဆက်သွယ်အကြံပြုပေးနိုင်ပါတယ်” လို့ ဦးနေထွန်းက သတင်းစကားပါးပါတယ်။
အော်တစ်ဇင်မှာ အပျော့စား၊ အလတ်စားနဲ့ အပြင်းစား ဆိုပြီး ခွဲခြားထားပါတယ်။ အော်တစ်ဇင်အမျိုးအစားအလိုက် ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူလေ့လာမှုကလည်းကွဲပြားပြီး ငယ်စဉ်ကတည်း လေ့ကျင့်သင်ကြားပေးပြီး မိဘက စနစ်တကျပံ့ပိုးပေးရင်တော့ သာမန်ကလေးတွေလိုပဲ ပညာသင်ယူနိုင်ပါတယ်။ ငယ်စဉ်အချိန်မှာသာမန်ကလေးတွေလို မဟုတ်ဘဲအပြုအမှုပုံစံကွဲပြားနေရင် ဆရာဝန်နဲ့ စစ်ဆေးပြသပြီး လိုအပ်တဲ့ လေ့ကျင့်သင်ကြားပေးမှုတွေ စနစ်တကျ လုပ်ဆောင်ထားရင် အပျော့စားနဲ့ အလတ်စားအော်တစ်ဇင်ကလေးတွေက ပညာရေးစနစ်မှာ ပုံမှန်လို သင်ယူနိုင်တယ်လို့ အော်တစ်ဇင်အရေး လုပ်ဆောင်သူတွေကဆိုပါတယ်။
မြန်မာပြည်မှာ လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းမှု အမျိုးအစားအလိုက် သင်ကြားနိုင်တဲ့ ကျောင်းတွေနဲ့ ဂေဟာတခုဖွင့်လှစ်ထားပြီး ပုဂ္ဂလိက မသန်စွမ်းဂေဟာ ၁၂ ခုကိုလည်း နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေး လျက်ရှိတယ်လို့ဆိုတယ်။ အော်တစ်ဇင် အပျော့စား (Mild အဆင့်)ကလေးတွေကို အစိုးရနဲ့ ပုဂ္ဂလိက မူလတန်းကြို ကျောင်းတွေ၊ အခြေခံပညာကျောင်းတွေမှာ လက်ခံသင်ကြားပေးလျက်ရှိတယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကနေ အော်တစ်ဇင်ကလေး အပါအဝင် မသန်စွမ်းသူများ ကို ပြုစုပျိုးထောင်ရေး ဆိုင်ရာ လက်တွေ့နည်းပညာနဲ့သင်ထောက် ကူပစ္စည်းများရရှိရေး၊ အရွယ်ရောက်သောမသန်စွမ်း သူများအတွက် သက်မွေးသင်တန်းကျောင်း(Vocational Training Center)တွေမှာ သင်ကြားနိုင်ရေး၊ သင်ကြားပေးမယ့် နည်းပြဆရာတွေကို မွေးထုတ်နိုင်ရေးအတွက် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို ရေးဆွဲကာ မျှော်မှန်းရလဒ်များ သတ်မှတ်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုထားပါတယ်။
လက်တွေ့မှာတော့ အော်တစ်ဇင်ကလေးတွေ အပါအဝင် SN ကလေးတွေအတွက် အထူးသီးသန့်ကျောင်းတွေဖွင့်လှစ်လာ ကြပြီဖြစ်ပေမယ့် အသက်၁၂နှစ်အောက် ငယ်ရွယ်တဲ့ကလေးတွေ အတွက်သာ အဆင်ပြေနေသေးပြီး အရွယ်ရောက် အော်တစ်ဇင် ကလေးတွေအတွက် သင့်တော်တဲ့ သင်တန်းကျောင်းတွေကတော့ မရှိသလောက်နည်းပါး နေပါသေးတယ်။
မဝါဝါရဲ့ သားဖြစ်သူကတော့ အသက် ၂၁နှစ်အရွယ် ရောက်လာပြီ ဖြစ်တာကြောင့် ကျောင်းပညာထက် လူမှုရေးနဲ့ ငွေကြေး စတဲ့ သင်ကြားရေးတွေကိုသာ လုပ်ဆောင်ပေးနေရပါတယ်။ ပညာရေးမှာ မျှော်မှန်းလို့ မရနိုင်တော့တဲ့အတွက် အသက်မွေးဝမ်းကြောင်းသင်တန်းတခုခုတော့ တက်မြောက် စေချင်တယ်လို့မဝါက ဆိုတယ်။
လက်ရှိကာလမှာ အော်တစ်ဇင်ကလေးငယ်တွေအတွက် သင်တန်းကျောင်းတွေရှိလာပေမယ့် မဝါဝါရဲ့ သားလို အရွယ်ရောက် အော်တစ်ဇင် ကလေးအတွက် အသက်မွေးဝမ်းကြောင်းလိုသင်တန်းတွေက ရန်ကုန်လိုနေရာမှာတောင် အရေအတွက် နည်းနေသေးပြီး နယ်ဒေသတွေမှာ မရှိသေးပါဘူး။
အဲ့ဒီအတွက်လည်း အော်တစ်ဇင်နဲ့ တခြားသော Special Needs ကလေးတွေအတွက်ရည်ရွယ်ပြီးဖွင့်လှစ်တဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းတွေ များများရှိနေစေချင်တယ်လို့ မဝါက သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
အလားတူ မြန်မာအော်တစ်ဇင်အသင်းအတွင်းရေးမှူး ဦးနေထွန်းက Special Needs ကလေးတွေအတွက် အသက်မွေးဝမ်းကြောင်း သင်တန်းတွေ များများ ဖွင့်လှစ်လာမယ်ဆိုရင် ကျောင်းပညာရေး ဆက်လှမ်းနိုင်တဲ့ ကလေးတွေဖြစ်စေ ကျောင်းပညာရေးမှာ မပါဝင်နိုင်တော့တဲ့ အော်တစ်ဇင် ကလေးတွေဖြစ်စေ ဝါသနာပါရာ ဆက်လက်သင်ကြားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူက ဆက်လက်ပြီး “တချို့ကတော့ပညာရေးအရ အဆင်မပြေပေမယ့် တတ်ကျွမ်းတာတွေရှိတယ်၊ ဒါနဲ့ ပတ်သက်ပြီး ပညာရေးစနစ် ထဲမရောက်လည်း သက်မွေးဝမ်းကြောင်းပညာလည်း ပညာတခုပေါ့၊ အဲ့လိုကျောင်းတွေ များများပေါ်ပေါက်လာရင်တော့ ပိုကောင်းလာမယ်” လို့ ထောက်ပြပြောဆို ပါတယ်။
ပညာရေးက လူတိုင်းပါဝင်ခွင့်ရှိတယ်ဆိုပေမဲ့ အော်တစ်ဇင်ကလေးတွေအပါအဝင်၊ အထူးလိုအပ်ချက်ရှိတဲ့ ကလေးတွေအတွက် လက်လှမ်းမှီဖို့၊ မိဘတွေမှာလည်း သူတို့ကလေးတွေကို ကျောင်းတွေမှာ ပုံမှန်အတိုင်းသင်ယူနိုင်ဖို့နဲ့ ဝါသနာပါရာ အသက်မွေးဝမ်းကြောင်းပညာတခုခု သင်ယူနိုင်ဖို့ဆိုတာ မျှော်လင့်ချက်တခုအဖြစ်သာ ရှိနေဆဲပါ။
အော်တစ်ဇင်ကလေးအများစုက တခြားကလေးတွေနဲ့ အမူအကျင့်ကွဲပြားတဲ့အပြင် ပတ်ဝန်းကျင်ရဲ့ အမြင်တွေကြောင့်လည်း ပိုပြီးဖိအားဖြစ်ရတဲ့အတွက် မိဘတွေအဖို့ လူရော၊ စိတ်ပါ ပင်ပန်းတာမှန်ပေမယ့် ကိုယ်တိုင်က နားလည်ပြီး စိတ်ရှည်ပေးဖို့လိုတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက် ၁၃နှစ်အရွယ် ၅တန်းကျောင်းသူ မိခင် မမိုးမိုးက ဘဝတူမိဘတွေကို အကြံပြုပါတယ်။
“ပတ်ဝန်းကျင်က အမြင်တွေကြောင့်လည်း ကလေးကို အိမ်ထဲမှာပဲ ထားကြတယ်၊ ဒါက မှားတဲ့လုပ်ရပ်ပဲလို့ပြောချင်တယ်၊ ဘေးနားကနေ လူကြီးက လေ့ကျင့်ပေးပြောပေးရင် ကလေးက ပုံမှန်ကလေးနဲ့ မခြားလုပ်နိုင် သင်ယူနိုင်ပါတယ်”လို့ အော်တစ်ဇင်အပျော့စားသမီးငယ်ရဲ့မိခင်ဖြစ်သူ မမိုးမိုးက အားပေးစကားပြောတယ်။
အော်တစ်ဇင်ကလေးတွေဟာ ပညာရေးနဲ့ပတ်သက်ပြီး အမြင့်ဆုံးမဟုတ်ရင်တောင်မှ ပုံမှန်အတိုင်းအတန်းပညာကို ပြီးဆုံးအောင်သင်ယူနိုင်တဲ့သူတွေလည်း ရှိတဲ့အတွက် ကိုယ့်ကလေးအခြေအနေပေါ်မူတည်ပြီး ကျောင်းပညာရေးမှာ ပဲဖြစ်စေ၊ အော်တစ်ဇင်ကလေးတွေအတွက် ရည်ရွယ်ပြီးဖွင့်လှစ်တဲ့ သင်တန်းကျောင်း တွေမှာဖြစ်စေ သင်ယူဖို့ လုပ်ဆောင်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။
သူ့သမီးဆိုရင်လည်း တခြားအော်တစ်ဇင်ကလေးတွေထက်စာရင် သင်ယူမှုလွယ်ကူပေမယ့် စာသင်တာ စာရေးတာကအစ ပုံမှန်ကလေးတွေထက် အချိန် ၂ဆ၊ ၃ဆလောက်ပေးရတယ်။ ကျောင်းတက်ရင် အဆင်ပြေပါ့မလား၊ တခြားကလေးတွေနဲ့ သီးသန့်ဖြစ်နေမလား၊ ကျောင်းစာမှာလည်း အဆင်ပြေပြေ လုပ်နိုင်ပါ့မလားဆိုတာ မမိုးမိုးတို့ မိသားစု တွေးပူခဲ့ရပါတယ်။ ဒီအတွက်လည်း ကျွမ်းကျင်တဲ့ဆရာမတွေနဲ့ အတွေ့အကြုံရှိတဲ့ တခြားအော်တစ်ဇင် မိဘတွေကိုမေးမြန်းပြီး ကိုယ်တိုင်လည်း လေ့လာရ ပြောင်းလဲရတယ်။
ငယ်စဉ်ကတည်းက တခြားကလေးတွေလို သင်ယူမှု ပုံမှန်ဖြစ်အောင် ကျောင်းကသင်ကြားမှုတွေတင်မက အပြင်ဆရာမနဲ့ ပါသင်ကြားတာ၊ မိဘကိုယ်တိုင်က ဘေးနားကနေ သူငယ်ချင်းတယောက်လို အတူလေ့လာပေးတာလိုနည်းလမ်းတွေနဲ့ပံ့ပိုးရပါတယ်။
ကလေးရဲ့ အားနည်းချက် အားသာချက်တွေကို ကျောင်းကဆရာဆရာမတွေကို သေချာပြောပြပြီး တခုခုဆို မိဘကိုအသိပေးဖို့ ဆိုတာမျိုး နဲ့ ကလေးဖြစ်သူရဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေကိုအစ ကိုယ့်ကလေးနဲ့ ပတ်သတ်ပြီး နားလည်ပေးဖို့ ကူညီပေးဖို့ ပြောဆိုရပါတယ်။
“မိဘကိုယ်တိုင်က စာသင်ခန်းထဲသွားပြီးကျောင်းမတက်ရုံတမယ်ပါပဲ၊ဘေးကနေ အသေးစိတ် လုပ်ပေးရပါတယ်၊ ဒီလိုမှမဟုတ်ဘဲ တယောက်ထဲဆို မဝံ့မရဲနဲ့ ဖြစ်နေတာ ဆိုတော့ စိတ်ပူနေရတာ”လို့ မမိုးမိုးက ရှင်းပြပါတယ်။
မအိစုအဖို့တော့ သူ့သားဖြစ်သူကို ကျောင်းပညာရေးမှာ တနှစ်တတန်းအောင်ဖို့တွေအထိ အများကြီးမမျှော်လင့်ပေမယ့် ပုံမှန်ကလေးတွေလို ကျောင်းတက်တာ၊ စာရေးစာဖတ်သင်တာမျိုးနဲ့ ဘဝရပ်တည်ဖို့အထောက်အပံ့ရှိစေချင်တာက သူ့ရဲ့ ဆန္ဒဖြစ်ပါတယ်။
“၂ယောက်ရှိတာ တယောက်ကပုံမှန်သင်ယူနိုင်လို့ တော်သေးတယ်ပြောရမယ်။ သူ့ကို(သားအကြီး)တော့ ပညာရေးမှာ အရမ်းကြီး မမျှော်လင့်ပေမယ့် စာရေးစာဖတ်တာမျိုးတော့ရှိချင်တာ”လို့ မအိစုကဆိုပါတယ်။
ဒီလိုမိဘတွေနဲ့ အထူးလိုအပ်ချက်ရှိနေတဲ့ ကလေးတွေအတွက်တော့ နိုင်ငံတခုရဲ့စနစ်ကောင်းတွေ၊ အစိုးရတရပ်ရဲ့ လက်တွေ့ကျတဲ့ တာဝန်ယူမှုတွေကသာ ထိထိရောက်ရောက် ကူညီနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လတ်တလောအခြေအနေရ သူ့ရဲ့ မျှော်လင့်ချက်က မှိန်မှိန်သာရှိပါတယ်။
ကျောင်းသွားပို့ရတဲ့နေ့တွေမှာ ကျောင်းဝန်းထဲပြေးဝင်သွားတဲ့သားအငယ်လေးနောက်ကို အပြေးလိုက်သွားဖို့ပြင်နေတဲ့ သားအကြီးကို ချော့မော့ဆွဲခေါ်ရင်း မအိစုရဲ့ အိမ်အပြန်ခြေလှမ်းတွေက မောပန်းလို့နေဆဲဖြစ်ပါတယ်။











