အမျိုးသမီးတစ်ဦး အကြမ်းဖက်ခံရမှုကြောင့် ကြောက်ရွံ့နေပုံ

 “ယောက်ျားတိုင်းမကျူးလွန်ဘူး၊ ဒါပေမဲ့ ကျူးလွန်သူအများစုက ယောက်ျားတွေ”

ဒီဇင်ဘာခိုင်

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု၊ မုဒိမ်းမှုနဲ့ အိမ်ထောင်ဖက်၊ ချစ်သူ သို့မဟုတ် ရင်းနှီးတဲ့ လက်တွဲဖော်က ကျူးလွန်တဲ့အကြမ်းဖက်မှု(Intimate Partner Violence) အကြောင်း ဆွေးနွေးတိုင်း “Not all men, but always a man” (ယောက်ျားတိုင်းတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အမြဲတမ်း ယောက်ျားတယောက်ပဲ)  ဆိုတဲ့ စကားကို မကြာခဏ ကြားရတတ်ပါတယ်။  

ဒီစကားကို လူတွေက မတူညီတဲ့ နည်းလမ်းတွေနဲ့ နားလည်ကောက်ယူကြပါတယ်။  

တချို့က ဒီစကားကို ယောကျ်ားတိုင်းကို အပြစ်တင်နေတယ်လို့ မြင်ကြသလို၊ တချို့ ကတော့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေမှာ တွေ့ရတဲ့ ပုံစံ (Pattern) တခုကို ထောက်ပြ နေတယ်လို့ နားလည်ကြပါတယ်။    

အမှန်တကယ်တော့ ဒီစကားစုရဲ့ အဓိကအဓိပ္ပာယ်က “ယောက်ျားတိုင်း မဟုတ်ပေမယ့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအများစုမှာ ကျူးလွန်သူက အမျိုးသား ဖြစ်နေတတ်တယ်” ဆိုတဲ့ လူမှုအခြေအနေတခုကို ပြောချင်တာပါ။

ဟုတ်ပါတယ်။ ယောင်္ကျားတိုင်းဟာ အကြမ်းဖက်သူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့  မေးခွန်းတခုတော့ ကျန်နေ ပါတယ်။ ဘာကြောင့် ဒီလိုအကြမ်းဖက်မှုတွေရဲ့ ကျူးလွန်သူအများစုက အမျိုးသားတွေ ဖြစ်နေတတ်တာလဲ။ အဲဒီမေးခွန်းကို မေးဖို့အတွက်ပဲ “Not all men, but always a man” ဆိုတဲ့ စကား ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါ တယ်။

လူမှုအခြေအနေတခုကို မြင်နိုင်ဖို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အိမ်ထောင်ဖက်၊ ချစ်သူ သို့မဟုတ် ရင်းနှီးတဲ့ လက်တွဲဖော်က ကျူးလွန်တဲ့အကြမ်းဖက်မှု (Intimate Partner Violence) တွေ၊ မုဒိမ်းမှုတွေ ဖြစ်ပွား တဲ့အခါ “ယောက်ျားတိုင်း မဟုတ်ပါဘူး” ဆိုတဲ့ တုံ့ပြန်မှုကို မကြာခဏ တွေ့ရပါတယ်။

ဟုတ်ပါတယ်။ ယောက်ျားတိုင်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာက အဲဒီစကားက တကယ်ဖြစ်နေတဲ့ အခြေအနေ ကို မမြင်အောင် လွှမ်းမိုးသွားနိုင်တာပါ။

ကမ္ဘာတဝှမ်းလုံးရှိ လေ့လာချက်တွေအရ အမျိုးသမီးအပေါ် အကြမ်းဖက်မှုအများစုမှာ ကျူးလွန်သူဟာ အမျိုးသားဖြစ်နေတတ်ပါတယ်။ World Health Organization ရဲ့ အချက်အလက်များအရ အမျိုးသမီး ၃ ယောက် မှာ ၁ယောက်ခန့်ဟာ ဘဝတချိန်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားရနိုင် တယ်လို့ ဆိုထားပါတယ်။

UN Women နဲ့ United Nations Office on Drugs and Crime တို့ရဲ့ အစီရင်ခံစာတွေမှာလည်း Gender-Based Violence ရဲ့  ကျူးလွန်သူအများစုဟာ အမျိုးသားတွေ ဖြစ်နေတတ်ကြောင်း ဖော်ပြထားပါတယ်။

ဒီဆွေးနွေးမှုရဲ့ ရည်ရွယ်ချက်က လူတယောက်ချင်းစီကို တိုက်ခိုက်ခြင်းမဟုတ်သလို လူတစုလုံးကို လက်ညှိုး ထိုးခြင်းလည်း မဟုတ်ပါဘူး။

ဒီအကြောင်းအရာကို ထောက်ပြခြင်းဟာ “ယောက်ျားမုန်းတီးရေး” မဟုတ်ပါဘူး။ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ Pattern တခုကို သေချာမြင်အောင် ကြည့်ဖို့ လိုအပ်ခြင်းသာ ဖြစ်ပါတယ်။

တချို့အခြေအနေတွေမှာ “Black Lives Matter” ဆိုတဲ့ လူမှုရေးလှုပ်ရှားမှုကို တုံ့ပြန်ရာမှာ “All Lives Matter” လို့ ပြောခြင်းနဲ့လည်း ဆင်တူပါတယ်။ လူတိုင်းရဲ့အသက်က တန်ဖိုးရှိတာမှန်ပေမယ့် အဲဒီအချိန်မှာ အဓိကပြဿနာကို မမြင်အောင် လွှဲသွားနိုင်ပါတယ်။

အလားတူပဲ “Not all men” ဆိုတာလည်း မှန်ပေမယ့်၊ တကယ်အရေးကြီးတဲ့ မေးခွန်းက အမျိုးသမီးတယောက် ဟာ ညဘက် တယောက်တည်း လမ်းလျှောက်တဲ့အခါ၊ Taxi ပေါ်တက်တဲ့အခါ၊ ဒါမှမဟုတ် လူစိမ်းတယောက်နဲ့ ၂ယောက်တည်း ကျန်ခဲ့တဲ့အခါ ဘာကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အမြဲစဉ်းစားနေရတာလဲ။

အဲဒီကြောက်ရွံ့မှုဟာ ယောက်ျားတိုင်းကြောင့် မဟုတ်ပါဘူး။ ဒါပေမဲ့ အတိတ်က ဖြစ်ရပ်တွေ၊ သတင်းတွေ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေ၊ အခြားအမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကနေ ဖြစ်ပေါ်လာတဲ့ လူမှု အမှန်တရားတခုကြောင့် ဖြစ်ပါတယ်။

“ဘာကြောင့် ဒီလိုအကြမ်းဖက်မှုတွေမှာ ဒီလို Pattern ဖြစ်နေသလဲ” ဆိုတဲ့ မေးခွန်းကို ပိုပြီး အာရုံစိုက်ဖို့ ဖြစ်ပါ တယ်။

Feminism ကို လူချို့က ယောက်ျားမုန်းတီးရေး အယူအဆတခုဟု ထင်မြင်ကြပေမယ့် အမှန်တကယ် အားဖြင့် Feminism ဆိုတာ လိင်အခြေခံ မညီမျှမှုတွေကို လျော့ချပြီး လူတိုင်းတန်းတူအခွင့်အရေး ရရှိဖို့ ကြိုးစားတဲ့ အယူအဆတခုသာ ဖြစ်ပါတယ်။  

လူမှုအတွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု၊ မညီမျှမှု၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ် မုန်းတီးနှိမ့်ချတဲ့ အယူအဆ(Misogyny) နဲ့ ဖိုဝါဒကြီးစိုးတဲ့ (Patriarchal) အာဏာဖွဲ့စည်းပုံတွေကို နားလည်ပြီး ပြောင်းလဲဖို့ ကြိုးစားခြင်းသာ ဖြစ်ပါတယ်။  

ဒီအကြောင်းအရာတွေကို ကြားရတဲ့အခါ စိတ်ထဲမှာ မသက်မသာ ဖြစ်တာဟာ သဘာဝတခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီခံစားချက်ကို “ငါ့ကို တိုက်ခိုက်နေတယ်” လို့ ချက်ချင်း အဓိပ္ပာယ်မဖွင့်ခင် “ဘာကြောင့် ဒီအကြောင်းက ငါ့ကို ဒီလောက်ထိ ထိခိုက်စေသလဲ” ဆိုတာကိုလည်း ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။

ဒီဆွေးနွေးမှုရဲ့ ရည်ရွယ်ချက်က လူတယောက်ချင်းစီကို တရားစီရင်ဖို့ မဟုတ်ဘဲ လူမှုအတွင်းမှာ ရှိနေတဲ့ အကြောင်းရင်းခံတွေကို နားလည်ပြီး ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို တည်ဆောက်ဖို့သာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Consent (သဘောတူညီမှု) အကြောင်းကို ပြောချင်ပါတယ်။

“No means No.”  “ငြင်းတယ်’ ဆိုရင် အဲဒါ ငြင်းတာပဲ”

ဒီစကားဟာ ရိုးရှင်းပေမယ့် လူ့ဂုဏ်သိက္ခာနဲ့ အပြန်အလှန် လေးစားမှုရဲ့ အခြေခံအကျဆုံး စည်းမျဉ်းတခု ဖြစ်ပါတယ်။

ဘယ်သူမဆို “မလုပ်ချင်ဘူး” ၊ “မထိပါနဲ့”၊ “မကြိုက်ဘူး” လို့ ပြောလာရင် အဲဒီစကားကို လေးစားရပါမယ်။ လူတယောက်ရဲ့ ကိုယ်ပိုင်ခန္ဓာနဲ့ ကိုယ်ပိုင်နေရာကို ကျော်လွန်ခွင့် ဘယ်သူ့မှာမှ မရှိပါဘူး။  

ဒီအကြောင်းအရာဟာ ယောက်ျားတွေကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ လူမှုအသိသိုင်းအဝိုင်းအတွင်းက အမှန်တရားတခုကို မြင်အောင်ကြည့်ပြီး ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲကို ရှာဖွေဖို့သာ ဖြစ်ပါတယ်။

“Not all men” ယောက်ျားတိုင်းမဟုတ်ဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဘယ်ယောက်ျားတွေလဲ ဆိုတာကို ဘယ်သူမှ ကြို မသိနိုင်ကြပါဘူး။

သင်ကိုယ်တိုင်က ပြဿနာရဲ့ အစိတ်အပိုင်းတခု မဟုတ်ခဲ့ရင်တောင် ပြဿနာကို မမြင်ချင်ယောင် ဆောင်နေခြင်း ထက်၊ အကြောင်းရင်းတွေကို နားလည်ဖို့ ကြိုးစားပြီး ပိုမိုလုံခြုံတဲ့ လူမှုအသိုက်အဝန်းတခုကို အတူတကွ တည်ဆောက်ဖို့ လိုအပ်ပါတယ်။

အနှစ်ချုပ်ရရင်တော့ “ပြဿနာကို ဖန်တီးသူမဟုတ်ရင်တောင်၊ ပြဿနာကို ဖြေရှင်းသူဘက်က ရပ်တည်ပါ”